Wednesday, November 2, 2016

ဆုတောင်းခြင်း




(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ် မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါ မရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ။


ဗုဒ္ဓဘာသာဝင် တို့သည် အလှူ    တစ်ခုကိုပြုပြီးတိုင်း ဆုတောင်းသည့် အလေ့ ရှိကြသည်။ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ ၏ အရေးပါသော ဘာသာရေး ယဉ်ကျေးမှု တစ်ခုပင် ဖြစ်ပါ သည်။ တောင်းဆိုလေ့ ရှိကြသည့် ဆု အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွား တိုးတက်လိုခြင်း၊ ဘေးအန္တရာယ် ကင်းလိုခြင်းနှင့် ဘဝ လိုအပ်ချက်များစွာ တို့ ဖြစ်ကြသည်။


ထိုသို့ ဆုများစွာကို တောင်းသည့် အခါ တောင်းသော ဆုများ ရရှိသည် များလည်း ရှိသည်။ မရရှိကြ သည်များလည်း ရှိပါသည်။ ဗုဒ္ဓဘာသာတွင် သာမန် ချမ်းသာမှ အစပြု၍ ဘုရား အဖြစ်တိုင်အောင် ဆုတောင်းမှုကို ရှေးဦးစွာပြုရကြောင်း၊ ပြီးလျှင် တောင်းသည့် ဆု အလျောက် လိုအပ်သည့် ပါရမီများကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင် ညွှန်ပြထား ပါသည်။


ဘုရား အဖြစ်တိုင်အောင် ဆုလာဘ်များကို ဆုတောင်းရုံ သက်သက်ဖြင့် ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆိုထားခြင်းမရှိပါ။


ဗုဒ္ဓ ရှင်တော် လက်ထက်က လူ ပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမ တို့ ဘုရားရှင်ထံ  တွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများ အထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့် တပည့်သံဃာတော်များက တောင်းသော ဆုများ ပြည့်စုံကြပါစေဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရသည်။


ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် တရား အရှည်ကို ဟောလေ့ မရှိဘဲ တောင်းသော ဆုများ၊ လိုအပ်သော ဆုများ လပြည့်ည တွင် ထွက်ပေါ်သော ရွှေလမင်းကြီး ကဲ့သို့ ဝင်းဝင်း ပပ ပြည့်ဝ ကြပါစေဟု ဆုကိုသာ ပေးလေ့ ရှိကြောင်းကို ပါဠိ စာပေတွင် တွေ့ရသည်။ ဆိုခဲ့ ပြီးသည် များကို ထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း ဆုတောင်းသင့်သည်ဟု မှတ်သားရပါမည်။


ယနေ့ခေတ် အခါတွင်လည်း ဗုဒ္ဓဘာသာဝင် တို့သည် စေတီ ပုထိုးများနှင့် ရဟန်း သံဃာတော် တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်။ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ နှင့် မြန်မာ တို့၏နှလုံးသားတွင် အမြစ်တွယ် နေပြီ ဖြစ်ရကား တေး သီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့် ရှေးကျသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တစ်သီး တစ်သန့် တွေ့ရသည်။


အရှင်မဟာ သီလဝံသ ၏ ဆုတောင်းခန်း ပျို့သည် ရှေးခေတ် ဗုဒ္ဓဘာသာဝင် တို့ ဆုတောင်းမှုကို မည်မျှ နှစ်သက်မြတ်နိုးသည် ကို ဖော်ပြသည့် အကောင်းဆုံး သာဓက ကျမ်းစာ တစ်ခုဖြစ်ပါသည်။ ထို့ပြင် ဆုတောင်းမှုကို ပါဠိ ပညာရှင် တို့ လက်ခံ ကျင့်သုံး သည်ကိုလည်း ပြရာရောက်သည့် သာဓက လည်း ဖြစ်ပါသည်။ အရှင် ၏ အမြင်တွင် ဆုတောင်းခြင်းသည် စိတ်ကို တစ်မျိုးတစ်ဖုံ အားပေးရာရောက်သည်၊ နှစ်သိမ့်ရာရောက် သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်။





