Monday, November 25, 2013

လေမုန်တိုင်းထဲ လွင့်မျောသွားသော...(ဖြစ်ရပ်မှန်ကို အခြေခံသည်)


ပုံကို Google မှ ယူသုံးသည်
ည သန်းခေါင်ကျော် ၁-နာရီထိုးလုနီးပါး အချိန်ဖြစ်သည်။ နံရံပေါ်က နာရီလက်တံရဲ့ တဖျပ်ဖျပ်ခုန်သံကလွဲပြီး မြို့တော်ကြီးရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲက ပျဉ်ထောင်အိမ်တစ်လုံးမှာ တိတ်ဆိတ်ငြိမ်သက် လို့ နေသည် ။  ကြယ်ကလေးတွေလည်း လူသားတို့အတွက် အလင်းပေးရမယ့် တာဝန်အလုပ်ကို တိမ်တိုက်တို့ ရဲ့အနောက် အယှက် ကင်းစွာနှင့် ထမ်းဆောင်နေကြ၏။ မှိတ်တုတ် မှိတ်တုတ် ပုန်းစုန်းကြူးတို့ရဲ့ အလင်းရောင်နှင့်အတူ ညမွှေးပန်းရဲ့ရနံ့များလည်း လေယူရာ ပါသွားပြီး ဟိုယိမ်းသည်ယိမ်း ဖြစ်နေကြသည်။ 
 

“အမ် ဒီအတိုင်း သမားရိုးကျ ရှာဖွေစားသောက်နေရင်တော့ ချမ်းသာဖို့နေနေသာသာ စားဝတ်နေရေး အတွက် ချောင်လည်ဖို့တောင် မလွယ်ကူတဲ့ ငါ့ဘ၀။ ချမ်းသာဖို့ ငါဘာလုပ်ရင် ဘယ်လိုလုပ်ရင် ဘယ်လိုကြံ ဖန် ရရင် ကောင်းမှာလဲ။ မဟုတ်တာတွေ လုပ်နေရင်ကော ကျနော့်မိန်းမက သဘောတူပါ့မလား။ တူမှာ ပါလေ ငါသာ အကြံပိုင်လို့ကတော့ မတူပဲ မနေပါဘူး။ အင့် ဟုတ်ပြီ သူနဲ့ သေသေချာချာ တိုင်ပင်ပြီး အကွက်စေ့အောင် လုပ်ရင် ပိုအောင်မြင်နိုင်တယ်။ ဟာ…. ငါ့အကြံ ဖြစ်ပါ့မလား။ အကုသိုလ်အလုပ်ကြီး။ ငရဲကြီးနေမှာပေါ့။ အို ငရဲကို နောက်မှခံမယ်။ လောလောဆယ် ချမ်းသာဖို့ အရေးကြီးတယ်။ ပဌာန်းထဲမှာ ပါပါတယ်။ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်တယ်။ အကုသိုလ်လုပ်လို့ အောင်မြင်သွားပြီဆိုရင် ကုသိုလ်ပြန် လုပ်လဲ ရတာပါပဲလေ။ အခုလောလောဆယ်တော့ အိပ်ပျော်အောင် လုပ်ရတော့မယ်။ နို့မို့ရင် မနက်ဖန် ကျရင် အလုပ်လုပ်နေရင်း အိပ်ငိုက်နေလို့မဖြစ်။ အန္တရာယ် သိပ်များလွန်းတယ်”


ရှစ်နှစ်အရွယ် သားလေးတစ်ယောက်နဲ့ မိန်းမဖြစ်သူ မဥမ္မာဆွေတို့က တခေါခေါအိပ်ပျော်နေစဉ် အသက် ၃၅-နှစ်အရွယ် ကိုသန်းဦးဆိုသူက အိပ်မပျော်နိုင်သေးဘဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဝင်နေသည်။ ကိုသန်းဦးရဲ့အလုပ်က နေ့စဉ် ဆိုက္ကားနင်းပြီး သားမယားကို ရှာဖွေကျွေးမွေးရသည်။ အိပ်ပျော်အောင် ကြိုး စားသော်လည်း စဉ်းစားကြံစည်ရတာ အားမရသေးသဖြင့်…

