Friday, May 13, 2016

လမ်းပျော်လေးတွေ တက်လှမ်းနိုင်မယ့် ဘ၀ခြေလှမ်း တစ်ခု



မီးအ၀ါရောင် ခပ်များများ အသုံးပြုထားသည့် အခန်းလေး ထဲတွင် စားပွဲခုံ ရှစ်ခုံခန့် က အကျအနနေရာ ယူ ထားသည်။ စားသောက်ဆိုင် တစ်ဆိုင် အနေဖြင့် ကျယ်ကျယ်ဝန်းဝန်း မရှိလှသော်လည်း သက်သောင့် သက် သာနှင့် လွတ်လပ်သော ခံစားမှု ကို ထို အခန်းငယ်လေးက ဖန်တီးပေးထား၏။ 

ပန်းရောင်နှင့် အ၀ါရောင် သုတ်ထားသော ဆိုင် အတွင်းပိုင်း နံရံ များတွင် နေရာလပ် မကျန်အောင် ပန်းချီ ကားများ ချိတ်ဆွဲ အလှဆင် ထားခြင်းက အမြင်ကို ထူးစေသလို ဒီ့ထက် ထူးခြားသည်က စားသောက် ဆိုင်လေး ၏ ကျယ်ပြန့်သော ရည်ရွယ်ချက် ပင်ဖြစ်သည်။

ဆိပ်ကမ်းသာ လမ်းအောက် ဘလောက်တွ င်တည်ရှိသည့်  LinkAge  အမည် ရှိ ဆိုင်လေးမှာ အစား အသောက်နှင့် ပန်းချီပြခန်း တွဲစပ် ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ စားသောက်ဆိုင် ဟုခေါ်သော်လည်း "Training Restaurant" စား သောက်ဆိုင် သင်တန်းကျောင်း ဟု တံဆိပ်တပ် ချိတ်ဆွဲထား၏။ ဒါက LinkAge ၏ ကွဲပြားသော ရည်ရွယ်ချက်နှင့် တစ်မူ ထူးခြားမှု။

LinkAge တွင် အလုပ်ခန့် ထားသူများ က လမ်းမပေါ် အချိန် ကုန်နေတတ်သည့် လမ်းပျော် ကလေးများ (Street Children) ပင်။ ၎င်း တို့ကို ဖိတ်ခေါ်ပြီး စား သောက်ဆိုင် တွင် အလုပ်ခန့်၏။ သင်တန်းပေး၏။ ထို့ ကြောင့် လည်း စားသောက်ဆိုင် သင်တန်းကျောင်းဟု ခေါင်းစဉ်တပ်ထားခြင်းပင် ဖြစ်သည်။ 

ဆိုင်ထဲ ၀င်လိုက်သည်နှင့် သန့်ပြန့်သော     အပြင်အဆင် အောက်တွင် တွေ့ရမည့် ဧည့်ကြို၊ စားပွဲထိုးနှင့် ချက်ပြုတ်နေသည့် စားဖိုမှူး က အစ အားလုံး လိုလိုမှာ လမ်းမများ ထက်ရှိ   စားသောက်လုပ်ငန်း တွင် ရေ ရှည်ပျော်မွေ့ မည့် လမ်းပျော် ကလေးများ ကို စု စည်းထားခြင်းဖြစ်သည်။


ပုံမှန် အားဖြင့် LinkAge တွင် ကလေးသုံး၊ လေးယောက်ခန့် ရှိ နေတတ်သည်။ တစ်ခါ တစ်ရံ လည်း ခုနစ်ယောက်၊ ရှစ်ယောက် ဖြင့် စားသောက်ဆိုင် စားပွဲများ ထက်ပင် စားပွဲထိုး က ပိုများနေ တတ်ပြန်၏။ 


