Saturday, January 19, 2019

မြန်မာတစ်နိုင်ငံလုံး ပထမ ရသွားတဲ့ ကလေး က ပေးတဲ့ သင်ခန်းစာ


'' ခုနက စင်ပေါ်စကားတက်ပြောတဲ့ မောင်လေး မဟုတ်လား '
'' ဟုတ်ကဲ့ပါ အစ်မ ''
'' တစ်နိုင်ငံလုံးမှာ First ရထားတဲ့သူ ဆိုတော့ မောင်လေး စကားက သူတို့  အတွက် သိပ်အရေးပါတယ်...
မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''

''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ် ။ လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့် အတွက် ဂိတ် တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တစ်ကယ် တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ် ။

အရှိတရား ဟာ အမှတ်ကောင်းမှ လိုင်းကောင်းရမှာ ...
ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေး စနစ်နဲ့  first ဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း first ဖြစ်ချင်မှ ဖြစ်မှာ''

''ကျနော် first ရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့  အဓိပ္ပာယ် မရသလို ကျနော် အအောင်မြင်ဆုံးပါ လို့ လည်း အဓိပ္ပာယ်မရဘူး. ။

ဖြေပြီးခဲ့တဲ့အထိတော့ First ရအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... First ရတော့ ဘာဖြစ်သလဲ ဆိုတာပဲ ။

လူသိများလာတယ်... ဒါဟာ popular ပါ... Success မဟုတ်ဘူး ။
ခက်ဆစ်တွေ ၏ သည် ၍ မလွဲ ကျက်ခဲ့မိတယ်... ပြောရမယ် ဆိုရင် ကျနော် သိပ်ပင်ပန်းခဲ့တယ်...
ကျနော် ဆရာဝန်မဖြစ်ချင်ဘူး ၊ အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...

ကျနော့်ဝါသနာကို ကျနော် သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressure အောက်မှာ ပြင်ပ စာပေကို အာရုံစိုက်ခွင့် မရဘူး... ။

ကျနော့် သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitar တစ်အား တီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီ တက္ကသိုလ်ဝင်တန်းကို သူ့ ဝါသနာနောက် သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....။

သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...။

တျာချင်းဖြစ်ကြောင်း ဝန်ကြီး ပဒေသရာဇာရေးကြောင်း ထန်းတက်သမား မိသားစုရဲ့ ဘဝကို သရုပ်ဖော်ခြင်း ဖြစ်ကြောင်း စာထဲက ပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...။

သူက ခေါင်းခါပြပြီး ငါမေးတာ အဲ့ဒီလို မဟုတ်ဘူးတဲ့....။
ခေတ်ကိုနှိုင်းယှဉ်မယ် ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေ ရှိသတဲ့ဗျာ ။
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ မျိုးဖြစ်နိုင်တယ်တဲ့...။

အင်မတန် ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ် အတိပဲ... ဒီလို အချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက် သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏ ရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့ ။

ဟုတ်တယ် ဒါ ကဗျာ ဒါ အနုပညာ
ဒါဟာ စာသက်သက် မဟုတ်ဘူး
ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာ ခံစားဖို့ 
The whole burma first ရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်....။


သူ စာလေ့လာခဲ့တယ် ။
သူလေ့လာသမျှဟာ စာမေးပွဲမှာ အမှတ်ကောင်းဖို့  ရည်ရွယ်ပုံ မရဘူး ။
အနုပညာကို အနုပညာလို ခံစားဖို့ လို့  သူကတွေးတယ်...။

စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်...
ဝန်ကြီး ပဒေသရာဇာပေးတာကို ကျနော် လုံးဝမရခဲ့ဘူး ။

အစ်မ... ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ ကို စာမေးပွဲဖြေဖို့ တစ်ခု တည်း ရည်ရွယ်ထားတာမဟုတ်ဘူး
တစ်ချို့ စာတွေဟာ အနုပညာ
တစ်ချို့ စာတွေဟာ အကြံပြုစာ
တစ်ချို့ စာတွေဟာ ဆွေးနွေးတဲ့စာ...။

ဟင်း.. ကျနော်တို့ ကတော့ ဘာလာလာ ကျက်စာပဲ...
ဆရာကြီး မဟာဆွေရေးတဲ့
''မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း '' ဟာ ကျက်ဖို့  မဟုတ်ဘူး... မကြောက်တရား ဆောင်းပါးတွေကို သူ့ အမြင် သူ့ ရှုထောင့်တွေနဲ့  မျှဝေခဲ့တဲ့ ဆရာကြီး မဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့ စာတွေကို ကျက်ဖြေစေဖို့  ရည်ရွယ်ခဲ့တာ မဟုတ် ဘူး...။

ကဗျာကို အလွတ်ရအောင်ကျက်တိုင်း ကဗျာကို ချစ်ပါတယ်လို့  အဓိပ္ပာယ်မရ ဘူး... 
ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ....
သူက ယူသလောက် ရခဲ့တဲ့ကောင်...

