Saturday, November 11, 2017

Bitcoin နှင့် ပုံတူ coin များ အကြောင်း




Crypto Currency ဖြစ်ကြတဲ့ Bitcoin / Litecoin / Dogecoin အစရှိတဲ့ Currency တွေ အကြောင်း အ ကျဉ်းချုံး ရှင်းလင်းချက် ဖြစ်ပါတယ်။ ဆောင်းပါး ရဲ့ ရည်ရွယ်ရင်းဟာ ဒီ Crypto Currency တွေမှာ မြန်မာနိုင် ငံသားတွေ ရင်းနှီးမြှုပ်နှံဖို့ မသင့်တော်တဲ့ အပြင် ဥပဒေနဲ့ ငြိစွန်းကြောင်း အသိပေးလိုရင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို Crypto Currency ကို ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်တဲ့ Page များ၊ Group များမှာသော်၎င်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသော်၎င်း ဆောင်းပါး အပြည့်အစုံကို ဖော်ပြပြီး အခမဲ့ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ 

ဒါပေမယ့် တစ်စိတ် တစ်ပိုင်းကိုပဲ မိမိ လိုသလို ပုံဖျက်ကာ ဖြတ်တောက် ကူးယူခြင်းကိုသော်၎င်း၊ Crypto Currency ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်း၊ တစ်နည်းနည်းဖြင့် အသုံးချခြင်း၊ လက်လွှဲခြင်း တို့ကို မြှင့်တင်ရန်၊ ကြော်ငြာရန် အတွက် အသုံးပြုခြင်းကိုသော်၎င်း လုံးဝ (လုံးဝ) ခွင့်မပြုတဲ့ အပြင် တားမြစ်ချက်ကို ဖောက် 
ဖျက်ပါက တည်ဆဲ မူပိုင်ခွင့် ဥပဒေများနဲ့ အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။

==================================

Crypto Currency နောက်ခံ သမိုင်း၊ အလုပ်လုပ်ပုံ ၊ အနာဂတ် အလားအလာ : ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ လက်ရှောင်နေသင့်သည့် အကြောင်းအရင်း ။


ဆောင်းပါး မစခင် အရေးပိုကြီးတာလေး နည်းနည်းပြောဦးမယ် ။ Bitcoin သည် မကောင်းဘူး။ ရင်းနှီးမြှုပ်နှံသင့်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး ။ ဒါပေမယ့် Bitcoin သည် ခိုင်မာမှု အများကြီး ရှိသေးတယ်။ ပြောချင်တာ က Bitcoin ဟာ ကမ္ဘာပေါ်မှာ သီးခြားဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ လုပ်ငန်းစုကြီးတွေ အများကြီး ပါဝင်ဆောင်ရွက်နေကြတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်တယ်။ ကွန်မြူနစ် စနစ်လိုပေါ့။ လက်တွေ့အလုပ်ဖြစ်သလားဆိုရင် မဖြစ်ဘူး။ 

လူတန်းစားမဲ့ ကမ္ဘာတို့၊ ပစ္စည်းမဲ့ အာဏာရှင်စနစ် တို့ဟာ  ဟောလို့ပြောလို့ ကောင်းသလောက် လက်တွေ့ အလုပ်မဖြစ်ဘူး ။ Bitcoin လည်း ဒီသဘောပဲ။ ဒါပေမယ့် ကွန်မြူနစ် စနစ်ကို နှစ်ပေါင်းများစွာ၊ လူတွေ အများကြီး ယုံကြည် လက်ခံခဲ့ကြတယ်။ Bitcoin ကိုလည်း အနာဂတ်လို့ ထင်နေသူတွေ အများကြီးရှိတယ်။ သူကတော်သေးတယ်။ သူ့ထက် ဆိုးတာက ပွင့်လင်းမြင်သာမှု မရှိ၊ ဘာနည်းပညာမှာ မယ်မယ်ရရ မရှိတဲ့ SCoin တို့၊ CoinSpace တို့၊ JCoin တို့၊ JCard တို့က ပိုဆိုးတယ်။ 

