Monday, November 21, 2016

လမ်းမတော် ဖိုးတုတ်




လမ်းမတော် ဖိုးတုတ် အကြောင်း
************************

ကိုလိုနီခေတ် က ကုလား လူမိုက်တွေနဲ့ ပြိုင်ပြီး မိုက်ခဲ့တဲ့ မြန်မာ လူမိုက် လမ်းမတော် ဖိုးတုတ် 
ဒု
တိယ ကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျား တွင် ရေပန်းစား အပြောများခဲ့သည့် လူ ပုဂ္ဂိုလ် တစ်ယောက် ရှိခဲ့သည်။

သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့် လုပ်ရပ်များလုပ်ခဲ့သူ တစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလ အလျောက် ထူးခြားသော သူ၏ လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏ အမည်နာမ မှာ ဟိန်းထွက် ကျော်ဇော လို့ လာသည်။

သူ၏ လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ် ဘက်သို့ အလေးမသာသည့် အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသော်လည်း နာမည်မကောင်း ။

ကောင်းသောနှင့် ကျော်ကြား ထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ် ထင်သော ကျော်  ကြားခြင်းသည် နှစ်လိုဖွယ် မဟုတ်ပေ။

ကောင်းသတင်းနှင့်ကျော်ဇော ထင်ရှားသူမှာ အသက် သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင် ကတည်းက နာမည်သေသည်။ ကောင်းသော ပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..

ခေတ်ရေစီကြောင်း အခြေအနေအရ သူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်း ရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင် ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။ နှာခေါင်းရှုံ့ရဲသူ မရှိ။ မဲ့ရိပ် ထင်ရာသူ မရှိ။

နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။ သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။

ခေတ်ရေစီးကြောင်း အခြေအနေအရ စီးပွားရေး အချက်အချာ ကျသည့် နယ်မြေကြီးတစ်ခုလုံးမှာ သူ၏ စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။

ရန်ကုန်မြို့၏ အုပ်ချုပ်ရေး နယ်ပယ်ကို တရားဝင် အုပ်ချုပ်နေသည့် ပုလိပ် အဖွဲ့ကြီး ရှိသော်လည်း ပုလိပ် အဖွဲ့ကြီး၏ သြဇာ သက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။ ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့် အညီ အုပ်ချုပ်သည်။ သူက ဥပဒေကို မျက်နှာလွှဲ ခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်း ခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ  ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။ ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန် အလယ်ပိုင်းကို ပုလိပ် အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုး ကိုင်တွယ်ထားသည်။ နယ်စားပယ်စား လုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များ အုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ် တစ်ခေတ် ထွန်းကားခဲ့သည်။ လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။ လူမိုက် ကို ကြားခံ အဖြစ်ထား၍ လူလူချင်း ဗိုလ်ကျ စိုးမိုးသည့် စနစ် ကို ဖန်တီးပေးခဲ့သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။

ဒါ့ကြောင့်လည်း လမ်းမတော် ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စား ရထားသူတို့နှယ် စိုးမိုး ချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။


အင်္ဂလိပ်တို့ အုပ်စိုးစဉ် ကာလတစ်လျှောက်လုံး ဒုတိယ ကမ္ဘာစစ်ဖြစ်သည်အထိ လမ်းမတော် ဖိုးတုတ်၏ ကျော်ဇော သတင်းမှာ လျှမ်းလျှမ်းတောက်ခဲ့ခြင်းဖြစ်၏။ လမ်းမတော်ဖိုးတုတ် က တပည့် အသိုင်းအ၀ိုင်း အားကိုးနှင့် မိုက်သူ မဟုတ်။ သူကိုယ်တိုင်လည်း လုပ်ရဲ ကိုင်ရဲ သတ္တိရှိသည်။

တပည့် တပန်း အသိုင်းအ၀ိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။ သြဇာညောင်းအောင်လည်း အကိုင် အတွယ် ကျင်လည်သည်။ မလှုပ်ရဲ၊ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။
ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရာတွင် အထာကျွမ်းသည်။

အချိုကြိုက်သူ အချို၊ အချဉ် ကြိုက်သူ အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။ ဘာကြိုက် သူဖြစ်သည်ကို အကဲဖမ်း ကျွမ်းသလို အကြိုက်ကိုလည်း ပေးစွမ်းနိုင်သည်။  ငွေရေး ကြေးရေး အပေး အကမ်း လည်း ရက်ရော သည်။ အဲဒီ အရည်အချင်းတွေကြောင့်လည်း လမ်းမတော် ဖိုးတုတ်မှာ လူမိုက်သက်တမ်း ရှည်ကြာခဲ့ခြင်းဖြစ်၏။

လူမိုက်ခေတ် အစ၊ မတ်စတီးခန်းမန်မဆာ တို့က ဟု ဆိုစမှတ်ပြုရအောင် ရန်ကုန်မြို့၏ လူမိုက် စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။ မြန်မာ လူမိုက်ခေတ် မရောက်မီက ကုလား လူမိုက်ခေတ်။

ထိုစဉ် ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေနည်းသည်။ ကုလားနှင့် တရုတ်များသာ အနေများသည်။ မြန်မာ လူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော ထိုထို ကာလ မြို့ဆင်ခြေဖုံးဟု ဆိုရမည်သော ရပ်ကွက်များတွင်သာ အနေများသည်။

အဓိက စီးပွားရေး လုပ်ငန်းများမှာလည်း ကုလားနှင့် တရုတ်တို့လက်ထဲတွင် ရှိသည်။ အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေး လုပ်ငန်း အတော်များများကို စိုးမိုး ချုပ်ကိုင်ထားသည်။

ကုလားလူမျိုး စီးပွားရေး လုပ်ငန်းရှင်များနှင့် သူတို့ လူမျိုးများကို မြန်မာလူမျိုးများ၏ အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြန်မာလူမျိုးများ သူတို့နယ်မြေထဲသို့ ၀င်ရောက် ဗိုလ်မကျစေရန် ရည်ရွယ်ချက်ဖြင့် ကုလားလူမိုက်ခေတ် ကို ထူထောင်ခဲ့ကြသည်။

ကျော်ဇော ထင်ရှားသည့် ကုလားလူမိုက် ခေါင်းဆောင်မှာ မတ်စတီးခန်း ။ လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။ ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့တို့၏ အုပ်ချုပ်ရေး အသိုင်း အ၀ိုင်းတွင် ၀င်ဆန့်သူဖြစ်သည်။ ရန်ကုန် ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။

မက်စတီးခန်း က စတီးဘရားသားနှင့် ဆက်နွယ်သည့် စပါးအရောင်းအ၀ယ် လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ။ စပါး သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီ များ ပိုင်ဆိုင်သူ။ ကမာရွတ်တွင်ရှိသည့် မတ် စတီးဈေးကြီးကို ပိုင်ဆိုင်သူ။

ကြည့်မြင်တိုင် ဈေးကြီးလမ်း ဟု အစွဲပြုခေါ်ဝေါ်ရသည့် စူရတီဘဇားဈေးကြီး၏ အစုရှယ်ယာ ပိုင်ရှင်။
အစဦးပိုင်း က သူ၏ လုပ်ငန်းများကို အကာအကွယ် ရဖို့အတွက် ကုလား လူမိုက်များကို လက်သပ်မွေးထားခဲ့သည်။

ထိုမှ တစ်စ တစ်စ တပည့် တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် သြဇာ သက်ရောက်မှုကို မိန့်မောလာသည်။ ကုလားသူဌေးများ ထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏ အကူအညီကို ရယူလာကြရသည်။

နေရာတစ်ကာမှာ ၀င်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာ မိန့်းမောလာသည်။ တစ်ကယ်တော့ သူက ကိုယ်တိုင် လုပ်ရဲ၊ ကိုင်ရဲ သတ္တိကောင်း၍ ထင်ပေါ်လာသူဖြစ်လာသည် မဟုတ်။ တပည့် တပန်း အသိုင်း အ၀ိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူ အပိုင်းအထိ ၀င်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။

စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေး အထိ သူ့ပိုင်နက် နယ်မြေဖြစ်လာသည်။ သူကြီးစိုးထားသည့် နယ်ပယ် အဖြစ် ထင်ရှားလာသည်။ မတ်စတီးခန်း ၏ အရှိန်အ၀ါမှာလည်း တောက်ထင်လာ သည်။ သူ၏ အမည်မှာ အကျော်ဒေးယျ ဖြစ်လာသည်။

အုပ်စိုးသည့် အင်္ဂလိပ်တို့က သူတို့၏ စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ ပေးထားသည့်လမ်း အမည်သည်ပင် သူ၏ အမည်နှင့် အစားထိုး အသိအမှတ်ပြုခံလာရသည်။ အင်္ဂလိပ်တို့ပေးထားသည့် လမ်းအမည် " စတင်းမောင်ထော်လေးလမ်း" နောက်ပိုင်း လူအများ၏ အသိအမှတ်ပြု ခေါ်ဝေါ်လာသည့် လမ်းအမည်မှာ " မတ်စတီးလမ်း "

သူနေထိုင်သည့် လမ်းကို သူ၏ အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည့် အထိ သူ၏ အရှိန်အ၀ါ တောက်ထည်လာသည်။ သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်း ဇာတ်ကားတွင် ပါဝင်သည့် ရွှေ ဦးထုပ်မျိုးကို သူက အဲ့ဒီကတည်းက ဆောင်းခဲ့သူပါ။ တစ်ကယ် ဟုတ် မဟုတ်ဆိုသည် ကိုတော့ အတိအကျ မပြောနိုင်။ ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ် စကား ဖြစ်တည်ခဲ့သည်။

သူ ညနေဘက် လေညင်းခံ ထွက်သည့်အခါ မြင်းလေးကောင်တပ်ဒေါက်တပ် ရထားကြီးစီး၍ လေညင်းခံ ထွက်သည်။ ထိုခေတ်က မော်တော်ကား စီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်က ပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ်ဒေါက်တပ်က ပို၍ စရိတ်က ကြီးမြင့်သည်။လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။

သူ၏ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ၀တ်စား ဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း၊ ဥရောပ တိုက်သားတို့၏ ခန့်ထည်သော ၀တ်စား ဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း ၀တ်စားဆင်ယင်ပြီး မောင်းရသည်။

ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ်စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည် ကို အထူးပြောစရာမလိုပါ။

တစ်ခါတစ်ရံ အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကို ပတ်၍လည်း လေညှင်းခံတတ်လေ့ရှိသည်။
လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုရိုး စကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ် အဆင့်၊ ထိုထက် သာလွန်၍ ရွှေဖလားကို စိန်နားကွပ်သူပါ။

မတ်စတီးခန်းနှင့် ခေတ်ပြိုင်လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။
မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အ၀ါကြီးသော်လည်း ရန်ကုန် အရှေ့ပိုင်းမှာ သူကလည်း တစ်ဗိုလ် တစ်မင်း လုပ်နေနိုင်သူဖြစ်၏။

သော်မဆင်မှာ တိုက်တာနှင့် အကျအန နေသည်။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံး အများအပြား ပိုင်ဆိုင်သည်။ ခေတ်အခါလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလ်တစ်ထောင်မှာ အငှား ချထားသည့် တိုက်တာ အိမ်ခြေများ ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံး လုပ်ငန်းအတွက် တပည့် လူမိုက်မွေးရင်း ကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင်ဖြစ်လာသူ

မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာ ဆိုသည့် နာမည် အသိအမှတ်ပြု ခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော် ဖိုးတုတ် လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန် တို့ မန်မဆာတို့နှင့်ဆက်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။ ကုလား လူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်း တင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ် က မခံချင်။ မြန်မာ လူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့် ရနေတာလား။

မြန်မာ လူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာဘဲ နယ်ကျဉ်းခံပြီး နေနေတာ သူတို့အရှိန်အ၀ါကို ကြောက်လို့လား။ မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။

လမ်းမတော် ဖိုးတုတ် က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓါတ် အခြေခံနှင့် လူမိုက်လောက ထဲသို့ တိုးဝင် ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း ၏ ညာလက်ရုံး နာမည်ကြီး ကုလား လူမိုက် တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီးဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ် ကို ဖိန့်ဖိန့် တုန်အောင် ကြောက်  ကြ ရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီ ကတည်းက လူမိုက် အဖြစ် ကြီးစိုးနေသူ။

နောက်ပိုင်း မတ်စတီးခန်း က လက်ရုံးတပည့် အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏ အရှိန်အ၀ါနှင့် ပို၍ ဇက်ရဲ လက်ရဲ ဗိုလ်ကျ စိုးမိုးလာသည်။

ကိုဖိုးတုတ်က နောင် သူ့တပည့်ဖြစ်လာသူ သောင်းတင် ဆိုသူနှင့် နှစ်ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်း သို့ ၀င်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက် သားလောက်ဖြစ်အောင် နှက်ခဲ့သည်။

မာမွတ်က သူ့ကို ဘယ်သူ ၀င်နှက်သွားမှန်းပင် မသိလိုက်။ ကိုဖိုးတုတ် ကလည်း နာမည်မခံ ။ ခံလို့လည်း မဖြစ်။ မတ်စတီးခန်း က ပုလိပ်အဖွဲ့အပေါ် သြဇာ သက်ရောက်မှ ရှိနေသောကြောင့် နာမည်မခံရဲ။

ထို့ကြောင့် . . .
ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသို သိပ်သိပ် ပိပိ ရိရိ လုပ်ခဲ့ခြင်းဖြစ်၏။
ခံလှည့်မရှိ။ လုပ်လှည့်သာ ရှိခဲ့သည့် မာမွတ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့လိုက်ရသည့် အခါ ဖျားသွားသည်။ ဗိုလ်ကျသည့် ထီမထင် လုပ်ရပ်များ အရှိန်တန့်သွားသည်။

လမ်းမတော် ဖိုးတုတ်က သည်နည်းဖြင့် သူတို့ အုပ်စုဝင် လူမိုက်များက တစ်ယောက်ပြီး တစ်ယောက် ဖြိုခဲ့သည်။

credit :Kyaw Mya Than


                           *********************************************

လမ်းမတော် ဖိုးတုတ် အပိုင်း (၁)

ဖိုးတုတ် ရဲ့ မိခင်ကြီးဒေါ်ချစ်ပု ဟာ ရန်ကုန်မြို့ (၁၄) လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင် လည် တဲ့ မိသားစုပါ။ ဖိုးတုတ် မှာ ညီ ကိုဘသိန်း၊ ညီမ ဒေါ်မမလေး တို့ရှိပြီး အရပ် ၅ ပေ ၈ လက်မ၊ အသားညိုညို နှုတ် ခမ်းမွှေး ထားတတ်တဲ့ ဖိုးတုတ် ဟာ ဘ၀ကို အပူအပင် မရှိ ဖြတ်သန်းနိုင် ခဲ့သူပါ။ 


ဖိုးတုတ် ဟာ သူနေတဲ့ လမ်းမတော် (၁၄) လမ်းမှာ အတန်းအစားပေါင်းစုံ နဲ့ အပေါင်းအသင်း ဆန့်သူ တစ်ယောက်ဖြစ် ပြီး လူငယ်ပီပီ ဂျင်ဝိုင်း၊ ကြက်ဝိုင်း တွေမှာ လှည့်လည်ပျော်ပါး အချိန်ဖြုန်းရင်း တစ်ခါ တစ်ရံ မိခင် ကို ကူညီဈေးရောင်းရင်းနေခဲ့သူပါ ။ ဦးလေးတော်သူ ရဲ့ မြို့တွင်းဆွဲ မော်တော်ကား မှာ စပါယ်ရာလိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံ စိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ်ပြီး အလုပ်ထွက်ခဲ့သူ တစ်ဦးဖြစ် ပါတယ်။


လူမိုက်ဘ၀က ဒီလိုစခဲ့တာပါ 

ဖိုးတုတ် ကို လူမိုက် ဘ၀ရောက်အောင် စတင်ခဲ့တဲ့ သူကတော့ လမ်းမတော် ဖိုးတုတ် ခေတ် မတိုင်ခင် လမ်း မတော် လူမိုက်ကြီးဖြစ် ခဲ့တဲ့ ပုဏ္ဏား ဘထွန်း ပါပဲ။ အဲ့ဒီခေတ်က လမ်းမတော်မှာ ပုဏ္ဏား ဘထွန်း၊ သိမ်ကြီးဈေး ဆိုရင် လှဖေ၊ ဗိုလ်တစ်ထောင် ကျောက် တံတားဘက် ကျတော့ မတ်စတီးခန်း၊ ကြည့်မြင့်တိုင် မှာက ကြက်ကျား၊ ဘားလမ်းမှာ ဟူစိန် ဆိုပြီး ရန်ကုန်မြို့မှာ သူ့အပိုင်းနဲ့သူ အပိုင်စား လူမိုက်ကြီးတွေ ကြီးစိုးခဲ့ ပါတယ်။ 

ရန်ကုန်မြို့ အုပ်ချုပ်ရေးမှာ ပုလိပ် အင်အားနဲ့ လူဦးရေ မမျှတဲ့ အတွက် ပုလိပ်တွေဟာ နယ်မြေတိုင်း က အပိုင် စား လူမိုက်တွေကို ခါးပိုက်ဆောင် ထဲထည့်ပြီး အုပ်ချုပ်ခိုင်းလေ့ ရှိပါတယ်။ နယ်မြေ အပိုင် လူမိုက်တွေဟာ ကိုယ်ပိုင်တဲ့ နယ်မြေထဲက ဈေးရောင်း ဈေးဝယ် စီးပွားရေး သမား တွေရဲ့ ကာကွယ်ပေးဖို့ ဆက်တဲ့ လစဉ်ကြေးကို ခံစားလေ့ ရှိပါတယ်။ အဲ့ဒီ လူမိုက်တွေ ထဲမှာမှ ပုဏ္ဏား ဘထွန်း က ကြောက်စရာ အကောင်း ဆုံး အဖြစ် နာမည်ကြီး ပါတယ်။ 

ပုဏ္ဏားဘထွန်း ရဲ့ နောက်မှာ ဗိုလ်တစ်ထောင်က ကုလား သူဌေး တစ်ဦးလည်းဖြစ် လူမိုက် တစ်ဦး လည်း ဖြစ် တဲ့ မတ်စတီး ခန်း ရှိပါတယ်။ ပြီးတော့ ပုလိပ် မင်းကြီးနဲ့လည်း ပုဏ္ဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေး အရ အင် မတန် ရင်းနှီးတယ်လို့ နာမည်ကြီး ပါတယ်။ အဲ့ဒီ အချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော် တစ်ဝိုက်မှာ နည်းနည်းလေး နာမည်ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ် ခြေတက် ကလေးပေါ့။ ဒီလိုနဲ့ ပြဿ     နာ စတက် တယ်။

 ဖြစ်ပုံက ဒါလ်ဟိုဇီလမ်း မှာ အပိုင်စားပြီး ဈေးသည်တွေကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်း ရဲ့ တ  ပည့် မာမွတ် နဲ့ ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ် က မာမွတ် ကို မူလီ ခေါင်းတပ် တုတ် နဲ့ မသေ မရှင် ရိုက်လိုက်ရာက စတာပါ။

မာမွတ် ကို ရိုက်လိုက်တဲ့ ကိစ္စအတွက် လူမိုက်ကြော နောကြေနေ တဲ့ မတ်စတီးခန်း က သူ့တပည့် တွေကို ဖိုးတုတ် ကို ရန်သွား မရှာကြဖို့၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ ပါသေးတယ်။ ဒါပေမယ့် မာမွတ် ကိစ္စ မကျေနပ်တဲ့ မတ်စတီးခန်း တပည့် နှစ်ယောက် က ဖိုးတုတ် ကို ပြဿ      နာရှာကြရာမှာ နှစ်ယောက်လုံး ဖိုးတုတ်က ဓါးမြောင်နဲ့ ထိုးလွှတ်လိုက် ပါတယ်။ 

ဒါပေမယ့်လည်း မတ်စတီးခန်းရော၊ ပုဏ္ဏား ဘထွန်း ပါ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ်ကို ပြသနာလာမရှာကြတာကို က ဖိုးတုတ် အတွက် ၀ိရောဓိ ဖြစ်စရာ ကိစ္စ တစ်ခုဖြစ်နေ ပါတယ်။ ပုဏ္ဏားဘထွန်း က သူ့ လူကို ထိရင် ဘယ်လိုပြန်လုပ် တတ်သည် ဆိုတာ ရာဇ၀င်တွေ ရှိတာကို ဖိုးတုတ်သိသည်။ ဒီအတိုင်း ထိုင်နေပြီး သူလာမယ့် အချိန် စောင့်နေတာထက် ပုဏ္ဏား ကို သွားရှင်း မည်။ ပြီးတော့ နယ်မြေ အပိုင် လူ  မိုက်တွေကို တစ်ယောက်ပြီး တစ်ယောက် ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။

ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ

၁၉၃၂ ခုနှစ်၊ ရန်ကုန်မြို့၊ လမ်းမတော် (၁၁) လမ်း၊ လမ်းမတော် တစ်ရပ်ကွက်လုံး မှ ဆင်းရဲသား၊ လူချမ်းသာ၊ ဖိုးတုတ် ၏ မိဘများပါ မကျန် ဖိန့်ဖိန့် တုန်အောင် ကြောက်ရွံ့ရသော၊ ရန်ကုန်မြို့ အတွင်း ရှိ အခြား နယ်မြေ အပိုင်စား လူမိုက် အချင်းချင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ် ရလေသော ပုဏ္ဏား ဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင် ဓါးဖြင့် လူမိုက် ပေါက်စ တစ်ယောက် ရပ်နေသည်။

 ဖိုးတုတ် ငှက်ကြီးတောင်ဓါး ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ် က ဆင်းခဲ့ဖို့ စိန်ခေါ် ပါတယ်။ တပည့် တပန်း အလွန်ပေါ များပြီး လူမိုက် အချင်းချင်းပင် ကြောက်ရသော လူမိုက်ကြီး ပုဏ္ဏား ဘထွန်း အိမ်ပေါ်က လုံးဝ ဆင်းမလာ။ တစ်ကယ် တော့ ပုဏ္ဏား ဘထွန်း နဲ့ ဖိုး တုတ် အသက်ချင်း အရွယ်ချင်း ကွာလွန်းနေပြီ။ ဘယ်လောက်ပဲ မိုက်ခဲ့ မိုက်ခဲ့ နွားအို က ပေါင်ကျိုး နေပြီ ဖြစ်တဲ့ ပုဏ္ဏားအနေဖြင့် ဖိုးတုတ် နှင့် တစ်ယောက်ချင်း ယှဉ်လို့ မဖြစ်နိုင်တော့မည်မှန်း သိသည်။ 