“သည်အလုပ်လုပ်ဖို့ ဆိုက္ကားနင်းတဲ့ဝတ်စုံနဲ့တော့ မဖြစ်ချေဘူး။ သူများယုံကြည်ပြီး အထင်ကြီးလေး စားလောက်တဲ့ အရာတစ်ခုခုတော့ ရှိမှဖြစ်မယ်။ အဲဒီအရာတွေကထဲက ကိုယ်ပိုင်ကား၊ သို့မဟုတ် ဟဲန်းဖုံး၊ သို့မဟုတ် စကားကို ရေရေလည်လည်နဲ့ လိမ့်ပတ်လည်အောင် ပြောတတ်မှဖြစ်မယ်။ အဲဒီအတွက် ငါ့ဦးလေးဆီ အကူအညီတောင်းမှဖြစ်မယ်။ ကဲ ကဲ ခုတော့ အိပ်လိုက်ပါဦးမယ်”

ကိုသန်းဦးရဲ့ဦးလေး ဦးဖိုးကျော်ဆိုသူက အတော်အသင့် ချမ်းသာသည်။ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဟဲန်း ဖုံးရှိသည်။ ထိုခေတ်သည် ဟဲန်းဖုံးတစ်လုံးကို သိန်းသုံးဆယ်ပေးရသည့်ခေတ်ဖြစ်သည်။ အခုခေတ် လူတွေ အတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်နေလိမ့်မည်။ အကြံအောင်မြင်ဖို့အတွက် ပထမဦးဆုံးတော့ ရင်းရပေ ဦးမည်။ ကားမငှားချင်ဘဲ အထင်ကြီးအောင် ကားငှားပြီး သွားရမည်။ စကားပြောနေတဲ့အချိန်မှာ ဖုံးလာနေ တဲ့ပုံစံကိုလည်း ပြရဦးမည်။

…………………………………………………………………………..

နေ့လည်ခင်းတစ်ခု ၁၁-နာရီခွဲ အချိန်ဖြစ်သည်။ သံဃာ ၂၃-ပါးသာ သီတင်းသုံးတဲ့ ကျောင်းတိုက်တစ်တိုက် မှာ နေ့ဆွမ်း စားချိန်ပြီးစီးသည် မို့ မိမိသပိတ်၊ မိမိဆွမ်းဟင်းခွက်များကို ရေကန်ဘေးနားမှာ အသီး သီး ဆေးကြောနေကြ စဉ် ကျောင်းထဲသို့ တက္ကစီတစ်စီး ၀င်လာသည်။ ဆေးကြောရင်း ကားသံလာရာသို့ အလိုလို ငေးလျက်မိသား ဖြစ်သွားကြသည်။ သန့်သန့်ပျံ့ပျံ့ ၀တ်ဆင်ထားပြီး အတော်အသင့် ချမ်းသာ ပုံပေါက်တဲ့ ဒကာတစ်ဦး ဆရာတော်ကန်တော့ဖို့ ကျွတ်ကျွတ်အိတ်နှင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို လက်ကကိုင်လျက် ကားပေါ်မှ ဆင်းလာသည်။ ကျောင်းရှိ ဟောင်သာဟောင်ပြီး မည်သူ့ကိုမှ မကိုက် တတ်သော ခွေးနှစ်ကောင်သုံးကောင်က ၀ိုင်းဟောင်သည်။ ကိုရင်ကြီးတစ်ပါးက မဟောင်ဖို့ တားထားသည်။ ဒကာက…

“ကျောင်းထိုင်ဆရာတော်ကြီး ရှိလားဘုရား”

“ကျောင်းပေါ်မှာ ရှိပါတယ်။ အခုလေးတင် ဆွမ်းစားပြီးတာ။ အမြန်တက်သွားလိုက်။ တော်ကြာ ဆရာတော် အနားယူကျိန်းစက်တော့မှာ”
ကိုရင်ကြီးတစ်ပါးက ပြောလိုက်သည်။

“တင်ပါ့ဘုရား”

ကိုသန်းဦး လက်အုပ်ချီကာ ဆရာတော့်နား ချဉ်းကပ်ပြီး ထိခြင်းငါးပါးနှင့်အညီ ကျကျနနရှိခိုးကာ ပါလာတဲ့ လှူဖွယ်ပစ္စည်းကို ကပ်လိုက်ပြီး...

