Saturday, December 29, 2018

၂၀၁၉ ခုနှစ်မှာဖြစ်ပေါ်မယ့် ထူးခြားဖြစ်စဉ်များ



လာမယ့် ၂၀၁၉ ခုနှစ် အတွက် အာကာသ အတွင်းမှာဖြစ်ပေါ်မယ့် အကြောင်းအရာ များစွာထဲက ထူးခြားပြီး သာမန် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာရဲ့ စာဖတ် ပရိတ်သတ်များ အတွက် ရေးသား တင်ဆက်ပေးလိုက်ပါတယ်..။
၂၀၁၉ ခုနှစ်မှာ ထူးထူးခြားခြား နေကြတ်ခြင်း (၃)ကြိမ် နဲ့ လကြတ်ခြင်း (၂) ကြိမ် ဖြစ်ပေါ်ဖို့ ရှိပါတယ်။ နေကြတ်ခြင်းဟာ နေ နဲ့ ကမ္ဘာ အကြား လ ရောက်ရှိခြင်း (တစ်နည်း) လကွယ်နေ့မှာ လဟာ နေရဲ့ အလင်းရောင်ကို ရုတ်တစ်ရက် ဖုံးအုပ် သွားခြင်းကြောင့် ဖြစ်ပေါ်ရပါတယ်။


(ပုံ) ။ လ အရိပ်ကျရောက်တဲ့ နေရာမှာသာ နေကြတ်ခြင်းကို မြင်တွေ့ နိုင်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွက် နတ်တော် လကွယ်နေ့ (ဇန်နဝါရီ ၆ ရက်)၊ နယုန် လကွယ်နေ့ (ဇူလိုင် ၂ ရက်) နဲ့ (နောက်နှစ်) နတ်တော် လကွယ်နေ့ (ဒီဇင်ဘာ ၂၆) ရက်တို့မှာ နေကြတ်ပါမယ်။

မြန်မာနိုင်ငံကတော့ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်မှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး ၈၀% လောက်ထိ ဖုံးအုပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ..။ လကြတ်ခြင်းဟာ နေ နဲ့ လ အကြား ကမ္ဘာရောက်ရှိခြင်း (တစ်နည်း) လပြည့် အမှတ် ရောက်ရှိ ချိန်မှာ ဖြစ်ပေါ်တာဖြစ်ပြီး ကမ္ဘာရဲ့ အရိပ်စစ် ကျရောက်တဲ့နေရာမှာ နေရဲ့ အလင်းရောင်ဟာ အနီရောင် သန်းတဲ့ အတွက် ထိုနေရာကို ဖြတ်သန်းရတဲ့ လ ဟာလည်း သွေးနီရောင် သန်းသွားရခြင်း ဖြစ်ပါတယ်။
(ပုံ)။ အင်္ဂလိပ်လိုတော့ Blood Moon လို့ခေါ်ပါတယ်။
ပြာသို လပြည့် (ဇန်နဝါရီ ၂၁) မှာဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမှာတော့ မဟုတ်ပါ။ ဒါပေမယ့် ဝါဆို လပြည့်နေ့ (ဇူလိုင် ၁၆) မှာဖြစ်မယ့် ရိုးရိုး လကြတ်ခြင်းကိုတော့ နံနက်ခင်း (အာရုံတက်ချိန်) ပိုင်းမှာ မြင်တွေ့ ရနိုင်ပါတယ်။


နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာ ဖြစ်တတ်ပြီး..၊ လကြတ်ခြင်း ကတော့.. လပြည့်နေ့မှာသာ ဖြစ်တတ် ပါတယ်။ နောက်ပြီး လဟာ ပတ်လမ်းကြောင်း ၅ ဒီဂရီခန့် တိမ်းစောင်းတာကြောင့် လပြည့်နေ့တိုင်း လ မကြတ် သလို.. လကွယ်နေ့တိုင်းလည်း နေ မကြတ်တတ်ပါ။ လပြည့်နေ့မှာ ကမ္ဘာနဲ့ ပတ်လမ်း နီးနေ လျှင်တော့ လကို သာမန် အရွယ်အစားထက် အနည်းငယ် ပိုကြီးပြီး မြင်ရပါတယ်။
အဲ့ဒါကို Supermoon (စူပါမွန်း) လို့ခေါ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်မှာဖြစ်မယ့် တပေါင်း လပြည့် ဟာ စူပါမွန်းဖြစ်မယ့် အချိန်ပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာပဲ ထူးထူးခြားခြား ဗီးနပ်စ် (ခ) သောကြာဂြိုဟ် နဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ် တို့ ၂ ကြိမ်တိုင် တိုင် ပေါင်းဆုံဖို့ ရှိပါတယ်။ ပထမ အကြိမ်ကတော့ ၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့ဖြစ်ပြီး.. နေမထွက်ခင် အရှေ့ အရပ်မှာ မြင်တွေ့ရနိုင်ပါတယ်။ နောက်တစ်ကြိမ်ကတော့..၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာ ဖြစ်ပြီးနေဝင်ပြီးချိန်မှာ အနောက် အရပ်မှာ သာမန် မျက်စိနဲ့ မြင်တွေ့ရနိုင်ပါတယ်။
တယ်လီစကုတ် ဝါသနာရှင်များ အတွက် ဂြိုဟ်တွေကို အကောင်းဆုံး မြင်ရမယ့် ရက်တွေ ရှိပါသေးတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ ဗီးနပ်စ်၊ ဖေဖော်ဝါရီ ၂၇ မှာ မာကျူရီ၊ ဇွန်လ ၁၀ ရက်နေ့မှာ ဂျူပီတာ နဲ့ ဇူလိုင် ၉ ရက်နေ့မှာ စေတန် တို့ကို အကောင်းဆုံး အနေအထားနဲ့ မြင်တွေ့ရနိုင်ပါတယ်။
ထူးခြားချက် အနေနဲ့ နေရဲ့ အရှေ့ကနေ မာကျူရီဂြိုဟ် (ခ) ဗုဒ္ဓဟူးဂြိုဟ် ဖြတ်သန်းသွားခြင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မြင်တွေ့နိုင်ပါတယ်။ (နေကိုကြည့်တဲ့ တယ်လီစကုတ် မျိုးနဲ့ ကြည့်မှ မြင်ရမှာပါ။)
ကြယ်မိုး ရွာခြင်း (ကြယ်ကြွေခြင်း) ဖြစ်စဉ်တွေကိုတော့ ၂၀၁၉ ဇန်နဝါရီ ၃-၄၊ ဧပြီ ၂၂-၂၃၊ မေ ၆-၇၊ သြဂုတ် ၁၂-၁၃၊ ဒီဇင်ဘာ ၁၃-၁၄ တို့မှာ အများဆုံး မြင်တွေ့ရပါမယ်။ ရက်နီးလျှင်လည်း အာကာသနှင့် စကြဝဠာ စာမျက်နှာမှာ တင်ထားပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ အောင်မြင်သော ဘဝသစ်များကို လျှောက်လှမ်းနိုင်ကြပါစေ..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
myanmarmagazine.org




No comments:

Post a Comment