Wednesday, February 5, 2014

ကလေးနှင့် ပတ်ဝန်းကျင်






1621869_711379388894081_1395507291_n


ရွှေဘုန်းမှာ နည်းနည်း ဆိုးတဲ့ ကလေးတစ်ယောက်ရှိတယ်… ရွှေဘုန်း ရဲ့ သဘောက လိမ္မာတဲ့ ကလေးကို ချစ်တယ်… ဆိုးတဲ့ ကလေး ကျတော့လည်း ချစ်တာအပြင် စိတ်ဝင်စား တယ်…ဘယ် လို ဆိုးတာလဲ …. ဘာကြောင့်ဆိုးတာလဲ… မိသားစုကြောင့်လား… ပတ်ဝန်းကျင်ကြောင့် လား…သို့မဟုတ်… ဆိုဆုံးမပုံ မမှန်လို့လား… အဲဒီအကြောင်း အရာတွေကို လေ့လာရတာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်…။

ရွှေဘုန်း ငယ်ငယ်ကလည်း ခပ်ဆိုးဆိုးပဲ…ပုံမှန်လေး ပြောရင်လက်ခံတယ် … ချော့မော့ပြော ရင်…လိုက်နာ တယ်… မာန်မဲပြောရင် ပိုဆိုးပြတတ်တယ်…ဒါက ကလေးအများစုရဲ့ ပုံသေ သဘော ခပ်ဆန်ဆန်လေး ပါပဲ…။




ခုပြောပြမယ့် ရွှေဘုန်းရဲ့ ကလေးရဲ့ ဆိုးကွက်လေးတစ်ခုက နည်းနည်းဆန်းတယ်… တခြားဆိုးတဲ့ အကွက် ကလေးတွေ ကတော့ သိပ်မဆန်းပါဘူး…. ဂျစ်ကန်ကန်လုပ်တယ်… သူ့ကို ဆူရင်…မာန်ရင် ပြောင်ြ ပပြီး ပြေးတယ်… သူ့ကိုရိုက်ရင် အဝေးရောက်တာနဲ့ ခဲနဲ့ ပစ်ပြီး ပြေးတယ်…ဒါတွေက သိပ်မဆန်းပါဘူး…။

ဆိုဆုံးမကြတဲ့ သူတွေရဲ့ လွဲမှားတဲ့ ကိုင်တွယ်ပုံလေးတွေကြောင့်လဲ ပါပါတယ်… ဒီကလေးလေးကို ကြည့် လိုက်တော့ အဖေမရှိဘူး… အမေပဲ ရှိတယ်… အဖေက သူငယ်ငယ်ကတည်းက သူများသတ်လို့ သေ ရ တယ်… သတ်ခံရတဲ့ အကြောင်းရင်းကလည်း သူဆိုးလို့…မိုက်လို့ ပါပဲ…။

အဲဒီတော့ ဒီကလေးလေးက ငယ်ငယ်ကတည်းက စိတ်ဒါဏ်ရာရှိနေတယ်… မြင်တဲ့ သူတိုင်းက ” နင့် အဖေဟာ လူဆိုး…လူမိုက်…သူများသတ်လို့ သေတယ်… နင်လည်း ကြီးလာရင် ဒါမျိုးဖြစ်မှာပဲ” ဆိုတဲ့ အသံတွေကို သူငယ်ငယ်လေးကတည်းက ကြားနေရတယ်…။

လူဆိုတဲ့ သဘောကလည်း ကြိုက်တာ မကြိုက်တာ အသာထား… ပတ်ဝန်းကျင်ရဲ့ ပြောစကားကို နားဝင်တတ်တယ်…ဆိုလိုတာက

* ဆိုးတယ်လို့ မကြာ၊ မကြာ အပြောခံရတဲ့ ကလေးက ကြာတော့ သူ့ကိုယ်သူ တကယ်ဆိုးတယ်လို့ လက်ခံ သွားတတ်တယ်… အဲဒီတော့ သူလိမ္မာဖို့ မကြိုးစားတော့ဘူး…

* ညံ့တယ်လို့ သတ်မှတ် ခံရတဲ့ ကလေးလည်း ဒီလိုပဲ ကြာတော့ သူ့ကိုယ်သူ လက်ခံလိုက်တယ်… ငါ ညံ့ တယ်… အဲဒီတော့ သူတော်အောင် မကြိုးစားတော့ဘူး…။ (အများစုကို ပြောတာပါ၊ ဖြစ်တတ်တဲ့ သဘော တရားတစ်ခုပေါ့)

