Thursday, May 12, 2016

Open Data Format




 
 ပြောပြရဦးမယ် …
အခုနောက်ပိုင်းမှာ ခေတ်စား လာတဲ့ အခေါ်အဝေါ်လေးတွေ ထဲမှာ Open Data ဆိုတာလေးလည်း ပါလာ တာ ကိုတွေ့ရတယ် …

Open Data ဆိုတာ ကတော့ အကျဉ်းချုပ်ပြောရရင် ဘယ်သူ မဆို လွတ်လပ်စွာ ကြည့်ရှုခွင့် ရှိတဲ့၊ အသုံးပြုခွင့် ရှိတဲ့၊ အခြား သူတွေကိုပါ ပြန်လည် မျှဝေခွင့် ရှိတဲ့ အချက် အလက် (ဒေတာ)တွေကို ဆိုလိုတာပါ …

ပုံနှိပ်ခ/ မိတ္တူဆွဲခ/ စာရွက် print ထုတ်ခတွေလောက် ထက်မပို တဲ့ ငွေကြေးလောက် နဲ့ ရယူနိုင်ရမယ် (အင်တာနက်ပေါ်မှာဆို download လုပ်ဖို့ပဲ လိုအပ်တယ်) … ရယူလိုက်တဲ့ အချက်အလက်တွေ ကို ခွင့်ပြုချက် ထပ်တောင်းစရာ မလိုဘဲ အသုံးပြုခွင့် နဲ့ ပြန်လည် ဖြန့်ဖြူးခွင့် ရှိရမယ် … နောက် ဘယ်အကြောင်း အရာအတွက် မဆို လွတ်လပ်စွာ အသုံးပြုခွင့် ရှိရမယ် (ဥပမာ – ပညာရေး အတွက် အသုံးပြုရန် သီးသန့် ဆိုတာမျိုးတွေ မလုပ်ရဘူး) …

လက်ရှိ မှာ အပြောများနေတာ ကတော့ အစိုးရကနေပြီးတော့ သူ့မှာ ရှိနေတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေ၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်တွေ နဲ့ မပတ်သတ်နေတဲ့ အခြား ပြည်သူကို ချပြပေးနိုင်တဲ့ အချက်အလက်တွေ ကို Open Data အနေ နဲ့ ထုတ်ပေးဖို့ ဘာညာ စသဖြင့် ပြောလာကြတဲ့ အရာပေါ့ …

အစိုးရ အနေနဲ့လည်း အမေရိကန် သမ္မတ လာတုန်းက OGP (Open Government Partnership) ထဲမှာ ပါဝင်နိုင် ဖို့ ကြိုးစားမယ် လို့ ကတိ ခံထားပြီး OGP ရဲ့ အမှတ်ပေးစည်းမျဉ်း ၄ ချက် ထဲက တစ်ချက်ဖြစ်တဲ့ သတင်း အချက်အလက် ရယူ ပိုင်ခွင့် (Access to Information) ဥပဒေကြမ်းတွေ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင် ခဲ့ဖူးတယ် …
 နောက်တော့ သတ်မှတ်ရက်ထက်ကျော်လွန် ပြီး အကြောင်း အမျိုးမျိုးကြောင့် OGP ကတော့ ဆက်လက်ပြီး မလုပ်ဖြစ်တော့ပေမယ့် ဥပဒေကြမ်းပြင်ဆင်မှုတွေ ရှိခဲ့တဲ့ အတွက် နောက်ပိုင်းမှာ ပြည်သူ ကို အချို့သော အချက် အလက်တွေ ချပေးလာမယ် လို့ မျှော်လင့်ရတယ် … လက်ရှိမှာ တောင်းရင် ပေးတဲ့ အချက်အလက် အချို့လည်း ရှိနေပြီ …

