Sunday, February 9, 2014

အချိန်ပိုင်း သုခဘုံ


 











မောင်မောင် (အမည်လွှဲ) သူ့နံဘေးက အမျိုးသမီး ၏ ပခုံးကိုဖက်ရင်း ပါးကိုနမ်းလိုက်သည်။ "ဟာ၊ ဒါမျိုး မရဘူးလေ" ဟု ထို အမျိုးသမီးက ပါးပြင်ကို ပွတ်ရင်း ပြန်ပြောသည်။ ထို့နောက် စားပွဲပေါ်ရှိ ယမကာခွက်ကို မောင်မောင်ထံ ထိုးပေးလိုက်ကာ "ဒါပဲရမယ်" ဟု ပြောလိုက်လေသည်။



ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ တပ်မတော် အဆင့်မြင့်အရာရှိ တစ်ဦး ဖွင့်လှစ် ထားသော ကေတီဗီ တစ်ခုတွင် မောင်မောင်တို့ သူငယ်ချင်းနှစ်ဦး လာရောက်ကာ အပျော် ရှာနေကြခြင်း ဖြစ်သည်။ 




ကလေးမြို့တွင်၂ဝဝ၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဆက်တိုက်ဆို သလို ဖွင့်လှစ်လာခဲ့သော ကာရာ အိုကေသီဆိုခန်းများမှာ မောင်မောင်တို့ကဲ့သို့ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်များ အပါအဝင် အမျိုးသား အများစု၏ ညနေခင်း အရက်သောက်ကာ သီချင်းသီဆိုရာနေရာ သို့မဟုတ် အချိန် ပိုင်း ပျော် စရာနေရာ၊ သုခဘုံတစ်ခု ဖန်တီးပေးနိုင်သော ရပ်ဝန်းဒေသများ ဖြစ်လာသည်။

"ကောင်မလေးရှိ လို့ သွားကြတာများ တယ်။ တချို့ အိမ်ထောင်သည်တွေ လည်း အဖော်ကောင်းရင် သွားတတ်ကြတာပဲ။ ခဏပေါ့၊ ခဏတဖြုတ်လောက်ပဲ သာယာမှု ရှာကြတာ" ဟု ကေတီဗီများသို့ ပုံမှန် နီးပါး သွားရောက် သီဆိုလေ့ရှိသူ အသက် ၅၀ ဝန်းကျင်ရှိ ကျူရှင်ဆရာ တစ်ဦးက အကူသီဆိုသူ အမျိုး သမီးများ ရှိနေပုံကို ပြောပြသည်။

အကူသီဆိုသူ အမျိုးသမီးငယ်များ မှာ အများအားဖြင့် အသက် ၂၀ မှ ၂၅ နှစ်ကြား အရွယ်ရှိကြပြီး အများ စုမှာ ဘွဲ့ရရှိထားသူများ မဟုတ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်စသော ဒေသများမှ လာရောက် သူများ ဖြစ်ကြပြီး သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ်ခန့် ပြောင်းရွှေ့တတ် ကြကြောင်း ၄င်းကပြောကြားသည်။

"နေပြည်တော်က တစ်ယောက်ဆို ဒီက ကေတီဗီ ပိုင်ရှင် တစ်ယောက်ဆီ မှာ အကြွေးပေးစရာ ရှိလို့ ဆိုပြီး လာလုပ်တာတဲ့။ အကြွေးကျေ ရင် ဒါတွေ မလုပ်ဘူးလို့ ပြောတာပဲ" ဟု ၄င်းက အကူသီဆိုသူ အမျိုးသမီးအား မေးမြန်းခဲ့သော စကားကို ပြန်လည် ဖောက်သည်ချသည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ကေတီဗီ အပါအဝင် စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း များကို တရားဝင် လုပ်ကိုင်ခွင့် လိုင်စင်ပြုလုပ်ပေး ထားပြီး ကေတီဗီများတွင် အကူသီဆို သူ အမျိုး သမီး ထားခွင့်မပြုကြောင်း၊ ယင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့စခန်း ကလည်း ရှောင်တခင် ရှာဖွေ မှုများလည်း ပြုလုပ်ပြီး စစ်ဆေးတွေ့ရှိလျှင် ချက်ချင်းအရေး ယူကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော ကြား သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မသင့်လျော်သော အပြု အမူများ ပြုလုပ်၍ မြူဆွယ်ခြင်း၊ အမျိုး သမီး များ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို ပျက်ပြားစေသည့် နင်းနှိပ်ပေးရသော အနှိပ်ခန်းလုပ်ငန်း၊ အမျိုးသမီး စားပွဲထိုးလုပ်ငန်း၊ ကာရာအိုကေသီချင်း ဆိုခန်းအတွင်း ကူညီသီဆိုသည့် အမျိုးသမီး ထားရှိခြင်း စသည် တို့အား မပြုလုပ်ရန် တားမြစ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးက ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်တားမြစ်သည့် အမိန့်စာတွင် ပါရှိသည်။