ခု ရွှေဘုန်းရဲ့ ကလေးလေးလည်း အဲလိုဖြစ်နေတယ်… လူဆိုး၊ လူမိုက်ရဲ့ သားလို့ အသတ်မှတ်ခံ ထားရတော့ ကလေးကလည်း မကြိုက်ပေမယ့် သူ့ရဲ့ မသိစိတ်က

* ငါ့အဖေက လူဆိုး…ဆိုတဲ့ အသိကစွဲနေတယ်… ဒါကြောင့် သူ့ကိုယ်သူလည်း လိမ္မာအောင် မကြိုး စားတော့ ဘူး… ပုံစံလေး ကြည့်လိုက်ရင် ဂျစ်ကန်ကန်လေး ဖြစ်နေတယ်…။ ရွှေဘုန်းကို ကလေးတွေက မကြာကြာ လာလာပြီး တိုင်ကြတယ်…

“ဘုန်းဘုန်းရေ… ဝေယံက သမီးကို ဆောင့်တွန်းတယ်…”
“ဘုန်းဘုန်းရေ… ဝေယံလေ…သားကို လက်သီးနဲ့ ထိုးတယ်…”


ဒါတွေ အမြဲကြားနေရတဲ့ အသံတွေ…ရွှေဘုန်း ခနစောင့်ကြည့်နေလိုက်တယ်… အဲဒီလို တိုင်သံကြားလို့ သူ့ကို လှမ်းကြည့်လိုက်တာနဲ့ သူ့အကြည့်က တစ်မျိုလေး ပြောင်းသွားတယ်… 

မျက်လုံးက ကြောက်ပေမယ့် အမူအရာက မခန့်လေးစားပုံစံလေး ဖြစ်သွားတယ်… (ခေါ်ရင် မသွားဘူးဆိုတဲ့ ပုံစံမျိုး) သူ့ကို တစ်ပါတ်လောက် လွှတ်ထားပေးလိုက်တယ်… တိုင်သံကြားရင် လှည့်ကြည့်လိုက်တယ်… ဒါပေမယ့်မခေါ်ဘူး…အဲဒီလိုလေး စောင့်ကြည့်လိုက်တာ၇ရက်လောက်နေတော့သူ့အမူအရာလေး ပျော့ပြောင်း လာတယ်… ရွှေ ဘုန်း လှမ်းကြည့် လိုက်တာနဲ့ မခေါ်ရပဲ သူလာချင်တဲ့ပုံစံလေး ဖြစ်နေ တယ်… အဲဒီတော့မှ သူ့ကို လှမ်းခေါ်လိုက်တယ်…။

” သားရေ… ဘုန်းဘုန်းဆီ ခနလာပါဦး…”
အများကလေးတွေလိုပါပဲ… လက်အုပ်ကလေးချီပြီး အနားမှာ မတ်တပ်ရပ်တယ်…

“သားက သူငယ်ချင်းတွေကို ဘာလို့ လက်သီးနဲ့ ထိုးတာလဲ…”
“သူတို့က ကစားတာ သားကို မပါခိုင်းဘူး”
“သြော် … အဲဒါကြောင့်လား…ဒါဆိုရင် နောက်တခါ သား-သူတို့နဲ့ ရန်မဖြစ်ရဘူးနော်… သား ကစားရအောင် သူတို့ကို ဘုန်းဘုန်း ပြောပေးမယ်…
ဟုတ်ပြီလား…”

“မှန်ပါ့ ဘုန်းဘုန်း ”

(ရွှေဘုန်း ကလေးတွေကို ဘုန်းကြီးတွေက ခေါ်ရင်…* ဘုရား လို့ထူးတတ်အောင်… မေးရင် * မှန်ပါ့ ဖြေတတ်အောင်… ပစ္စည်းလေးတွေ ပေးရင် * ကျေးဇူးတင်ပါတယ် ပြောတတ်အောင် သင်ထားတယ်… စကားမပြောတတ်သေးတဲ့ ကလေးတောင် * လက်အုပ်ချီတတ်အောင် သင်ပေးထားတယ်..)

