Friday, November 4, 2016

ခေတ်မီခြင်း နဲ့ ခေတ်ဆန်ခြင်း ( ၂ ) လူထုစိန်ဝင်း




ဖက်ရှင် ရှိုးပွဲ တစ်ခုမှာ ဖက်ရှင်မယ် တစ်ယောက်ကို အင်တာဗျူးတော့ ဖက်ရှင်မယ် က နိုင်ငံတစ်ကာ စံချိန်နဲ့ အညီ ခေတ်မီ အောင် အရမ်း ကြိုးစားနေရတဲ့ အကြောင်း ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေက တစ်ဆင့် သာ လေ့လာနိုင်သေးလို့ ထင်သလောက် ခရီး မပေါက်သေးကြောင်း ဖြေကြားထားတာကို မဂ္ဂဇင်း တစ်စောင်မှာ ဖတ် လိုက်ရပါတယ်။

ဘယ်သူ့စံက နိုင်ငံတစ်ကာ စံလဲ အဲဒါကို ဖတ်ပြီးတော့ နိုင်ငံတစ်ကာ အဆင့်မီ ဆိုတဲ့ စကားနဲ့ ခေတ်မီဆိုတဲ့ စကားများ တော်တော်လေး .. ခေတ်စားနေ တာကို သတိပြုမိပါတယ်။

ဆက်လည်း တွေးနေမိပါတယ်။ နိုင်ငံတစ်ကာ အဆင့်မီ ဆိုတဲ့စကား နေရာတစ်ကာမှာ သုံးစွဲနေကြပါတယ်။ ဘယ်လို အဆင့်မျိုးကို နိုင်ငံတစ်ကာ အဆင့်မီလို့ ခေါ်တာမှန်းတော့ ဘယ်သူမှ ရေရေ ရာရာ မသိကြပါဘူး။ သုံးကောင်းတိုင်း သုံးနေကြပုံရပါတယ်။ 


ဥပမာ - ပညာရေး ဆိုပါတော့။ ကျွန်တော်က အင်္ဂလိပ်၊ အမေရိကန် ပညာရေး စနစ်တွေကို ဟုတ်လှပြီ ထင် ပြီး “စံ” အဖြစ် သတ်မှတ် အတုယူနေကြစဉ်မှာ သူတို့ဆီက ပညာရေး ပါရဂူတွေနဲ့ သင်ကြားရေး ပညာရှင်တွေ ကတော့ သူတို့ဆီက မူလတန်း၊ အလယ်တန်း အဆင့် ကျောင်းသားတွေဟာ သင်္ချာဘာသာ လို သိပ္ပံ ဘာသာလို ဘာသာရပ်တွေမှာ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ က ကျောင်းသားတွေနောက် အများကြီး ပြတ်ကျန်နေ ရစ်ပြီ ၊ ပညာသင်ကြားရေး စနစ်တွေ ပြုပြင်ဖို့ နည်းလမ်း ရှာကြံ သင့်ပြီလို့ သုံးသပ်ပြောဆိုနေတာတွေ ကြားသိနေရ ပါတယ်။

လော်မာတဲ့ အဆင့် မရောက်သင့်

စောစောက ပြောတဲ့ ဖက်ရှင်ရှိုး ကို ပြောပါရစေဦး။ ဖက်ရှင် အရာမှာ ကမ္ဘာ့ ထိပ်သီးဖြစ်တဲ့ ပြင်သစ် ဖက်ရှင် ရှိုး တွေ ကို မီမှ နိုင်ငံတစ်ကာ အဆင့်မီ လို့ ယူဆပြီး သူတို့ အတုယူရမှာလား။ အတုယူတာမျိုးတွေတော့ တွေ့နေရပါ တယ်။ ရှိုးပွဲ တစ်ချို့ ဆိုရင် မြန်မာပြည်မှ ဟုတ်ရဲ့ လား လို့ ထင်ရလောက်အောင်ကို ၀တ်စားဆင်ယဉ်မှု လွန်ကဲနေ တာ တွေ့ရ ပါတယ်။ တော်တော် လွန်တာတင် မဟုတ်ပါဘူး။ “လျှပ်ပေါ်လော်လီ” တဲ့ အဆင့် ထိအောင် လွန်နေ တာမျိုးပါ။ ဘယ်အချိန်မှာများ ဘီကီနီကြော်ငြာတာတွေ မြင်တွေ့ရမလဲ လို့တောင် တွေး မိပါတယ်။ လှရုံ ပရုံ မဟုတ်တော့ဘဲ “လော်မာ” တဲ့ အဆင့်ထိ တော့ မရောက်စေသင့်ပါဘူး။