များသော အားဖြင့် အသက် (၁၀) နှစ်မှ (၁၉) နှစ် အထိ အရွယ် များပင်။ ၎င်းတို့ အားလုံးမှာ လမ်းပေါ်မှ လူငယ် များ၊ မိဘ မဲ့ ဂေဟာ၊ ငှက်အော်စမ်း လူငယ်ပြု ပြင်ရေး သင်တန်းကျောင်းနှင့် World Vision မှ ကလေးများ ပါဝင် သည်။ အားလုံး က ငယ်ဘ၀ ကို လမ်းမများပေါ်တွင် အဖုအထစ် တို့ဖြင့် ဖြတ်သန်း ခဲ့ဖူး သူတွေ ချည်း။

LinkAge သို့ ရောက်လာ သည်နှင့် အချက်အပြုတ်နှင့် စား သောက်ဆိုင်လုပ်ငန်းများကို သင် ကြားပေးပြီး စာလည်း သင်ပေး၏။ ဆိုင်သို့ ရောက်လာပြီးခါ မှ အစားအသောက်ဆိုင်ရာ လုပ်ငန်း ကို စိတ် မ၀င်စား၊ ကျောင်းစာ သာ သင်ချင်သူ ကလေးများကို ဆိုင်၏ ၀င်ငွေဖြင့် ကျောင်းစရိတ် မှ အစ စားစရိတ် အဆုံး တာဝန်ယူပေး သည်ဟု ဆိုသည်။

LinkAge ၏ လမ်းပျော် က လေးများ အတွက် စားသောက် ဆိုင် သင်တန်းကျောင်း ကို ၂၀၁၁ မတ်လ က စတင် ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား ကိုရောက်စဉ်က ထို ကဲ့သို့ လမ်းပျော်ကလေးများနှင့် ဖွဲ့စည်းထားသည့် စားသောက် ဆိုင်ကို မြင်တွေ့ခဲ့ပြီး LinkAge အတွက် စိတ်ကူးရခဲ့သည်ဟု စတင်တည်ထောင်သူ မခင်နှစ် သစ်ဦး က ဆိုသည်။

လက်ရှိတွင်မူ   LinkAge ၏ အဓိကစားဖိုမှူးတစ်ဦးဖြစ်သည့် ကိုရဲထက်ဦး ကပင် ဦးဆောင် လုပ်ကိုင်နေပြီး LinkAge သည် ခမ်းခမ်းနားနား ဖွင့်ထားခြင်း မဟုတ်သော်လည်း သက်သောင့် သက်သာ ရှိမှုနှင့် အစား အသောက် ကို လွတ်လပ်စွာ တည်ခင်း စားသောက်နိုင်မှု တို့တွင် အမှတ်ပြည့်ရနိုင်သော ဆိုင်ငယ်ဖြစ် ကာ   နိုင်ငံခြားသား ခရီးသည်များ စိတ်ဝင် တစ်စား လာရောက်ကြသည်ဟု သိရသည်။

ဆိုင်လေးကသေးငယ်သည် ဆိုသော်လည်း အမေရိကန် သံရုံး ၏ အသိအမှတ်ပြု လက်မှတ်နှင့် ဂျာမနီမှ Trip Advisor ဆုကို လည်း ရရှိထား၏။

ဆိုင်ဖွင့်ချိန်  နံနက် ၁၁ နာရီ မှ နေ့လယ် ၂ နာရီ၊ ညနေ ၆ နာရီ မှ ည ၉ နာရီခွဲ အထိဖြစ်ပြီး နေ့ လယ် ၂ နာရီ မှ ညနေ ၆ နာရီ အထိ  LinkAge က ကလေးများ အား အချက်အပြုတ်နှင့် စားဖို လုပ်ငန်း နှင့် ပတ်သက်သည့် ဘာသာ စကားများနှင့် အခြား စာများကို မခင်နှစ်သစ်ဦးနှင့် ကိုရဲထက်ဦး တို့ က သင်ကြားပေးသည်။