အမှန်တော့ ဒီ coin တွေက Crypto Currency မဟုတ်ဘူး။ ကိုယ့်ဆီက ငွေသားကို သူတို့ဆီက coin  လို့ ပြောတဲ့ point တွေနဲ့ လဲပြီးတော့ Debit card ပုံစံမျိုး သုံးရတာပဲ။ Bitcoin နာမည် ထွက်လာတာကို အကြောင်းပြုပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်တာပဲ။ ဒီဆောင်းပါးဟာ Crypto Currency တွေ အကြောင်းပါ။ ဒီဇကောလောက်မှ ဇောက်မနက်တဲ့ လူလိမ် ဖိုးတွမ်တီးတွေအကြောင်း မဟုတ်ပါဘူး။

Crypto Currency မှာ ကျွန်တော်တို့က နှစ်ပိုင်း ခွဲပြောရမယ်။ Crypto နဲ့ Currency ပေါ့။ ဝှက်စာ စနစ်နဲ့  ငွေကြေး ဆိုပြီး နှစ်ပိုင်းပါ။ ငွေကြေး က အရင် စပြောမယ်။ အမှန်တော့ သမိုင်းဆိုင်ရာ အချက် အလက်တွေနဲ့ တိုက်ဆိုင်ပြီး ပြောနိုင်ပေမယ်လို့ ကျွန်တော် အချိန်မရလို့ နှစ်တွေ လတွေ ထည့်မပြောတော့ဘူး။ နောက် အေးအေးဆေးဆေး ရှိရင် ဒါတွေ အသေးစိတ်ပြောပါမယ်။

ငွေကြေး ဆိုတာက ပထမဦးဆုံး အနေနဲ့တော့ ကုန်စည်ဖလှယ်မှု ကနေလာတယ်။ ကုန်ပစ္စည်း A ကို ကုန်ပစ္စည်း B နဲ့ ဖလှယ်ဖို့ ကြိုးစားရာ ကနေ ငွေကြေး ဆိုတာပေါ်လာတယ်။ အရင်က ပစ္စည်းချင်း ဒဲ့ လဲကြ တယ် ။ ကိုယ်က ငါး ဆိုရင် သူကနွားသား နဲ့ လဲမယ်ပေါ့။ ဒီမှာ ပြဿနာက လဲမယ့် ပစ္စည်းတွေက ကြာကြာ မခံဘူး။ နောက်တစ်ခါ ကိုယ့်မှာ ရှိတဲ့ပစ္စည်းကို လိုချင်တဲ့သူကို လိုက်ရှာရတာ ခက်တဲ့ အပြင် ကိုယ်လိုချင်တဲ့ ပစ္စည်းက ဘယ်သူ့ဆီမှာ ရှိသလဲ ဆိုတာကို လိုက်ရှာရတာကလည်း ခက်တယ်။ 

အဲဒီနှစ်ခု ဆုံဖို့က လူ့ပြည် အပ်တစ်စင်း၊ ဗြဟ္မာ့ပြည် အပ်တစ်စင်း ထိဖို့ လိုဖြစ်နေတယ်။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ အားလုံး အတွက် လိုအပ်တဲ့ ပစ္စည်းမျိုးကို ကြားခံ အနေနဲ့ သုံးကြတယ်။ အထူး သဖြင့် ပဲ၊ ပြောင်း၊ ဆန်၊ ဆား တို့လိုပေါ့။ ဒါ အခုအချိန်အထိ လုပ်ကြတုန်းပဲ။ အညာဘက်တွေမှာ ဆိုရင် လုပ်အားခကို ပဲနဲ့ ပေးတာ၊ စပါး နဲ့ ပစ္စည်းဝယ်တာ လုပ်နေကြတုန်းပဲ ။ 