ဒီလိုနဲ့ လေးငါးရက်လောက် စောင့်ကြည့်တော့ သူ့အမူအရာတွေက တော်တော်လေး နူးညံ့လာ တယ်… ရန်ဖြစ်တဲ့ အသံ… ကလေးတွေရဲ့ တိုင်သံတွေ သိပ်မကြားရတော့ဘူး… ရွာထဲကလူကြီးတွေ ကတောင် ပြော လာတယ်…

“ဦးဇင်းရေ…ဝေယံတော့ တော်တော်လေးကို အပိုးကျိုးသွားတာ… ခု သူ့ကို မာန်ရင်တောင် ပြန် မပြောတော့ ဘူး…”

” အင်း…ဒကာကြီးတို့ကလည်း ကလေးကို မလိုအပ်ပဲ သိပ်မမာန်ပါနဲ့…ကလေးတွေ စိတ်ကြမ်းတတ် တယ်…”

ဒါနဲ့ပဲ ဝေယံလေးဟာ ဂျစ်ကန်ကန် အမူအရာလေး ပျောက်သလောက်ဖြစ်သွားတယ်… ဒါပေမယ့် သူ့မှာ ဒီစာရဲ့ အစပိုင်းမှာ တင်ပြထားတဲ့ ခပ်ဆန်းဆန်း ဆိုးပုံလေးက မပျောက်ဘူး…။
အဲဒါကတော့ တော်တော်လေးဆိုးတယ်….ဘာလဲဆိုတော့ သူက ရွယ်တူမိန်းကလေးတွေကို ခနခန ဖက်နမ်း တတ်တဲ့ အကျင့်ပါပဲ… ဝေယံလေးရဲ့ အသက်က ၈-နှစ်ပဲ ရှိသေးတာပါ… 

ဒါပေမယ့် ကျောင်းတက်ပြီ ဆိုရင် အတန်းဖော် မိန်းကလေးတွေ အနားရောက်လာတာနဲ့ သူ့နှာခေါင်းက သွက်တယ်.. ရွှတ်ခနဲ နမ်းလိုက်ပြီ…။ အဲဒီကိစ္စ အတိုင်ခံရတော့ ရွှေဘုန်းလည်း အံသြတယ်…ရီလည်း ရီချင်တယ်… ဒါပေမယ့် မဖြေရှင်းလို့ကလည်း မဖြစ်ဘူး… ကလေးက ၈-နှစ် ဘယ်လိုလုပ် ဒီစိတ်တွေ ရှိနေနိုင်ပါ့မလဲ…နောက်တော့ ခေါ်မေးလိုက်တယ်…

” သား… မြတ်ငုဝါခင်ကို ဖက်နမ်းတယ်ဆို…”
“ဟုတ်ပါတယ်… ဘုန်းဘုန်း” (သူက မညာတတ်ဘူး)
“ဘာလို့ အဲလို လုပ်ရတာလဲ သား”
သူ…တော်တော်နဲ့ မဖြေဘူး… အုပ်အုပ်ချီပြီး မျက်နှာငယ်လေးနဲ့ ရပ်နေတယ်…
“ပြောလေ သား… ဘုန်းဘုန်း မရိုက်ဘူး… အမှန်တိုင်းဖြေ…”
” သားကို … ကိုကြီး မဲတူတို့က မြှောက်မြှောက်ပေးတာ…ဘုန်းဘုန်း…”

ကဲ…တရားခံပေါ်ပြီ…
” အဲလို ခိုင်းတာ ဘယ်လောက် ကြာပြီလဲ….”
“ကြာပြီ ဘုန်းဘုန်း…”

 ဒီလိုပတ်ဝန်းကျင်မျိုးက ရှိတတ်ပါတယ်…ရွှေဘုန်းတို့ ငယ်ငယ်က ကိုရင်ကြီးတွေနဲ့ အတူနေရတော့… ထိုကိုရင်ကြီးတွေက ကိုရင်ငယ်တွေကို ရန်တိုက်ပေးတတ်တယ်…
“ဟေ့ကောင် ပိစိ၊ မင်း သုမနနဲ့ ချရဲလား…”
ရွှေဘုန်း ငယ်ငယ်က လူကောင်သေးတယ်…ဒါကြောင့် ပိစိလို့ နာမည်တွင်တယ်… (ခုလည်း လူကောင်က မကြီးပါဘူး)
အဲလို မြှောက်ပေးပြီဆိုရင် ရွှေဘုန်းကလည်း လူကောင်သာ နှာပြီစုတ်လောက်ရှိတာ ဘယ်တော့မှ မချရဲဘူး မပြောဘူး…