ယင်းကာရာအိုကေ သီဆိုခန်း (ကေတီဗီ) ဆိုင်များကို သွားရောက်ရှာဖွေ စစ်ဆေးမှုများအရ သီဆိုသူ အကူ အမျိုးသမီးများ ဖမ်းဆီးရမိမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အထိ ခုနစ်မှု ရှိပြီ ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ တရားရုံးသို့ တင်ပို့ အရေးယူခဲ့ကာ တစ်မှုလျှင်ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်စေခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။


 









"စစ်ဆေး အရေးယူတာကို သေချာလေးလုပ်ပေး စေချင်တယ်။ အခု စစ်ဆေးနေတာ က နေ့ခင်း ဘက် သွားစစ်ဆေးတော့ ဘယ်မှာ ဖမ်းမိတော့မှာလဲ။ ဆိုင်တွေကို လူလာတာ ဆိုတာက ညဘက် မှ လာ တာလေ။ အဲဒီအချိန် တွေမှာ လိုက်စစ်ရင် စည်းကမ်းမဲ့ လုပ်ဆောင်နေတာတွေ အများ ကြီးတွေ့ ရမယ်" ဟု ကေတီဗီဆိုင် အများစု ဖွင့်လှစ်ထားရာ တပ်ဦးသီတာရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။

ဒဏ်ငွေ ၂၀၀ ကျပ် ဟူသည်မှာ လည်း ရယ်စရာကောင်းကြောင်း၊ ဒဏ်ငွေပမာဏ လွန်စွာနည်း ပါးခြင်းကြောင့် ဆက် လက် လုပ်ကိုင်နေသူများ ရှိနေခြင်း ဖြစ်ကြောင်း ၄င်းက သုံးသပ်သည်။


ကလေးမြို့ပေါ်တွင် ရွှေဆည်းဆာ၊ မိုးကောင်းကင်၊ မိုး၊ ဧရာဝတီ၊ မြတ်နိုး၊ စိတ်ဖြေရာ၊ အေး ချမ်းမြေ့၊ IVY၊ G3၊ MI3 စသော ဆိုင်နာမည်များဖြင့် ဖွင့်လှစ်ထားကြပြီး အများစုမှာ အသံ မလုံသော အလုံပိတ် အခန်းများတွင် မိမိနှစ်သက်ရာ သီချင်းကို တစ်ဦးတည်းဖြစ်စေ၊ အကူ သီဆိုသူအမျိုးသမီးငယ်ဖြင့် ဖြစ်စေ သီဆိုနိုင်ကြပြီး စင်တင်တေးဂီတ ပြုလုပ်ပေးသော ဆိုင် တစ်ဆိုင် လည်း ရှိကြောင်း သွားရောက် အပန်းဖြေကြသူ အမျိုးသားများထံမှ စုံစမ်းသိရှိရသည်။

 "အဲဒီ အခန်းထဲမှာ ရှိနေချိန်တော့ တော်တော်ကောင်းတယ်။ တစ်ယောက်တည်း လည်း ဆိုချင် ရာဆို၊ တစ်ယောက်တည်းမောရင် ဘေးနားက ကောင်မလေးနဲ့ စုံတွဲဆိုပေါ့" ဟု အသက် ၃၀ နှစ် ဝန်းကျင် ကလေးမြို့ဒေသခံ တစ်ဦးက ကေတီဗီ ဖီလင်ကို ပြောပြသည်။

