Thursday, January 30, 2014

၁၀၀၀ စီစီအောက် ကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုမည်



ကလေး၊ ဇန်နဝါရီ ၂၉

နယ်စပ်ဂိတ်များမှ တစ်ဆင့် ၁၀၀၀ စီစီအောက် ကားများအား တင်သွင်းခွင့်ပြု မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တွင် ဇန်နဝါရီလ၂၉ရက်နေ့ကကျင်းပသော ဒေသခံကုန်သည်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသော ဒေသခံ ကုန်သည် များနှင့် တွေ့ဆုံပွဲတွင် နယ်စပ်ဒေသ ကုန်သည်များ အသင်းက တင်ပြသော ၁၀၀၀ စီစီအောက် ကားများကို နယ်စပ်ဂိတ်များမှ တရားဝင် တင်သွင်းခွင့်ပြုရန် ကိစ္စနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြော ကြားခြင်း ဖြစ်ပြီးထိုသို့ ဆောင်ရွက်ပေးရာတွင်ကုန်းလမ်းမှတင်သွင်းရန်အဆင်မပြေလျှင်ပင်လယ် ရေကြောင်း မှလည်း တင်သွင်းနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။


“ကားတွေကို လွတ်လပ်စွာ တင်သွင်းခွင့်ပေးဖို့ တောင်းဆိုတာ တမူးမှ မဟုတ်ဘူး။ ချင်းပြည်နယ် က ဒေသ ခံတွေကလည်း တောင်းဆိုကြတယ်။ ဒီတော့ တောင်းဆိုတဲ့ အတိုင်း အိန္ဒိယနိုင်ငံ ထုတ် ၁၀၀၀ စီစီအောက် ကားတွေကို တင်သွင်းခွင့် ရဖို့ ကုန်သည် အတွင်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များ လစဉ် ဝင်ရောက်လျက်ရှိပြီး အရည်အသွေး ချင်းယှဉ်လျှင် တရုတ်နိုင်ငံ ထုတ် ဆိုင် ကယ် များထက် ပိုမိုကောင်းမွန်သောကြောင့် နှစ်သက်မှု ပိုများကြောင်း တမူးမြို့ရှိ ကုန်သည် များနှင့် ဒေ သခံများက ပြောကြားသည်။

ယခုကဲ့သို့ ယာဉ်များ တရားဝင် တင်သွင်းခွင့်ပြုလျှင် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်မှုကို တားဆီးနိုင် သကဲ့ သို့ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေလည်း တိုးတက်လာနိုင်ကြောင်း သက်တမ်းရင့် နယ်စပ်ကုန်သည် တစ်ဦး က ပြောဆိုသည်။

“ဒီလိုကားတွေ တင်သွင်းဖို့ အိန္ဒိယက ကုမ္ပဏီတွေ ကလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်။ ဒေသခံတွေလည်း အရည် အသွေး မီကားတွေ သုံးစွဲနိုင် သလို နိုင်ငံဘဏ္ဍာလည်း တိုးဖို့အတွက် အိန္ဒိယနိုင်ငံထုတ် ၁၀၀၀ စီစီအောက် ကားတွေကို တင်သွင်းခွင့် ပြုစေချင်ပါတယ်” ဟု နယ်စပ်ကုန်သည်များ အသင်းမှ ဦးခင်မောင်တင် က ပြောဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် တိုးတက်မှုရှိပြီး ယခင်နှစ်တွင် ၁၀ ဘီလီယံ ရှိကြောင်း ၊ ယခုနှစ်အတွက် ၂၅ ဘီလီယံ လျာထားပြီး ယခုတွေ့ဆုံပွဲ ပြုလုပ်သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၂၀ ဘီလီယံ ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် လျာထက်ချက် ထက် ကျော်လွန်နိုင်ဖွယ် ရှိကြောင်း၊ 
 
၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် တမူးနယ်စပ် ကုန်သွယ်စခန်းမှ ဒေါ်လာ ၂၁ ဒသမ ၃၅ သန်း၊ ရိဒ်နယ်စပ် ကုန်သွယ်စခန်းမှ ၁၅ ဒသမ ၀၇ သန်း ကုန်သွယ်မှု ပြုနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တမူးဒေသခံ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
အဆိုပါ အင်ဂျင်ပါဝါ ၁၀၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များ ကို နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြုပါက ယင်းကားများ ဈေးနှုန်း ကျဆင်း သွားနိုင်ပြီး လူတန်းစေ့ မော်တော်ယာဉ် စီးနင်း လာနိုင်မည် ဖြစ်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ ကတော့ နယ်စပ်က မလုပ်ဘူး။ ဇယားရှုပ်လို့။ အခုလို တရားဝင် ဆိုရင်တော့ ကောင်းတာပေါ့ ။ သွင်းရတာလဲ လွယ်သွားမှာပေါ့” ဟု ၎င်းကဆိုသည်။

သင်္ဘောဖြင့် တင်သွင်းသည့် မော်တော်ယာဉ် များကို ပြန်လည် ရောင်းချမည် ဆိုပါက ဈေးနှုန်းပိုင်း တင်းခံ ၍ ရောင်းရနိုင်သော်လည်း ယင်းသို့ နယ်စပ်မှ တင်သွင်းခွင့်ပြုလျှင် မော်တော်ယာဉ် ဈေးနှုန်း ပိုမိုကျဆင်း လာနိုင်သဖြင့် ဈေးကွက် အေးသွားနိုင်ကြောင်း ဦးထွန်းထွန်းက သုံးသပ်ပြောကြားသည်။

အင်ဂျင် ပါဝါ ၁၀၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များဖြစ်သော ဘယ်လ်တာ၊ ပက်ဆိုတို့မှာ ကျပ်သိန်း ၁၀၀ ဝန်းကျင်ပေါက်ဈေး ရှိကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

The Voice Weekly



No comments:

Post a Comment