Thursday, September 10, 2015

ကုသိုလ် အကုသိုလ် အကြောင်း သိကောင်းစရာ

 Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.



မိမိတို့နေ့စဉ်နှင့် အမျှ ပြုလုပ်နေသည့် ကုသိုလ် အကုသိုလ်တွေ ကို စစ်ကြမယ်

''ကောင်းမူ ကုသိုလ် ပြုခြင်း သည် ချမ်းသာ သုခ ကို စုဆောင်းသည် မည်၏။ မကောင်းမှု အကုသိုလ်ပြု လုပ်ခြင်း သည် ဆင်းရဲ ဒုက္ခ ကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို ကုသလ၊ မြန်မာလို ကုသိုလ် ဟုခေါ်တွင်သည်။ 

ဤ ကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိ တရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်း စက်ဆုတ် ဖွယ်ရာ အကုသိုလ် တရား တို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ် မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ် ဟုခေါ် သည်။ မှန်၏။

အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာ ကုသိုလ် တို့က တဒင်္ဂပဟာန် အားဖြင့် အခိုက် အတန့် ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ် တို့ကား ဝိက္ခမ္ဘန ပဟာန် အားဖြင့် အချိန် အခါကြာမြင့်စွာ ပယ်ခွာ သည်။ မဂ်ကိုသိုလ် တို့ကား သမုစ္ဆေဒပဟာန် အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။

ထို့ကြောင့် ကုသိုလ်သည်......
(၁) မဟာ ကုသိုလ်
(၂) မဟဂ္ဂုတ် ကုသိုလ်
(၃) မဂ် ကုသိုလ်
ဟု ကုသိုလ် သုံးမျိုး ရှိကြောင်းသိနိုင်ပါသည်။


လူသားတို့ သန္တာန်၌ ဤ ကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက် အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ် တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ် ကို ပုည - ကောင်းမှု ဟုခေါ်၍၊ အကုသိုလ် ကို ပါပ - မကောင်းမှု ဟုလည်း ခေါ်ကြသည်။




ခြုံငုံ ၍ပြောရလျှင် ဒုစရိုက် ၁ဝ-ပါး လွန်ကျူး လျှင် မကောင်းမှုပြုသည်၊ အကုသိုလ် လုပ်သည်။ သုစရိုက် ၁ဝ - ပါးကို လိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည် ဟု ခေါ်ရလေသည်။

အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ် ကုသိုလ်နှင့် မဂ် ကုသိုလ် တို့ကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက် ဆိုင်၏။

ဤ၌ကား လူများစုနှင့် သက်ဆိုင်သော မဟာကုသိုလ် ကိုသာ ဆွေးနွေးတင်ပြပါမည်။

ကုသိုလ်ကောင်းမှုပြုရာ၌ ဝမ်းမြောက် ဝမ်းသာပြုလျှင် သောမနဿ          ကုသိုလ် ဖြစ်၏၊
ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ မှန်တန်း အနေနှင့်ပြုလျှင် ဥပေက္ခာ  ကုသိုလ်ဖြစ်၏။
ကံ ကံ၏ အကျိုးကို သိရှိ ယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ် ကုသိုလ်ဖြစ်၍ 
ကံ ကံ၏ အကျိုးကို မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ် ကုသိုလ်ဖြစ်သည်။

သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။ တိုက်တွန်းမှု ပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ 

အနှီ ကုသိုလ် တို့ကို တွဲစပ်လိုက်သောအခါ အောက်ပါ အတိုင်းဖြစ်သည်။

(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်း ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်း ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်း ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ် ၈-မျိုး ဖြာထွက် လာသည်။

ဤ ကုသိုလ် ၈-မျိုး ကိုပင် စိတ်နှင့် တွဲလိုက်သော အခါ မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။

ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည် မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီး ပန်း တို့ကို ဝမ်းမြောက် ဝမ်းသာ ကပ်လှူ၏။ ကောင်းသော အမှုကို ပြုလျှင် ကောင်းသော အကျိုး ကို ရမည်ဟု သိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ ပူဇော်၏။

ဤသို့ ဆွမ်းရေချမ်း ဆီမီး ပန်း တို့ကို ဘုရား ကပ်လှူရန် မည်သူက မျှလည်း မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး ၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ် ကို ''ဝမ်းသာ ဥာဏ်ယှဉ် ၊ မတိုက်တွန်း ရပဲပြုသော ကုသိုလ်စိတ်''ဟုခေါ်ဆိုရပေမည်။

မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း ၍ပြုသော ကုသိုလ်စိတ် သာဖြစ်ရပေမည်။ အခြား ကုသိုလ်စိတ် ဖြစ်နိုင်ပုံကို လည်း ဤ အတိုင်းပင် မှန်းဆ၍ သိနိုင်လောက်ပါပြီ။

လူသားတို့၏ သန္တာန် ၌ ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ တိကျ ပိုင်းခြား ၍ ထားခဲ့လေသည်။

ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန) သည်လည်း ၆-မျိုးရှိပြန်သည်။

(၁) မိမိ သဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါး ကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိ လက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံ ကံ၏ အကျိုးကို သိ၍ပြုခြင်း၊
(၆) ကံ ကံ၏ အကျိုးကို မသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။ (အဋ္ဌသာလိနီ-၂ဝ၅)
ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု အထက်ပါ ကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။

 Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.

ကံ ကံ၏ အကျိုး ကိုသိ၍ ပြုခြင်းသည် ဥာဏ်ယှဉ် ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည် မည်၏။ ကံ ကံ၏ အကျိုးကို မသိဘဲပြုခြင်းကား ဥာဏ်မယှဉ် ကုသိုလ်လေးမျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။

ကျန် ကုသိုလ်ပြုနည်း တို့ကား မဟာကုသိုလ် ၈ မျိုးတွင် တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုး ကို အဆင့် အတန်း ခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုး သည် ဥာဏ်မယှဉ် မပါသော ကုသိုလ်လေး မျိုး ထက် သာလွန်သည်။ 

ထို ဥာဏ်ယှဉ် ကုသိုလ်လေးမျိုး တွင်လည်း ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ် ၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်း ရဘဲ ပြုခြင်းဟု ဆိုအပ်သော ပထမတန်းစား မဟာ ကုသိုလ်သာ အထူးချွန်ဆုံး အထက်မြက် ဆုံးဖြစ်ပေသည်။

ထို ကုသိုလ်ရှစ်မျိုး ကိုပင် တိဟိတ် ကုသိုလ် ဒွိဟိတ် ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။


ကုသိုလ်ပြုရာ၌ ကံ ကံ၏ အကျိုး ကို ယုံကြည်သော ကမ္မဿ       ကတာ ဥာဏ် သည် အရေးကြီး၏။ ရုပ်နာမ် တရား တို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုတတ်သော ဝိပဿ        နာဥာဏ်ဖြစ်လျှင် သာ၍ ထက်မြက်၏။ 

ထို့ကြောင့် ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿ        ကတ ဥာဏ်ဖြစ်စေ၊ ဝိပဿ         နာဥာဏ်ဖြစ်စေ ဥာဏ် တစ်ခုခု ပါလျှင် တိဟိတ် ကုသိုလ် ဖြစ်သည်။

ထိုကဲ့သို နားလည်သော ဥာဏ် မပါလျှင် (ကလေးငယ် လူရိုင်း တို့ ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ် ကုသိုလ်ဖြစ်သည်။

+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုး မသိ၊ ဥာဏ် မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။

ထို တိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုး ကိုပင် ဥက္ကဋ္ဌ ကုသိုလ် (မြင့်မြတ်သော ကုသိုလ်) သြမက ကုသိုလ် (အညံ့စား ကုသိုလ်) ဟု ထပ်ဆင့်၍ ခွဲနိုင်ပြန်သည်။

မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့် အပရစေတနာ များလည်း များသောအားဖြင့် ပါရှိ ရလေ သည်။

တစ်ချို့မှာ မလှူခင် ပုဗ္ဗစေတနာ အခိုက် ၌ အလွန် ထက်သန်၏။ ကုသိုလ်နှင့် စပ်သော ဇောတွေ များစွာဖြစ် လျှက် ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက် မှာလည်း လွန်စွာ အားရ၏။ ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ 

ထို ကုသိုလ်မျိုး သည် ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက် ပါသောကြောင့် လွန်စွာအားရှိ၏။ ဥက္ကဋ္ဌ ကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။

အချို့မှာမှု ပုဗ္ဗစေတနာ အခိုက်၌ ဝမ်းမြောက် ဝမ်းသာ မရှိ နှမြော တွန့်တိုခြင်း၊ တစ်စုံတစ်ရာ အတွက် မကျေ မနပ်ခြင်း၊ မိမိ ဂုဏ်သတင်းကြီးလိုခြင်း စသော အကုသိုလ် တွေရှေ့သွားလျှက် ရှိ၏။ ကုသိုလ်ပြုပြီး နောက် အပရစေတနာ အခိုက်မှာလည်း ပြုမိ တားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ 