ချင်းပြည်လို တောင်ပေါ်ဒေသတွေမှာ သူတို့ဆီက ပစ္စည်းကို ကျွန်တော်တို့ မြေပြန့်က လူတွေက သွားဝယ် ရင် ဆား နဲ့ ဝယ်ရတယ်။ အဲဒီမှာလည်း ပြဿနာက အရင်ကလောက်တော့ သူ့ ပစ္စည်း၊ ကိုယ့် ပစ္စည်း တည့်ဖို့ မလိုတော့ပေမယ့်၊ ပစ္စည်းအရွယ် အစားက ကြီးနေတာ၊ ခွဲစိတ်ရ ခက်တာ၊ နောက်ကြာကြာ မခံတာ အဲဒီ လိုပြဿနာတွေ ရှိနေတုန်းပဲ။ အဲဒီမှာတင် ပစ္စည်းချင်း ဖလှယ်တာထက် ပိုကောင်းတဲ့ တန်ဖိုးသတ်မှတ်ချက်ရှိတဲ့ အစားထိုးငွေကြေးကို ဖန်တီးလာတယ်။

စစချင်း မှာတော့ ရှားပါးတဲ့ ခရုခွံလေးတွေ ကျောက်ခဲ ပုံစံ ဆန်းဆန်းလေးတွေကို အစားထိုး သုံးတယ် ။ ဘယ် လို ခရုခွံ ဆိုရင် ဘယ်လောက် တန်တယ်၊ ဘယ်လိုကျောက်တုံးပုံ ဆို ဘယ်လောက် တန်တယ်ပေါ့။ ဒါကလည်း ပြဿနာ ရှိတယ်။ ခရုခွံ ဆိုတာ ဘယ်နား ကောက်ကောက်ရတယ်၊ ကျောက်တုံး ဆိုတာ ဘယ်လို လုပ်လုပ်ရတယ်။ တန်ဖိုး သတ်မှတ်ချက်က မသေချာဘူး။ နောက်တစ်ခုက လိုသလောက် ရဖို့ ခက် တယ် ။ 

အဲဒီတော့ ဘာလုပ်လဲ ဆိုရင် အဖိုးတန် သတ္တုတွေကို ရှာပြီးတော့ မိုလောင်းပြီး သုံးကြတယ်။ သတ္ထုဖြစ်တဲ့အတွက် သယ်ရတာ လွယ်တယ်၊ နည်းနည်းပဲ သယ်ရတယ်။ ပျက်စီးသွားရင်လည်း မီးနဲ့ အပူပေးပြီး ပြန်ပေါင်း လိုက်လို့ ရတယ်။ ပုံစံမျိုးစုံ လုပ်နိုင်တယ်။ ခွဲစိတ်ရ လွယ်တယ်။ အဲဒီတော့ သတ္ထု ကို နှစ်ပေါင်းများစွာ ငွေကြေး အဖြစ် သုံးခဲ့ကြတယ်။



ဒီမှာလည်း ပြဿနာ ရှိတာပဲ။ အဲဒါက ဘာလဲ ဆိုတော့ ရွှေ ပဲဖြစ်ဖြစ်၊ ငွေ ပဲဖြစ်ဖြစ်၊ ကြေးနီ ပဲဖြစ်ဖြစ် သူ့ ချည်း သပ်သပ် အတုံးအခဲ လုပ်ဖို့ခက်တယ်။ အဲဒီတော့ တစ်ခြား သတ္ထုတွေနဲ့ ရောရတယ်။ ရောလိုက်ရင် တန် ဖိုး ကျသွားတယ်။ ဆိုတော့ ဘယ်လောက်ရောသင့်တယ် ဆိုတာကို သတ်မှတ်ပေးဖို့ လိုလာတယ်။ အဲဒီမှာ အစိုးရရဲ့ ငွေကြေးဆိုင်ရာ မူဝါဒပေါ်လစီ ဆိုတာ ပထမဦးဆုံး စပေါ်လာတယ်။ 