ဘဝတွင် တစ်ခါ တစ်ရံ လက်လှမ်း မမီသည့် အရာများကို တစ်ကယ် မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော် တို့ရှေ့တွင် ဆုများ အဖြစ် ဖောဖော သီသီ တောင်းဆို လိုက်ရလျှင် စိတ်များစွာ သက်သာရသည် ကို ဆုတောင်းလေ့ ရှိသူတိုင်းက သိကြသည်။ သတိပြုသင့်သည်မှာ မည်သည့် တန်ဖိုးရှိသည့် အရာမျှ ဆုတောင်း သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်။ လိုချင် သည့် ဆုသည် အဖိုး ထိုက်တန်လေလေ ထိုဆု အတွက် လုံ့လ အားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်။


ဘုရားဖြစ်ချင်လွန်း သဖြင့် ဒီပင်္ကရာမြတ်စွာဘုရား အထံ တွင် ဘုရား ဆုတောင်းခဲ့သော သုမေဓာ ရှင်ရသေ့သည် လေး အသင်္ချေ၊ ကမ္ဘာ တစ်သိန်း ဒုက္ခများစွာကို ရင်ဆိုင်ကျော်လွှားရင်း အများတစ်ကာ မပြုနိုင်သည့် ဘဝ အရင်းအနှီး များကို မြှုပ်နှံ ခဲ့ရပုံကို ငါးရာ့ ငါးဆယ် ဇာတ်နိပါတ် တော်များတွင် လေ့လာသိရှိနိုင်သည်။


ဆုတောင်းသည့် အခါ ကောင်းသော ဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆု များကိုလည်း တောင်းလေ့ ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက ဆဒ္ဒန်ဆင်မင်း ဝတ္ထုတွင် တွေ့ရသည်။ စူဠ သုဘဒ္ဒါ သည် လင်သား အပေါ် အမျက်ထားပြီး နောင်ဘဝတွင် လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင်သား ၏ အစွယ် ကို နားတောင်းလုပ်ပြီး ပန်ဆင်နိုင်သူ ဖြစ်ရစေရန် ဆုတောင်းကြောင်း လေ့လာရသည်။


မည်သည့် ဆုကို တောင်းသည်ဖြစ်စေ တောင်းဆို သူ၏ စိတ်သည် ထိုဆု အတွက် အမှန်တစ်ကယ် ပြင်းပြ ထက်သန်ပြီး တောင်းသည့် ဆုကို ရစေတတ်သည့် အားထုတ်ကြိုးစား ဖွယ်များကို ဖြည့်ဆည်းလျှင် မိမိ တောင့် တသောဆု သည် အမှန်တစ်ကယ် ရရှိတတ်ကြောင်း စာပေ အထောက်အထား၊ လက်တွေ့အထောက် အထားများအရ အတည်ပြုနိုင်ပါသည်။


လူတို့တွင် ဘဝတစ်ခု အတွက် ရင့်ကျက်ပြီးသူ၊ ဘဝများစွာ အတွက် ရင့်ကျက်ပြီးသူ ဟု နှစ်မျိုးရှိကြောင်းကို မှတ်သား ရပါမည်။ ဘဝတစ်ခု အတွက် ရင့်ကျက်ပြီး သူတို့သည် ဘဝတစ်ခု ကောင်းစားမှုကို ဆုတောင်းလေ့ရှိပြီး ဘဝများစွာ အတွက် ရင့်ကျက်ပြီးသူ များမှာမူ ဘဝ မှ လွတ်မြောက်ရေးကို ဆုတောင်းလေ့ ရှိကြောင်းကို တွေ့ရသည်။