ငါးနှစ်တာ အတွင်း LinkAge က စားသောက်ဆိုင် လုပ်ငန်းနှင့် စားဖိုဆောင် နယ်ပယ်တွင် ကျွမ်းကျင်စွာ လုပ်ငန်း လုပ်ကိုင်နိုင်သူများ ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည် ဟု ကိုရဲထက်ဦး က ဆို သည်။ လက်ရှိတွင် LinkAge မှ သင်ကြားပေးခဲ့သူ ငါးဦးခန့် မှာ ကိုယ်ပိုင် လုပ်ငန်းခွင် တွင် လုပ် ကိုင်နေကြပြီး န၀မတန်းကျောင်း သား သုံးယောက် ကိုလည်း ဆိုင် ၀င်ငွေဖြင့် ကျောင်းစရိတ်၊ စား စရိတ် အစအ ဆုံးထောက်ပံ့ပေး နေသည် ဟု ဆို သည်။

လမ်းပေါ်တွင် ကြမ်းတမ်း သော ဘ၀ ကို ရင်ဆိုင်ခဲ့ ရသည့် လမ်းပျော် ကလေးများကို Waiter Cap စားပွဲထိုး ဦးထုပ်ပေးဆောင်း ၍ ဧည့်သည် များနှင့် ဆက်ဆံစေ ခြင်းသည် လွယ်ကူသော အလုပ် တစ်ခု မဟုတ်ပေ။ ဂျစ်တီး ဂျစ်ကန် နှင့် ဂရုမစိုက်ဟန် ရှိသည့် လူငယ် သဘာဝ ကို ပြုပြင် ယူရခြင်းမှာ LinkAge ၏ ၎င်းအတွက် အတွေ့အကြုံ တစ်ခုဖြစ်ကြောင်း ကိုရဲထက်ဦး က ထပ်၍ ပြောသည်။

‘‘ကလေး လေးတွေ လမ်းပေါ် ကနေ ရောက်ရောက် လာချင်း တုန်းက ဧည့်သည်တွေ က သဘောကျလို့ စတယ်၊ နောက်တယ်။ ကလေးတွေ က မကြိုက်လို့ ပြန် အော်တာတို့၊ ဆောင့်တာအောင့် တာတွေလည်း ရှိခဲ့ဖူးတယ်’’ဟု ၎င်းက ပြန်၍ပြောပြသည်။ က လေးများ အား သင်တန်းပေး ၍ ဆိုင် အတွင်း အလုပ်ခန့် ထားခြင်း ကြောင့် အရွယ် မရောက်သူများ အား ခိုင်းစေသည်ဟု ထင်မြင်ကြ မည့်အပေါ်လည်း LinkAge က စည်းကမ်းချက် များဖြင့် ကာကွယ် ထားသည်ဟု ဆိုသည်။

LinkAge က လမ်းပျော် က လေးများ အတွက် လုံခြုံသော ခိုလှုံရာ အပြင် အခွင့်အလမ်း တစ်ခု ကို ပေး ထားသော်ငြား အချို့ ကတော့ LinkAge တွင် မပျော်ပိုက်နိုင်ကြ။ အချို့ ကလည်း စားဖိုပညာ ကို စိတ်မ၀င် စားသောကြောင့် လမ်းမ များ ပေါ်သို့ ပြန်ရောက် သွားတတ် သည်။ အချို့ ကလည်း အရင်လမ်း မပေါ်မှ အပေါင်းအသင်း များနှင့် သာ ပြန်လည်နေလိုသူများ ရှိ သည်။

ထို့ကြောင့် LinkAge ဆိုင် လေးတွင် ကလေးအရေ အတွက် က ပုံမှန် မရှိတတ်။ ဆိုင်တွင် လာ လုပ်နေသော လမ်းပျော် ကလေး များ အတွက် စာသင်ပေး၊ အချက် အပြုတ် သင်ကြားပေးသည့် အ ပြင် လကုန်လျှင် လုပ် အားနှင့် ဧည့်သည် များကပေးသော Tips Money အလိုက် ခွဲဝေ၍ ပေးသေး သည်။ 

ကျန် ပိုငွေနှင့် ဆိုင်ကို ပုံမှန် လည်ပတ်သည်။ တစ်ခါ တစ်ရံ အိတ်စိုက် ရသည်လည်း ရှိတတ်ကြောင်း ကိုရဲထက်ဦး က ပြောသည်။