အိမ်ပေါ်က လုံးဝ ဆင်းမလာ။ အကြိမ်ကြိမ် စိန်ခေါ်ပြီး ဖိုးတုတ် က စကားတစ်ခွန်းပြောသွားသည်။ "ခင်ဗျားက လူမိုက် ပုဏ္ဏား မဟုတ်တော့ဘူး.. ဆန်တောင်း တဲ့ ပုဏ္ဏား ဖြစ်သွားပြီ။ ဖိုးတုတ် ဒီနေ့က စပြီး လမ်း မတော် လူမိုက်ဖြစ်သွားပြီ” တစ်ကယ့် ၀ါရင့် လူမိုက်ကြီး ပုဏ္ဏား ဘထွန်း ကိုပင် အိမ်ရှေ့သွား စိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြား နယ်ပယ်ပိုင် လူမိုက်ကြီးတွေကြား ဂယက်ရိုက် သွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ရန် ကုန် လူမိုက်လောကမှာ လမ်းမတော် ဖိုးတုတ် က အချိန်တို အတွင်း နေရာရခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

နယ်ချဲ့ဖိုးတုတ်

အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက် အသီးသီးမှာ တစ်ဗိုလ် တစ်မင်း စိုးမိုး မင်းမူ နေသည့် ရပ်ကွက် အပိုင်စား လူမိုက်များသာ ကြီးစိုး ပါတယ်။ လူမိုက် အချင်းချင်း နယ်မကျော် ကြပဲ နယ်ကျော် တဲ့ လူမိုက်တွေ အတွက် လည်း ဇာတ်သိမ်း မကောင်းခဲ့တာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လမ်းမတော်ဖိုးတုတ် ကတော့ လမ်းမတော် တစ်ရပ်ကွက်ထဲမှာ ထိုင်ပြီး မင်းမူနေရုံနဲ့ ကျေနပ်နိုင်သူမဟုတ်ပါဘူး။ 

ဖိုးတုတ် ပထမဆုံး မျက်စောင်း ထိုးတာ ကတော့ ပန်းဆိုးတန်း လမ်းပါ။ ပန်းဆိုးတန်း လမ်းမှာ က ဗိုလ် တစ်ထောင်၊ ကျောက်တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေ ပါတယ်။ မတ်စတီးခန်း က တော့ သူ့လက်ရုံး မာမွတ် ကိစ္စပြီးကတည်းက ဖိုးတုတ် ကို ရှောင်ဖို့ သူ့ တပည့် တွေကို မှာပါတယ်။ ဒါပေမယ့် ဖိုးတုတ် ပန်းဆိုးတန်း ကို ကိစ္စတစ်ခု နဲ့သွားတဲ့ ညမှာ မတ်စတီးခန်း တပည့် တစ်ယောက်က နယ်ကျော် လာတယ် ဆိုပြီး ဖိုးတုတ် ကို ရင့်ရင့် သီးသီး ပြောခဲ့တဲ့ အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ် ဓါးချက် နဲ့ အူပွင့်တဲ့ အထိ အထိုး ခံခဲ့ ရပါ တော့တယ်။ 

မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့ တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူတစ်ကယ် ရင်ဆိုင်လိုက်ရတာက သူ့ ဗိုလ်တစ်ထောင်နယ်ထဲက လူမိုက်ပေါက်စလေး ငမိုး ပါပဲ။ မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေတဲ့ ဗိုလ်တစ်ထောင် ဘုရားပွဲတော် ည တစ်ညမှာ ဗိုလ်တစ်ထောင်မြို့နယ်ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်း လူငယ်လေး တစ်ယောက်က မတ်စတီးခန်း တပည့် ကုလား လူမိုက် (၈) ယောက်ကို ဓါးနဲ့ ၀င်ပိုင်းပါတယ်။

 ကုလား လူမိုက် (၃) ယောက် သေလုမျောပါး ဒဏ်ရာရ သွားကြပြီး ကျန်တဲ့ လူမိုက် တွေလည်း ခွေးပြေး ၀က်ပြေး ပြေးခဲ့ရပါတော့တယ်။ ဒီအချိန်က စလို့ မက်စတီးခန်း ဟာ ပန်းဆိုးတန်း ကို ဖိုးတုတ်လက်၊ ဗိုလ်တစ်ထောင် ကို ငမိုး လက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်း နောက်ဆုတ် သွားပါ တော့တယ်။ လမ်းမတော် ဖိုးတုတ် နဲ့ မရှေးမနှောင်းမှာပဲ ဓားရေးကြွယ် ပါတယ် ဆိုတဲ့ ဗိုလ်တစ်ထောင် ငမိုး ရဲ့ နာမည် ဟာလည်း ရန်ကုန် လူမိုက်လောကမှာ တဖြည်းဖြည်းကြီးမားလာပါတော့တယ်။

ဗိုလ်တစ်ထောင် ငမိုး ရဲ့ ဧည့်ဝတ်

ငမိုး ပခုံးချင်း ယှဉ်လာပြီ ဆိုတာ နဲ့ လမ်းမတော် ဖိုးတုတ်က သူ့ ထုံးစံအတိုင်း ထိပ်တိုက် တွေ့ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ ရန်ကုန် ရဲ့ ချမ်းစီးစီး ဒီဇင်ဘာ မနက်ခင်း တစ်ခုမှာ သက္ကလပ် အင်္ကျီ အထူ စား အောက် မှာ ဓားရှည် တစ်ချောင်း ကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲကို ၀င်လာတဲ့ ဖိုးတုတ် ကို တွေ့ရပါတယ်။ ဖိုးတုတ် က ဗိုလ်တစ်ထောင် ငမိုး အိမ်ရှေ့ ရပ်လိုက်တယ် ဆိုလျှင်ပဲ ငမိုး ဘာလုပ် ရမှန်း မသိ ပြူးပြူး ပြာပြာဖြစ်သွားပါတယ်။ 

ငမိုး ချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်း ကိစ္စကို မေးပါတော့တယ်။ ဖိုးတုတ်က သက္ကလပ် အင်္ကျီကို စွဲချွတ်ပြီး ရင်ဘတ် ကို ကော့ပေးသည်။ “ အေး ငမိုး.. မင်း ဓါးရေးထက် တယ် ဆိုလို့ ငါလာ အထိုးခံကြည့်တာ” ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည်။ ငမိုး ကလည်း လူနပ်…။ ပုဏ္ဏား လိုတော့ အရှက်ကွဲမခံနိုင်။ ဒီတော့ ဖိုးတုတ်ကို ပြုံးပြရင်း “ဟာ အကိုကြီးကလည်း မဟုတ်တာ။ ဒီအကြောင်းတွေ မပြောပါနဲ့ ကျွန်တော်တို့ ဗမာ ညီအစ်ကိုချင်း ကြားမှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင် ခေါ်ခိုင်း လိုက်ပေါ့.. တစ်ကူးတစ်က ကျွန်တော့်ဆီ လာနေရတယ်လို့”

"အေး မင်းက ဗိုလ်တစ်ထောင် မှာ ဗိုလ်မထားဘူး ဆိုလို့.. ငါကလည်း ဗိုလ်လာ လုပ်တာလေကွာ”
“ဟာ… အကိုကြီးရာ ကျွန်တော့် ကို မကြိုက်တာ ရှိရင် ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်.. ကျွန်တော် အကို ကြီး ကို ဧည့်ဝတ်ပြုပါရစေ”  ဖိုးတုတ် ဘာမှမပြောတော့ပါ… ဗိုလ်တစ်ထောင် ငမိုး ဧည့်ဝတ်ပြုတာ ကိုလည်းလက်မခံ… နယ်မြေချင်း စည်းမကျော်ဖို့ သာပြောခဲ့ပြီး ပြန်လာခဲ့ ပါတယ်။ 

အပြန် တွင်တော့ အလာတုန်းကလို မဟုတ်။ ဗိုလ်တစ်ထောင် ငမိုး ပိုင် ရထားလုံးနှင့် ဖိုးတုတ် ကို အိမ် အရောက် လိုက်ပြန်ပို့ပေး ပါတော့ တယ်။ အဲ့ဒီ အချိန်က စပြီး ဗိုလ်တစ်ထောင် ငမိုး သေဒဏ် ကျသွား တဲ့ အ ချိန် အထိ ဖိုးတုတ် နဲ့ ငမိုး တို့ဟာ သံခင်း တမန်ခင်း ဆက်ဆံရေးနဲ့ ဘာပြဿ      နာ မှ ထပ်မဖြစ်ကြတော့ပါဘူး။


သူဌေး ဖိုးတုတ်

လမ်းမတော် ဖိုးတုတ် ဟာ အရင် လူမိုက်တွေလို ကိုယ့်နယ်မြေ ကျဉ်းကျဉ်းလေး ထဲ မင်းမူ နေတာ မဟုတ်တဲ့ အတွက် ကြည်မြင့်တိုင်၊ ပုဇွန်တောင်၊ လသာ၊ ကမ်းနားလမ်း၊ သိမ်ကြီးဈေး လူမိုက်တွေကအစ ဖိုး တုတ်ရဲ့ တပည့် အဖြစ် ၀င်ရောက်လာပြီး နယ်မြေ ဆိုင်ရာ ဆက်ကြေး တစ်ပုံ ကို လမ်းမတော် ဖိုးတုတ်ထံ သွင်း ကြ ရပါ တော့တယ်။ 

ရန်ကုန်မြို့ထဲက ဘိန်းခန်းများ၊ ဇိမ်ခန်းများ၊ ဟိုတယ်များ၊ ပျော်ပွဲစား ရုံကြီးများ မှ အစ သိမ်ကြီးဈေး၊ သံဈေး ရှိ အရောင်းအ၀ယ် ဒိုင်ကြီးများ၊ လောင်းကစားဝိုင်းများ၊ ကြည့်မြင့်တိုင် စက်ဆန်း ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွေ၊ ဂိတ်ထိုးသည့် Taxi ကားများ အဆုံး လစဉ် ဆက်ကြေး များအား ဖိုးတုတ်ထံ ပေးသွင်း ရတော့ သည်။ လမ်းမတော် ဖိုးတုတ် ၀င်ငွေက တစ်လ လျှင် (၃၀၀၀) နီးပါး ရှိသည်ဟု ခန့်မှန်းကြသလို ဖယ်မလီယာ ကား (၂) စီးနှင့် မော်တော်တစ်စီး ပိုင်သည် အထိ ကြွယ်ဝချမ်းသာ လာခဲ့တော့သည်။ 