အစိုးရကသာ တာဝန် ယူပြီး ရွှေ ဘယ်လောက်မှာ ကြေး ဘယ်လောက်ရောသင့်တယ် ဆိုတာမျိုး သတ်မှတ် ပြီး ထုတ်လာတယ်။ နောက်ပိုင်းတော့ တံဆိပ်ရိုက်ပြီး အစိုးရ ရွှေဒင်္ဂါး လိုမျိုးတွေ ပေါ်လာတယ် ။ အဲဒါတော်တော်ကြာတယ်။ ၁၈ ရာစုလောက် အထိ ဒီအတိုင်း သွားတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ ကုန်ပစ္စည်းတွေရဲ့ ဈေးကမြင့်လာတော့ ရွှေဒင်္ဂါးတွေကို အများအပြား ကိုင်တွယ်လာရတယ်။ နောက်တစ်ခုက အစိုးရ ကိုယ်နှိုက်ကိုယ်က ရွှေဒင်္ဂါးမှာ ပါဝင်တဲ့ ရွှေ အချိုးကို လျော့ချင်လာတယ်။ 

ဘာလို့လဲ ဆိုတော့ စစ် အသုံးစားရိတ်တွေ အတွက် အစိုးရက လယ်ပိုင်ရှင်မြေပိုင်ရှင်တွေ ဆီကနေ ငွေချေးရတယ်။ စစချင်းချေးတုန်းက ရွှေဒင်္ဂါး တစ်ပြားမှာ ရွှေ ပါဝင်မှုက ၈၅% ကြေး က ၁၅% ဆိုပြီး သတ်မှတ်ထားတယ်။ ဒါပေမယ့် အစိုးရက ပြန်ဆပ်တဲ့ အခါမှာ ရွှေ အချိုးကို ပြောင်းလိုက်တယ်။ ၈၀% ၂၀ % ဆိုပြီးတော့။ ပေးရတဲ့ ဒင်္ဂါး အရေအတွက်က တူပေမယ့် ရွှေပါဝင်မှု အချိုးကြောင့် အစိုးရက ငွေပြန်ဆပ်ရတာ အ ရမ်း သက်သာသွားတယ်။ ဥရောပတိုက်မှာ အဲဒီအချိန်က အစိုးရ အကုန်လုံးသည် ဒါကို အရမ်းသဘောကျတယ်။ ဒီတော့ ရွှေ အချိုးပြောင်းချင်ရင် လွယ်လွယ်နဲ့ပြောင်းလို့ရမယ့် ရွှေမှတ်တမ်းတင်မှု စနစ်ကို တီထွင်လိုက်တယ်။

ရွှေဒင်္ဂါး ဘယ်နှစ်ပြား ပိုင်တယ်ဆိုရင် အစိုးရက ရွှေဒင်္ဂါးတွေ မပေးတော့ပဲ၊ ဘယ်နှစ်ပြားပိုင်ဆိုင်ကြောင်း အသိ အမှတ်ပြု စာရွက် ထုတ်ပေးလိုက်တယ်။ အထူးသဖြင့်တော့ ဒီအလုပ်ကို အရင်က ပန်းထိမ်တွေက လုပ်တယ်။ gold guild လို့ ခေါ်တဲ့ ရွှေ ကုန်သည်တွေက စလုပ်တာ၊ နောက်ပိုင်း ဘဏ်တွေက ပြောင်းလုပ်လာတယ်။ အဲဒီတော့ ရွှေဒင်္ဂါး ထုတ်စရာမလိုပဲ၊ ရွှေ ရဲ့အရေအသွေးကို အမျိုးမျိုး ပြောင်းလို့ ရလို့ အစိုးရ က ကြိုက်တယ်။ ရွှေဒင်္ဂါး ဆိုရင် သယ်ရတာ အလုပ်ရှုပ်တယ်၊ နောက် ဒင်္ဂါးက အသုံးပြုပါများရင် ပဲ့လာတာမို့ ဆုံးရှုံးမှု ရှိတဲ့ အတွက် သုံးတဲ့လူတွေက ကြိုက်တယ်။ မကြိုက်တာ ကတော့ ရွှေဒင်္ဂါးတွေ အများကြီးပိုင်ထား တဲ့ မြေပိုင်ရှင်တွေက မကြိုက်ဘူးပေါ့။