“ဆရာတော် ကျန်းမာရေးကောင်းတယ်မလားဘုရား”

“အေး ကောင်းပါတယ်။ ဒါနဲ့ ဘာကိစ္စရှိလို့ပါလိမ့်”

လာရင်းကိစ္စကို မလျှောက်သေးဘဲ…

“ဆရာတော် တပည့်တော်ကို မှတ်မိသေးလားဘုရား။ ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက တပည့်တော် သည်ကျောင်းမှာ ဆန်တွေ၊ ဆီပုံးတွေ လာလှူဖူးသေးတယ်လေဘုရား”

ဆရာတော်က နဖူးပေါ်က မျက်မှန်ဂိုဏ်းကို မ-တင်လိုက်ပြီး ကြည့်လိုက်သည်။ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ကို မှတ်မိအောင် ကြိုးစားကြည့်သော်လည်း ဘယ်လိုမှ မမှတ်မိတော့သဖြင့်…

“အမ် ဘုန်းဘုန်းက အသက်ကလေးရလာတော့ မှတ်ဥာဏ်က သိပ်မကောင်းတော့ဘူး ဖြစ်နေတယ်”

“တင်ပါ့ဘုရား။ ရပါတယ်ဘုရား။ ဆရာတော်က အများနှင့်ဆက်ဆံရတော့ ရောကုန်တာ ဖြစ်မှာပါဘုရား”

“ဒါနဲ့ ဒကာကြီးနာမည်က”

“ထွန်းဝေလို့ ခေါ်ပါတယ်ဘုရား”

နာမည်ကို အမှန်အတိုင်း မလျှောက်ဘဲ တခြားနာမည်ဖြင့် လျှောက်လိုက်သည်။

“ဘယ်မှာ နေတာလဲ”

“တပည့်တော် ဟိုဘက်က ၅-ရပ်ကွက်ထဲမှာ နေပါတယ်ဘုရား။ သည်ကျောင်းက ကိုရင်လေးတစ်ပါးတောင် တပည်တော်တို့အိမ်ကို ဆွမ်းခံကြွသေးတယ်ဘုရား”

“အော် ဟုတ်လား”

စကားပြတ်သွားကာ အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ဒကာက ဆက်ပြီး….

“တပည့်တော် ကိုးရီးယားကနေ ပြန်လာတာ မကြာသေးဘူးဘုရား”

“အပြီးပြန်လာတာလား”

“တင်ပါ့ဘုရား။ စုမိဆောင်းမိထားတဲ့ ငွေလေးနဲ့ မြန်မာပြည်မှာပဲ စီးပွားရေးတစ်ခုခုထောင်မယ်။ ကြီးကြီးမားမားအလှူလည်း မလှူဖူးသေးတော့ လှူဖူးသည်ရှိအောင်၊ တစ်ဘ၀စာအတွက် အမှတ်တရလေးဖြစ်အောင် လှူဦးမယ်ဆိုပြီး ပြန်လာတာဘုရား ဟိ”

ကလင် ကလင် ကလင် ကလင်…

ပြောနေရင်းတန်းလန်းနဲ့ ဖုံးတကော ၀င်လာသည်။ ဘယ်သူဆက် သလဲဆိုတာကို သိလိုသည့်ပုံစံနှင့် ဖုံးနံ ပါတ်ကို ကြည့်လိုက်ပြီး…
…..ဟယ်လို နောက်မှ ပြန်ဆက်မယ်။ အခု ဆရာတော်ကြီးနဲ့ စကားပြောနေလို့…..အိုကေ….ဘိုင်….