ဘဝ တစ်ခုတွင် ရင့်ကျက်ပြီးသူ ဟူသည် စာရေးသူ အရှင် အပါအဝင် စာဖတ်သူ အများကို ရည်ညွှန်း ပါ သည်။ ဘဝ များစွာတွင် ရင့်ကျက်ပြီးသူ ဟူသည် တရား အမြင်ကို ရရှိပြီးသူများကို ရည်ညွှန်းပါသည်။


အရှင် ၏ ယခု စာတမ်းတွင် ဘဝတစ်ခု အတွက် ရင့်ကျက်ပြီး သူတို့၏ မဆုံးနိုင်သည့် နေ့စဉ် ဆုတောင်းများ ကို အသေးစိတ် မဖော်ပြတော့ဘဲ ဘဝများစွာ အတွက် ရင့်ကျက်ပြီး ကြသော သူတို့၏ အတု ယူဖွယ် ဆုတောင်း ပုံ များကို ဖော်ပြမည်ဖြစ်ပါသည်။



ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် ကဏှဇာတ် ဟူ၍ရှိပါသည်။ ကဏှ ရသေ့ကြီး တရားကျင့်ရာ သစ်ပင် အရိပ် သို့ သိကြားမင်းရောက်လာပြီး အရှင်ရသေ့ အလိုရှိသော ဆုကို တောင်းဆိုပါဟု ဆုဖြင့် ဖိတ်မန် သောကြောင့် ကဏှရသေ့သည် အရှင်သိကြားမင်း သင် ပေးနိုင်မည်ဆိုက ပေးပါဟု အစချီပြီး မှတ်သား အတုယူဖွယ် ဆုခြောက်မျိုး ကို တောင်းဆို လိုက်ပါသည်။


(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ။


ကဏှ ရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျှင် ဘဝတစ်ခု ချမ်းသာရန် အတွက် တစ်စုံ တစ်ရာ ဆုတောင်း မပါသည်ကို တွေ့ရပေသည်။ စာဖတ်သူ တို့ နေ့စဉ်တောင်းဆို တတ်သည့် ဆု များနှင့် များစွာပင် ကွာခြားနေသည်ကိုတွေ့ရသည်။ 


အတုယူ သင့်သည့် မှတ်သားဖွယ် ဆုတောင်းများ ဖြစ်ပါသည်။ ကဏှ ဟူသော ပါဠိ အမည်မှာ အမည်း = Black ဟု မြန်မာပြန်ဆိုရပါသည်။ ဇာတ်လမ်း အမည်သည် အမည်း ဇာတ် ဟု နာမည် ခေါ်ဆို ထားသော် လည်း ကဏှ ရှင်ရသေ့ တောင်းသော ဆု များမှာ မည်မျှဖြူစင် သန့်ရှင်းသည်ကို စာဖတ်သူ သိပြီး အတိုင်းပင် ဖြစ်ပါသည်။

 လောကတွင် တစ်ခါ တစ်ရံ ဂုဏ်နှင့်ဒြပ် ထပ်တူ မကျသည့် သဘောပင် ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ကဏှ ဇာတ်မှ ဆုတောင်း များကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီး များနှင့်လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်။ ထို အထဲမှ ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို စာဖတ်သူသို့ တင်ပြလိုပါသည်။

ဒီပဲယင်း ဆရာတော်ကြီးသည် တတိယ ရွှေကျင် သာသနာပိုင်ဖြစ်ပြီး ပရမတ္ထစက္ခု ကျမ်း အပါအဝင် ကျမ်းပေါင်း များစွာကို သာသနာတော် အတွက် ရေးသားခဲ့သည့် ကျမ်းပြု ဆရာတော်ကြီး တစ်ပါး ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ဘွဲ့တော် အမည်မှာ ဘဒ္ဒန္တဥာဏဝရ ဖြစ်ပါသည်။ ဆရာတော်ကြီးသည် သူ၏ ပရမတ္ထစက္ခု ကျမ်းနိဂုံးတွင် အောက်တွင်ဖော်ပြမည့် ဆု ဆယ်မျိုးကို တောင်းဆိုခဲ့ပါသည်။


