Saturday, November 30, 2013

၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၄)


 ခင်မောင်တိုး (၁၉၅၀-၂၀၁၂) - ဓာတ်ပုံမျှဝေသူ – လင်းထွေးသော်

ခင်မောင်တိုး အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ် ကို နောက်ထပ် ကဗျာ အပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သီချင်းလေး တပုဒ် နဲ့ ဆက်ချင်ပါတယ်။ ခင်မောင်တိုး နဲ့ သူ့ ရဲ့ မိတ်ဆွေ အရင်း သူငယ်ချင်း နှစ်ယောက် တို့ ပေါင်းစု တဲ့ အနုပညာ အလုပ် လို့ ဆိုနိုင်ပါတယ်။ 


 
သူငယ်ချင်း တဦး ဖြစ်သူ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ ကို ဖတ်ရှု ခံစားပြီး အခြား သူငယ်ချင်း တဦး ဖြစ်တဲ့ တင်မောင်လှိုင် က တေးသံစဉ်၊ စာသား ဖွဲ့ ခဲ့တဲ့ “ရတနာသူ” သီချင်း ပါ။
“ရတနာသူ” ဖြစ်ပေါ်လာရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ inspiration ယူရာက အိန္ဒိယ ရှေးဟောင်း သက္ကတ ဘာသာ ကဗျာ တပုဒ်လို့ သီချင်းရာဇဝင် တွေကို လေ့လာ မှတ်သားလေ့ရှိတဲ့ ဂီတ မိတ်ဆွေ တယောက်က ပြောပြဖူးတယ်။
“ရတနာသူ” သီချင်းဟာ ခင်မောင်တိုး လို့ ဆိုကြရင် သာမန် ပရိသတ် အများ အလွယ် မှတ်မိ သိရှိနေလေ့ရှိတဲ့ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ”၊ “ညှို့သူ” အစရှိတဲ့ သီချင်းတွေလိုပဲ ချစ်သူ မိန်းကလေးငယ် ကို ရည်စူး ဖွဲ့သီဆို တဲ့ “သူ” ဘွဲ့ သီချင်းဝင် ဖြစ်ပါတယ်။ ခင်မောင်တိုး နဲ့ သူငယ်ချင်း တစု ရဲ့ လူငယ်၊ လူရွယ် ဘဝ အဆောင်ညတွေ မှာလည်း အမြဲ သီဆိုလေ့ရှိတယ်လို့ ကြားဖူးခဲ့တယ်။
“ရတနာသူ” ဟာ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ” တို့လိုပဲ ခင်မောင်တိုး ရဲ့ အမှတ်တံဆိပ် ကပ်နှိပ်ထားပါတယ်။ တည်ငြိမ် အေးဆေးလှတဲ့ သီဆိုဟန်၊ ရိုးရာ နဲ့ အနောက်တိုင်း ဂီတ ပေါင်းစည်းမှု ဂီတပုံစံ တို့ကို တွေ့နိုင်ပါတယ်။
ပရိသတ် အများ ခေတ်အဆက်ဆက် နှစ်သက်ခဲ့ကြသလို ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီ “ရတနာသူ” သီချင်း ကို နှစ်ခြိုက်ခဲ့ ဟန် ရှိပါတယ်။ သူ အကောင်းဆုံး လက်ရွေးစင် အခွေ တွေ ပြန်ထုတ် တိုင်း လိုလို “ရတနာသူ” သီချင်း ကို ထည့်သွင်း ပြန်လည်သီဆိုခဲ့တာ ကို တွေ့ရတယ်။
လူသား နဲ့ အဟိတ် တိရစ္ဆာန် ရဲ့ အဓိက ကွာခြားချက်တခုက အလှအပ ကို ခံစားတတ်ခြင်း၊ ဖန်တီးတတ်ခြင်း လို့ ဆိုကြတယ်။ အလှအပ ကို ခံစားခြင်း၊ မြတ်နိုးခြင်း ဟာ လူသား ပီသမှု ရဲ့ ပြယုဂ် ဖြစ်သလို လူသား ဖြစ်တည်မှု ကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။ အလှဗေဒ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းဟာ လူသားဘဝ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်။ လူသားဝါဒီ တို့ရဲ့ အကျင့်အကြံလည်း ဖြစ်တယ်။
Aesthetics အလှဗေဒ ဟာ ရသအနုပညာ မှာ ခန့်ခန့်ထည်ထည် တည်ရှိတယ်။ ချစ်သူ ရဲ့ အလှ ကို ဖွဲ့နွဲ့ တင်စား ပုံဖော် တဲ့ အနုပညာ ပစ္စည်းတွေဟာ အနုပညာ ပုံစံ တိုင်းမှာ၊ ခေတ်တိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလေ့ရှိသလို ဘယ်တော့မှလည်း မရိုးနိုင်ပါ။
လူသား ရဲ့ စိတ္တအာဟာရ အတွက် ရေလို၊ လေလို မရှိမဖြစ် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ နဲ့ အလှတရား ထုံမွှမ်းခြယ်သထားတဲ့ လူပီသမှု အတွေးအခေါ်၊ ရသ အနုပညာ ခံစားမှုကို ငြိမ့်ညောင်းသာယာ လှပတဲ့ ဂီတသံစဉ် တွေ ကနေတဆင့် ဗမာပြည် အတွက် ကျေးဇူးပြုသွားခဲ့သူ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ဂုဏ်ကျေးဇူးများကို ရည်စူး ဦးညွတ်လျက်…