အဲဒီလိုနဲ့ ငွေစက္ကူ စနစ်ပေါ်လာတယ်။ ငွေစက္ကူ ပေါ်လာတာနဲ့ ဘဏ် ဆိုတာ ရှိလာတယ်။ ဘဏ် ရဲ့အဓိကတာဝန်က ဦးဖြူ မှာ ရွှေဒင်္ဂါး တစ်ရာ ရှိရင် ဦးဖြူ မှာ ရွှေဒင်္ဂါး တစ်ရာရှိကြောင်း သက်သေခံ လက်မှတ် ထုတ် ပေးရတာ။ တစ်ကယ်လို့ ဦးဖြူ က သူ့ တစ်ရာတန် သက်သေခံ လက်မှတ်ရဲ့ ၁၀ ပုံ ၁ ပုံ ကို ဖြဲပြီးတော့ ဦးနီ ကို ပေးလိုက်ရင် ဘဏ် က ဦးနီ ကို ရွှေဒင်္ဂါး ဆယ်ပြားပေးဖို့ တာဝန်ရှိသွားတယ်။ 

ဒီလိုနဲ့ပဲ ဘဏ်စနစ် စတင်လည်ပတ်တယ်။ ဘဏ် ရဲ့အဓိက တာဝန်က သတ်မှတ် အရေအသွေး နဲ့ ရွှေဒင်္ဂါး တွေကို ထုတ်လုပ်ပြီး အဲဒီ ထွက်လာတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်သူက ဘယ်လောက် ပိုင်တယ်ဆိုတာကို တာဝန်ခံပြီးတော့ သက်သေခံ လက်မှတ်တွေ ထုတ်ပေးရတာပဲ။ ဥပမာ အခု ရွှေဈေး တစ်ကျပ်သားကို ၁၀ သိန်း ပေါ့။ အဲဒါဆိုရင် ခင်ဗျား လက်ထဲမှာ ၁ သောင်းတန် တစ်ရွက် ရှိတယ်ဆိုရင် ဘဏ်က ခင်ဗျားကို ရွှေ ၀.၀၁ ကျပ်သား ထုတ်ပေးရဖို့ တာဝန်ရှိတယ်။

အဲဒီမှာ ပြဿနာက ရွှေ ကို စံညွှန်း အနေနဲ့ ထားတာကို ဘဏ်တွေရော၊ အစိုးရတွေရောက မကြိုက်တော့ပြန်ဘူး။ ဘာလို့လဲ ဆိုတော့ ရွှေကို တူးရတာ၊ ရွှေရှိမယ့် နေရာကို ရှာရတာ၊ ရလာတဲ့ရွှေကို သန့်စင် ရတာ၊ ဒင်္ဂါး သွန်းရတာ၊ ရလာတဲ့ ဒင်္ဂါးတွေကို စာရင်းသွင်းပြီး ပိုက်ဆံ အဖြစ် ပြန်ထုတ်ပေးရတာ၊ ပျက်စီး သွားတဲ့ ငွေ စက္ကူတွေ၊ ဒင်္ဂါး တွေကို အသစ်ပြန်ထုတ်ရတာ စသဖြင့် အလုပ် အရမ်းရှုပ်တယ်။ 

အဓိက အကျဆုံး ပြဿနာက တိုင်းပြည်တွေက အရမ်း ချမ်းသာလာပြီး လိုအပ်တဲ့ငွေကြေးအတွက် နောက်ကနေ ကျောထောက်နောက်ခံ ပြန်ပေးရမယ့် ရွှေ က အရေအတွက် လုံလုံလောက်လောက် မထွက်တာပဲ။ ဥပမာ ဆိုပါတော့ ပြီးခဲ့တဲ့ ၂၀၁၃ မှာ US ရဲ့ GDP က ၇၁.၄၅၆ ထရီလျံ ရှိတယ်။ ၂၀၁၄ မှာ ၇၃.၄၄၉ ရှိ တယ်။ ခြားနားချက်ကို ကြည့်ရင် ၁.၉၉၃ ထရီလျံပေါ့။ ၂ ထရီလျံ ပဲ ထားပါတော့။ 