(၁) ငါသည် သူတစ်ပါးအကျိုးကို လိုလားသူ ဖြစ်ပါရစေ။
(၂) သူ တစ်ပါးတို့သည်လည်း ငါ့ အကျိုးကို လိုလားကြပါစေ။
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲ ဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ။
(၄) ငါ၏ ဆင်းရဲ ဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်။
(၅) ငါသည် အခြား သတ္တဝါများကို ညှဉ်းဆဲတတ်သူ မဖြစ်ပါစေနှင့်။
(၆) ငါ့အားလည်း အခြား သတ္တဝါတို့က မညှဉ်းဆဲကြပါစေနှင့်။
(၇) ငါသည် သူတစ်ပါး၏ ရန်သူ မဖြစ်ပါရစေနှင့်။
(၈) သူတစ်ပါးသည်လည်း ငါ၏ ရန်သူ မဖြစ်ပါစေနှင့်။
(၉) သတ္တဝါ အပေါင်းသည် လမ်းကောက် ကို ရှောင်ရှား ၍ လမ်းဖြောင့် ကို လျှောက်လှမ်းနိုင်ကြပါစေ။

(၁၀) ငါသည်လည်း လမ်းကောက် ကိုရှောင်ရှား ၍ လမ်းဖြောင့်ကို လျှောက်လှမ်းနိုင်သူ ဖြစ်ရပါစေ။


အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်း ဆရာတော်ကြီး၏ ကျမ်းပြု  ဆုတောင်းများ ဖြစ်ပါသည်။
ဆရာတော်ကြီး၏ ဆုတောင်း ဆယ်မျိုး ကို သုံးသပ်ကြည့်လျှင် ဆရာတော်ကြီး သည် လောကီ စည်းစိမ်နှင့် ဘဝ ခံစားမှု တစ်စုံတစ်ရာ ကို ဆုမတောင်းဘဲ လူသားတို့ အတွက် ကောင်းကျိုးများ ကိုသာ ဆုတောင်းခဲ့သည် ကို အတုယူလေးစားဖွယ် လေ့လာရပါသည်။


ငါးရာ့ငါးဆယ် ဇာတ်တော်မှာပင် အခြား ထင်ရှား သည့် ဆုတောင်းနှင့် ပတ်သက် ဆက်စပ်သော ဇာတ်လမ်း တစ်ခု မှာ အကိတ္တိဇာတ် ဖြစ်ပါသည်။ အကိတ္တိဇာတ်လမ်း သည် လည်း အထက်တွင်တင်ပြခဲ့သော ကဏှဇာတ်နှင့် အသွား ဆင်တူပင် ဖြစ်ပါသည်။ သို့သော် ဆုတောင်းပုံချင်းကား ကွာခြားပါသည်။


အကိတ္တိ ဟူသော ပါဠိ အမည်မှာ အ+ကိတ္တိ = မထင်ရှားသူ၊ မထင်ရှားခြင်း ဟူ၍ မြန်မာ အဓိပ္ပာယ် သက်ရောက် ပါသည်။ သို့သော် ဇာတ်လမ်း တွင် ပါဝင်သော အကိတ္တိရသေ့ ၏ ဆုတောင်းများမှာ ကမ္ဘာကျော် ဆုတောင်းများ ဟူ၍ပင် ခေါ်ဆို ထိုက်လှပါသည်။



အကိတ္တိ ရှင်ရသေ့ ၏ မှတ်သား အတုယူဖွယ် ဆုတောင်းများမှာ -....