” ဘာလို့ မချရဲရမှာလဲ ချရဲတာပေါ့…”
အဲဒါနဲ့ နောက်တော့ ရွှေဘုန်းက ဂျစ်ကန်ကန် မိုက်ကန်းကန်းလေးလို့ (ငယ်ငယ်က) သတ်မှတ်ခံရ ပါရော…ကျောင်း ထိုင်ဆရာတော်ရဲ့ အချစ်ဆုံးကနေ ရန်ဖြစ်လွန်းတဲ့ အတွက် အမြင်ကတ်ဆုံးဖြစ်ခဲ့ ရတာပါပဲ…။

နောက်မှ မနည်းပြန်ပြင်ယူရတယ်… ဒါဟာ မကောင်းတဲ့ ပတ်ဝန်းကျင်ကြောင့် ပျက်ဆီးရတဲ့ ကလေးတွေ ရဲ့ ဖြူစင်မှုတွေပါ…

ဒါကြောင့် မြတ်စွာဘုရားက ညီတော် အာနန္ဒာကို …. ” ပတ်ဝန်းကျင်ဟာ အကျိုးတရားတွေကို ရာနှုံးပြည့် ပြီးမြောက်စေနိုင်တဲ့ အကြောင်းတရား…” လို့ ဆုံးမတော်မူခဲ့တာပါ…။
ကိုယ်ကောင်းရင် ကိုယ့်ခေါင်း မရွေ့ဘူးဆိုတာ… အခါခပ်သိမ်းမဖြစ်နိုင်ပါဘူး… အထူးသဖြင့် ငယ်ရွယ်နုနယ် တဲ့ ကလေးတွေရဲ့ ဘဝမှာ ပတ်ဝန်းကျင်ဟာ ရာနှုံးပြည့်ကို အရေးကြီးပါတယ်၊ ပန်ဝန်းကျင်ကြောင့်ပဲ လူတော် လူကောင်းလေး ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်ကြောင့်ပဲ လူဆိုး၊ လူပေလေးဖြစ်သွား တတ်ပါ တယ်…အလွန်သတိထားစရာပါ…။

ပတ်ဝန်းကျင်ကြောင့် မကောင်းတဲ့ အကျင့်စွဲသွားတဲ့ ကလေးတွေရဲ့ မကောင်းကျင့်တွေဟာလည်း ပြင်ရ ခက်တတ်ပါတယ်… ရွှေဘုန်းရဲ့ ကလေးလေးလည်း အဲလိုပဲ… မကောင်းတဲ့ ပတ်ဝန်းကျင်က မကောင်းတဲ့ အကျင့်ကို အလေ့ကျင့်လုပ်ပြီး မြှောက်ပေးလိုက်တော့… ကလေးက ကောင်းတာ မကောင်းမသိပါဘူး…
မြှောက်ပေးတဲ့ သူတွေက သူတို့ခိုင်းတာကို ကလေးက လုပ်တော့…

” တော်တယ်ဟေ့…သတ္တိရှိတယ်၊ ဒါမှ ယောက်ကျား” …ဘာ…ညာ…နဲ့ ချီးမြှောက်တာခံရတော့ ကလေးက အဟုတ်ကြီးထင်သွားတော့တာပါပဲ…

“သားရေ… အဲဒါနောက်မလုပ်ရဘူးနော်… သားက ကလေးမို့၊ အဲဒါ လူကြီးဆို ထောင်ကျတတ်တယ်…ပြီးတော့ အလွန်ရှက်စရာကောင်းတာ မလုပ်ရဘူးနော်…”
“မှန်ပါ့ မလုပ်တော့ပါဘူး…ဘုန်းဘုန်း…”
ဒါပေမယ့် သူမရပါဘူး… အကျင့်က စွဲနေတာဆိုတော့ ဘာစိတ်မှ မရှိပေမယ့် အတန်းဖော်ကလေးမလေးတွေ အနားရောက်လာတာနဲ့ သူ့နှာခေါင်းက အလိုလို တာဝန်ကို ထမ်းဆောင်ပြီး သား ဖြစ်နေတော့တာပဲ….
ရွှံ့ကလေးလို နူးညံ့တဲ့ အသားပေါ်မှာ ထုနှက်ခံလိုက်ရတဲ့ အမာရွတ်ဟာ မာသွားတဲ့ အခါပြင်ဖို့ ခက်သွားပြီ မို့လား…

အင်း…ဒီတခါ ပြန်မှ ထပ်ပြီး… ဒီအကျင့်လေးပျောက်အောင် ဆုံးမရဦးမှာပါပဲ…


ရွှေဘုန်း… 30.1.2014

‘စေတနာပန်းခင်း ဆရာတော်’

No comments:

Post a Comment