Thursday, July 16, 2015

သမ္မတ လုပ်ချင်သူ


မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး ရှင်းလင်းပြောကြားနေစဉ်/ဓာတ်ပုံ - နစ်ကီ




‘‘ကျွန်တော်သမ္မတလုပ်ချင်တာ’’
အထက်ပါ စကား ကိုပြောကြားလာသူ မှာ လက်ရှိ သမ္မတဦးသိန်းစိန် လည်းမဟုတ် သလို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်းမဟုတ်ပါ။
 
မြန်မာနိုင်ငံ တွင် သမ္မတဖြစ်လိုသည် ဟု ပွင့်ပွင့် လင်းလင်းပြော ကြားထားသူနှစ်ဦးနှင့် လူထုလို အပ်ပါက ဟု သုံးနှုန်း ကာ သမ္မတ ဆက်လုပ်မည် ဟုပြောကြားထားသူ လက်ရှိ သမ္မတဦးသိန်းစိန် အပါအ၀င် သမ္မတဖြစ် လိုသူ သုံးဦးရှိပြီ ဖြစ်ရာ အထက်ပါ ပုဂ္ဂိုလ်က လေးဦးမြောက်ဖြစ်သည်။

လူသိနည်းလှ သည့် နိုင်ငံရေး သမားနှင့်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်သူလယ် သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုး ပင်ဖြစ်သည်။

 
‘‘စစ်သားချည်းပဲ သမ္မတ လုပ် လာတာနှစ်ပေါင်း ၆၀ရှိ လာပြီ။ တိုင်းပြည်လည်း မတိုးတက်ဘူး။ ဒီတစ်ခေါက်တော့ လယ်သမားလည်း သမ္မတ လုပ်ချင်ပါတယ်’’ဟု ဦးကျော်စွာစိုး က သူ၏ အိပ်မက်ကို 7Day News အား ပြောသည်။
 
 သူသည် ပါတီ လှုပ်ရှားမှုများ တွင် လေးဖြူ၊  အငဲ တို့ပါဝင်သည့် အိုင်စီ အဖွဲ့ကို စတိတ်ရှိုး သွင်းပြီး နယ်ခံ များနှင့် မိတ်ဆက် ခဲ့သည်။ ပါတီ လှုပ်ရှားမှုများ ငွေကြေးများ စွာသုံးနိုင်ခြင်းကြောင့် ၎င်းတို့ ပါတီ ကို နောက် ကွယ် မှ ထောက်ပံ့သူ၊ ထောက်ပံ့သော အဖွဲ့အစည်း ရှိ မည်ဟု သုံးသပ်သူအချို့လည်းရှိ သည်။ 

ဆရာစံ ရုပ်ပုံနှင့် နဂါး ဂဠုန် အလံ တို့ ကို ပါတီ တံဆိပ် အဖြစ်  အသုံးပြု သည်။ တောင်သူလယ် သမားများ အား ငွေချေးမည်ဟု ကတိပေးသည်။ ပြိုင်ဘက် များကို အလဲထိုးမည် ဟုကြုံးဝါးသည်။


နောက်ထပ် အရေး ပါသည့် သူ၏ လှုပ်ရှားမှု တစ်ခုက သန်းနှင့် ချီသော တောင်သူလယ်သမား များကို စည်း ရုံးနိုင်ပြီ ဆိုကာ သူ၏ ပါတီဝင် အဖြစ်စာရင်းသွင်း ခဲ့သည်။
 
၂၀၁၂နှောင်းပိုင်းတွင် မှ စ တင်ဖွဲ့စည်းခဲ့သည့် ဦးကျော်စွာစိုး ၏ တောင်သူလယ်သမား ပါတီ သ တင်းသည် စာမျက်နှာ များပေါ်တွင် သိပ် မတွေ့ရဘဲ တိတ် တဆိတ်နှင့် လျင်မြန်စွာကြီးထွား လာခဲ့သည်။ 