သူက leisure ကဗျာလေးနဲ့  feel ခံတတ်တယ်...။
ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး ။

''What is this life if full of care
we have no time to stand and stare'' တဲ့...

အဲ့ဒီ ကဗျာကို မရပ်မနား ကျက်ခဲ့တယ် ။
အခုတော့ ရယ်မိတယ် သိလား ....
relax ယူသင့်ကြောင်းပြတဲ့ ကဗျာလေးကို မောပန်းစွာ ကျက်မိခဲ့တဲ့ အဖြစ်ကို ရယ်ချင်နေမိတယ်...''

'' ဒီလို လုပ်ခဲ့လို့  ဒီလို first ဖြစ်နေတာ မဟုတ်ဘူးလား''
''အစ်မ သုတစွယ်စုံတွေ ဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ ရှိပါတယ် ။

ကမ္ဘာ့ လက်သည်း အရှည်ဆုံး လူသားတဲ့ ...
ဂင်းနစ် မှတ်တမ်းဝင်ထားတယ်... လက်သည်းကြီးတွေက တွန့် လိမ် ရှည်လျှားနေတယ်... ။

ဂင်းနစ် ဝင်ချင်တာ တစ်ခုတည်းနဲ့  ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့ သူတွေ...သူတို့  ကတော့ ကြံဖန် ဂုဏ်ယူကြတာပေါ့... တစ်ကမ္ဘာလုံးမှာ ငါလက်သည်း အရှည်ဆုံးဆိုပြီး...။

အစ်မတွေးကြည့်......
နေ့ စဉ်နေထိုင် ရှင်သန်မှုမှာ ဒီသောက်ရေးမပါတဲ့ လက်သည်း ရှည်ကြီးတွေက ဘယ်လောက် အနှောက် အယှက် ပေးနေမလဲ... ရိုးရိုးသားသားဖြေကြည့်ပါ ။

ကြည့်လို့  ရော တင့်တယ်ရဲ့လား...
နောက်ပြီး ဘယ်သူ့ အတွက် အကျိုး ရှိလဲ...
ဇွဲရှိတယ် စိတ်ရှည်သည်းခံမှု ရှိတယ် ယုံကြည်ချက် ရှိတယ်...

ဒါပေမယ့် အများကောင်းဖို့ အတွက် မဟုတ်သလို သူကောင်းဖို့ လည်း မဟုတ်ဘူး... ရူးကြောင် မူးကြောင် ကမ္ဘာကျော်လိုမှု အတွက်...

ဒါသူ့ အခွင့်အရေး ဆိုတာ မှန်ပါရဲ့ ။ အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန် တစ်ချို့  ကို ကျနော် ကတော့ ကြိတ်လှောင်မိတာပဲ...။
အဲ့ဒီလို ပုံစံမျိုးနဲ့ ကျနော် the whole burma first ဖြစ်လာတယ် ။
the whole burma first ဖြစ်ဖို့  အဓိပ္ပာယ် မရှိတာတွေ ကျနော် လုပ်ခဲ့ရတယ်လေ ''

''ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင် ဖြေဖို့ လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန်ဖြစ်မယ်... ဒါကြောင့် သူ့ ကို သင်တဲ့ guideဆရာသို့ မဟုတ် ကျူ ရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ ထက် အမှတ်ရအောင်ဖြေဖို့  အဓိကထားသင်လိမ့်မယ်...အဲ့ဒီလို သင်တဲ့ဆရာ မှားနေလား''

'' လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်... ဆန်စင်ရာ ကျည်ပွေ့ လိုက်ရတဲ့ ပညာရေး စနစ်မှာ အမှတ်ကောင်းအောင် သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့ က ခက်တယ်...။

ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံးလေ့ကျင့်နေရတယ် ။ close type ဖြေဖို့  စာပိုဒ်လိုက် ကျက်နေရတယ်....။ definition တွေကို a,an,the က အစ မလွဲအောင် ကျက်နေရတယ်...

ဒါဟာ သူ့ ဆရာဝန်ဖြစ်ဖို့  လိုအပ်တဲ့ အရည်အချင်း အတွက် အထောက်အကူ ဖြစ်ရဲ့လား...
ဒါပေမယ့် ဆရာဝန်ဖြစ်ချင်သူကတော့ ဒီလို ကျက်ရမယ်... သင်ကြား သူကလည်း ဒီလိုပဲ သင်ကြားရ လိမ့်မယ်...
လျှောက်သူ အမှား မဟုတ်သလို ဒီလိုလျှောက်ဖို့  အကြံပြုသူ အမှားလည်း မဟုတ်ဘူး ဒါဟာ လမ်းရဲ့ အမှား... ဒါဟာ ပညာရေးစနစ်ရဲ့ အမှား...'။

''တစ်ကယ်လည်း ဆရာဝန် ပညာဟာ အခက်ဆုံးပညာရပ် တစ်ခု မဟုတ်လား ဒါကြောင့်လည်း အတော်ဆုံး တွေကို တောင်းဆိုတဲ့ သဘောပါပဲ ''

