
ယခု တစ်ပတ် ၀တ္ထုတို အသစ် ကဏ္ဍ အတွက် Nyein Thwin ဟု အမည် ရသည့် Facebook Account ပိုင်ရှင်ပေးပို့ လာသည့် အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ အက်ဆေး ကိုရွေးချယ်ဖော်ပြလိုက်ပါသည်။
အဖေနဲ့ ပတ်သတ်ပြီး ပထမဆုံး ကျွန်တော် မှတ်မိတာ အိမ်ခန်းထဲ က စစ်ခြင်ထောင်ကြီး တစ်ခုထဲမှာ ။
ကာ လ အားဖြင့် ၈၈ ၀န်းကျင် လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မိသားစု တစ်စုလုံး ၀ဲခြောက်တွေပေါက်ကြ တယ်။ အဲဒီ ၀ဲတွေ ကုတ် ရတာလည်း ဇိမ် တစ်မျိုးပဲ ။ ဒါပေမယ့် ရေချိုးတဲ့ အချိန် အင်မတန် စပ်တယ်။
နောက်ပြီး ပုစွန်တို့ ၊ အမဲသား တို့ ရှောင်ရတော့ ဟင်းကောင်းကောင်း မစား ရဘူး ။ ဒီလို နဲ့ ဇိမ်ရှိရှိ ကုတ် ရပေမယ့် ကြာတော့ အဲဒီရောဂါ ကို ပျောက်ချင် လာတယ် ။ အဖေ က ကျွန်တော် သိသလောက် ငှက်ပျော ရွက် အခြောက် ကို မီးရှို့ပြာချပြီး ပင်နီဆီလင် နဲ့ ရောတယ် ။ နောက် အုန်းဆီ နဲ့ ဆတူလောက် စပ်ပြီး ကျွန်တော်နဲ့ အစ်ကိုကြီး ကို ဘီးနဲ့ခြစ်ခြစ်ပြီး ဆေးလိမ်းပေးတယ်။
ကျွန်တော် တို့ကို လိမ်းပေးပြီး အမေ့ ကိုပါ ဆက်လိမ်းပေးတယ်။ ခြေထောက်တွေ ၊ပေါင်ခြံတွေ ပါမကျန် လိမ်းပေး တယ် ။ ဆေးလိမ်း လိုက် ၊ ယပ်တောင် နဲ့ ယပ်ခတ်လိုက် ၊ မီးခွက် နဲ့ မြှောက်မြှောက်ကြည့်လိုက် နဲ့ အဖေ့ ရဲ့ပုံရိပ် ကိုကြည့်ရင်း အားအင်တွေ ပြည့်နေ သလို ၊ လုံခြုံနေသလို ခံစားရတယ်။
ကျွန်တော်တို့နေတဲ့နေရာ က တိုက်နယ်ကျေးရွာကြီး တစ်ခု နဲ့ ချောင်းတစ်ချောင်း သာခြားတဲ့ ရွာကလေး တစ်ရွာပါ ။ အဖေ က ရွာမှာ ပေါ်တာလိုက် ချန်ပီယံ ။ ပေါ်တာလိုပြီဆို ရွာ မှာ အလှည့်ကျ သွားရတယ် ။ မသွားချင်ရင် အဖေ့ကို လာငှား ။ သွားရမယ့် နယ်မြေ ကိုကြည့်ပြီး ဈေးကွာ တတ်တယ် ။