ဦးကျော်စွာစိုးက သူ့တွင် ပါတီဝင် အင်အားခြောက်သန်းကျော် ရှိ သည်ဟု ဆိုသည်။ သူပြောသည် မှာ မှန် လျှင် သက်တမ်းနှစ်နှစ်ခွဲ သာ ရှိသေးသည့် ပါတီသည် တစ် ရက်လျှင် လူခြောက်ထောင်ကျော် နှုန်း ရအောင် စည်းရုံးသိမ်းသွင်းနိုင် ခဲ့သည့် သဘောဖြစ်သည်။

ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်တို့သည် သူ၏အမာ ခံနယ်မြေများဖြစ်ကြောင်းလည်း ဦးကျော်စွာစိုး ကဆိုသည်။
 
‘‘ပါတီဝင် အင်အား ကလည်း ဧရာဝတီတိုင်း တို့ ပဲခူးတိုင်း တို့ က ညွှတ်ကျနေအောင် ကို ၀င်ထားတာလေ’’
ပြည်တွင်း အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းအချို့ က ထုတ်ပြန်သည့် စာရင်းဇယားအ ချို့တွင် လည်း လက်ရှိ အချိန်တွင် တောင်သူလယ်သမား ပါတီ သည် မြန်မာနိုင်ငံ ၌ နောက်လိုက်အင် အားအများ ဆုံးဖြစ်ကြောင်းဖော်ပြ သည်။ 

ရန်ကုန် အခြေစိုက် Myanm-ar Development Research က ထုတ်ပြန်သည့်နိုင်ငံရေး ပါတီများ၏ အချက် အလက် စာအုပ် တွင်လည်း တောင်သူလယ်သမား ပါတီ ၏ အင်အားသည် အများဆုံးဖြစ် ကြောင်းရေး သားထားသည်။

ယင်းစာအုပ် တွင် တောင်သူ လယ်သမားပါတီ ၏ အင်အားမှာ ငါးသိန်း အထိရှိကြောင်းရေးသား သည်။ အဆိုပါ အရေအတွက် သည် Myanmar Development Research စာအုပ် တွင်ဖော်ပြထားသော NLD ပါတီ၏ ပါတီဝင် အင်အားထက် နှစ်ဆ ခွဲကျော် များပြား နေပြီး ၁၉၈၈ ၌ စတင် ဖွဲ့စည်းခဲ့ သည့် တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေးပါတီ (တစည) ထက် တစ်သိန်းကျော် များပြားသည်။

ယင်းစာ အုပ်တွင်ပြည်ခိုင်ဖြိုး ၏ နောက်လိုက် အင်အား ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ 
စာအုပ်ပြု စု သည့် Myanmar Development Research ၏ ပြောရေးဆိုခွင့် ရှိသူများ ကတော့ နိုင်ငံ ရေး ပါတီ များ ဘက်ကပေးသည့် အ ချက်အလက်  ကိုးကားပြီး ပါတီ ၏နောက်လိုက် အင်အားကိုထည့် သွင်းဖော်ပြခြင်းဖြစ် သည် ဟုဆို သည်။ 
 
‘‘သိပ် စည်းရုံးရေး လုပ်လိုက်ရတာ မဟုတ်ဘဲနဲ့ ခံစားချက် အပြည့်နဲ့ ၀င်လာကြတဲ့ လူတွေဖြစ်တဲ့ အတွက် မြန်မြန် ဆန်ဆန်ကြီးထွား လာတာပေါ့’’ဟု ဦးကျော်စွာစိုး က ပြောသည်။
 
အညာသား မျက်နှာပေါက်မျိုးနှင့် စကားပြောလျှင် အားရပါးရ ပြောတတ်သည့် ဦးကျော်စွာစိုး သည် နိုင်ငံရေး အသိုင်းအ၀ိုင်း မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် ထင် ရှားသည့် အဖွဲ့ အစည်း အားလုံးနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပတ်သက်မှုများ ရှိခဲ့သည်။
 