ဆိုင်၏ ၀န်ထမ်း တစ်ဦး ဖြစ်သည့် အသက် (၁၁)နှစ် အရွယ် လေးဖြူ   သည် ဆိုင်ကိုရောက်သည် မှာ ငါးလ သာရှိသော်လည်း အခြေခံ အင်္ဂလိပ်စကားပြောနှင့် စားပွဲ ထိုးသည့် အလုပ် ကို ကောင်းမွန် စွာလုပ်တတ်နေ သည်။ လေးဖြူ   မှာ အသက် (၉) နှစ် အရွယ် က လမ်းမပေါ်လျှောက်သွားနေရင်း အဖမ်းခံခဲ့ ရပြီး နောက် ဆုံးတွင် World Vision ၏ အစီအစဉ်ဖြင့် LinkAge သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

စည်ပင် ၀န်ထမ်း မိခင်နှင့် အတူနေပြီး အိမ်ကို တစ်ပတ်တစ်ခါ ခန့်ပြန်လေ့ ရှိကာ LinkAge မှာ ပင် စားဖို အလုပ် တစ်ဖက်လုပ် ကိုင်ရင်း ကျောင်းတက်မည် ဟု ပြောကြားသည်။

သနပ်ခါး ပါးကွက်ကျားနှင့် လေးဖြူ  ၏ “Sir These are Available” ဟု အသံလေးကို စား သုံးသူ အများစု သဘောကျကြ သည်ဟု ဆိုသည်။

LinkAge ဆိုင်လေးတွင် အ နောက်တိုင်း အစားအစာ၊ တရုတ်စာနှင့် မြန်မာ အစားအသောက် တို့ အပြင် အဓိက Menu ၃၀ ကျော် ရှိ ပြီး တစ်နှစ် တစ်ခါ Menu ချိန်းပေးလေ့ ရှိသည်။ ကိုရီးယား စကားပုံ တစ်ခုတွင် ‘‘လမ်းပေါ်က စားဖိုမှူးတွေ ဟာ အတော်ဆုံးပဲ’’ဟု အဓိပ္ပာယ် ရသော စကားပုံတစ်ခုရှိသည်။ 

ဆိုလိုသည်က လမ်းပေါ်မှ အစားအစာ ချက်ပြုတ်သူများ မှာ ကြံဖန်နိုင်စွမ်းနှင့် ဟင်း အမည်စုံ လတ်လတ် ဆတ်ဆတ် ကို ချက်ပြုတ်နိုင်သည်။ ကြုံကြိုက်သည်နှင့် အလိုက် အဆင်ပြေချက်ပြုတ်နိုင်သည့် အတွက် ဆိုင် များမှ အစားအသောက် ချက်ပြုတ်သူ များထက် ပိုသာသည် ဟု ဆိုလိုရင်း ဖြစ်သည်။ 

LinkAge နှင့် ဆိုလိုရင်း သိပ် မဆိုင်လှသော်လည်း ဆိုင် အတွင်းရောက်သည့် အခါတွင်တော့ ထို စကားပုံ ကို ပြေးမြင်မိ၏။  လမ်းမပေါ် မှ စားဖိုမှူး များ သည် Link-Age ၏ ပြယုဂ် တစ်ခု ဖြစ်နေသောကြောင့်ပင်။


‘‘အပြင်သွားတိုင်း ကမ်းနား တို့၊ ဘူတာ တို့မှာ အချက် အပြုတ် လုပ်ငန်း စိတ်ဝင်စားတဲ့ ကလေး တွေကို လိုက်မေးမြန်းကြည့် တယ်။ စိတ်ဝင် စားရင် ဖိတ်ခေါ် တယ်။ ကလေးတွေ အလုပ်ကို စိတ်ဝင်စားပြီး လုပ်ချင် ကိုင်ချင် ရင် မြေတောင်မြှောက်ပြီး သင် ကြားပေးသွားမယ်’’ဟု စားဖိုမှူး ကိုရဲထက်ဦး က ဆိုပါသည်။


 http://www.7daydaily.com/story/64754


No comments:

Post a Comment