ဟဲန်းဖုံးအစစ်အမှန် ကိုင်ထားလျှင် ချမ်းသာသည်ဟု မှတ်ယူကြသည့်ခေတ် ဖြစ်သည်။ ကိုသန်းဦးသည် ဟဲန်းဖုံးကို သူ့ဦးလေးဆီက တခြားအကြောင်းပြချက်နှင့် ငှားရမ်းသုံးစွဲခဲ့သည်။ ဖုံးကို အိပ်ကပ်ထဲ ပြန် ထည့်ထားလိုက်ပြီး…

“စောစောကစကား ပြန်ဆက်ပါဦးမယ်ဘုရား။ အလှူကြီးတစ်ခု လှူချင်တယ်။ အမှတ်တရအနေနဲ့လည်း ကျန်ရစ်ခဲ့စေချင်တယ် ဘာလှူရင်ကောင်းမလဲလို့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေဆီ အကြံဉာဏ်တောင်းတော့ ကျောင်းလှူလိုက်ခိုင်းကြတယ်ဘုရား။ အဲဒါကြောင့် တပည့်တော်လည်း ဘယ်ကျောင်း ကို လှူရင်ကောင်းမလဲဆိုပြီး စဉ်းစားကြည့်လိုက်တော့ ဆရာတော့်ကျောင်းပဲ တပည့်တော် မျက်စိထဲ ပေါ်လာတယ်ဘုရား။ တခြားကျောင်းတွေက တိုက်ကျောင်းတွေ ဖြစ်ကုန်ပြီကိုးဘုရား။ အဟယ်”

“ဒါနဲ့ ဒကာကြီးက ကျောင်းလှူချင်တယ်ဆိုပါတော့”

“တင်ပါ့ဘုရား။ ဆရာတော် ခွင့်ပြုမယ်ဆိုရင် သည်ပျဉ်ထောင်ကျောင်းကို ဖျက်ပြီးတော့ တိုက်ကျောင်းလေး တစ်လုံးတော့ လှူချင်တယ်ဘုရား။ အကြီးကြီးတော့ မဟုတ်ဘူးပေါ့ဘုရား။ တပည့်တော် တတ်နိုင် သလောက်လေး တစ်ထပ်ကျောင်းလေးပေါ့ဘုရား”

“ကောင်းတာပေါ့ ဒကာကြီးရယ်။ ကောင်းတာပေါ့”

ဆရာတော်ကြီး သည်ပျဉ်ကျောင်းအိုလေးကို တိုက်ကျောင်းဆောက်ချင်နေတာ လတွေ လည်းဟောင်း၊ နှစ်တွေလည်း အခါခါ နွှမ်းခဲ့ရပေါ့။ လှူမယ်လို့ လျှောက်ထားတဲ့ ဒကာကလည်း မလှူဖြစ်တော့ လို့ အလှူရှင်သစ် ပေါ်လာတော့လည်း ဆရာတော်ကြီး ရင်ထဲမှာ ကြိတ်ဝမ်းသာနေမယ် ဆိုတာ ဆရာတော့်ကိုယ်စောင့်နတ်က အသိဆုံး ဖြစ်သည်။ ကိုသန်းဦးက နာရီကို ကြည့်လိုက်ပြီး…

“ဆရာတော် လက်ခံမယ်ဆိုရင် တပည့်တော်အမျိုးသမီးနဲ့ တိုင်ပင်ပြီး နေ့တွေ၊ ရက်တွေ ရွေးလိုက်တော့မယ် ဘုရား။ မနက်ဖန် တပည့်တော် နေ့ဆွမ်းလာပို့ပါဦးမယ်ဘုရား။ မနက်ဖန်ကျမှ ရွေးထားတဲ့ရက်ကို ထပ်မံလျှောက် ကြားပါမယ်ဘုရား။ အခုတော့ ပြန်လိုက်ပါဦးမယ်။ ခွင့်ပြုပါဦးဘုရား”

“အေး ကောင်းပါပြီ”

ဆရာတော်အနားမှာ အနီးကပ်ပြုစုနေသော ကျောင်းသား မောင်ကောင်းကျော်ကို…

“ဟေ့ မောင်ကောင်းကျော်ရေ ခွေးကို ကြည့်ပေးထားပါဦး”

“တင်ပါ့ဘုရား”

……………………………………………………………………………….

