Saturday, April 15, 2017

ဗုံး အားလုံး ရဲ့ အမေ ဆိုတာ



Mother of all bombs ဗုံးအားလုံး ရဲ့ မိခင် ဆိုတဲ့ ဗုံးကို ကြဲလိုက်ပြီ ဆိုတာ နဲ့အဲဒီနေရာမှာ ရှိတဲ့ လူသားတွေ ဟာ ခန္ဓာကိုယ်တွေအရည်ပျော်သွားကြမယ်။ ပြင်းထန်လွန်းတဲ့ပေါက်ကွဲ အားကြောင့် လူ့ ခန္ဓာကိုယ်ရဲ့ အတွင်း အင်္ဂါတွေ ကြေမွပျက်စီးသွားမယ်။ 

မိခင် ဗုံးရဲ့ အကျိုး သက်ရောက်ရာ နေရာမှာ ရှိသမျှ အောက်စီဂျင်တွေကို ပေါက်ကွဲလောင်ကျွမ်းစေတာကြောင့် အသက်ရှူကြပ်ပြီး သေသွားကြမယ်။ တစ်ကယ်လို့ မသေမကြေဘဲ ကံကောင်းထောက်မခဲ့မယ် ဆို ရင်တောင် အဲဒီလူဟာ စိတ်ပိုင်း ဆိုင်ရာ ကြောက်ရွံ့ တုန်လှုပ်မှုတွေကို သေတစ်ပန် သက်တစ်ဆုံး ခံစားသွားကြရမယ် ။

mother of all bombs ဆိုတာ ကတော့ thermobaric သာမိုဘားရစ် လို့ခေါ်တဲ့ ဗုံး တစ်မျိုးဖြစ်တယ်။ အဲဒီ ဗုံးတစ်လုံး ပေါက်ကွဲပြီ ဆိုတာနဲ့ သူဟာလေထုထဲက အောက်စီဂျင်တွေကို စုပ်ယူလိုက်မယ်။ ပြီးတဲ့အခါ အောက်စီဂျင် ကို လောင်ကျွမ်းစေပြီး ပြင်းထန် စူးရှတဲ့ အပူရှိန်ကို ဖြစ်ပေါ်စေတယ်။

 မြင့်မားလွန်းတဲ့ အပူရှိန်ဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့ ထပ်ပေါင်းစည်းလိုက်တဲ့ အခါ ငရဲပြည်မှာ တိုက် ခတ်နေတဲ့ မီးလျှံ အပြည့်နဲ့မုန်တိုင်း တစ်ခု အသွင်ဖြစ်တယ်။ thermo (သာမို) ဆိုတဲ့ အပူရှိန် ကို baric (ဘားရစ်) ဆိုတဲ့ ဖိနှိပ်ခြင်းနဲ့ ပြင်းထန်စွာ ပူပြင်းလောင်မြိုက်စေတဲ့လက်နက်ပဲဖြစ်တယ်။ 

လက်နက် တစ်ခုရဲ့ အကျိုး သက်ရောက်မှု အချိန် Duration အနေနဲ့လည်း သမားရိုးကျ ဗုံးတွေ ထက် ပိုမို ကြာမြင်တာကြောင့် ထိခိုက် ပျက်စီးမှုဟာ ပိုမိုများပြားတယ်။ သစ်ပင်တွေ၊ အဆောက် အအုံတွေ၊ ဥမင်လှိုင်ခေါင်းတွေကို မြေဖို့ပြီးသားဖြစ်သွားစေတယ်။

အခု အမေရိကန်တွေ လတ်တလော အသုံးပြုခဲ့တဲ့ GBU-43 ဗုံးတွေ ဟာလည်း အဲဒီ Mother of all bombs (MOAB) တွေပဲဖြစ်တယ်။ သူတို့တွေဟာ သာမိုဘားရစ် ဗုံးတွေကိုမှ နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ အဖျက် စွမ်းအားကြီးဗုံးတွေဖြစ်တယ်။ 

ဗုံးရဲ့ ပထမ အဆင့်ပေါက်ကွဲချိန်မှာ အပူရှိန်ပြင်းထန်စွာနဲ့ လောင်ကျွမ်းနေတဲ့ မီးလုံး၊ မီးငွေ့တွေဟာ ပေ (၃၀) ၀န်းကျင်မှာ ရှိသမျှ အရာတိုင်းကို အငွေ့ပျံသွားစေမှာဖြစ်တယ်။

(သက်ရောက်မှုဟာ ဗဟိုချက် ကနေ မီတာ ၃၀၀ ထိ ကျယ်ဝန်းပြန့်ထွက်သွားမယ်။ သံကူ ကွန်ကရစ်ထုကို ပေ ၂၀၀ ထိ ဖောက်နိုင်တယ်။ မီးတောက်ရဲ့ အပူရှိန်ဟာ ပေ ၃၀ ထိ အရည်ပျော်နိုင်တယ်။)

တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ တစ်ပုံ ဆိုတဲ့ အချိန်လေး အတွင်းမှာတင် ၀န်းကျင်မှာရှိတဲ့ အောက်စီဂျင်တွေကို စုတ်ယူပြီးဖြစ်တယ်။ အဲဒီ ဗုံးမျိုးဟာ ဥမင်လိုဏ်ခေါင်းတွေထဲက အောက်စီဂျင်တွေကို စုတ်ယူ သလို ဖြစ်တဲ့အတွက် အမေရိကန်တွေဟာ ISIS တွေကို တိုက်ခိုက်ရာမှာ တွင်တွင် ကျယ်ကျယ်ကြီး အသုံးပြုဖို့ ရည် ရွယ် ခဲ့ကြတာဖြစ်တယ်။ 

အဲဒီနောက်မှာတော့ ပြင်းထန်တောက်လောင်နေတဲ့ မီးလေပြင်းတွေဟာ အပြင်ဘက်ကို ပေါက်ကွဲပြန့်နှံ့သွားပြီး လမ်း တစ်လျှောက်မှာရှိသမျှ အရာတိုင်းကို ထောင်းလမောင်းကြေဖျက်ဆီးပြစ်နိုင်မယ်။ သစ် ပင်တွေ အဆောက် အဦးတွေဟာ မြေပြင်ညီ အနေအထားအထိ တန်းညှိပြီးဖြစ်သွားနိုင်တယ်။ အဲဒီ စိတ်မ ချမ်းမြေ့ဖွယ် ပေါက်ကွဲသံကြီး ကိုတော့ မိုင်တော်တော် အကွာအဝေးကနေ ပေါက်ကွဲသံကိုကြားကြရမယ်။

ဗုံးပေါက်ကွဲရာ အနီးအနားမှာ ရှိတဲ့လူတွေရဲ့ နားနှစ်ဖက်ဟာ သွေးစိမ်း ရှင်ရှင် ယိုစိုးကျရောက်မယ်။ ပေါက်ကွဲမှု ရဲ့ ပြင်းထန်လှတဲ့ တွန်းအားကြောင်း ကိုယ်တွင်း အင်္ဂါတွေ ပျက်စီးသေကြေကြမယ်။ ပေါက်ကွဲမှုနဲ့ နှစ်မိုင် အကွာအဝေးမှာ ရှိနေတဲ့ လူတစ်ယောက်ဟာ အကြားအာရုံ ဆုံးရှုံးသွားမှာပဲဖြစ်တယ်။

ဗုံးပေါက်ကွဲရာနေရာ တည့်တည့်ရဲ့ ဥမင်လိုဏ်ခေါင်းထဲမှာရောက်ရှိနေသူတွေဟာ ပေါင် (၁၉၀၀၀) ဖိအား ဒဏ်ကို ခံကြရတဲ့အပြင် အောက်စီဂျင်ပြတ်လတ်မှုကြောင့် ရာနှုန်းပြည့် သေကြရမှာ သေချာ သလောက်ပဲဖြစ်တယ်။ မသေခဲ့ရင်တောင်မှ ပေါက်ကွဲမှု မှိုပွင့်ကြီးရဲ့ စိတ်ဆင်းရဲစရာမြင်ကွင်းတွေဟာ သူ့ဘ၀ တစ်လျှောက်ခြောက်လှန့်တုန်လှုပ်စေမှာပဲဖြစ်တယ်။

ခုရေးသားတဲ့ MOAB ကတော့ non-nuclear weapon ဆိုတဲ့ နျူကလိယား လက်နက် မဟုတ်တဲ့ သာမာန်ဗုံး တစ်လုံးပဲဖြစ်တယ်။ သာမာန်ဗုံး တစ်လုံးဟာ အဲဒီလောက် ပျက်စီးသေကြေစေမယ်ဆို တစ်ကယ်လို့များ နျူ စစ်ပွဲ ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ ကမ္ဘာရဲ့ အနာဂတ်.. မတွေးဝံ့စရာပဲ..။ 

ဗုံးတွေရဲ့ အမေ တောင် ဒီလောက် ဖျက်ဆီးနိုင်ရင်။ ဗုံးအမေလင် ဖြစ်တဲ့ နျူကလီယားဗုံး၊ ဗုံးအမေ့ ဘိုးအေ ဖြစ်တဲ့ ဟိုက်ဒရိုဂျင် ဗုံးတွေ ဆိုရင်တော့ ကျွန်တော်တို့တွေအားလုံး မျိုးတုံးသွားမလားပဲ။ 

အားလုံးအေးချမ်းကြပါစေ.......................

(ဖြိုးသုတ)

No comments:

Post a Comment