သူ၏ ဖခင်ဖြစ်သူ ဦးလှစိုး သည် လွတ်လပ်ရေးခေတ်နှောင်းပိုင်း မှ စတင်ပြီး ၁၉၉၀ရွေးကောက် ပွဲအလွန် ကာလ များဖြစ်သော အ မျိုးသားညီလာခံပြီးသည့် ချိန်အထိ မြန်မာ့နိုင်ငံရေးလောက တွင် အဓိကကျသည့် အဖွဲ့အစည်းများ နှင့် ပတ်သက် ခဲ့သူဖြစ်သည်။
 
ဦးလှစိုး သည် ၁၉၅၃ တွင် မြန်မာ့ တပ်မတော်သို့ ၀င်ရောက် ခဲ့ပြီး ဗိုလ်မှူးအဆင့် အထိ (၉)နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၆၂ ဦးနေ၀င်း  အာဏာ သိမ်းပြီးနောက် ဖွဲ့စည်းခဲ့ သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) တွင်အရပ်ဘက် သို့ပြောင်းလဲခဲ့ပြီး ရာထူးနေရာမျိုးစုံ လုပ်ကိုင်ခဲ့ သည်။
 
ဦးလှစိုးသည် မဆလပါတီ တွင် အမြင့်ဆုံးရာထူး အဖြစ် က ယားပြည်နယ်ဒေသ ပါတီ ဥက္ကဋ္ဌအ ဖြစ် တာဝန်ပေး ခံခဲ့ရသည်။ ၁၉၇၈ တွင်ဦးနေ၀င်းက တိုင်းနှင့်ပြည်နယ် ၁၄ခုလုံး မှ ဒေသပါတီ ဥက္ကဋ္ဌ အားလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ သည့် နာမည်ကျော်‘‘အောင်ကျော် လင်း’’ စစ်ဆင်ရေး ၌ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။


တပ်မတော်နှင့် မဆလ အရာ ရှိဟောင်း ဦးလှစိုး သည် အကျဉ်းကျ ခံနေရာ မှ လွတ်မြောက်ခဲ့ပြီး နောက် ၁၉၉၀ရွေးကောက်ပွဲ တွင် NLD ၏ ပြည်သူ့လွှတ်တော် အမတ်တစ်ဦး အဖြစ် နိုင်ငံရေး ဇာတ်ခုံပေါ် သို့ ပြန်ရောက် ခဲ့သည်။ 
 
၁၉၉၀ရွေးကောက်ပွဲ အပြီး NLD ၏ အမျိုးသား ညီလာခံ တက်ရေး၊ မတက်ရေး သဘောထားကွဲလွဲမှု တွင် လည်း ဦးလှစိုး တစ် ယောက် အဓိက ကျသည့်နေရာမှ ပါဝင် လာပြန်သည်။ အစိုးရ ၏ ဆုံးဖြတ်ချက် များကို သပိတ်မှောက်ပြီး အမျိုးသား ညီလာခံမှ ထွက်ရန် NLD ၏ ဆုံးဖြတ်ချက် ကို ဦးလှစိုးက သဘော မတူသောကြောင့် NLDနှင့် တစ်ဖန် လမ်းခွဲခဲ့ပြန်သည်။
 
အတိုက်အခံ များ၏ ဆန္ဒ ကို မျက်ကွယ်ပြုပြီး အငြင်းပွား ဖွယ်ရာ ပြဋ္ဌာန်းချက် များ ဆုံးဖြတ်ခဲ့သည် ဟု ဝေဖန်ခံ ရသည့် အမျိုးသားညီလာခံ ကို ဦးလှစိုး တစ်ယောက် NLD မှ ထွက်ပြီး တစ်သီးပုဂ္ဂလ အနေဖြင့် တက်ရောက် ခဲ့သောကြောင့် ဝေဖန် ခံခဲ့ရပြန်သည်။ 