(၁) လောဘ မရှိသူ ဖြစ်ရပါလို၏။
(၂) ဒေါသ မရှိသူ ဖြစ်ရပါလို၏။
(၃) လူမိုက် ကို ဘဝ ဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။
(၄) လူမိုက် အကြောင်း ဘဝ ဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့် ဘဝ ဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့် ဘဝ ဆက်တိုင်း စကား မပြောရ   ပါစေနှင့်။
(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်  ရပါစေနှင့်။
(၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှိ အကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။
(၁၀) ပညာရှိနှင့် ဘဝ ဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။
(၁၁) ပညာရှိနှင့် ဘဝ ဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂) ပညာရှိကို ဘဝ ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃) နံနက် အရုဏ်တက် အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄) သီလရှိသော အလှူခံ ပုဂ္ဂိုလ်မြတ်များ လာရောက်  အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ် များသည် လှူ၍ မကုန်ခန်းသည် ဖြစ်ပါစေ။
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈) သိကြားမင်းသည် ငါ၏ အထံသို့ နောက် မလာပါစေနှင့်။



အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျှင် ရသေ့ကြီး၏ စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည် ဖြစ်ပါသည်။


ဖော်ပြခဲ့ပြီးသည့် သူတော် သူမြတ် သုံးဦး၏ ဆုတောင်းများတွင် ဘဝ အတွက် ရလိုသည်များ ကို ဆုတောင်းသည်ထက် မရ လိုသည်များ ကိုသာ ဆုများ အဖြစ် တောင်းဆိုကြ သည်ကို တွေ့ရသည်။ ယနေ့ လူတို့ နေ့စဉ်တောင်း ဆိုနေကြသော ဆုတောင်းများနှင့် များစွာ ခြားနားသည်ကိုတွေ့ရပါမည်။



ဆုတောင်းများ တွင်လည်း အေးချမ်းမှု အရိပ်အယောင် များကို ခံစား တွေ့မြင်ရသည်။ မိမိ ဘဝတွင် ဖြစ်ချင်သည် ရလိုသည် များထက် ကမ္ဘာလောက ရှိ လူအများ၊ သတ္တဝါ အများ၏ ချမ်းသာ မှု အကျိုးစီးပွားများ ကို အလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူ ဖွယ်တွေ့ရ သည်။ အတုယူသင့်သည် ဟု စာရေးသူ ထင် မြင်မိပါသည်။


ပါဠိ စာပေတွင် ဤကဲ့သို့သော အေးချမ်းသည့် ဆုတောင်းများ ရှိသကဲ့သို့ အလွန် ရက်စက်သည့် ဆုများစွာကို တောင်းကြသူများကိုလည်း များစွာ မှတ်တမ်း တင်ထားပါသည်။ ရက်စက်ကြမ်းကြုတ်သည့် ဆုတောင်း များဖြစ်သည့်တိုင် ထိုဆု များကို တောင်းဆို သူများ၏ စိတ်ဓာတ် ပြင်းထန်ပုံ၊ လုံ့လ ပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့ဩဖွယ် ပြည့်ဝသည် များကို ပါဠိ နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်။


ဖော်ပြခဲ့ပြီးသည့် များစွာသော ဆုတောင်းများကို လေ့လာ သိမှတ်ပြီး စာဖတ်သူ အနေဖြင့် မိမိ ဘဝနှင့် မိမိ  ပတ်ဝန်းကျ င်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့် ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု စာရေးသူ ယူဆပါသည်။ မိမိချမ်းသာလျှင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျှင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျှင် ပို၍ပို၍ ကောင်းသည်။ တစ်ကမ္ဘာလုံး ချမ်းသာလျှင်ကား အကောင်းဆုံးဟု စာရေးသူ ယူဆပါသည်။

စာဖတ်သူ အနေဖြင့် တစ်ကမ္ဘာလုံးရှိ လူတို့ ချမ်းသာ စေမည့် ဆုထူး ဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု ဆုမွန်ပြုအပ်ပါသည်။





(ကျမ်းကိုး-ကဏှဇာတက။ အကိတ္တိဇာတက။ ဇာတက ပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ အနုပဒဝဂ်၊ သင်္ခါရူပပတ္တိ သုတ္တဝဏ္ဏနာတို့ကို ကိုးကားပါသည်။)
မေတ္တာဖြင့် . . .

အရှင်ကေဝလ(အလင်းစက်)



No comments:

Post a Comment