Sunday, January 19, 2014

Ghost Rider နဲ့ အမှတ်တစ်မဲ့လေးများ ။


ကျွန်တော်နဲ.အဆိုတော် မျိုးကြီး အရင်တုန်းကတော်တော် ခင်ပါသည်။
အခုတော့တော်တော်ကို အလှမ်းဝေးသွားတော့ ကိုယ်ဟာ ကိုယ်တောင် တကယ်မှဟုတ်ရဲ့လား သံသယဖြစ်မိပါသည်။
 
အင်း ဟုတ်ပါတယ်၊သူ ငယ်ငယ်တုန်းကလေ၊ သူ အသက်၂၀ လောက်က ဖြစ်မည်ထင်သည်။

အဲဒီတုန်းက သူက Lead ဂစ်တာသမား၊ ငယ်သေးသည်။ Ghost Rider မှာ Lead တီးခတ်သူ ဖြစ်သည်။
သူတို့တီးရင် ကျွန်တော်က လိုက်အားပေးခဲ့ သည်၊ အရမ်း Performance ကောင်းသူဖြစ်သည်၊
သူတို့ ၃ယောက် (မျိုးမျိုး၊ မျိုးကြီး၊ ထွန်းထွန်း) ဆံပင် အရှည်ကြီးတွေကို ခါခါ ပြီး ဆိုတီးကြရင် ဖြင့်
ပရိတ်သတ်တွေ အုန်းအုန်းကြွက်ကြွက် ဖြစ်ရသည်။
မုတ်ဆိတ်ရိတ်တဲ့ စက်ကလေးကို ခေါင်းချွတ်ပြီး အဲ့ဒီစက်နဲ့ Electric ဂစ်တာကိုမွှေ့ တီးတာကို မမေ့။ 


သူတို့ရဲ့ တစ္ဆေရိုင်း Punk Rock အခွေ က ပဉ္စသိင်္ခတေးသံသွင်း မှထုတ်ခဲ့သည်။
Punk Rock ထွက်သမျှထဲ အကောင်းဆုံးဟု ထင်မိသည်။

မျိုးကြီး က ပိုးဒါလီရဲ့မောင် တစ်ဝမ်းကွဲ ဖြစ်သည်။ Medium wave က တေးရေး ကိုရဲလွင်ရဲ့ တူလဲတော် ပါသည်။
နောက်တော့ Ghost Rider Guitar Player ဘ၀က နေ သူ နုတ်ထွက်သွားသည်။

"ကျွန်တော် ကို ညီလေး(ချစ်စမ်းမောင်) လို ဘယ်တော့ မှတီးနိင်မှာ မဟုတ်ဘူး၊ ဒါကြောင့်သီချင်း ဘဲဆိုတော့ မယ် " ဟုသူကပြောပါသည်။
မျိုးမျိုးတို့ကသူ့ကို သီချင်းလဲပေးမဆို၊ ဟိုကောင်တွေ က Punk Rocker စစ်စစ်တွေ၊ သူက Rocker ဆိုတော့လမ်းကြောင်းကမတူ။

နောက်ပိုင်း သူသီချင်းဆိုဘို့ ပြင်ဆင်တော့ ကျနော် နဲ့ ခဏလောက်ပေါင်းဖြစ်ကြသည်၊
ကေအေတီ ဆီ သီချင်းသွားအပ်တော့၊ ပြန်ရွေးတော့ ၈၉ လမ်းက ကေအေတီ အိမ်မှာ၊
ဘိုဘို တို့ စီယံတို့လေးဖြူ ၊အငဲ ၊ ခရစ္စတိုဖာတို့ ၊ တေးရေး သောမတ်စ် တို့ ရှိတတ်သည်။
ကန်တော်လေးက လဖက်ရည်ဆိုင် တွေမှာအတူတူ ထိုင်ဖြစ် ဆုံဖြစ်ကြလေသည်။

မျိုးကြီး က ကျနော့် လိုပင် German Band Scorpions ကို Crazy ဖြစ်နေသူဖြစ်သည်။
ကျွန်တော့် ကားထဲက ကက်ဆက်မှာ သူ့သီချင်းတွေ အကြမ်းတွေ နားထောင်ကြ တိုင်ပင်ကြနဲ.၊
ကျွန်တော်က အားပေးသမား သက်သက် ဖြစ်ခဲ့သည်၊
ကျွန်တော် Music Producer ဘ၀ကိုလဲ တစ်စိုက်မတ်မတ်လုပ်နေတဲ.အချိန်တွေ တုန်း က ဖြစ်ပါသည်။

ကျွန်တော် မျိုးကြီးကို တော်တော် ခင်ပါသည် ၊နှစ်လိုဖွယ်အပြုံး အမြဲပြုံးတတ်သူဖြစ်သည်။
သူ့ပထမ အခွေကြမ်းလေးကို လေးဖြူ ဆီပြဘို.လုပ်တုန်းကလဲ လေးဖြူ မထုတ်ပေးရင်၊
အစ်ကို ထုတ်ပေးမယ်ဆိုပြီးတော့ပြောထားဘူးသည်။
သူကလဲ ကိုလေးဖြူ မထုတ်ပေးရင်တော့၊ အစ်ကို့ဆီ လာခဲ့မယ် လုပ်ပေးပါပြောသည်။

သူက လေးဖြူ ကို အရမ်း ချစ်ခင်လေးစားသူပါ၊
(လေးဖြူ ပင်လယ်အော်သံ ထွက်ပြီးစ အချိန်ကဖြစ်ပါသည်။)
နောက်တော.သူ လေးဖြူနဲ.ညီအစ်ကိုအရင်းတွေလိုခင်မင် သွားကြသည်၊

ပြီးတော့ သူ့ပင်ကိုယ် အစွမ်းအစက ကောင်းလွန်းတော့ နာမည်အရမ်းကြီးသွားသည်။
ကျွန်တော် သူ့အတွက် တော်တော် ပျော်ပါသည်။
တွေ့ရင် အားရ၀မ်းသာ နုတ်ဆက်လိုက်မည်ဟု အားခဲထားမိပါသည်။

အဲ့ဒီနောက်ပိုင်းမှာတော့ သိပ် မတွေ.ဖြစ်ကြတော့။

တစ်ခါဘဲ လှည်းတန်းမှာတွေ.သည်၊ နုတ်မဆက်ဖြစ်ပေ...တစ်စုံတစ်ယောက်ကို ကိုယ်က အားရ၀မ်းသာ နုတ်ဆက်ချိန် မှာ အဲဒီလူက မမှတ်မိတာမျိုးတွေ အပြင်မှာ ခဏခဏ ကြုံဘူးကြမည် ထင်ပါသည်။

အဲဒီလိုဖြစ်မှာ စိုး၍ လက်ရှောင်ခဲ့ခြင်းပင်ဖြစ်လေ၏။

Ghost Rider Band အမှတ်တရ။

From... ၇၀၊ ၈၀၊ ၉၀ ခုနှစ် သီချင်းသည်များ

No comments:

Post a Comment