ဦးကျော်စွာစိုး ကတော့ သူ၏ ဖခင်သည် NLD အမျိုးသား ညီလာခံက ထွက်ပါက ခြံဝင်းအပြင် က အော်ပြောနေ ရ သကဲ့သို့ နိုင်ငံရေးနှင့် အလှမ်းဝေးသွားမည် ကို စိုးရိမ် ခဲ့သောကြောင့် တားမြစ် ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ အပေါ် ကာကွယ်ပြောကြားသည်။ 
ဦးကျော်စွာစိုး သည် တပ်မတော် အရာရှိများ၊ တပ်မတော် အ ရာရှိဟောင်း ပြည်ခိုင်ဖြိုးထိပ် တန်း ခေါင်းဆောင် များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိ သူဖြစ်သည်။

 ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဦးအောင်သိန်းလင်း၊ ဦးလှ ဆွေ၊ ဦးဌေးဦး စသည့် ပုဂ္ဂိုလ်များ နှင့် ယခင် ကတည်းက ခင်မင်သူ ဖြစ်ကြောင်း ဦးကျော်စွာစိုး ကပြောသည်။ လူချင်း ရင်းနှီးမှု ရှိသော် လည်း ပြည် ခိုင်ဖြိုးနှင့် သူ့အကြား နိုင်ငံရေးအရ ပတ်သက် ဆက်နွှယ်မှု ရှိသည်ဟု ဆိုသည့် စွပ်စွဲချက်များကိုတော့ ငြင်း ဆန် ခဲ့သည်။ 
 
‘‘ကြံ့ခိုင်ရေး ကို ကျွန်တော်လည်း မုန်းတယ်။ တစ်တိုင်းပြည်လုံး မုန်းနေတာ ဘယ်လိုလုပ် (ပြည်ခိုင်ဖြိုး ကနေ ရွေးကောက်ပွဲ) ၀င်ရ မှာလဲ။ မဟုတ်က ဟုတ်က။ ကြံ့ခိုင်ရေး ယူနီဖောင်းတောင် မ၀တ်ရဲဘူး’’ဟု ဦးကျော်စွာစိုး က ပြော သည်။ 
 
သူက ဂျပန် ၏ လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ပုဂ္ဂိုလ်ရေး အရ လွန်စွာ ရင်းနှီးသူဖြစ်သည် ဟု​ ၎င်းကိုယ် တိုင် ထုတ်ဖော်ပြောသည်။ မစ္စတာအာဘေးအမတ် ပေါက်စ ဘ၀ ကတည်းက သူနှင့် အလွန်ရင်းနှီး သည်ဟု ဆိုသည်။ 

သူသည် ၁၉၈၉ မှ ၁၉၉၆ အထိ ဂျပန်တွင် အခြေချ ခဲ့ပြီး မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည် ဟု ပြော သည်။ သို့သော်လည်း ဂျပန်ရောက် မြန်မာ အတိုက်အခံ များက ဦးကျော်စွာစိုးကို ကောင်းစွာမသိဟု ဆိုကြသည်။ 

‘‘ကျွန်တော် က ဂျပ န်ကို ၁၉၈၉ မှာ ရောက်ပါတယ်။ အဲဒီ အချိန်က စပြီး ဒီကနိုင်ငံရေး အခင်း အကျင်းမှာ ကျွန်တော်တောက် လျှောက်ပါလာ တာပေါ့လေ။ လှုပ် ရှားမှု ထဲမှာ ပါတဲ့ သူတွေတစ် ယောက်နဲ့ တစ်ယောက် သိကြပါ တယ်။ အမှန် အတိုင်းပြောရရင် အဲဒီ တစ်ယောက် (ဦးကျော်စွာစိုး) ကတော့ ကျွန်တော်တို့ သိတဲ့အထဲ မှာ မပါဘူးဗျ’’ဟု ဂျပန်ရှိ မြန်မာ နိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားသူ များအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။ 

သူနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး တို့အကြား ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်းကို မကြာခဏ ထုတ်ဖော်ပြောဆို ခဲ့ပြီး သူ အာဏာရလာ ပါက ဂျပန် ၏ အကူအညီ အမြောက်အမြားရမည်ဟု လည်းဆို သည်။ 
‘‘USDP (ပြည်ခိုင်ဖြိုး)နောက် မှာ တရုတ် က မတ်တတ်ရပ် တယ်။ NLD ရဲ့ နောက်မှာ အမေရိကန် မတ် တတ် ရပ်တယ်။ ဒီ လယ်သမား ပါတီ ရဲ့နောက်မှာ ဂျပန် မတ်တတ်ရပ်ပါ လိမ့်မယ်။ 