ဒါပေမယ့် ပြဿ         နာက ဘာဖြစ်လဲ  ဆိုတော့ အဲ့ဒီပေးတဲ့ အချက်အလက်တွေ က ပြည်လည် အသုံးပြုလို့ မရနိုင်တဲ့၊ အချက်အလက်တွေ ကို အလွယ်တကူ မရှာဖွေနိုင်တဲ့ ပုံစံ (format) နဲ့ ထုတ်ပေးတာမျိုး ဖြစ်လေ့ ရှိတာပါ … 

များသောအားဖြင့် PDF format တွေ ဓာတ်ပုံတွေ အနေ နဲ့ပဲ ထွက်လာလေ့ရှိတယ် … နောက် စာအုပ်ထဲက ကြိုက်တာ ရှာကူးသွား လို့ရတယ် ဆိုတာမျိုးတွေ၊ လိုတာတွေ့ရင် ဓာတ်ပုံရိုက်သွားပါ ဆိုတာမျိုးတွေပေါ့ …

အဲ့ဒီတော့ အချက်အလက်တွေ ကတော့ ရပါရဲ့ … အဲ့ဒီ အချက်အလက်တွေကို အလွယ်တကူ ကိုယ်လို အပ် သလို ဆွဲထုတ်ကြည့်လို့ မရ၊ ဆန်းစစ် သုံးသပ်လို့မရ၊ အခြား သက်ဆိုင်ရာ အချက်အလက်တွေနဲ့ ပေါင်း စည်း လို့မရ စတာတွေ ဖြစ်ကုန်တယ် …

ရလာတဲ့ အချက်အလက်တွေ ကို ကိုယ်က အစ အဆုံး ပြန်ပြီး ကွန်ပျူတာထဲ ပြန်သွင်းနိုင် မှ လိုသလို အသုံး ချနိုင်မယ့် အခြေအနေမျိုး မှာ အချက်အလက်တွေ က အရမ်းများနေရင်လည်း အလုပ် မဖြစ်ပြန်ဘူး … ရထား တဲ့ အချက်အလက်တွေ ကလည်း အသုံးမချနိုင်ရင် အလဟဿ          ဖြစ်သွားမှာပဲ …

ဒါကြောင့် သတိပြုသင့်တဲ့ တစ်ချက်က Open Data တွေ ထုတ်ပေးဖို့ချည်း ပဲ ပြောနေလို့ မရတော့ဘဲ Open Data ကို သေသေချာချာ ပြန်လည် အသုံးချနိုင်ဖို့ ဘယ်လို ပုံစံမျိုးနဲ့ ထုတ်ပေးစေချင်သလဲ ဆိုတာကိုပါ ထည့် သွင်းတောင်းဆိုဖို့ လိုအပ်တယ် ဆိုတာပါပဲ …

Open Data ကို ဘယ်လို ပုံစံနဲ့ စံထားပြီး စနစ်တကျ ထုတ်သင့်သလဲ ဆိုတာကို နိုင်ငံတကာ အဖွဲ့ အစည်းတွေ ဖြစ် တဲ့ ODI (Open Data Institute)၊ W3C နဲ့ “Linked Data Project” ကို စတင်ခဲ့တဲ့ Tim Berners-Lee က အကြံပြုထားတာ ရှိပါတယ် … 
အဲ့ဒါကို “5 Star Deployment Scheme for Linked Open Data” လို့ ခေါ်ပါတယ် … ကြယ်တစ်ပွင့် ကနေ ငါးပွင့် အထိ တဆင့်ခြင်း တိုးသွားမှာ ဖြစ်ပြီးတော့ တိုးသွားတဲ့ အဆင့်တွေ ထဲမှာ ရှေ့က အဆင့်တွေ အကုန်ပြန် ပါဝင်ပြီး ပိုကောင်းသွား တဲ့ အချက်အလက် Format မျိုးတွေ ဖြစ်သွားမှာကို ဖော်ပြထားပါတယ် ။

အကြမ်းဖျင်း အားဖြင့်.........