၂၀၁၄ အတွက် ပျမ်းမျှ ရွှေဈေးက တစ်အောင်စ ကို ဒေါ်လာ ၁၂၀၀ လောက် ရှိတယ်။ အဲဒါဆိုရင် ၂ ထရီလျံစာ အတွက် ၁၆၆၆၆၆၆၆၆၆ အောင်စကျော် လိုလာမယ်။ အဲဒီ ရွှေတွေကို ထုတ်လုပ်ရမယ် ၊ ဒါတွေကို ထိန်း သိမ်းရမယ့် ကုန်ကျစားရိတ်က ရှိသေးတယ်။ အဲဒီတော့ ငွေကြေး တန်ဖိုးကို ရွှေနဲ့ မသတ်မှတ်ပဲ၊ တိုင်းပြည် ရဲ့ ထုတ်လုပ်မှု တန်ဖိုး၊ ချမ်းသာကြွယ်ဝမှု တန်ဖိုးတွေကို တိုင်းပြည် အချင်းချင်း ပြန်ယှဉ်ပြီး တိုင်းတာလာကြတယ်။

ဘယ်လို တိုင်းတာလဲ ဆိုတော့ ဥပမာ..  မြန်မာနိုင်ငံက ချမ်းသာမှု ၁၀၀ ရှိတယ် ၊ လည်ပတ်တဲ့ စုစုပေါင်း  ငွေကြေးက ၁ ကျပ် ရှိတယ်ထား။ အမေရိကန် က စုစုပေါင်း ချမ်းသာမှု ၁၀၀၀ ရှိတယ် လည်ပတ်ငွေကြေးကလည်း ၁ ဒေါ်လာပဲ ရှိတယ်ထား။ ဒါဆိုရင် အမေရိကန် ၁ ဒေါ်လာ နဲ့ မြန်မာငွေနဲ့ လဲတဲ့ အခါမှာ တစ်ဒေါ်လာကို ကျပ် ၁၀ ပေးရမယ် ။ အဲဒီလိုမျိုး တစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လည်ပတ်ငွေ အချိုးကို နောက်တစ်နိုင်ငံက ချမ်းသာကြွယ်ဝမှုနဲ့ လည်ပတ်ငွေ အချိုးကို ပြန်နှိုင်းယှဉ်တာပါပဲ။ 

ဒီကြားထဲမှာ ကိုယ်လဲမယ့် နိုင်ငံရဲ့ ငွေကြေးဟာ ဈေးကွက်ထဲမှာ ဝယ်လိုအား ၊ ရောင်းလိုအား ဘယ်လောက် ရှိတယ်နဲ့လဲ ဆိုင်တာပဲ။ ဥပမာ ကျပ် နဲ့ ဒေါ်လာ အကြား အချိုးက ၁၀၀၀ : ၁ ရှိတယ်။ ဒေါ်လာ နဲ့ ယွမ်အချိုးက ၁ : ၂ ရှိတယ်။ ဒါဆို တစ်ကယ်ဖြစ်သင့်တာက ကျပ် နဲ့ ယွမ် အချိုးသည် ၅၀၀ : ၁ ဖြစ်သင့်တယ်။ 

ဒါပေမယ့် မြန်မာဈေးကွက်မှာ တရုတ်ငွေ ဝယ်လိုအား တက်နေတယ်ဆိုရင် ဈေးကွက် အချိုး က ၆၀၀ : ၁ လောက် ဖြစ်သွားမယ်။ တစ်ကယ် တန်တာက ၁ ယွမ် မှာ မြန်မာငွေ ၅၀၀ ပဲ တန်ပေမယ့်၊ တရုတ် ပစ္စည်းတွေ ဝယ်သွင်းနေရတယ်၊ အစိုးရက တရုတ်ဆီက ချေးထားတဲ့ ငွေတွေကို တရုတ်ငွေနဲ့ ပြန်ဆပ်နေရတယ်ဆိုတာတွေကြောင့် မြန်မာ ဈေးကွက်ထဲ တရုတ်ငွေဈေး မာနေရင် ၁ ယွမ် ရဖို့ မြန်မာငွေ ၆၀၀ ပေးနေရတာမျိုး ဖြစ်နေနိုင်တယ်။