''အခက်ဆုံး ပညာရပ်ရယ်လို့ တော့ မသတ်မှတ်ကောင်းပါဘူး....
ကဲဗျာ... အစ်မ သတ်မှတ်သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ... ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ... ဆရာဝန်ဖြစ်ဖို့  ကျနော်က အသင့်တော်ဆုံးပါလို့  အစ်မထင်လား''
'...''
''ဖြေပါအစ်မရဲ့ လက်ရှိ ပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့ ဖြေကြည့်လိုက် ပါလား... အစ်မ အလွဲကြီးလွဲသွားမယ်...။ ကျနော့် ဝါသနာက အဓိပ္ပာယ်ရှိတဲ့ စာရေးသူဖြစ်ဖို့ ပဲ ။
ဒီနိုင်ငံမှာ ဝါသနာ မပါဘဲ အမှတ်ကို နှမြောလို့  ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင် ရှိနေကြမလဲ...''

''ဒါပေမယ့် ဒီလိုလိုင်းတွေကို အမှတ်နဲ့  မခွဲလို့ လည်း မဖြစ်ဘူးလေ ၂၄၀ နဲ့  ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့...''

''လျှောက်ပါစေပေါ့ အစ်မရယ်''
''ဘယ်ဖြစ်မလဲ... အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့''
''ဆယ်တန်းမှာ သင်ရ သမျှဟာ general သဘောလောက်ပါပဲ အစ်မ ဒီ general မှာ ထူးချွန်တာနဲ့ ပဲ
တက္ကသိုလ်လို specialized မှာ ထူးချွန်ပါလိမ့်မယ်လို့  လှေနံဓါးထစ် မှတ်လို့ မရဘူး ။

ဒီ့ အတွက် ဝင်ခွင့် စာမေးပွဲတွေလိုတယ်...။
မင်းဆေးကျောင်းတတ်ဖို့ အရည်အချင်းပြည့်မှီရဲ့လား ဒါကို စစ်ဆေးဖို့  ဆေးကျောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲလိုမယ် ။

botany ယူဖို့  အရည်အချင်းပြည့်မှီ မမှီ စစ်ဖို့ လည်း လိုအပ်တာပဲ...။
ပညာရပ်တိုင်းမှာ အဓိပ္ပာယ် ကိုယ်စီ အခက်အခဲ ကိုယ်စီ ဝါသနာ လိုအပ်မှု ကိုယ်စီ ရှိနေကြတာပဲ... ။

ဆရာဝန်ကို လူတော်တွေလုပ် botany ကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education plan ကို မှားတယ်လို့  သတ်မှတ်မယ်....။

Major တိုင်းဟာ လိုအပ်တဲ့ အရည်အချင်းနဲ့  ဝါသနာကို ပြန်တောင်းဆိုရမယ်....။ ဒီ့ အတွက်လည်း ကျောင်းသူ ကျောင်းသားတွေကို ကြို  inform လုပ်ရမယ်... တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက် ရွေးခွင့်ရှိသော major များ ဆိုပြီး... ပဉ္စမတန်းလောက်ကတည်းက စပြီး မိတ်ဆက်ပေးထားသင့်တယ် ။

ဒါမှ ကျောင်းသားဟာ သူ့ ဝါသနာ သူ့  ဗီဇကို ကွဲပြားစွာ နားလည်လာမှာ... ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ ။ ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသော အခွင့်အရေးရယ်
ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်...

အကယ်၍ အဲ့ဒိ အလုပ်မှာ ပါရမီများ ပါ ခဲ့မယ် ဆိုရင်သူဟာ ကျွမ်းကျင်မှု အပြင် စွန့် ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ်
မြန်မာနိုင်ငံမှာ စွန့် ဦးတီထွင်သူတွေ ပျောက်ရှနေတယ်... ပြန်ရှာဖွေချင်တယ်...''

'' The whole burma first ရခြင်း အပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ''
''ပျော်မယ်လို့  ထင်ခဲ့ဖူးပါတယ် ။

အောင်စာရင်း မထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတစ်ချို့  အတွက် နှမြောသလိုခံစားရတယ် ။
ဒီ လမ်းအပိုတွေမှ မလျှောက်ရင် the whole burma first မဖြစ်နိုင်ဘူးလေ...
ပြေးလမ်းက ကွေ့ ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ် ။

ပြိုင်ပွဲစည်းကမ်း နဲ့ ကိုက်ညီလို့  ကျနော် ပထမရတယ်...
တစ်ချို့ က အဖြောင့်အတိုင်းပြေးတယ်...
သူတို့  က စာတတ်ဖို့ ကို ဦးစားပေးပြီးပြေးတယ်
ကျနော်က အမှတ်ရဖို့  ဦးစားပေးပြီးပြေးတယ် ။

အမှတ်များပြိုင်ပွဲမှာ
ကျနော် first ရခဲ့တယ်
ကျနော် ပျော်သင့်ရဲ့လား လို့  ကိုယ့်ကိုယ်ကို မေးခွန်း ထုတ်မိနေတုန်းပဲ ။

Crd,... Ko Ngal
Chaw Su Su



No comments:

Post a Comment