ဂျပန် က လယ်သမား အစိုးရပေါ်လာဖို့ အာသီသ ပြင်းနေတယ်’’ဟု ဦးကျော်စွာစိုး က ပြောသည်။ 
ဂျပန်ရောက်မြန်မာ အတိုက်အခံ များကတော့ ဂျပန် အစိုးရ၏ မူဝါဒများအပေါ် ဦးကျော်စွာ စိုး၏ ထုတ်ဖော်ပြောကြားမှု များသည် လက်တွေ့နှင့် ကိုက်ညီမှု မရှိသည့် အခြေ အနေဖြစ်ပြီး စိတ်ကူးထဲက စကားလုံး များသာဖြစ်ကြောင်း ပြောကြားသည်။ 
 
ဦးကျော်စွာစိုး သည် သူ့ ဘ၀ ၏ ပထမဆုံး အကြိမ်ရွေးကောက်ပွဲ ကို သူ ၏ ဖခင် ကဲ့သို့ပင် ဧရာဝတီ မြစ် အနောက်ဘက်ကမ်း စလင်းမြို့ တွင် အမျိုးသားနိုင်ငံရေး မဟာမိတ် များ အဖွဲ့ချုပ် ပါတီကိုယ်စားပြုကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းဖြင့် စတင်ခဲ့သည်။ 

စလင်းမြို့သည် သူ၏မွေးရပ်မြေဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်မြို့တော် မကွေး၏ တစ်ဖက်ကမ်း မင်းဘူး ခရိုင် ထဲတွင် ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲ တွင် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ မှ ကိုယ်စားလှယ်လောင်း ထက် မဲ အသာ ရခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးခင် မောင်လွင် ကို မယှဉ်နိုင်ဘဲ ရှုံးနိမ့် ခဲ့ ခြင်းဖြစ်သည်။ 
 
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လည်း အဆိုပါ ပါတီ မှပင် ဦးကျော်စွာစိုး သည် ထပ်မံ ၀င် ရောက် ယှဉ်ပြိုင် ခဲ့ပြန်သည်။ သူ၏ မွေးရပ်ဖြစ်သည့် စလင်းမြို့မှ ၁၉ မိုင်ခန့် အကွာတွင်ရှိသည့် ပွင့်ဖြူမြို့ မဲဆန္ဒနယ် ၌ဖြစ်သည်။ 
 
ထို တစ်ခေါက်တွင်တော့ သူ၏ ပြိုင်ဘက် များက NLD မှဒေါက် တာ အောင်မိုးညို၊ ပြည်ခိုင်ဖြိုး မှ ဦးတင့်လွင်နှင့် နာမည်တူနောက် တစ်ဦးဖြစ်သူ တ.စ.ည မှ ဦးတင့် လွင်တို့ဖြစ်သည်။ 
 
ယင်းကြားဖြတ်ရွေးကောက်ပွဲ တွင် ဆရာဝန် တစ်ဦးလည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအ မတ်တစ်ဦး လည်းဖြစ် သည့် NLD မှ ဒေါက်တာအောင်မိုးညို က အ နိုင်ရခဲ့သည်။ ဒေါက်တာအောင်မိုး ညို သည် ဦးကျော်စွာစိုး ထက် မဲအ ရေအတွက် ၃၅ ဆ ခန့် အပြတ်အသတ် အသာရခဲ့ခြင်းဖြစ်သည်။ 
 
ရန်ကုန်မြို့ အခြေစိုက် အမျိုး သားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ ချုပ်သည် NLD မှ နုတ်ထွက်သွား သည့် ဧရာဝတီနှင့် မိတ္တီလာ မှ လူ ငယ်များဖြင့် စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး ၎င်းက ပါတီအတွင်း ရေးမှူး တာဝန် ထမ်းဆောင်ခဲ့ သည်။ ထို ပါတီ က ရွေးကောက်ပွဲ နှစ်တွင် ပြိုင်သည့်နေရာ တိုင်း ရှုံး နိမ့်ခဲ့သည်။
 