ကျွန်တော်တို့ ဒီအထိမှာ ငွေကြေး၊ ငွေစက္ကူ ဘယ်လိုပေါ်လာတယ်၊ ငွေကြေး မူဝါဒ (ဘဏ္ဍာရေး မူဝါဒ မ ဟုတ်ဘူး) က ဘယ်လို၊ ဘဏ် ဆိုတာ ဘယ်လို၊ ငွေတန်ဖိုး ကို ဘယ်လို သတ်မှတ်တယ် ဆိုတာတွေ ပြော ပြီးပြီ။ 

အခု ဆက်ပြောမှာက ငွေဖောင်းပွမှု။ ငွေဖောင်းပွတယ် ဆိုတာက အရင်က ရွှေ တစ်ကျပ်သားကို မြန်မာငွေ ၈ သိန်း ရှိရာက အခုအခါမှာ ဒီကုန်စည်တူ ဖြစ်တဲ့ ရွှေ ကိုပဲ ၁၀ သိန်း ပေးလာရတာမျိုးပေါ့။ ငွေဖောင်းပွ ရခြင်း အကြောင်းတွေ အများကြီး ရှိတယ်။ တစ်ချို့က ကောင်းတယ်၊ တစ်ချို့က ဆိုးတယ်။ များသော အားဖြင့်က ဆိုးတယ်ပေါ့လေ။ ဒါပေမယ့် ကောင်းတာလည်း ရှိတယ်။ 

ဥပမာ တိုင်းပြည်မှာ လူတွေက အရမ်းချမ်းသာလာတယ်။ ဒီလူတွေ သုံးဖို့ စွဲဖို့ ကုန်စည်က အလုံအလောက် လိုက်မထုတ်နိုင်ဘူး။ အဲဒီတော့ ဝယ်လိုအား အချိုးနဲ့ ရောင်းလိုအား အချိုး မညီတော့ပဲ ဈေးတက်လာတာမျိုး ရှိတယ်။ ဒါပေမယ့် ဒါမျိုးက ရှားတယ်။ ပြီးတော့ ဒီအကြောင်းနဲ့ ငွေဖောင်းပွလည်း ဖောင်းပွနှုန်းက အရမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ လူတွေသုံးနိုင်လာရင် ထုတ်လုပ်မှု ကိုလည်း ပိုတိုး လာကြတာကြောင့်ပါ ။ ကျန်တဲ့ ငွေဖောင်းပွရခြင်း အကြောင်းတွေဖြစ်တဲ့ အစိုးရ အသုံးစားရိတ် အရမ်းများတာ၊ ကြွေးမြီ များလွန်းတာ၊ စီးပွားရေး ထိုင်းမှိုင်းတာ၊ ကုန်စည် တင်ပို့၊ တင်သွင်းမှုတွေမှာ အခက်အခဲတွေ ရှိတာ၊ ဒါမျိုးတွေကတော့ အဆိုးဘက်ကပေါ့။

ဒီနေရာမှာ ကြားဖြတ် တစ်ခု ပြောချင်တာက ကမ္ဘာပေါ်မှာ ရွှေ နဲ့ စံထားတဲ့ စနစ်ကို ဖျက်သိမ်း လိုက်တာ မကြာသေးဘူး ဆိုတာပဲ။ ပထမ ကမ္ဘာစစ် မတိုင်ခင်အထိ နိုင်ငံတော်တော်များများ ဟာ ရွှေ စံစနစ်ကို သုံးကြတယ်။ စစ်ပြီးတော့ တော်တော် များများ တစ်နိုင်ငံပြီး တစ်နိုင်ငံ ရွှေ စနစ်ကို ဖျက်လာကြတယ်။ 