လမ်းမတော် ဖိုးတုတ်က ရာဇ၀တ်မှုများ လိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လိုလူကို ပင် ဥပဒေ အကြံပေး အဖြစ် လစာပေး ငှားထားလိုက် သေးသည်။ နာမည်ကြီး လာသည်နှင့် အမျှ အပေါင်း အသင်း များလာသည်။ ဗိုလ်အောင်ဒင် ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့ ဖိုးတုတ်နှင့် တစ်တွဲတွဲ ဖြစ်လာသည်။ နိုင်ငံရေးလောကမှ အမတ်များနှင့် တစ်စားပွဲတည်း ထိုင်သောက်နိုင် သည် အထိ ဖိုးတုတ် ပါဝါ က ကြီးမား ခဲ့သည်။

အချစ် လူကြမ်းဖိုးတုတ်

လူမိုက် ဆိုတာ ဂျို နဲ့လား ဆိုသော ဆိုရိုးစကား ရှိပါတယ်။ ဖိုးတုတ် က ဂျို နဲ့ လူမိုက် မဟုတ်ပေမယ့် နှလုံးသား နဲ့ လူမိုက်ပါ။ ဖိုးတုတ် နှလုံးသားကို ညှို့ငင် ဖမ်းစား ထားတာက လမ်းမတော် သူ တရုတ် ကပြား မ သင်းမြ။ မသင်းမြ က အဖေ မရှိတော့ အမေ နဲ့အဒေါ် က လမ်းမတော် (၂၄) လမ်း၊ ကွမ်းတန်းဈေးတွင် ဈေးရောင်းတဲ့ သူတွေ။ ဖိုးတုတ် အမေ နဲ့ မသင်းမြ အမေ က ဥပုသ်စောင့်၊ ဘုရားသွား အတူတူ လူရင်းတွေ။

 ငွေရေး ကြေးရေး တောင့်တင်းပြီး ဖိုးတုတ် အမေ ဒေါ်ချစ်ပု ငွေလိုလျှင် မသင်းမြ တို့ မိဘတွေက ထောက်ပံ့နေကြ။ မသင်းမြ ကို ဖိုးတုတ် ကြိုက်တယ်။ ဒါပေမယ့် ဖွင့်မပြောရဲခဲ့။ မသင်းမြ ရှေ့ရောက် လျှင်ပင် လူ မိုက် ကြီး က ရဲရဲ ၀ံ့ဝံ့ စကား မပြောရဲရှာ။ ဒါပေမယ့် တပည့် အရင်းတွေ အပေါင်းအသင်း အရင်းတွေနဲ့ အတူတူ သောက်ကြတဲ့ အရက်ဝိုင်း မှာတော့ ဖိုးတုတ်ကြီး ရဲ့ ရင်တွင်း ဝေဒနာ တွေက အန်အန် ထွက်လာ တတ်လို့ ဖိုးတုတ် ရင်တွင်းက အချစ်ဓာတ်တွေ ကို သူ့ညီ ဘသိန်းနဲ့ တပည့်ရင်းတွေ ဖြစ်တဲ့ လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင်၊ ကမ်းနားလမ်း အုန်းဖေ၊ လွစ်စ်လမ်း ငညွန့် ၊ တာမွေ အောင်ဘ၊ လက်ကောက် ချန်ထွန်း တို့က အူမ ချေးခါး မကြားချင်မှ အဆုံး သိထားပြီးသား။ 

မသင်းမြ က ဘာသာတရား ရဲ့ အရိပ်အောက်မှာ ကြီးပြင်း လာခဲ့တဲ့ မိန်းကလေး ပီပီ ဖိုးတုတ် လို နာမည်   ကြီး လူမိုက် ကို ဝေးဝေးရှောင်ပါတယ်။ ဒါပေမယ့် မသင်းမြ က ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီး ပါတယ်တဲ့။ ဈေးထဲမှာ မသင်းမြ ကလည်း မဟုတ်မခံ ဇတ်ဇတ်ကြဲ ဆိုတော့ ဘသိန်း က သူ့အကိုနဲ့ စိတ်ချင်း တူသဟဲ့ ဆိုပြီး မသင်းမြ ကို သူ့အကို ဖိုးတုတ်နဲ့ ကြိတ်သဘောတူ နေပါတယ်။

ဖြစ်ချင်တော့ အဲ့ဒီနေ့က မသင်းမြ ဈေးရောင်းတဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ်က မသင်းမြ ကို ချစ်ကြောင်း ကြိုက်ကြောင်း ကို အောင်သွယ် ပြောပါတော့တယ်။ အဲ့ဒီမှာ မသင်းမြက ဘသိန်း ကို ခဲ နဲ့ကောက်ထု လိုက်ပါလေရောလား။ နဖူး အာလူး သီးကြီး ကို အုပ်ပြီး အောင်သွယ်တော် ဘသိန်း က စပ်ဖြဲဖြဲ နဲ့ နောက်ကြောင်းပြန်လှည့်ပြေးလာခဲ့ပါတယ်။ 

အဲ့ဒီည က လမ်းမတော် ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ဇာတ်မင်းသား ရွှေကျီညို၊ ရုပ် ရှင် မင်းသား ကျော်စိုး တို့ နန်းသီတာ ဆိပ်ကမ်းက သင်္ဘော တစ်စီး ပေါ်မှာ လေညှင်းခံရင်း အရက်သောက်ခဲ့ရာမှ အမူးလွန်သွားခဲ့ပါတယ်။ ခင်မောင်ရင် ကား နဲ့ ဖိုးတုတ် ကို အိမ်အထိ လိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွားပါတယ်။ မနက်မိုးလင်းတော့ အခန်း တံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမ တစ်ယောက်ကို အတင်းဆွဲခေါ် လာပြီး ဖိုးတုတ် အခန်းထဲ အတင်း တွန်းပို့တော့ပါလေရော။

“ဟေ့ ကောင်တွေ ဒါဘာလုပ်တာလဲ"
“အကိုပဲ ညက မသင်းမြကို မရရင် သေတော့မယ်ဆို.. အဲ့ဒါ နဲ့ ကျုပ်တို့ စီမံလာပေးတာ” ဘသိန်း က ပြောပြော ဆိုဆိုနှင့် တံခါး ကို ဆွဲပိတ် လိုက်ပြီး အပြင်က သော့ခတ် လိုက်ပါတော့တယ်။ (အမှန် က မင်းသား ခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ် ကို လိုက်ပို့ရင်း ကနေ ဖိုးတုတ် ညီ နဲ့ တပည့် တွေကို မင်းတို့အကိုတော့ မသင်းမြ ကို မရရင် နန်းသီတာဆိပ် က ခုန်ချမယ် လုပ်နေလို့ မူးအောင် တိုက်ပြီး ပြန်ခေါ် လာတာ ဆိုပြီး သရုပ်ဆောင်ပြ သွားတာကို တပည့်တွေက အတည်ထင်ပြီး အခုလို လုပ်ပေးလိုက်ကြတာပါပဲ)

ဖိုးတုတ် တပည့်တွေကို ဒေါသထွက်သလို မသင်းမြ ကို အားနာနေသည်။ မသင်းမြ က ငိုယိုနေတာ မြင်ရတော့ သူ စိတ်မကောင်း။ ပြီးတော့ မသင်းမြ အမေတွေက သူ့အမေ ရဲ့ ကျေးဇူးရှင်တွေ။ အခုတော့ ဘသိန်းနဲ့ တပည့်တွေကြောင့် အမေ မျက်နှာပျက် ရတော့မည်။ မသင်းမြ က ဖိုးတုတ် ကို ဆဲသည်။ ဖိုးတုတ် က ရှင်းပြ သည်။ တစ်ကယ်တော့ ဘသိန်းနှင့် တပည့်များက မသင်းမြ အိမ်ကနေ ဈေးကို အထွက်မှာ ကားပေါ်တင် ဆွဲလာ ခဲ့ခြင်းတဲ့။ 

ရန်ကုန်တစ်မြို့လုံး လွှမ်းမိုးနေသည့် ဖိုးတုတ်။ ဒုစရိုက်သမားတိုင်း ဦးညွှတ်ရသော ဖိုးတုတ်။ အသက် အရွယ်နှင့် ဥစ္စာပစ္စည်း ရှိသော သူဌေးလေး ဖိုးတုတ်။ သေရဲ၊ သတ်ရဲ၊ ရိုက်ရဲ လူမိုက်ကြီး ဖိုးတုတ်။ အခုတော့ မသင်းမြ ကို တောင်းပန် စကားတွေ တစ်တွတ်တွတ် ဆိုနေရှာသည်။ မသင်းမြ ကလည်း လူမိုက်တွေ ပေါများ လှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေချည်း ဈေးရောင်း စားနေရသည့် ဘ၀ က မလုံခြုံ။ ဖိုးတုတ်နှင့် ပတ်သက် မိလျှင် မိမိ မိဘ အသိုင်းအ၀ိုင်း အားလုံးကို ဘယ်သူမှ မတို့ ရဲ မထိရဲသည့် လုံခြုံမှု ရလာနိုင်သည် ကိုတွေးမိ သွားတယ် ထင်ပါရဲ့…။ အဲ့ဒီ အခန်းလေးထဲမှာ ဖိုးတုတ် လူပျို ဘ၀ တစ်စခန်း သိမ်းသွားတော့သည်။


ဖိုးတုတ် အတု (သို့) လမ်း (၃၀) ဖိုးတုတ်

မင်္ဂလာဆောင်ခါနီး ပျော်ရွှင်နေသော လမ်းမတော် ဖိုးတုတ် ဒေါသ ထွက်နေပါတယ်။ သားလုပ်သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပု က အခု နာနာကြည်းကြည်းနှင့် လာပြောသွားတဲ့ စကားက…..ဖိုးတုတ် ကို ယမ်းမီးပုံ ကျစေပါတော့ တယ်။ “ ဖိုးတုတ် နင် လူမိုက် ရုံတင် မကတော့ဘူး။ လူလိမ် လူယုတ်မာဖြစ်နေပြီ။ ငါတို့ ဈေးရောင်းစားလာ တာ။ တစ်သက်လုံး သူတစ်ပါး ပစ္စည်းကို မလိမ် မညာ ခဲ့ဘူး။ နင့် ကျမှ တစ်ဈေးလုံး ဟိုးဟိုးကျော် ကလိမ် ဖိုးတုတ်ဖြစ်နေပါလားဟဲ့ ” တဲ့။ 

တပည့်တွေကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည်။ သိမ်ကြီးဈေး နဲ့ လသာ တစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့ နာ မည်နဲ့ ကုန်တွေ မှာပြီး နယ်ပို့သတဲ့။ ပြီးတော့ ကုန်သည်တွေကို ပိုက်ဆံ မရှင်းပဲ ဗြောင်လိမ်သည်။ ကုန် သည်တွေ ခမျာလည်း ဖိုးတုတ် ဆိုသည့် နာမည်ကြားသည်နှင့်ပင် သွားမတောင်း ရဲတော့ချေ။ ဖိုးတုတ် ဓါးဆွဲပြီး ဆင်းလာခဲ့သည်။ အဲ့ဒီ ဖိုးတုတ်က ဘယ်သူလဲ။ 

ကြာကြာ မစုံစမ်းရ..လမ်းမတော် ဖိုးတုတ်တော့  မဟုတ် လမ်း (၃၀) ဖိုးတုတ် တဲ့။ ပွဲစား ဖိုးတုတ် လို့ လဲ ခေါ် သတဲ့။ လမ်းမတော် ဖိုးတုတ် တစ်ယောက် လမ်း (၃၀) ဖိုးတုတ်ကြောင့် ဒေါသ ထွက်ရပြီ။ မကြာမီ ဖိုးတုတ် တပည့်တွေ လက်ထဲမှာ ယက်ကန် ယက်ကန်နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါတော့တယ်။ လမ်း မတော် ဖိုးတုတ် ကို အထင်သေးသည့် အမူအယာဖြင့် လမ်း (၃၀) ဖိုးတုတ်က ကြည့်လိုက်သည်။

"ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ်လို့ ဒီလိုခေါ်လာတာလဲ .. သေချင်လို့လား”
လမ်း (၃၀) က ဟောက်သည်။ လမ်းမတော် က ရယ်သည်။

“ကျုပ် နာမည် ဖိုးတုတ် ဗျ။ ဖိုးတုတ်… ခင်ဗျားကြားဖူးတယ် မှတ်လား” လမ်း (၃၀) က ထပ်ဟောက်သည်။

“အေး မင်းက ဖိုးတုတ် ဆို ရော့.."