သို့သော်လည်း Section ပြည့်၍ ပြန်ထွက်လာချိန် တွင်မူ မောလျသော ဝေဒနာနှင့် လူမှာ နုံးသွား တတ် ကြောင်း၊ မိမိခေါ်ယူသော အကူ သီဆိုသူ အမျိုးသမီးများ အပြောကောင်းလျှင် ကောင်း သလောက် စားဖွယ်နှင့် သောက်ဖွယ် ယမကာများ မှာယူတတ်ကြောင်း၊ ဘီယာကို အမျိုးသမီးများ ကလည်း သောက်သုံးကြောင်း၊ ပါလာသော ငွေများမှာလည်း အားလုံးနီးပါး ကုန်ကျခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ကလေးမြို့နယ် အတွင်းရှိ ကေတီဗီ အချို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် ဘုရား ရှိခိုး ကျောင်းများနှင့် နီးကပ်သော ဧရိယာတွင် ပြုလုပ်ထားကြောင်း၊ ထို့အတူ လိင်ဖျော်ဖြေ မှု ဝန်ဆောင် မှုပေးသော အိမ်များမှာလည်း ဘုန်းတော်ကြီးကျောင်းများနှင့် နီးကပ်စွာ ရှိနေသဖြင့် မသင့်လျော်ကြောင်း ကလေးမြို့ခံ များက သုံးသပ်ကြသည်။

"ကြောင်ပန်း ဘုန်းကြီးကျောင်းနဲ့ အနီးတစ်ဝိုက် မှာဆို သုံးအိမ်လောက်ရှိတယ်။ မင်းတို့ ဘယ်မှာနေ တာ လဲ မေးလို့ ကြောင်ပန်းကျောင်းနားမှာ နေတာလို့ ဖြေလိုက်ရင်ပဲ သိတဲ့သူတွေက ရယ်ကျဲကျဲ ဖြစ် သွားကြတယ်" ဟု အဆိုပါ ဘုန်းတော်ကြီးကျောင်း တည်ရှိရာ ပင်လုံရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦးက သူတို့ခံစားနေရပုံကို ပြောပြသည်။

မောင်မောင်တစ်ယောက် အရက် ခပ်ထွေထွေဖြင့် အရှိန်တက်နေရင်း သူ့နံဘေးရှိ အမျိုး သမီး ငယ်လေး ကို နမ်းရှုပ်ရန် ကြိုးစားနေသည်။ အမျိုးသမီးငယ်ကလည်း ရှောင်တိမ်းရင်း စားပွဲပေါ် တင်ထားသော မိုက်ကရိုဖုန်းကို မောင်မောင့်လက်အတွင်း ထည့်ပေးရင်း သီချင်း တစ်ပုဒ်ကို ဖွင့်ပေး လိုက် သည့် အခါ မောင်မောင်မှာ တီဗီ ဖန်သားပြင်ဘက် အာရုံရောက်သွားပြီး တီးလုံး သံနှင့် အပြိုင် အာလေး လျှာလေးသံကြီးဖြင့် ရင်ဖွင့် ဆိုချလိုက်လေသည်။

"ဖော်ရွေစွာပင် ပြုံးစနှုတ်ခွန်း၊ အပြာခံလိုင်နာ ရှဲဒိုးမျက်ခုံးရယ်၊ ရောင်စဉ်ခုနစ်သွယ် ဆိုးဆေးတွေ နဲ့၊ ခုနစ်လွှာတိုင်အောင် ထပ်ဆင့်ခြယ်သ၊ ကြားမိသလိုပဲ၊ x x x ခုနစ်ကြိမ် ခုနစ်လီ လှည့်ကြည့် မိသူ၊ ခုနစ်လီ ခုနစ်ကြိမ် အမှန်အတိုင်း ပြောလိုက်ရရင်၊ အလှအပ အားလုံးကို၊ အရောင်တွေက ဖုံးလွှမ်းသွားပြီ..."

 Written by  မြတ်(ကလေး) 
From...Search Myanmar

No comments:

Post a Comment