ထို ကုသိုလ်မျိုး မှာ ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက် ပါသောကြောင့် များစွာသော အာနိသင် မရှိလှချေ ။ သြမက ကုသိုလ် (အညံစား ကုသိုလ်) ဖြစ်ရလေသည်။

+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။

ဤမျှဖြင့် ကုသိုလ် အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။ အလုပ်တစ်ခုခု လုပ်ရာတွင် ဦးတည်ချက် ရည်မှန်းချက် ထားရ သကဲ့သို့ ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။

ဤနိုင်ငံသား တို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်း မရှိပေ။ စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာ ရက်ရောလှပေသည်။ ဤ ကုသိုလ်စေတနာတွေကြောင့် ဆန်ရေ စပါးပေါများ၍၊ သယံဇာတ များ ကြွယ်ဝ လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။ 

နိုင်ငံသား တို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိနေသော ယင်း ကုသိုလ် စေတနာလေးများ ချို့ယွင်း ပျက်သွားမည် ကို စာရေးသူ အလွန်စိုးရိမ်မိ သည်။

ယင်းသို့ ကုသိုလ် ကောင်းမှုပြုရာတွင် စေတနာ မှန်သော်လည်း လုပ်နည်း လုပ်ဟန် လွှဲနေလျှင် အကျိုးရ နည်း ပါးနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော် ဘဲ မဂ်ဖိုလ် နိဗ္ဗာန် လောကုတ္တရာ ချမ်းသာ တို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။

 ဝေလာမ ပုဏ္ဏား ကဲ့သို့ ထမင်းရည်ချောင်းစီးအောင် လှူသည် ပင်ဖြစ်စေ၊ လောကီင်္ ချမ်းသာ၊ လောကီ ပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မစ္ဆာပဋိပဒါ- အသိလွဲ အမြင်လွဲ၊ လုပ်နည်း လုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။

တစ်ယောက်ချို  မျှ လောက်သော ယာဂု ကို လှူသည်ဖြစ်စေ၊ နိဗ္ဗာန် ချမ်းသာကို ရည်မှန်း၍ လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း လုပ်ဟန် မှန်ကန်ခြင်းဖြစ်၏။ (သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။

ထိုပြင် ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏ ဤ ဒါနကောင်းမှုသည် အာသဝေါ တရား ၄ ပါး တို့၏ ကုန်ရာ နိဗ္ဗာန်ကို ပို့ဆောင်နိုင်ပါစေဟု နှုတ်ဖြင့် ရွတ်ဆို၍ (ရည်မှန်း၍) ပြု လျှင် ဗောဓိဆု ၃ မျိုး ကိုပင် အလိုလို ပြီးနိုင်ပါသည်။

 ဗောဓိဆု ၃ မျိုးမှာ.....

(၁) သာဝကဗောဓိဆု- သာဝက အဖြစ်နှင့်သစ္စာလေးပါး ကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ် တစ်ဆူ အဖြစ်နှင့် သစ္စာလေးပါးကို သိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓ အဖြစ်နှင့် သစ္စာလေးပါး ကို သိမြင်ခြင်း။

မိမိတို့၏ ပါရမီ အလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည် ဟူလို။ ထို့ကြောင့် ကုသိုလ်ကောင်း မှု ပြုရာတွင် ကမ္မဿ        ကတာဥာဏ်၊ ဝိပဿ       နာ   ဥာဏ်နှင့် ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့် ၄င်း၊ လောဘ ဒေါသ စသော အကုသိုလ်တို့ မခြံရံ အထက်တန်းစား တိဟိတ် ကုသိုလ်ဖြင့်၎င်း၊ နိဗ္ဗာန် ကို ရည်မှန်း ၍ ကြိုးပန်းအား ထုတ်နိုင်ကြပါစေသတည်း။



ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂) (ကုသိုလ် တွေစစ်ကြမယ်) by Dhamma (ဓမ္မဗျူဟာ)
မှ တစ်ဆင့် ကူးယူဓမ္မဒါန တင်ပြအပ်ပါသည် ခင်ဗျာ
 

(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှ ဓမ္မတရားတော် များကို အများသူငါ ဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန် အတွက် ထပ်ဆင့် ၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ် ယူနိုင်ကြပါသည် ခင်ဗျာ)

 Buddha, Dhamma, Sangha - ရတ်ပိပြကာ 


No comments:

Post a Comment