ရတနာသူ
(ရတနာသူ သီချင်း မြစ်ဖျားခံရာ ကဗျာ)
ဝန်းရစ်သွေးဥ၊ စည်းစုယှက်သည်
နီစွေးအိစို၊ အို.. ပတ္တမြား
ပါးနှစ်ဖက်မှာ
ရတနာ…။
ရှက်ဟန်ပြုံးပြ၊ ခဏလေးရယ်
ဖြူသွယ်ပုလဲ၊ ပါးစပ်ထဲမှာ
ရတနာ…။
ရွန်းရွန်းလဲ့ကြည်၊ အရည်လည်ကာ
မဟူရာနက်၊ မျက်ဝန်းထဲမှာ
ရတနာ…။
အမြင်ရခက်၊ ကွယ်ဝှက်သိမ်းထား
နှလုံးသားက၊ လှည့်စားသွေတိမ်း
စိမ်းသည့် မြခဲ၊ သူ့ ရင်ထဲမှာ
ရတနာ…။
(မောင်စိန်ဝင်း (ပုတီးကုန်း))
—————————–


ရတနာသူ
(သီချင်း စာသား)♫ ♪ ♫ ♪…
မင်းရဲ့.. မျက်လုံးလေးများက..
ပုလဲ နဲ့ မဟူရာ..
ပေါင်းစပ်ထားသလို.. နှယ် …
ကော့ညွတ်သွယ်.. နှုတ်ခမ်းလေးများက..
သိပ်လှအောင်.. ပတ္တမြားသွေး.
လိမ်းကာခြယ်..
ကိုယ်နေဟန်.. အချိုးကျသူရယ်..
ရွှေရောင်လို..
အသား…ဝင်းဝါ.. တယ်..
သွားလေးတွေ.. ဖွေးဖွေး.. နု.. တယ်..
ပုလဲလေးတွေ.. သီကုံးထားသည့်.. နှယ်.. တကယ်..
မင်းရဲ့.. တကိုယ်လုံးပဲ.. လှတယ်..
အဖိုးထိုက်.. ရတနာ.. ပေါင်းစုထားသလို.. နှယ်..
ရတနာ.. လို.. အလှ.. ဂုဏ်.. ကြွယ်သူ.. ရယ်..
မင်း.. ရဲ့.. ရင်.. အသည်း.. နှလုံးကတော့..
စိမ်းကားကာ.. မာကျောလွန်း.. လှလေတယ်..
အဖိုးထိုက်အောင်.. နောက်ထပ်လို့ရယ်..
အသည်း.. နှလုံး.. ကို.. ကျောက်စိမ်း နဲ့.. မွမ်းမံခြယ်..
 
ရတနာသူ၊ သံစဉ်/စာသား – တင်မောင်လှိုင်၊ တေးဆို – ခင်မောင်တိုး၊ တေးဂီတ – လိစ္ဆ၀ီများ၊ တေးစု – ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁)

From...Moe Ma Kha

 

No comments:

Post a Comment