ထို့နောက်တွင်တော့ ဦးကျော်စွာစိုး တစ်ယောက် သူနှင့် ကံမစပ်ခဲ့သည့် အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ကို စွန့်ခွာပြီး ပါတီ သစ်ထောင်ခဲ့သည်။ ပါတီ အမည်ကိုတော့ တိုင်းပြည် လူဦးရေ၏ သုံးပုံနှစ်ပုံ ခန့်ဖြစ် သည့် တောင်သူလယ်သမားနှင့် ပတ်သက်သည့် အမည် ကိုရွေးချယ်ခဲ့သည်။
 
ဦးကျော်စွာစိုး က သူခေါင်း ဆောင်သည့် တောင်သူလယ်သ မား ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အမတ်နေရာ ၅၀၀ အထိ ၀င်ပြိုင်မည်ဟုဆိုသည်။ ရွေးကောက်ပွဲ တိုင်းရင်းသား လူ မျိုးစု များကို အခြေခံပြီး ဖွဲ့စည်း ထားသည့် ပြည်နယ်များတွင် ၀င် ရောက်ယှဉ်ပြိုင်မည် မဟုတ်ဘဲ တိုင်းခုနစ်တိုင်း ကို အာရုံစိုက် မည် ဟုဆိုသည်။
 
‘‘အခုလာမယ့်ရွေးကောက်ပွဲ ကို သိပ် မကြောက်လှဘူး’’ဟု ဦး ကျော်စွာစိုး ကပြောသည်။
အစဉ် အလာနှင့် လူထု အ ကြားရေပန်းစားမှု နည်းပါးနေသည့် ပါတီသစ် တစ်ခုက အမတ်နေရာ ၅၀၀ ၀င်ပြိုင်မည် ဆိုသည့် ကြေ ညာချက် အပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကို အံ့ အားသင့်စေ ခဲ့သည်။
 
‘‘လက်ရှိ အချိန်ထိတော့ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး တို့က အများ သိတဲ့ ပါတီတွေပေါ့။ တစည တို့ NDF တို့ကတော့ ဒုတိယပေါ့။ ပါတီ အသစ်တွေ နဲ့ ပတ်သက်ပြီး တော့ အလှမ်းဝေးနေဆဲပဲ’’ဟု မန္တ လေး အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ EON-M မှ ဦးညီညီကျော်က ပြောသည်။
 
ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ တစည၊ လက်နက်ကိုင် များကျောထောက်နောက် ခံပေးထား သည့် နိုင်ငံရေး ပါတီများနှင့် ပြည်နယ် များ ကို ဦးတည် ဖွဲ့စည်းထားသည့် တိုင်းရင်းသား ပါတီများမှ လွဲပြီး ပြည်မ ရှိနိုင်ငံရေး ပါတီ အများစု သည် ရပ်တည်ရန် ခက်ခဲစွာ ရုန်း ကန်နေကြရသည်။
 
အမတ်နေရာ ၅၀၀ ဆို သည့် အရေအတွက် သည် တိုင်းပြည် တွင် အခြေခံ အဆောက်အအုံနှင့် ဘဏ္ဍာရေး အင်အား အတောင့် တင်းဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုး က ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည့် အရေအ တွက် ထက်ဝက်ခန့်ဖြစ်သည်။
 
လူသိနည်း သည့်နိုင်ငံရေးပါ တီ အများစုသည် ရုံးခန်းငှားခ ကို ပင် အနိုင်နိုင်ရှာဖွေနေရ သည်။ ရွေးကောက် ပွဲ ကိုလည်း ပါတီဖျက် သိမ်း ခံရမည်ကို စိုးရိမ်သော ကြောင့် မပြိုင် မနေရ သုံးနေရာ သာ ၀င်ပြိုင်လေ့ ရှိချိန် တွင် တောင်သူ လယ်သမားပါတီ သည် အင်အား တောင့်တင်းအောင် တည်ဆောက် နိုင်ခဲ့သည်။
 
