Sunday, July 19, 2015

လွန်ခဲ့သည့် ၆၈ နှစ် က သူတို့ဤသို့မြင်တွေ့ခဲ့ကြသည်




 လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီး များ ရန်ကုန်မြို့ အတွင်းဝန်များရုံး ၌ လုပ်ကြံ ခံခဲ့ရသည့် သတင်းသည် တစ်မုဟုတ်ချင်း ရန်ကုန်မြို့တွင်း ပျံ့နှံ့သွားသည်။
 

ထို့နောက် နာရီပိုင်း အတွင်း တစ်နိုင်ငံလုံး ပျံ့နှံ့ သွားသည်။ ထိုနေ့ မကုန်မီ ပြည်သူ က ထို သတင်းဆိုး ကို ကြား သိခဲ့ကြပြီးနောက် တစ်တိုင်းပြည်လုံး တိတ်ဆိတ် ငြိမ်သက် သွားသည်။

''မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ ထိုလမ်းမ တွင်
ပျံကြ ဝဲကြ၊ ငရဲထ သို့
အုံကြွမည်အား၊ မသာယာ ကို
ငါကြားခဲ့၏၊ မှတ်မိ၏ ။
 

ထိုနေ့၌ ပင်၊ ထိုချိန် ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ ပန်းသည်
ပွင့်လန်း ခါစ၊ ကြွေလိုက် ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်း သို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင် ၌
မချင့်မရဲ၊ ဝမ်းနည်း ခံခက်
မျက်စိ မျက်နှာ၊ ညှိုးကြ ရှာသည်
ရွာဦးပိုင်း မှ သင်္ချိုင်းထိ'' .........      ဟူ၍ ဆရာ ဇော်ဂျီ က ထိုနေ့ ထိုဖြစ်ရပ် ဆိုးကြီးနှင့် ပြည်သူတို့ ၏ ခံစားချက် တို့ကို ''ပြောလိုက် ပါဘိ၊ ဟောပါ ဘိ '' ကဗျာတွင် ''ငါ့ညီ ပြောင်ဝင်းသို့'' ဟူ၍ ဆိုခဲ့ပါ အတိုင်း စပ်ဆို သီကုံး ခဲ့သည်။





 MOI Webportal Myanmar's photo.

 
''ဗိုလ်ချုပ်တို့ ကျဆုံးတော့ ရန်ကုန်မြို့ကြီး တစ်မြို့လုံး မကြုံစဖူး ခြောက်ကပ်ပြီး တိတ်ဆိတ် သွားတာပဲ။ မြို့ပျက် ကြီး တစ်ခုလို ကိုဖြစ်သွားတာ'' ဟု ရန်ကုန်မြို့ သုဝဏ္ဏမြို့ ပေါ်ဆန်းမွှေး လမ်းနေ ယခု အသက် (၉၂)နှစ် အရွယ်ရှိ ဦးချစ်မောင် က ဆိုသည်။

''ကျွန်တော်တို့ က လူငယ်အရွယ်ပဲ ရှိပေမယ့် သူငယ်ချင်းတွေ နဲ့ အာဇာနည်ကြီးတွေ အလောင်း ပြင်ထားတဲ့ ဂျူဗလီဟောကို သွားပြီး ဂါရဝပြုခဲ့တယ်။ လူတွေက များလွန်းလို့ တစ်သုတ်ပြီး တစ်သုတ်ဝင် ရတယ်။ 
လူတိုင်း နီးပါး ငိုကြတာတွေ့ရတယ်'' ဟု ¤င်းကပြောသည်။


 MOI Webportal Myanmar's photo.


ထိုစဉ်က ကြည့်မြင်တိုင်မြို့နယ် အုန်းပင်လမ်းနေ ယခု အသက် (၉ဝ) အရွယ်ရှိ ဒေါ်သန်းမြင့်က ''အဘွားက အဲဒီ အချိန် က အပျိုအရွယ် ဆိုတော့ အဲဒီခေတ် က ထုံးစံ အတိုင်း အပြင်ဘက် မထွက်ကြဘူး။ ဒါပေမယ့် အိမ် ထဲ ကနေ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ သတင်းကို ကြားရတယ်။ နောက်ပြီး လူတွေ ငိုကြတာ တွေ့ရတယ်'' ဟု ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) (၇ဝ)ရပ်ကွက် မင်းရဲကျော်စွာလမ်းနေ အသက် (၉ဝ) အရွယ် အဘ ဦးထွန်းရီ က ''ဗိုလ်ချုပ်က ကျိုက်လတ် ဘုရားကြီး ထဲမှာ တရားလာဟောတာ ကို မြင်ဖူးတယ်။ ရန်ကုန် ကနေ ကျိုက်လတ်ကမ်းပေါ် အတက် စွပ်ကျယ်ဂျိုင်းပြတ် နဲ့ပေါ့၊ အဲဒီ အချိန်မှာ အဘက အသက် (၂ဝ) အရွယ်ပေါ့။ 

 ဈေး သွား ဝယ်ရင်း မြင်ဖူးတာ၊ နောက်တစ်ခါ ရွှေတိဂုံ ဘုရား ခြေရင်းမှာ နိုင်ငံရေး တရားဟောတာ တစ်ခါတွေ့ဖူးတယ်။ ဗိုလ်ချုပ် က ဟောတဲ့ အခါ ပြတ်ပြတ် သားသား တိတိ ကျကျပြော တာပဲ။ ပြည်သူတွေ ကတော့ ဗိုလ်ချုပ်ရောက် တဲ့နေရာတိုင်း မှာ ကြိတ်ကြိတ်တိုး ပဲ။ မြင်ဖို့တောင် ခက်ခဲတယ်'' ဟုဆိုသည်။

 MOI Webportal Myanmar's photo.