နှစ်ပတ်ခန့်ကြာသော်….

ပျဉ်ထောင်ကျောင်းလေးကို ဖျက်လိုက်ပြီး ပျဉ်ဟောင်းတွေ၊ သွပ်ပြားဟောင်းတွေကို တစ်နေရာမှာ ပုံထား လိုက်သည်။ တိုက်ကျောင်းဆောက်ဖို့ ဘိလပ်မြေတွေ၊ အုဌ်တွေ၊ သဲတွေ၊ ကျောက်စရစ်တွေလည်း အစုလိုက် အပုံလိုက် ထားထားသည်။ တနင်္ဂနွေနေ့ နေ့ခင်း ၂-နာရီလောက်အချိန်မှာ ကိုသန်းဦး ဆရာတော့် ထံ ရောက် လာပြန်သည်။ တစ်ခုခု အဆင်မပြေလို့ စိတ်မကောင်းဖြစ်သည့်ပုံစံနှင့် ဆရာတော့်ကို…

“ဆရာတော်ဘုရား။ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဘုရား။ တပည့်တော်လည်း…”
စကားမဆုံးသေးဘဲ ဖုံးတကော ၀င်လာသည်။

“ဟယ်လို…”

“………………………………………….”

ဖုံးကို ဆရာတော့်ကို ကပ်လိုက်ပြီး…

“တပည့်တော် အမျိုးသမီးပါဘုရား။ ဆရာတော်နဲ့ စကားပြောချင်လို့တဲ့ဘုရား”

“ဟယ်လို ပြောပါ”

“တင်ပါ့ဘုရား။ တပည့်တော် ကိုသန်းဦးရဲ့ အမျိုးသမီး မဥမ္မာဆွေပါဘုရား။ ဒကာကြီးက သူမှာထားတဲ့ ဘိလပ်မြေတွေ၊ ကျောက်တွေ၊ အုဌ်တွေကို ဒီနေ့ ငွေအပြည့်ချေဖို့ ချိန်းထားတယ်ဘုရား။ သည်နေ့ တနင်္ဂနွေနေ့လေဘုရား။ ဘယ်ဘဏ်မှလည်း မဖွင့်ဘူး။ အင်္ဂါနေ့ကျရင်လည်း ပြည်ထောင်စုနေ့နဲ့ တိုက်နေပြန်ရော။ ဆိုင်ရှင်ကလည်း ငွေ အရေးတကြီး လိုအပ်နေပြီ။ လာချေပေးပါဆိုပြီး တဖွဖွပြောနေ တယ်ဘုရား။ သူ့ဦးလေးဆီ ခဏချေးရအောင်လည်း သူ့ဦးလေးက နယ်ဘက်ကို ခရီးလွန်နေတယ်ဘုရား။ ဆိုတော့ကာ ဆရာတော့်ဆီမှာ ၂၅-သိန်းအဆင်ပြေရင် ခဏလှည့်ပေးစေချင်တယ်ဘုရား။ တပည့်တော် အမျိုးသားက ဇွတ်တရွတ်နိုင်တယ်ဘုရား။ သူ တစ်ခုခုလုပ်ချင်ပြီးဆိုရင် ဘယ်လိုပဲတားတား မရဘူးဘုရား။ ဆရာတော့်ကို လျှောက်သာလျှောက်ရတာ အားတော့နာပါတယ်ဘုရား”

…………………………………………………………………..

သုံးရက်လွန်သွားသည်။ ငါးရက် ကုန်သွားပြန်သည်။ တစ်ပတ်တောင် ကြာသွားပြီ။ ၂၅-သိန်း ပြန်မလာတဲ့အပြင် မှာထားတဲ့ ဘိလပ်မြေတွေ၊ အုဌ်တွေ၊ ကျောက်စရစ်တွေရဲ့ တန်ဖိုးတစ်ဝက်ကို ဆိုင်ရှင်က လာတောင်းလို့ တောင်းတောင်းပန်ပန်နှင့် ပေးလိုက်ရသေးသည်။

………………………………………………………………………

ပြီး…
From...တောက်ပကြယ်စင်

No comments:

Post a Comment