လမ်းမတော် ဖိုးတုတ် ကိုင်နေကျ မူလီခေါင်းတပ် ကြိမ်လုံး က လမ်း (၃၀) ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည်။ လမ်း (၃၀) ဖိုးတုတ် ခွေသွားသည်။


"ခင်ဗျား ဘယ်သူလဲ..ကျုပ်အကြောင်း မသိသေးဘူး ထင်တယ်”
"အေး..မင်း ငါ့ကို သိက္ခာချတယ်..လူလိမ်..ခွေး”
“ကျုပ် အလုပ် ကျုပ်လုပ်တာ ခင်ဗျားကို ဘာသိက္ခာချနေလို့လဲ"
လမ်း (၃၀) ဖိုးတုတ် ကလည်း…….ပြန်ခံပက်သည်။

"မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ”
ဒီတော့မှ လမ်း (၃၀) ဖိုးတုတ် ခေါင်းနပန်းကြီးသွားပါတော့တယ်။ သွားပြီ သူ့ဘ၀။
“မင်း လိမ်ထားတာတွေ (၃) ရက် အတွင်း ပြန်ပေး..မပေးရင်………………”

လမ်းမတော် ဖိုးတုတ် စကားမဆုံးလိုက်သလို လမ်း (၃၀) ဖိုးတုတ်လည်း စကားပြောခွင့် မရလိုက်ပါ။ မူလီခေါင်းတပ် ကြိမ်လုံး က လမ်း (၃၀) ဖိုးတုတ် ခေါင်းပေါ် အချက်ပေါင်း များစွာ ကျရောက် လာပါတော့တယ်။ (၃) ရက်မြောက်နေ့တွင် လမ်း (၃၀) ဖိုးတုတ် သည် သူ့ အိမ်ကို ရောင်းချ ပြီး အကြွေးများ ချေသွားပါတော့တယ်။

ဖိုးတုတ် ကို နိုင်တဲ့သူ ပေါ်ပြီ

လမ်းမတော် ဖိုးတုတ်.. မသင်းမြ နဲ့ မင်္ဂလာဆောင် အပြီးမှာတော့ ဖိုးတုတ် ကို နိုင်တဲ့သူ ပေါ်လာခဲ့ပါပြီ။  ဟုတ်ပါတယ်။ သူကတော့ ဖိုးတုတ် ရဲ့ ချစ်လှစွာသော ဇနီး မသင်းမြ ပါပဲ။ အိမ်ပေါ်တွင် အရင်လို တပည့်တွေ ဘော်ဒါတွေနှင့် အရက်ဝိုင်း ဖွဲ့မသောက်ရ။ တစ်ခြား မိန်းမတွေ မခေါ်တင်ရ။ ၀က်သား မစားရ။ လူမိုက် ကြီး လမ်းမတော် ဖိုးတုတ် ဒီဥပဒေတွေကို နာခံရသည်။ 

လမ်းမတော် ဖိုးတုတ် ကို ပြောချင်ဆိုချင်သည့် ကိစ္စများအတွက် မသင်းမြ ကို သွားကပ်ရတဲ့သူတွေ တောင်ရှိလာပါတော့တယ်။ တစ်ခါတော့ လမ်းမတော် ဖိုးတုတ် နှင့် လမ်းမတော် အင်စပက်တော် (၁) ဦးတို့ လသာ လမ်းရှိ တရုတ် ထမင်းဆိုင် တစ်ခုတွင် သွားစားကြပါတယ်။ ဖိုးတုတ် တို့က ဟင်းရည် ထပ်တောင်းသည့် အခါ ဆိုင်ရှင်နှင့် စကားများကြပါတယ်။ 

ဆိုင်ရှင် တရုတ် ကလည်း လမ်းမတော် ဖိုးတုတ် မှန်းမသိပါဘူး။ လမ်းမတော်ဖိုးတုတ်က ငွေရှင်းဖို့ တရုတ်ထမင်းဆိုင်ရှင် ရှိရာ ကောင်တာကို လှမ်းခေါ်တဲ့ အခါ ဆိုင်ပိုင်ရှင် တရုတ်က အလုပ်သမား ရှိတယ် ငါဆိုင် ရှင်ကွ။ မင်းဘာကောင်လဲ ဆိုပြီး ရင့်ရင့် သီးသီး ပြောလာပါ တော့တယ်။ ဖိုးတုတ် က ကောင်တာကို ထသွားပြီး ဆိုင်ရှင် မျက်နှာ ကို လက်သီး နဲ့ ထိုးလိုက်ပါတယ်။ အဲ့ဒီမှာ ဆိုင်ရှင် တရုတ် ကလည်း တုတ်နှင့် ရိုက် ရန် ပြေးထွက်လာပါတော့တယ်။

ဖိုးတုတ် က ခါးကြားက ဓါးကို ထုတ်လိုက်ပေမယ့်..အတူပါလာတဲ့ ပုလိပ် အရာရှိက ဆွဲခေါ်သွားလို့ လှည့်ပြန် ခဲ့ရပါတယ်။ ဆိုင်ပိုင်ရှင် လည်း နောက်ပိုင်းမှ လမ်းမတော် ဖိုးတုတ် မှန်းသိလို့ တော်တော် ထိတ်လန့် သွားပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ သူတို့ဆရာကို မလေးမစား လုပ်ရကောင်းလား ဆိုပြီး ဒီကိစ္စကို သိသွားတဲ့ ဖိုးတုတ် တပည့်တွေက ဒေါသူပုန်ထကြပါတယ်။ အထူးသဖြင့် လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ပါ။ 

သူ့နယ်မြေထဲမှာ သူ့ဆရာ ဖိုးတုတ် မလေးမစား လုပ်ခံရသည် ဆိုက တည်း က သောင်းရီ ဒေါသ အလိပ်လိုက် ထွက်လာပါတော့တယ်။ ပြီးတော့ ကိုဖိုးတုတ် သူ့ကို ငြိုးမည်ကို သူကြောက်သည်။ ဒီတော့ နောက်တစ်နေ့ မှာပဲ စံဘသောင်းရီ တို့အုပ်စု တရုတ် ထမင်းဆိုင်ကို ၀င်ရောက် ဖျက်ဆီး ပါတော့တယ်။ ဆိုင်ပိုင် ရှင် တရုတ် ကိုလည်း ကြေးအိုး ပြုတ်သည့် အိုးထဲ လက်ထည့်နှစ် သည့် အထိ လုပ်ခဲ့ကြသည်။ လူမိုက်တို့၏ နှိပ်စက်မှုကြောင့် ဆိုင်ရှင် တရုတ် ရန်ကုန်ဆေးရုံ တင်လိုက်ရ ပါတော့တယ်။

အင်္ဂလိပ် အစိုးရပိုင်း အထိပေါက်နေသော ဆိုင်ရှင် တရုတ်၏ ဆွေမျိုး များက ဖိုးတုတ် ၏ ဇနီး မသင်းမြ ထံ လာရောက်ပြီး ဖိုးတုတ် အား ကူညီ ထိန်းသိမ်းပေးရန် လာရောက် အသနားခံသွားကြပါတယ်။ မသင်းမြ နှင့် ဖိုးတုတ် ရန်ဖြစ်ကြသည်။ နောက်ဆုံး ကွဲမည် ကွာမည် အထိ ဖြစ်လာတော့ ဖိုးတုတ် ညီ ဖူးစာရှင် ဘသိန်းက ဖိုးတုတ် လေးစားရတဲ့ ငယ်ဆရာကြီးများဖြစ်တဲ့ ဦးဆင်၊ ဦးသင်၊ ဦးအောင်ဒွန်း၊ လမ်းမတော် ဘုံကျောင်း ဆရာ ဘောမျိုးရှူး တို့ကို သွားခေါ်ရပါတော့တယ်။ 

လူကြီးတွေ ဆုံးမတော့ ဖိုးတုတ် နာခံရှာသည်။ အထူးသဖြင့် “လူမိုက် မယား သောကများ” ဆိုသည့် စကားကို ဖိုးတုတ် နာခဲ့သည်။ မသင်းမြ ကို တောင်းပန်တော့ မသင်းမြ က လမ်းမတော် ဖိုးတုတ်ကို ဘာသာရေး ကိစ္စ ဘက် အားစိုက်ရန် တိုက်တွန်းတော့သည်။ လူမိုက်ကြီး ဖိုးတုတ် ကျွတ်တန်းဝင်မည်လား။


ဆိပ်ကမ်း အထိကရုဏ်း

၁၉၃၈ ခုနှစ် ရန်ကုန် ဆိပ်ကမ်းတွင် အိန္ဒိယ ကူလီများ လုပ်ခ တိုးပေးရေး သပိတ်မှောက်ကြသည်။ ထိုခေတ် က ရန်ကုန် ဆိပ်ကမ်းတွင် ဗမာ လူမျိုး ကူလီများ အလုပ် လုပ်ခွင့် မရကြ။ ကူလီခေါင်း နာရရမ်းဆင် က ဆိပ်ကမ်း အာဏာပိုင်များနှင့်ပေါင်းပြီး ကြီးစိုးထားပါတယ်။ အိန္ဒိယ ကူလီတွေ သပိတ်မှောက်လိုက်တဲ့ အ တွက် ရန်ကုန် ဆိပ်ကမ်း လုပ်ငန်းရှင်တွေ အတွက် အကြီးအကျယ် ဂယက်ရိုက် စရာဖြစ်လာ ပါတော့တယ်။

 နဂိုကတည်းက နရရမ်းဆင် ကို အငြိတိုက်ဖို့ ကြံရွယ် ထားတဲ့ ဖိုးတုတ် အတွက်တော့ အခွင့်အရေး ဖြစ်လာခဲ့ပါတော့တယ်။ လမ်းမတော် ဖိုးတုတ် က သူ့တပည့်တွေကို စုဝေးပြီး ရန်ကုန်မြို့ထဲ ကူလီ လုပ်ချင်တဲ့ မြန် မာလူမျိုး အလုပ် လက်မဲ့တွေကို စုဝေးစေခဲ့ပါတယ်။ ပြီးတော့ ဆိပ်ကမ်း အာဏာပိုင် နဲ့ သွားရောက်တွေ့ ဆုံပြီး သပိတ်မှောက်နေတဲ့ ကူလီတွေ အစား ဗမာ ကူလီတွေ က အလုပ်ဝင် နိုင်ကြောင်း သွားရောက် ညှိနှိုင်း ပါတော့တယ်။