မှန်ကန်စွာ တွေးခေါ်တတ်မှု

နောက်ပြီး ခေတ်မီတယ် ဆိုတဲ့ စကား။ ဘယ်ဟာကို ခေတ်မီတယ် လို့ ခေါ်ရမှာလဲ။ ရမ်ဘိုလို ရုပ်ရှင်ကားတွေ ရိုက်နိုင်တာ ခေတ်မီတာလား။ ကွန်ဖူး ကားတွေ ရိုက်တတ်တာ ခေတ်မီတာလား။ အလွယ်ပြောပြီး အလွယ်လိုက် လုပ်တာ မကောင်းဘူး။ ကလေးတွေ အတွက် နမူနာဆိုး ဖြစ်စေတယ်။ အတွေး အခေါ်တွေ မှန် မှန်ကန်ကန် ဖြစ်အောင် ကြိုးစားခြင်း ကမှ တစ်ကယ်ခေတ်မီခြင်း ဖြစ်တယ်ဆိုတာ ကလေးတွေ သိအောင် လုပ်ပေးရပါမယ်။ ပညာ သင်ယူရာမှာလည်း သူများ ရေးထားတဲ့ စာတွေ အလွတ် ရွတ်ပြတတ်ရုံ လုပ် တတ်ခြင်းဟာ ပညာတတ်ခြင်း မဟုတ်ကြောင်း သိအောင် လုပ်ဖို့ လိုပါတယ်။

ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ

အရာရာကိုလည်း စာအုပ်ထဲက ပုံစံ အတိုင်း တွေးတတ်၊ မြင်တတ်၊ လုပ်တတ်ရုံနဲ့ ဘာမှ အရာမရောက်ပါဘူး။ အိုင်စတိုင်း က ဘာပြောတယ်။ နယူတန် က ဘယ်လို လုပ်တယ်။ ကိန်း က ဘယ်လိုဆိုတယ်။ ဒါဝင် ဘယ်လိုရေးခဲ့ တယ် ဆိုတာတွေ ပြန်ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ။ ကိုယ် လုပ်နိုင်တာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ် လုပ်နိုင်ဖို့ပဲ။ သူများ ပြောတာဆို ဘယ်သူပြောတာမှ မယုံနဲ့။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့မှ ယုံဆိုတဲ့ “ကာလမသုတ်” ကို မြန်မာတိုင်း သိနေကြတာပဲ။ အဲဒီ ကာလမသုတ် ဟာ အမှန်ဆုံး အကောင်းဆုံး ပညာ သင်ယူနည်း ဖြစ်တယ်။ အမှန်ကန်ဆုံး အမှန်တရား ရှာနည်း ဖြစ်တယ်။ ဒါကိုတော့ ဘာကြောင့် လျစ်လျူရှု ထားကြတာလဲ။



ရှေ့ကပြေးခိုင်း

ပညာသင်တယ် ဆိုတာ Critical Thinking ပိုင်းခြား စိတ်ဖြာ စဉ်းစားတွေးခေါ်တတ်အောင် လုပ်ပေးခြင်း ဖြစ် တယ်။ ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစား တတ်ရမယ်။ ကိုယ်ပိုင် ဉာဏ်နဲ့ လုပ်တတ်ရမယ်။ မီအောင် လိုက်တယ် ဆိုတာ က နောက်လိုက် လုပ်တာပဲ။ ကလေးတွေကို နောက်လိုက် မလုပ်ခိုင်းပါနဲ့။ ရှေ့ကလျှောက်တဲ့ လမ်းဖောက်သူ ဖြစ်ပါစေ။ ခေတ်မီအောင် ကြိုးစား မခိုင်းပါနဲ့။ ခေတ်ရှေ့က ပြေးခိုင်းပါ။