ကြယ်တစ်ပွင့် –

ဘယ်လို format နဲ့ ထုတ်ထားတာမျိုးဖြစ်ဖြစ် အချက်အလက်တွေက အင်တာနက်ပေါ်မှာ အချိန်မရွေး ရယူနိုင် တဲ့ အခြေ အနေဖြစ်နေရင်၊ Open License ထားထား ရင် ကြယ်တစ်ပွင့် လို့ သတ်မှတ်ထားပါတယ် … ဒီ အခြေအနေ မှာတော့ အချက်အလက်ဒေတာတွေဟာ လူရဲ့ မျက်စိ နဲ့ ဖတ်လို့ ရတဲ့ အခြေအနေပဲရှိမှာပါ … စက်/ကွန်ပျူတာ က ဖတ်နိုင်တဲ့ ပုံစံမဟုတ်သေးပါဘူး …

ကြယ်နှစ်ပွင့် –

ကြယ်နှစ်ပွင့် မှာတော့ အချက်အလက်တွေ ဟာ အင်တာနက်ပေါ်မှာလည်း ရှိနေရမယ်၊ နောက်ပြီး machine-readable လို့ခေါ်တဲ့ စက် နဲ့ ဖတ်လို့ ရတဲ့ ပုံစံဖြစ်ရမယ် … ဆိုလိုတာက Data တွေက သာမန် ဓာတ်ပုံရိုက်ယူ ထားပြီး တင်ထားတာမျိုး မဟုတ်ဘူး … ကွန်ပျူတာ နဲ့ ဘာမှ ပြန်ပြီး တစ်လုံးခြင်း ရိုက်စရာမလိုဘဲ အလို အလျောက် ပြန်သုံးလို့ ရတဲ့ အချက်အလက် ပုံစံ အသွင်ပြောင်းပေးနိုင်တာမျိုးကို စက် နဲ့ ဖတ်လို့ရတဲ့ ပုံစံလို့ ဆိုလိုပါတယ် …

ကြယ်သုံးပွင့် –

ခုနက အချက်တွေ ရရမယ့် အပြင် အချက်အလက်တွေ ကို ထည့်သွင်း တုန်းက သုံးတဲ့ Software တွေ၊ အဲ့ဒီ က ထွက်လာတဲ့ File အမျိုးအစားတွေ ဟာ Open Format ဖြစ်ရမယ် … ဥပမာ – Microsoft Excel ကို သုံးပြီး ဒေတာ သွင်းထားတယ် ဆိုရင် အချက်အလက် ကို ထုတ်ပေးတဲ့ သူ အနေနဲ့ Microsoft Excel software ကို ပိုက်ဆံပေးသုံးနိုင်ရင်တောင် အခြား ကိုယ့်ရဲ့ ဒေတာတွေ ကို ပြန် အသုံးချမယ့် သူတွေက ဝယ်ဖို့ အခက် အခဲရှိနိုင်တယ် …. 
(မြန်မာနိုင်ငံမှာ က ဆော့ဝဲလ်တွေ ခိုးသုံးနေကြတာပဲ ဆိုပေမယ့် အဲ့ဒါက တစ်ကယ်တော့ တရားမဝင်ဘူးဖြစ် တဲ့ အတွက် ခိုးကူးဆော့ဝဲလ်တွေ နဲ့ သုံးကြောင်းတွေ့ရင် တရားစွဲ ခံရတဲ့ အထိ ဖြစ်နိုင်ပါတယ် … ) အဲ့ဒါကြောင့် အဲ့ဒီလို ဝယ်သုံး ရတဲ့ software အမျိုးအစားတွေနဲ့မှ ပြန်ဖွင့်လို့ ရမယ့် File အမျိုးအစား မဟုတ် တာတွေ ကို ဖန်တီး ရမယ် … ဖွင့်ပေးထားတဲ့ အချက်အလက် ကို သုံးဖို့ အတွက် သုံးစွဲသူမှာ ဝန်ထုတ် ဝန်ပိုး မရှိအောင် လုပ်တဲ့ သဘောပေါ့ …