ဆိပ်ကမ်း အာဏာပိုင်တွေ နဲ့ ကုန်သည်ကြီးတွေက ၀မ်းသာ အားရ သဘောတူပြီး ဗမာ ကူလီတွေကို ချက်ချင်း အလုပ်ဆင်းခိုင်း ပါတော့တယ်။ ဒီလို နဲ့ ကြာကြာ သပိတ်မှောက် မနေနိုင် တော့တဲ့ အိန္ဒိယ ကူလီ တွေ က သပိတ် လှန်ပြီး လုပ်ငန်းပြန် ၀င်တဲ့အခါ ဗမာ ကူလီတွေနဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။ အဲ့ဒီ ဂယက်ကစပြီး မြန်မာပြည် အနှံ့ ကုလား - ဗမာ ရိုက်ပွဲတွေ ဖြစ်ကုန်ပါတော့တယ်။ အလုပ် ရဖို့ ကူညီပေး ခဲ့တဲ့ လမ်း မတော် ဖိုးတုတ်ကို ဗမာ ကူလီတွေက တစ်နေ့ကို ငွေ (၃၀၀) ကျပ်နေ့စဉ် ပေးနေရတဲ့ အချိန်ပါ။ ကျေးဇူးခံ ကျေးဇူးစား ဆိုတဲ့ အလျောက် ဖိုးတုတ်နဲ့ သူ့တပည့် လူမိုက်တွေ ကုလား - ဗမာ အဓိကရုဏ်း ထဲ ပါဝင် လာခဲ့သည် ။


မစ္စတာ စကော့ဘရောင်းနှင့် See You Next Time

ကုလား - ဗမာ အရေးအခင်း ပြီးခါစ ၁၉၃၈ နှောင်းပိုင်းမှာ သာယာဝတီ ဒီစတြိတ်မှ နာမည်ကျော် ရာဇ၀တ်ဝန် (ယခုခေတ် ခရိုင်ရဲမှူး အဆင့်) ရှိ အင်ဂလိုအိုင်းရစ် လူမျိုး မစ္စတာစကော့ဘရောင်း သည် ရန်ကုန် အနောက်ပိုင်း ရာဇ၀တ်ဝန် အဖြစ် ပြောင်းရွေ့လာ ပါတော့တယ်။ 

ဘရောင်းသခင် လို့ ခေါ်ကြတဲ့ ရာဇ၀တ်ဝန်ဟာ အင်မတန်မှ လူဆိုးလူမိုက် ပေါများခဲ့တဲ့ သာယာဝတီ ဒီစတြိတ် မှာ အရက်စက်ဆုံးလို့ နာမည်ကြီးခဲ့သူပါ။ ဆရာစံ အရေးအခင်း ကာလ ဖားရွှေကျော် တိုက်ပွဲအပြီးမှာ လယ်သမား ခေါင်းတွေကို ကိုယ်တိုင်ဖြတ်ခဲ့ သူလို့လည်း ကျော်ဇောပါတယ်။ တစ်ည မှာတော့ ရာဇ၀တ်ဝန် မစ္စတာဘရောင်းနှင့် လမ်းမတော် ဌာနအုပ် ကိုခင်မောင် တို့ လမ်းမတော်မြို့နယ် အတွင်း နယ်မြေ အခြေအနေ လှည့်လည်ကြည့်ရှု နေချိန် ဖိုးတုတ် တို့ အဖွဲ့နဲ့ တိုးပါတော့တယ်။ 

ကုလားဗမာ အရေးအခင်းပြီးခါစ ဖြစ်သည့်အတွက် လမ်းမတော် ရပ်ကွက်ငြိမ်ဝပ်ရေး အတွက် ဖိုးတုတ် နဲ့ သူ့ တပည့်တွေက ဘုန်းကြီး လမ်းထိပ်မှာ ကြက်ကာလသားဟင်းချက် အရက် ၀ိုင်းဖွဲ့ရင်း ကင်းစောင့်ပေးနေ ကြပါတယ်။

မစ္စတာဘရောင်း က ကားကို ရပ်လိုက်ပြီး အချိန်မတော် ဘာတွေ လုပ်နေတာလဲ လို့ မေးပါတယ်။ ဖိုးတုတ်က ကင်းစောင့်ပေးနေ တာဖြစ်ကြောင်းပြန်ဖြေတော့.. ဒါ နင်တို့ အလုပ်မဟုတ်ဘူး ငါတို့အလုပ် ဟု ပြောဆိုပြီး ကင်းသမားတွေ ချက်စားနေတဲ့ ဟင်းအိုး ထမင်း ပန်းကန် တွေကို ဆောင့်ကန် သွားပါ တော့တယ်။ ပြီးတော့ ဖိုးတုတ် ရင်ဘတ် ကို စောင့်ဆွဲပြီး “ See You Next Time ” နောက်တစ်ကြိမ် ပြန်ဆုံမယ် လို့ ပြော သွားပါတယ်။ 

လမ်းမတော်ဌာနအုပ် ကိုခင်မောင် က တော့ လမ်းမတော် ဖိုးတုတ်နဲ့ ရင်းနှီးသူဖြစ်တဲ့ အတွက် အားနာ နေရှာပါတယ်။ နောက်(၅)ရ က်ခန့် အကြာမှာတော့

တာမွေမြင်းပြိုင်ကွင်း အတွင်းသို့ ကား အနက်တစ်စီး ထိုးဝင်လာသည်။ အချိန်ကား ည (၁၀) နာရီ။ ကားပေါ် တွင်တော့ အရပ် (၅) ပေ၊ (၁၀) လက်မခန့် ရှိ အနောက်ပိုင်း ရာဇ၀တ်ဝန် မစ္စတာ စကော့ဘရောင်း နှင့် ပုလိပ်သား (၂) ယောက်၊ ပုလိပ်သား (၂) ယောက်ကြားမှာ လမ်းမတော် ဖိုးတုတ် ပါလာပါသည်။ ကားကို ထိုးရပ်လိုက် သည်နှင့် မစ္စတာဘရောင်း က လမ်းမတော် ဖိုးတုတ် ကို ကားပေါ်မှ ဆွဲချပြီး အဆဲ မျိုးစုံ ဆဲကာ ထိုးကြိတ် ကန်ကြောက် ပါတော့တယ်။ 

အတူပါ လာတဲ့ ဌာနအုပ် ကိုခင်မောင် နဲ့ ပုလိပ် သား (၂) ယောက်က လမ်းမတော် ဖိုးတုတ် အကြောင်း သိသဖြင့် ဘာမှ ၀င်မလုပ်ရဲကြ။ မစ္စတာဘရောင်း လုပ်သမျှ ဖိုးတုတ်က ခံနေသည်။ လဲကျသွားသော ဖိုး  တုတ် အပေါ်မှ တက်ခွကာ ဖိုးတုတ် ၏ နှုတ်ခမ်းမွှေး များကို ဆွဲနှုတ်ရာ ဖိုးတုတ်နှုတ်ခမ်း မှ သွေးများပါ   ထွက် လာပါတော့တယ်။ 

ဖိုးတုတ်နှင့် ခင်မင်သူ ဌာနအုပ် ကိုခင်မောင် က ဒီကိစ္စကို လုံးဝ မကျေနပ်။ ဒါပေမယ့် အထက်အရာရှိ မျက်နှာဖြူဖြစ်နေပြန်တော့ စိတ်မကောင်းရုံမှ တစ်ပါး ဘာမှ မတတ်နိုင်။

နောက် (၃) ရက်ခန့် အကြာမှတော့… ည (၉) နာရီခန့် ဘုရင်ခံ အိမ်တော်မှ ကင်း စစ်ဆေးပြီး (၆) မိုင် ရှိနေအိမ်သို့ ပြန်လာသည့် ရာဇ၀တ်ဝန် မစ္စတာဘရောင်း ၏ ကားရှေ့တွင် လူ (၃) ယောက်က ပိတ်ရပ် လိုက်ကြ သည်။ မစ္စတာဘရောင်း က ကားပေါ်က ဆင်းရန်ပြင်လိုက်စဉ်တွင်ပင် ထိုလူ (၃) ယောက်က ပြေးလာပြီး ဇာဝီ တုတ်များဖြင့် ၀ိုင်းရိုက်ကြပါတော့ တယ်။ သွေးအလူး လူး ဖြစ်နေတဲ့ မစ္စတာဘရောင်း လမ်းမပေါ် မှာပဲ သတိလစ်သွားပါတော့တယ်။ 

မစ္စတာဘရောင်း ကိစ္စတွင် ပုလိပ် ဌာနမှ လမ်းမတော် ဖိုးတုတ် ကိုခေါ်ယူ စစ်ဆေးခဲ့သော်လည်း ထိုညတွင် ဖိုးတုတ် သည် လမ်းမတော်မြို့နယ် အမတ် တစ်ဦးနှင့် အတူ ကမ်းနားလမ်းတွင် ရှိနေကြောင်း အလီဘိုင် ပြနိုင် ခဲ့သည်။ အဆိုပါပြသနာဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ မစ္စတာဘရောင်း ယောနယ် သို့ ပြောင်းရွေ့သွားရပါ တော့တယ်။ ရန်ကုန် လူမိုက်လောက မှာတော့ ဖိုးတုတ် ဟာ ပြည်ထဲရေး အတွင်းဝန် အထိ ပေါက်ရောက် တယ် လို့ သတင်းကြီး ကျန်ခဲ့လေရဲ့……။

ဖိုးတုတ်နှင့် လွတ်လပ်ရေး အတွက် တစ်ထောင့်တစ်နေရာ

ဖိုးတုတ် အမ၀မ်းကွဲ မမြရီ က သတင်းစကားတစ်ခု ပါးလာပါတယ်။ သခင်အောင်ဆန်း တို့ ဂျပန်ပြည်မှာ စစ် ပညာ သင်ပြီး ပြန်အလာ ယိုးဒယားမှာ စရိတ်ပြတ်ပြီး ၀မ်းတွေ လျောနေကြတယ်။ မကြာခင် ဗမာလွတ်လပ်ရေး တပ်မတော်ဖွဲ့မယ်။ အဲ့ဒီ အတွက် ငွေလိုနေတယ်။ တို့ဗမာ အစည်းအရုံးက သခင်တွေ မမြရီတို့အိမ်မှာ အလှူခံရင်း လာတည်းနေတယ်တဲ့။ ဖိုးတုတ် ချက်ချင်းပဲ မမြရီ တို့အိမ်လိုက်ရင်း သခင်တွေနှင့် တွေ့ပြီး ငွေ (၅၀၀၀) လှူလိုက်သည်။ 