အမတ်လောင်း ၅၀၀ ရွေး ကောက်ပွဲဝင်မည် ဆိုပါက ရွေး ကောက်ပွဲ အတွက် အခြားစရိတ် စက များ မပါဝင် ဘဲ ရွေးကောက်ပွဲကော်မရှင် ထံသို့တင်သွင်းရ သည့် စရိတ်ပင် တစ်ဦးလျှင် ကျပ် သုံးသိန်းနှုန်းဖြင့်သိန်း ၁,၅၀၀ ကုန် ကျမည်ဖြစ်သည်။

 ရွေးကောက်ပွဲ အတွက် သူ၏နောက်တွင်ငွေကြေး ထောက်ပံ့သူ မရှိဘဲ မိသားစုငွေ ကြေးဖြင့် သာ နိုင်ငံရေး လုပ်သည် ဟု ဦးကျော်စွာစိုးက ဆိုသည်။
 
မြန်မာနိုင်ငံ တွင် အစိုးရနှင့် နီးစပ်သူများ သာ လုပ်ကိုင်ခွင့် ရ သည့် ဘဏ်လုပ်ငန်း ၌လည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံ ရန် ဦး ကျော်စွာစိုး က စီစဉ်လျက် ရှိသည်။ တောင်သူလယ်သမား ဘဏ်တစ် ခု တည်ထောင်ရန် အစိုးရ ထံခွင့် ပြုချက်လျှောက်ထားကြောင်း ဦး ကျော်စွာစိုး ကပြောသည်။ 

အဆို ပါ ဘဏ်လည်ပတ် ပါက တောင် သူလယ်သမား လူတန်းစားကို အဓိ ကထားငွေချေးမည်ဟုဆိုသည်။
နိုင်ငံတကာ သတင်းဌာနများ က ဦးကျော်စွာစိုး ကို Farmers Wealth Public Bank Limited  ဥက္ကဋ္ဌ တစ်ယောက် အဖြစ် ရေးသားကြသည်။ 

သို့သော်လည်း ဘဏ်မှာ ယနေ့အချိန် အထိ လည်ပတ်နိုင်ခြင်း မရှိသေးပါ။ ဗဟိုဘဏ် က ထုတ်ပြန် သည့် မြန်မာနိုင်ငံ တွင် တရားဝင် လုပ်ကိုင်ခွင့်ပြု  ထားသည့် ဘဏ် စာရင်း၌ ဦးကျော်စွာစိုး ၏ တောင်သူလယ် သမား ဘဏ် မပါဝင်သေးပေ။
 
‘‘ရွေးကောက် ပွဲ မတိုင်မီမှာ ကျွန်တော့် လယ်သမားတွေ ကို (ငွေ)ချေးပေးလိုက်မယ် ဆိုရင် လယ်သမားတွေ လည်း ၀မ်းသာမယ်။ အားပေးမှု လည်း အပြည့်အ၀ ရမယ်’’ဟု ၎င်းကပြောသည်။
 
သူသည် ၂၀၁၅ ရွေးကောက်ပွဲ တွင် ဇာတိဖြစ်သည့် စလင်းမြို့ တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဟုဆိုသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီ က သူ၏ အဓိကပြိုင် ဘက်ဖြစ်လာ မည်ဟု လည်း ဦးကျော်စွာစိုး ကပြောသည်။
 
၁၉၉၀နှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် မကွေးတိုင်း၌ ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် အင်န် အယ်လ် ဒီ ပါတီ ၏ မကွေးတိုင်း အတွင်းရေးမှူး ကတော့ ဦးကျော်စွာစိုး သည် သူ၏ပြိုင်ဘက် မဟုတ်ဟုဆို သည်။ 