ကြယ်လေးပွင့် –

ဒီမှာ ဘာ ပိုပါမလဲ ဆိုရင် အဓိက ကတော့ ခုနက ချပေးထားတဲ့ အချက်အလက်တွေ ကို လူတွေ အလွယ် တစ်ကူ ရှာဖွေလို့ရအောင် လုပ်တာပါပဲ … လူသားတွေ အနေနဲ့ဆိုရင် တစ်ချို့သော အကြောင်းအရာတွေ က အတိ အကျ မပြောရင်တောင်/နာမ်စား သုံးပြောရင်တောင် သိနားလည်နိုင်ပေမယ့် စက်တွေ၊ 
ကွန်ပျူတာတွေ မှာ ကျတော့ သူတို့ နားလည်အောင် လုပ်ဖို့ သပ်သပ် လိုအပ်တယ် … ဥပမာ – ချပေးထားတဲ့ အချက်အလက်တွေ က သမ္မတ ဦးထင်ကျော် အကြောင်းတွေ ဆိုပါစို့ … အသုံးပြုတဲ့လူတွေက ဦးထင်ကျော် နဲ့ ပတ်သတ် တဲ့ အချက်အလက်တွေ ကို ရှာကြတဲ့ အချိန်မှာ သူတို့ ဘယ်လို ရိုက်ရှာရှာ (ဦးထင်ကျော် လို့ပဲ ရိုက်ရိုက်၊ မြန်မာနိုင်ငံ သမ္မတ လို့ပဲ အမည် မထည့်ဘဲ ရိုက်ရိုက်) ကိုယ့်ဒေတာ ကို တွေ့သွားဖို့ လုပ်ရတဲ့ အပိုင်းပါ …

ကြယ်ငါးပွင့် –

အပေါ်က အချက် (၄) ချက်လုံး နဲ့လည်း ကိုက်ညီရမယ် … နောက်ပြီး ထည့်သွင်း ထားတဲ့ အချက် အလက်တွေ နဲ့ ကိုက်ညီ ဆက်စပ်တဲ့ အခြားသော အင်တာနက်ပေါ်က Open Data တွေ၊ ဆက်စပ် အကြောင်း အရာတွေ၊ မှီငြမ်း ထားတာတွေ ရှိရင်လည်း အညွှန်းတွေ၊ စတာတွေကို တစ်ပါတည်း ထည့် သွင်းချိတ်ဆက်ထားရပါမယ်
 ဒါမှ အခြားသော Website တွေနဲ့ အပြန်အလှန် အချိတ်အဆက်တွေ ရှိပြီး ကိုယ်ပေးချင်တဲ့ အချက် အလက်တွေ နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို လူတွေ ပိုများများ သိနိုင်၊ အသုံးချလာနိုင်မှာဖြစ်ပါတယ်။ … ဒေတာ တန်ဖိုး တက်လာအောင် ပြုလုပ်တာမျိုးပါ …

မြန်မာနိုင်ငံ မှာ လက်ရှိ အနေနဲ့ အစိုးရက ထုတ်ပေးတဲ့ ဒေတာတွေဟာ “5 Star Deployment Scheme for Linked Open Data” နဲ့ကြည့်မယ် ဆိုရင် များသော အားဖြင့် ကြယ် (၁) ပွင့် အဆင့်ရှိ အချက်အလက်တွေ ပဲ များသော အားဖြင့် ဖြစ်နေတတ်တာကို တွေ့ရမှာပါ …
 နောက်ပိုင်း မှာတော့ ပိုကောင်းတဲ့ အချက်အလက် ပုံစံတွေ နဲ့ ထုတ်ပေးလာမယ် လို့တော့ မျှော်လင့် မိပါ တယ် … ကြယ် (၅) ပွင့် အထိ မဟုတ်ရင်တောင် (၃)ပွင့်လောက် အထိဖြစ်ဖြစ်ပေါ့ … ။

 
Credit:: – A Yaung Yint –

Copy::
https://ayaungyint.wordpress.com/2016/…/02/open-data-format/

No comments:

Post a Comment