ထိုခေတ်က ငွေ (၅၀၀၀) က အမတ် တစ်ဦး၏ လစာနှင့် ညီမျှသည်။ နောက်ထပ်လည်း ရံပုံငွေ လိုအပ်ပါက မမြရီ က တစ်ဆင့် ဆက်သွယ်ဖို့ သခင်တွေ ကို အထပ်ထပ် မှာ ခဲ့ပါတယ်။ တစ်ကယ်လည်း ငွေကြေးတွေ လှူဒါန်းခဲ့ပါတယ်။ သခင်တွေ ကတော့ တို့ဗမာ အစည်းအရုံး အတွက် ရဲဘော် (၃) ကျိပ် အတွက် ငွေသောင်း ဂဏန်းအထိ လှူဒါန်းခဲ့သည့် သူမှာ နာမည်ကျော်လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် ဆိုတာ သိရတဲ့ အခါမှာတော့ ပါးစပ် အဟောင်သား ကျန်ခဲ့ပါတော့တယ်။


ဖိုးတုတ် နှင့် လူမှားတဲ့ဓါး

လမ်းမတော် ဖိုးတုတ် ထက် စီနီယာ ကျခဲ့ပေမယ့် နောက်ပိုင်း  လမ်းမတော် ဖိုးတုတ် ရဲ့ တပည့် ဖြစ်ခဲ့ ရတဲ့ ကြည်မြင့်တိုင်လူမိုက် ကြက်ကျား အသတ်ခံရပါတယ်။ တစ်ပတ်အကြာမှာပဲ ကြည်မြင့်တိုင် ဆက်ဆန်းရပ်ကွက်က ပြည့်တန်ဆာ အိမ်တစ်ခုမှာ ဖိုးတုတ်ရဲ့ အချစ်ဆုံး တပည့်တွေထဲ ပါတဲ့ ကမ်းနားလမ်း ငညွန့် အသတ်ခံ ရပါတယ်။ 

ပုလိပ်က တရားခံ စုံစမ်းဆဲမှာပဲ ဖိုးတုတ် တပည့်တွေဆီက သတ်တဲ့သူကို စုံစမ်းလို့ရလာပါတယ်။ ကြက်ကျား ကိုရော ငညွန့်ကို ပါ သတ်တာက ကြည်မြင့်တိုင် ကမ်းနား က နောက်ပေါက် လူမိုက် ဂန်ဂယား ပါ။ ဖိုးတုတ် တပည့်တွေ ကို ရွေးသတ် ခဲ့တဲ့ ဂန်ဂယား ဟာ ဖိုးတုတ်ကို စိန်ခေါ်တာပါပဲ။ ဒီတစ်ခေါက်တော့ ဖိုးတုတ် ဂန်ဂယား နေတဲ့ ဆက်ဆန်း ရပ်ကွက်ထဲကို ဓါးရှည် တစ်လက် ခါးကြားထိုးပြီး ၀င်သွားပါတယ်။ ဖိုး တုတ်ရဲ့ လက်စွဲ လသာလူမိုက် ဂန္ဒမာ ဆောင်းရင် ကတော့ ဖိုးတုတ် ရဲ့ မလှမ်းမကမ်းကနေ ဓါးရှည် တစ်လက်လွယ်ပြီး ပါလာ ပါတယ်။

ဂန်ဂယားနေတဲ့ ကြည်မြင့်တိုင် ဆက်ဆန်းထဲက ပြည့်တန်ဆာတွေရှိတဲ့ ဂိုထောင် တွေရှေ့မှာ ဖိုးတုတ်ရပ်ပြီး ဂန်ဂရားကို မေးပါ တယ်။ ဂန်ဂယား ရှိနေတဲ့ ဂိုထောင် အပြင်ကနေ ဖိုးတုတ် စိန်ခေါ်ထုတ် ပါတော့တယ်။ ဂိုထောင်က မှောင်မဲနေတဲ့ အတွက် ခေါ်ထုတ်ရခြင်းပါ။ ဂန္ဒမာဆောင်းရင် ကလည်း ဖိုးတုတ်ဘေးမှာရပ်နေပါတယ်။ 

ရုတ်တရက် ဂိုထောင် အမှောင်ထဲကနေ တစ်စုံတစ်ယောက် ပြေးထွက် လာတာနဲ့ ဖိုးတုတ် က ဂန်ဂယား အမှတ်နဲ့ (၂) ချက် တိတိ ပိုင်းချ လိုက်ပါတယ်။ နောက်ထပ် တစ်ယောက် ထပ်ထွက် အလာမှာ ဂန္ဒမာဆောင်းရင် က ထပ်ပိုင်းချလိုက်ပါတယ်။ နှစ်ယောက်လုံး ညည်းသံ သဲ့သဲ့ကြားပြီး အသက်ထွက်သွားတော့မှ နောက်က ပါလာတဲ့ ဖိုးတုတ် တပည့်တွေ က အလောင်းဖျောက်ဖို့ ရောက်လာကြပါတော့တယ်။ 

ဓာတ်မီးခြစ် အလင်းရောင် အောက်မှာ ကြည့်တော့မှ ဖိုးတုတ် ပိုင်းချလိုက်တာ ကုလားမလေး တစ်ယောက်ပါ။ ဆောင်းရင် လက်ချက်မိ သွားတာကမှ ဂန်ဂယားပါ။ တပည့်တွေ ပြောတော့မှ ကြည်မြင့်တိုင် ကမ်းနားမှာ ကျင်လည်နေတဲ့ ရှာမီဒါ ဆိုတဲ့ ပြည့်တန်ဆာ မလေးတစ်ယောက်မှန်း ဖိုးတုတ်သိလိုက်ရပါတယ်။ 

အသင့်ပါလာတဲ့ ဂုန်နီအိတ်ထဲ အလောင်းတွေနဲ့အတူ မော်တော်ကား အင်ဂျင်တုံး အစုတ်ကြီး တစ်ခုကို ထည့်ပြီး ဖိုးတုတ် တပည့်တွေက ရန်ကုန်မြစ်ထဲ ပစ်ချလိုက်ပါတော့တယ်။ အဲ့ဒီ ရှာမီဒါ ဟာ ဖိုးတုတ်ကို နောက်ဆုံး ထွက်သက်အထိ ဒုက္ခလိုက်ပေး ခဲ့မယ်မှန်း ဖိုးတုတ် သိခဲ့လျှင်ဖြင့်။

ဖိုးတုတ် နှင့် အချုပ်
အမည် - ဖိုးတုတ်
မိဘအမည် - ဦစံညိမ် ၊ ဒေါ်ချစ်ပု
မွေးသက္ကရာဇ် - မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်
မွေးရာဇာတိ - ဟံသာဝတီဒီစတြိတ် ၊ ကမာစဲကျေးရွာ
မွေးချင်း - (၅)ယောက် ၊ ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊ မမလေး(အစ်မ)၊ ဘသိန်း(ညီ)
အလုပ်အကိုင် - ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာ လုပ်ခဲ့ဖူး ၊ အငြိမ့်ကားမောင်း လုပ်ခဲ့ဖူး

ဗဟန်းဂါတ် အတွင်း ဌာနအုပ် ဦးစံထွန်းရင် ၊ လသာလမ်း ဌာနအုပ် မစ္စတာဗောဘရေး တို့မှ ဖိုးတုတ် ၏ ကိုယ်ရေး မှတ်တမ်းအား စစ်ဆေးနေ ခြင်းဖြစ်ပါတယ်။ ဖိုးတုတ် အချုပ်ထဲရောက်ပါပြီ။ အမှုက လူသတ်မှု။  သေဆုံးသူက ဖိုးတုတ် နဲ့ အရင်းနှီးဆုံး ပုလိပ် အင်စပက်တော် ဦးဟုတ်ဂွမ်း……………။

အဲ့ဒီ ညက လမ်းမတော် ဖိုးတုတ်၊ ကမ်းနားလမ်း အုန်းဖေ၊ ထွန်းတင် တို့ လမ်းမတော် အရက်ဆိုင်တွင် ဇာတ် မင်းသား ရွှေကျီးညိုနှင့် ချိန်းထားသဖြင့် အရက်ထိုင် သောက်နေကြပါတယ်။ အချိန်တန်လို့ ရွှေကျီးညို က ရောက်မလာတဲ့အခါ အနားက အငှားကား တစ်စီး ကို ဖိုးတုတ် ကိုယ်တိုင် မောင်းပြီး ရွှေကျီးညို အိမ်ကို လိုက်သွားကြပါတယ်။

 မြေနီကုန်း အရောက်မှာ ပုလိပ် အင်စပက်တော် ဦးဟုတ်ဂွမ်း ကို တွေ့တာနဲ့ အတူတူ အရက်သောက် ခဲ့  ကြပါတယ်။ နောက်တော့ လမ်းမတော် ဖိုးတုတ်တို့ (၃) ယောက်နဲ့ ဦးဟုတ်ဂွမ် တို့ ကားဖြင့် မြို့ပတ်ကြပါတယ်။ ရွှေဂုံတိုင်လမ်းနား အရောက်မှာ ဦးဟုတ်ဂွမ်း က အုန်းဖေ နဲ့ ထွန်းတင် ကို ဘားလမ်း လုယက်မှု တစ် ခုမှာ ပါသည်ဟု စွပ်စွဲ ရာက စကားများပါတော့တယ်။ 

ဦးဟုတ်ဂွမ်း က အုန်းဖေ ကို ဆဲဆိုတဲ့ အခါ အုန်းဖေ က ရင်ဝ ကို ဓါးနဲ့ထိုးစိုက်လိုက်ပါတယ်။ ကားမောင်း နေတဲ့ လမ်းမတော် ဖိုးတုတ်က တားပေမယ့်လည်း နောက်ကျသွားပါပြီ။ ဒါနဲ့ ဖိုးတုတ်လည်း သွေးထွက် လွန်ပြီး ဆန့်ငင် ဆန့်ငင် ဝေဒနာ ခံစားနေတဲ့ ဦးဟုတ်ဂွမ်း ကို ကားပေါ်က ဆွဲချပြီး အနီးအနား လန်ခြား အပျက် တစ်စီးမှ ၀င်ရိုးကို ယူပြီး အဆုံးစီရင် လိုက်ပါတော့တယ်။ 

ထိုခေတ် က ရွှေဂုံတိုင် က လူနေအိမ်ခြေ သိပ်မရှိသေး။ ဦးဟုတ်ဂွမ် အလောင်းကို ခြုံထဲ ပစ်ထားခဲ့လိုက် သည်။ လမ်းမတော် ဖိုးတုတ်၊ အုန်းဖေ နဲ့ ထွန်းတင် တို့ အဖမ်းခံရသည်။ လမ်းမတော် ဖိုးတုတ် က ရှေ့နေ ကြီး ဦးကျော်ဇံ ကို ငှားရမ်းထားခဲ့ပါတယ်။ တရားခွင်မှာ အုန်းဖေ က ဖြောင့်ချက် ပေးသော်လည်း မျက်မြင် သက်သေ မရှိ ဟူသော အကြောင်းပြချက်ဖြင့် ဖိုးတုတ် တို့ အုပ်စု တရားသေ လွတ်ခဲ့သည်။

ဖိုးတုတ် ကိစ္စနှင့် ပတ်သက်ပြီး ပုလိပ်လောက နှင့် တရားစီရင်ရေး လောကအကြား ပြဿ      နာများဖြစ်ပွားခဲ့ပါတယ်။ ပျက်ယွင်းနေသော တရား စီရင်ရေး စနစ် တစ်ခု ၏ အကျိုးဆက် အဖြစ် ဖိုးတုတ်နှင့် တပည့် များ ကြိုး ဒဏ် မှ လွတ်သွားကြပြန်သည်။ ငွေများ အမှုနိုင်ခေတ်ပျက်ကြီးထဲ ဦးဟုတ်ဂွမ်း ဆိုသော ပုလိပ်အရာရှိ တစ်ဦး အတွက် အမှန်တရားသည် နေရာ မရနိုင်ခဲ့ရှာပေ။ 