လမ်းပေါ်က အသံတွေ

စံပြ ပုဂ္ဂိုလ်တွေကို အတုယူတဲ့ အခါမှာလည်း အနှစ်သာရကို အတု ယူတတ်ဖို့၊ အပေါ်ယံ အကာတွေကိုပဲ အတု မယူဖို့ သတိပေးပါ။ ဒီနေ့ ကမ္ဘာတစ်လွှား ခေတ်စားနေတဲ့ ရော့ခ် တို့ ရက်ပ် တို့ ဟစ်ပ်ဟော့ တို့ ဆိုတဲ့ ဂီတ အမျိုး အစားတွေဟာ သန္ဓေကောင်းက ပေါက်ဖွားလာခဲ့ကြတာ ဖြစ်တယ်။ ရှေး ပဒေသရာဇ်ခေတ် နန်းတော် ကြီးတွေ နဲ့ ရဲတိုက်ကြီးတွေထဲက အရှင်သခင်တွေကို မကြိုက်တဲ့ လူတွေက ဂစ်တာ တစ်လက် ဒါမှ မဟုတ် ဆက်ဆိုဖုန်း တစ်လက်နဲ့ လမ်းဘေး အုတ်ခုံပေါ်မှာ ထိုင်ပြီး လမ်းပေါ်က လူတွေရဲ့  ရင်ထဲက အသံတွေကို တီးခတ် ဖော်ကျူး ခဲ့ကြတာ ဖြစ်တယ်။

အကာ ကိုသာ ယူကြ

နောက်လူတွေ ခေတ်ရောက်တော့ ရှေ့က လူတွေရဲ့  စိတ်ဓာတ် နဲ့ ရည်ရွယ်ချက် ကို အတုမယူကြဘဲ ၀တ်စား ဆင်ယင်မှုဆိုတဲ့ အပေါ်ယံ အကာလောက်ကို အတုယူကြတော့ စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားနဲ့ ဆံပင်ရှည် ကြီးတွေ ဖိုးယိုးဖားယား နဲ့ မျက်စေ့နောက်စရာ ဖြစ်ကုန်ကြတော့တယ်။ နောင် ဆယ်စုနှစ် နှစ်စုလောက် ကျတော့ မူးယစ်ဆေးဝါး နဲ့ ညစ်ညမ်းမှုတွေလောက်ပဲ အဓိကထား ဖော်ကျူးနေကြတာ တွေ့ရတယ်။ ဒါတွေကို လူငယ်တွေ သိအောင် လူကြီးတွေက လုပ်ပေးရမယ့် တာဝန်ရှိတယ်။ ပေါ့ပ် ဂီတဆိုတာ “လူထုဂီတ” ဖြစ်တယ်။ “လူတစ်စု ဂီတ” မဟုတ်ဘူး။ ဆိုတာ ပြောပြဖို့လိုတယ်။

ဟန်ဆောင်ညာဖြန်း

ဒီနေ့ခေတ်မှာ လူတော်တော် များများဟာ အပေါ်ယံ အကာတွေလောက်ကို အဟုတ်ထင်ပြီး နေကြတာ တွေ့နေ ရတယ်။ အနှစ်သာရ ကိုတော့ မမြင်ကြဘူး။ တစ်ချို့ ကျတော့ အပေါ်ယံ အကာလေး ယူစွပ်ထားပြီး ဟန်ဆောင် ညာဖြန်း နေတတ်ကြတယ်။ ဒီလို လူမျိုးတွေဟာ ဘယ်လိုလုပ်ပြီး အနှစ်သာရကို သိရှိနိုင်မှာလဲ။ အနှစ်သာရ မဲ့တဲ့ သူတွေဟာ တစ်ကယ်တော့ နိုင်ငံတကာ အဆင့်မီတို့ ခေတ်မီတို့ ဆိုတဲ့ စကားတွေကို အကျယ်လောင်ဆုံး ပြောနေ ကြ တဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိထားကြည့်သူတိုင်း သိကြတယ်။




လူထုစိန်ဝင်း

No comments:

Post a Comment