ဒီတစ်ကြိမ်ရွေးကောက်ပွဲ တွင်လည်း အင်န်အယ်လ်ဒီ သာ အနိုင်ရမည်ဟု ယုံကြည်ပြီး မကွေးတိုင်းရှိ အနည်း ငယ်သော မဲဆန္ဒ နယ်တွင် ပြည်ခိုင်ဖြိုးနှင့်ပြိုင် ကောင်းပြိုင် ရနိုင်ကြောင်း အင်န် အယ်လ်ဒီ မကွေးတိုင်း အတွင်းရေး မှူး ဦးနေမျိုးကျော် ကပြောသည်။
 
‘‘တောင်သူလယ်သမား ပါတီ က ကျွန်တော်တို့ပြိုင်ဘက် တဲ့လား။ မဖြစ်နိုင်ဘူး။ မြန်မာ့နိုင်ငံရေး က လယ်ပြင် မှာ ဆင်သွား သလို ရှင်းနေတာပဲ ဟာကို’’ဟု ဦးနေမျိုး ကျော်ကပြောသည်။
 
မတူကွဲပြားသည့် အမြင်အမျိုးမျိုးရှိနေသော်လည်း ဦးကျော်စွာစိုး ဦးဆောင်သည့်တောင်သူ လယ်သမားပါတီ ၏ အမာခံ ပုဂ္ဂိုလ် များကတော့ ရွေးကောက်ပွဲ တွင် သူတို့ အနိုင်ရမည်ဟု လယ်သမားများ အကြား တက် တက်ကြွကြွ ပြောကြားနေဆဲဖြစ်သည်။

 ချေးငွေများ အကြောင်း နိုင်ငံတကာ ထောက်ခံမှုများ၊ လေးဖြူ၊ အငဲ တို့ ၏ အိုင်စီ ရှိုးပွဲများ အကြောင်း ကလည်း မြန်မာနိုင်ငံ ၏ အခြေခံ လူတန်းစား လယ်သမားများအကြား တွင် လူပြောများနေသည့် အကြောင်း တစ်ခုဖြစ်နေဆဲဖြစ်သည်။
 
ရည်မှန်းချက်ကြီးပြီး အချိန် တို အတွင်း လူအင်အားတောင့်တင်းအော င် စည်းရုံးနိုင်ခဲ့သည့် ဦးကျော်စွာစိုး ၏ တောင်သူလယ် သမားပါတီ ကို စာရွက်ပေါ် က လူ စာရင်း အတိုင်းထောက်ခံမှုရှိ၊ မရှိ ဆိုသည် ကတော့ မကြာမီ လပိုင်းအတွင်း အဖြေပေါ်တော့မည်ဖြစ်သည်။
 
ဦးကျော်စွာစိုး က ‘‘အင်န်အယ်လ်ဒီနိုင်ခဲ့တယ် ဆိုတာ လယ်သမားတွေပေးခဲ့ လို့နိုင်ခဲ့တာ။ ဒီ တစ်ခေါက် ကတော့ လယ်သမား က သူ့ ပါတီ သူပေးတော့မှာ။ သူ့ဟာနဲ့ သူ လုပ်တော့မှာ ဆိုတော့ အင်န်အယ်လ်ဒီ ဟာ အရင်တုန်းက လို ပိုးစိုး ပက်စက်နိုင်တော့ မှာ မဟုတ်ဘူးလို့ ပြတ်ပြတ် သားသားပြောချင်ပါတယ်’’
 
ပါတီနှင့် ပတ်သက်သည့် အသုံးစရိတ် များကို သူ၏ ဇနီးနှင့် ၎င်းတို့၏ မိသားစု ကိုယ်ပိုင် ၀င်ငွေနှင့် အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ‘‘ကျွန်တော့် မိန်းမ ဘက်က ချမ်းသာတယ်။ ကျွန်တော့် မိန်းမရတဲ့ အမွေ နဲ့ ကျွန်တော်ရတဲ့ အမွေပေါင်းပြီး ပါတီ အတွက် အသုံးပြုနေတာ’’ဟု ၎င်းက ဆိုသည်။



No comments:

Post a Comment