ဦးဟုတ်ဂွမ်း ကိစ္စပြီး ကတည်းက လမ်းမတော် ဖိုးတုတ် လူမိုက် ဘ၀ ကို စိတ်ကုန်ခဲ့ပါတယ်။ မိတ်ဆွေ အ ရင်း အချာ တစ်ယောက် ကို အရက်ရှိန်၊ တပည့်ဇောများနှင့် သတ်ပစ် ခဲ့မိသည့် အတွက် စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ပုလိပ် အဖွဲ့ များကလည်း ဖိုးတုတ် အမှားကို စောင့်နေကြတော့သည်။ ဘာပဲပြောပြော ဖိုးတုတ် က ဥပဒေ စိုးမိုးရေး ၀န်ထမ်းတွေကိုပါ ထိခိုက်လာပြီ မဟုတ်ပါလား။ 

လမ်းမတော် ရဲစခန်း က ဖိုးတုတ်ကို ရာဇ၀တ် အက်ဥပဒေ ၁၀၉၊ ၁၁၀ အရ ခြေချုပ်ဖြင့် လက်မှတ်ထိုးစေ သည်။ အဲ့ဒီနောက်တော့ လမ်းမတော် ဘိုးတုတ် သရက်တော ဘုန်းကြီးကျောင်းအတွင်း သင်္ကန်းစည်း ပြီး လူမိုက်လောက ကို ခေတ္တ အဆက်အသွယ် ဖြတ်ခဲ့လေတော့သည်။

ဂျပန်ခေတ် ဖိုးတုတ်

၁၉၄၂ နောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဖိုးတုတ် တို့မိသားစု တွံတေး ၀က်ကင်းကျေးရွာ နှင့် ဆိပ်ကြီးရွာတို့တွင် တစ်လှည့်စီ သွား ခိုအောင်း နေပါတယ်။ ဘီအိုင်အေ နှင့် ဂျပန် တပ်များ ရန်ကုန်ကို သိမ်းပြီး သည့် အချိန်မှ ဖိုးတုတ် တို့ မိသားစု အိမ်ပြန်လာ ကြပါတော့တယ်။ ပြန်လာလာချင်း ရဲဘော်သုံးကျိပ် ရဲ့ ဆရာရင်းဖြစ်သလို အဲ့ဒီအချိန်က ဗမာလွတ်လပ်ရေး တပ်မတော် ရဲ့ အကြံပေး ဗိုလ်မှူးကြီး ဆူဇူးကီး (ခ) ဗိုလ်မိုး ကြိုး ကို လမ်းမတော် ဖိုးတုတ်က ဖိတ်ခေါ် ပြီး မြို့တော်ခန်းမ မှာ ဧည့်ခံပွဲလုပ်ပေး ခဲ့ပါတယ်။ 

ရဲဘော်သုံးကျိပ် ကို ငွေကြေး ကူညီပေးခဲ့တဲ့ ဖိုးတုတ် အကြောင်းကို အရင် ရန်ကုန်မှာ နေပြီး မီနာမီကီကန်း အဖွဲ့ထောက်လှမ်းရေး လုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ဆူဇူးကီး က ကောင်းကောင်း ကြားဖူးထား ပါတယ်။
မကြာမီ ဂျပန်စစ် ၀တ်စုံနှင့် မြင်းတစ်ကောင်ကို စီးပြီး မြို့တွင်း လှည့်လည် နေသော လမ်းမတော် ဖိုးတုတ် ကို တွေ့မြင်ရပါတော့ သည်။ အင်္ဂလိပ်ခေတ် လူသတ်၊ လုယက်မှု များတွင် ပါဝင်ခဲ့သော လူမိုက်ကြီး ဖိုး တုတ် သည် ဂျပန်ခေတ် စစ်အုပ်ချုပ်ရေးတွင် ရန်ကုန်မြို့ငြိမ်ဝပ်ပိပြားရေးအတွက် လုံခြုံရေး အရာရှိ ရာထူး ရခဲ့ပါတော့တယ်။

ဂျပန် ၀င်လာပြီး တစ်နှစ်ကျော်သည့် အခါ ရန်ကုန်မြို့ သို့ အင်္ဂလိပ်ခေတ် အရာရှိများ တဖွဲ့ဖွဲ့ပြန်လာ တာနဲ့ အမျှ ဖိုးတုတ် အတွက် နေရာမရှိ တော့ပါဘူး။ ယခင် အင်္ဂလိပ် လက်ထက်က တာဝန် ထမ်းဆောင်သူ များကို ရာထူးပြန် ပေးတဲ့အခါ လမ်းမတော် ဖိုးတုတ် မှာ နဂိုမူလ လူမိုက် အလုပ် ကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတော့တယ်။

ဖိုးတုတ် နေ၀င်ချိန်

၁၉၄၄ ခုနှစ်တွင် လမ်းမတော် ဖိုးတုတ် ၏ သြဇာအာဏာ ကျဆင်းလာပါတယ်။ ဆိုးသွမ်း ရက်စက်ခဲ့သော တပည့် များကိုလည်း ဘီအိုင်အေ စစ်သားများ၊ ဂျပန် စစ်ရဲ များက လက်စတုံး စီရင်နေသည့်အတွက် တပည့်များ သိပ်မကျန်တော့။ စစ်အတွင်း စစ်ပြေးရင်း တပည့်တွေလည်း တကွဲတပြားဖြစ်ခဲ့ရသည်။

 ဒေါက်တာဘမော် က အစိုးရအဖွဲ့အတွင်း အဓိပတိ ဖြစ်လာခဲ့သည်။ လမ်းမတော် ဖိုးတုတ် နေရာတွင် ပုသိမ် ညွန့် ဘဘိုး က နေရာ ၀င်ယူလာသည်။ ပုသိမ်ညွန့် ဘဘိုး ကို ဖိုးတုတ် မယှဉ်နိင်။ ဒေါက်တာဘမော် နန်းရင်းဝန် ဘ၀တွင်လည်း ပုသိမ်ညွန့်ဘဘိုး က အိမ်တော်စောင့် လုပ်ခဲ့သဖြင့် ရင်းနှီးမှုရှိနေသည်။ 

ဘဘိုး က ဂျပန်ခေတ် သာသနာရေး ၀န်ကြီး ဗန္ဒုလ ဦးစိန် ၏ တူဝမ်းကွဲတော်သလို ညာလက်ရုံးလည်းဖြစ်သည်။ လမ်းမတော် ဘိုးတုတ် နေ၀င်ပြီ……။ တစ်ရက်မှာတော့ ဒေါက်တာဘမော် အစိုးရ အဖွဲ့မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် လမ်းမတော် ဖိုးတုတ် ကို ဖမ်းဆီးကာ တရားရုံး တင်ပို့ခြင်း မရှိဘဲ မြောင်းမြထောင်သို့ ပို့ဆောင်ကာ ချုပ်နှောင်ထား လိုက်ပါ တော့တယ်။


ဖိုးတုတ် နိဂုံး

မြောင်းမြထောင် ဆေးရုံကြီး တွင် လူမိုက်ကြီး ဖိုးတုတ် တစ်ယောက် လိပ်ခေါင်းရောဂါ၊ အသဲရောဂါ တို့ဖြင့် အသည်း အသန် ဝေဒနာ ခံစားနေရသည်။ ဘာကိုမှ မကြောက်တတ်ဘူး ဆိုသော လူမိုက်ကြီး အခု တစ်စုံတစ်ရာ ကို ကြောက်နေ သည်။ သေခြင်း တရားနှင့်………….နောက်တစ်ခုက။ ခေတ်ကောင်းစဉ်က ရင်းနှီးခဲ့သည့် ပုလိပ် အင်စပက်တော် ကိုခင်မောင် က ဆေးရုံကို လာကြည့်သည်။

“ကျွန်တော် ဘာကူညီပေးရမလဲ ကိုဖိုးတုတ်"
“ကျွန်တော် သေတော့မှာပါ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်တွေက စပြီး ခြောက်လှန့် နေတာ ရှိတယ်။ အခု ထောင် ထဲရောက်တဲ့ အထိ သူပါလာတယ်။”
"ဘယ်သူလဲ ကိုဖိုးတုတ်..ဘယ်သူက ပါလာတာလဲ”
"ဆက်ဆန်း က ဂန်ဂယား ကို ကျွန်တော်တို့သတ်ခဲ့တုန်းက ကုလားမလေး..သူ..သူ ကျွန်တော့် အချုပ်ခန်းမှာ ညတိုင်း လာငိုတယ်…. အခု ဆေးရုံရောက်တော့ ကျွန်တော့် ကုတင်ခြေရင်းမှာ လာငိုနေ တယ်..သူ့မှာ အပြစ်မရှိပါဘူးဗျာ..”

"ကိုဖိုးတုတ် ခင်ဗျားဘာတွေပြောနေတာလဲ..စိတ်ကို ထိန်းပါဗျာ”
"ဆရာ ဆေးပြင်းလိပ်၊ ထန်းလျက် နဲ့ ကြက်စွပ်ပြုတ်လေး စားချင်တယ်”
ကိုခင်မောင် မျက်ရည်လည်သွားသည်။ တစ်ချိန်က ဘာမထီ လူမိုက်ကြီး ရဲ့ နောက်ဆုံး အချိန်က …..ခရိုင်ရဲဝန်ဖြစ်နေပြီဖြစ်သည့် ကိုခင်မောင် အိမ်ချက်ချင်းပြန်ပြီး ဖိုးတုတ် မှာသည့် အရာတွေကို စီစဉ်ပေးလိုက် သည်။

 ကြက်စွပ်ပြုတ်ကိုသောက်နေရင်းက….
“ဒါတွေ စားရလို့ ဆရာ့ကိုကျေးဇူးတင်ပါတယ်.. တစ်ခုပဲ စိတ်မကောင်းတာ…. ဗမာပြည်လွတ်လပ်ရေး မရသေးဘူး.. ကိုအောင်ဆန်း တို့ကို အားကိုးပါတယ်လို့….. ပြောပေးပါဗျာ”

လမ်းမတော် ဖိုးတုတ် ရဲ့ တောင်းဆိုသံကို ကြားရတော့ ကိုခင်မောင် ရင်ထဲနင့် သွားရသည်။ ၁၉၄၄ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရဲ့ နာမည်ကျော် လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် အသက် (၄၆) နှစ် အရွယ် တွင် မြောင်းမြ အကျဉ်းထောင် ဆေးရုံမှာပင် ကွယ်လွန်ခဲ့ပါတယ်။



Writer : Min Pon Nya
Source :   ဦးဖိုးတုတ် ၏ ညီ ဦးဘသိန်း ဒေါ်ကြင် တို့၏ သမီးဒေါ်ခင်ခင် ၏ ပြောကြားချက်များ အား မှီငြမ်းပြီး မင်းပုည ရေးသားသည်။



No comments:

Post a Comment