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁ဝ) ရပ်ကွက် ပြည်တော်သာလမ်းနေ အသက် (၈၃)နှစ် အရွယ်ရှိ အဘ ဦးသုဝေက ''ဗိုလ်ချုပ် ဆုံးတဲ့အရွယ် က ကျွန်တော် က ၁၅ နှစ်၊ ၁၆ နှစ် အရွယ်ပေါ့၊ ဗိုလ်ချုပ် ကို တစ်ခါပဲ တွေ့ ဖူး တယ်။ 

သူ မဆုံးခင် ၁၉၄၇ ခုနှစ် လူထုရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တောင်ငူ မှာ တရားဟောတာမြင်ဖူး တယ်။ ကျွန်တော် က ဗိုလ်ချုပ်ဟော တဲ့ စင်ရဲ့ဘေးနားထောင့် မှာ သွားနားထောင် တာပဲ။ ဗိုလ်ချုပ် ရဲ့ အမှတ် တရတွေ၊ ဆောင်ရွက် ခဲ့ တာတွေ ကတော့ အများကြီး ပါပဲ။ 

အရင်က တောင်ငူ-ပျဉ်းမနား-လယ်ဝေး တို့ဆိုတာ က ကွန်မြူနစ် လွှမ်းမိုး တဲ့ဒေသတွေ ပဲ။ တောင်ငူမှာ လည်း နိုင်ပါ့ မလား ဆိုပြီး တကယ်တမ်း ကျတော့ တောင်ငူမှာ ကွန်မြူနစ် က မနိုင် ခဲ့ဘူး။ ဗိုလ်ချုပ် က အပြတ် အသတ် အနိုင်ရခဲ့တယ်။ 

ဒီဒေသ မှာ တောင်သူလယ်သမားတွေ အများဆုံး ပဲ။ ဒီလို တရားဟောတာ ကို ကျွန်တော့် အနေနဲ့ မျက်မြင်တွေ့ ဖူး တာပါ။ ဗိုလ်ချုပ်က စကားပြောတဲ့ အခါ ပြတ်သားတယ်။ ဒါပေမယ့် စကားလုံးက ဝါးတယ်'' ဟု အမှတ်တရ ဆိုသည်။

''ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အခြေအနေကို ရေဒီယို ကနေ ကြားတဲ့ အခါ မြို့က တိတ်ဆိတ်ပြီး ခြောက် ကပ်သွား တယ်။ ရေဒီယိုက လွှင့်တာ အင်မတန် ဝမ်းနည်း စရာကောင်း တယ်။ ဗိုလ်ချုပ်က အမျိုးသားခေါင်းဆောင်ကြီး၊ သူရဲကောင်းကြီးလေ။ ဒီလိုဖြစ်ဖို့ ကလည်း လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ သူက တိုင်းပြည်ကို လမ်းပြသွား တယ်။ 

ဈာပန အခမ်းအနားမှာ ဦးနုပြောသွားတဲ့ မိန့်ခွန်းရှိ တယ်။ ခေါင်းဆောင် ကြီးများ ကျဆုံးသွားတဲ့ အတွက် ဝမ်းနည်း တာတော့ ဝမ်းနည်းတာပေါ့။ ဒါပေမယ့် အမြဲတမ်း ဝမ်းနည်းနေစရာ မလိုဘူး။ ဗိုလ်ချုပ် ချမှတ် ထား တဲ့ မဏ္ဍိုင် (၅) ရပ်ကို အမြဲတမ်း စိုက်ထူပြီး ဆောင်ရွက်ဖို့ မှာတယ်'' ဟု ၎င်း က ဆက်လက်ပြော သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီး များ ကျဆုံးခဲ့သည် မှာ ယခု ၂ဝ၁၅ ခုနှစ်ဆိုလျှင် (၆၈)နှစ်မြောက် တိုင်ခဲ့ချေပြီ။ သို့တစေ အာဇာနည်မျိုး သေရိုး မရှိဆိုသည့်နှယ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ကြီး များ၏ ဂုဏ်သတင်း မှာ ယခုတိုင် မြန်မာ့မြေပေါ်တွင် မွှေးပျံ့သင်းကြိုင်ပျံ့လွင်နေဆဲ။

 နိုင်ငံချစ်စိတ် မျိုးချစ်စိတ်တည်း ဟူသည့် အာဇာနည် တို့၏ ဝိညာဉ်တို့ ကလည်း မြန်မာလူငယ် တို့၏ နှလုံး သား ဝယ် လက်ဆင့်ကမ်း သက်ဝင် ရှင်သန်နေဆဲ။ 

သို့ဖြင့် သားစဉ်မြေးဆက် ပြောထုံးဖြစ်အောင် မြန်မာ တစ်မျိုးသားလုံး က အာဇာနည်နေ့ရယ် ကိုဖြင့် ကမ္ဘာတည် သရွေ့ ဆက်လက် ကျင်းပနေဦးမည် ဖြစ်ပေသည်။ ။


 တွေ့ဆုံမေးမြန်း-ခင်မောင်ထွေး၊၀င်းဝင်းမော်
 MOI Webportal Myanmar

No comments:

Post a Comment