ဒါပေမယ့် လုံးလုံး ဖျက်လိုက်တာတော့ မဟုတ်ဘူး။ စံ စနစ်တစ်ခုခု နဲ့တော့ ချိတ်ထားသေးတာပဲ။ ဒုတိယကမ္ဘာစစ် အပြီးမှာ အမေရိကန် ရွှေ စံစနစ်ကို သုံးလာကြတယ်။ အမေရိကန်ဒေါ်လာနဲ့ ရွှေ နဲ့ ကို စံချိတ်ထားတယ်။ ပြီးတော့မှ ကိုယ့် ငွေနဲ့ အမေရိကန်ဒေါ်လာကို စံပြန်ပြုပြီး ကိုယ့်ငွေကြေးနဲ့ ရွှေ နဲ့ ကို တစ်ဆင့်ခံပြန်ချိတ်ထားကြတာ များလာတယ်။ 

ဒါပေမယ့် ၁၉၈၀ ခုနှစ်တွေ အစောပိုင်းလောက်မှာ ရွှေဈေးက တစ်အောင်စ ကို ၈၃ ဒေါ်လာလောက်နဲ့ စံထားလာတယ်။ ဒေါ်လာ နဲ့ ကိုယ့်နိုင်ငံ ငွေနဲ့ကို စံ သတ်မှတ်ချက်နဲ့ ပြန်ချိတ်လိုက်ပြီး ရွှေကို တစ်ဆင့်ခံ ပြန်ချိတ်ထားတာပေါ့။ ဥပမာ တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ဆိုရင် မြန်မာငွေ ၈၃၀၀၀ သည် ရွှေတစ်အောင်စနဲ့ ညီတယ်လို့ အဲဒီလို တစ်ဆင့်ခံ စံသတ်မှတ်တဲ့ စနစ်ပေါ့။ ဒါပေမယ့် အဲဒီ ၁၉၈၀ ခုနှစ်တွေ အစောပိုင်းလောက် မှာပဲ ဒီစနစ်ကို အပြီးတိုင် ဖျက်လိုက်ကြတယ်။

ကဲ… အခုငွေကြေး နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြောပြီးပြီ ဆိုတော့ Crypto လို့ခေါ်တဲ့ ဝှက်စာ စနစ် အကြောင်း ပြောကြစို့ရယ်။ ဝှက်စာ ဆိုတာမှာ ပြောရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် Digital လို့ခေါ်တဲ့ သင်္ချာစနစ်နဲ့ ဆိုင်တဲ့ ဝှက်စာတွေပဲ ပြောမယ်။ ဥပမာ အဖြေက ၃ ဆိုရင် ၁ နဲ့ ၂ ပေါင်းလည်း ၃ ဖြစ် တယ်။ ၄ ကနေ ၁ နုတ်လည်း ၃ ဖြစ်တယ်။ အဲဒီတော့ ဘယ်လို တွက်ရင် ဒီအဖြေရမလဲ ဆိုတာကို ဖော်ရတာပေါ့။ ဒါက အခြေခံ အကျဆုံး အဆင့်မှာပြောနေတာ။ အမှန်တော့ ဒီ့ထက် ပိုရှုပ်ထွေးတယ်ပေါ့လေ။

အဲဒီတော့ အခုငွေကြေးကိုလည်း သိပြီ၊ ဝှက်စာ စနစ်ကိုလည်း အခြေခံ အဆင့်မှာ နားလည်ပြီ ဆိုရင် Crypto Currency အကြောင်း ပြောလို့ ရပြီ။ Crypto Currency မှာ အဓိက အကျဆုံးက သင်္ချာ ပုစ္ဆာတစ်ပုဒ် ပဲ။ ဒီငွေကြေးကို တီထွင်တဲ့ သူဟာ တွက်ချက်ရ အင်မတန် ခက်ခဲတဲ့ သင်္ချာပုစ္စာ တစ်ပုဒ်ကို တီထွင်ထား ရတယ်။ ပြီးသွားရင် ဒီပုစ္ဆာကို ဖြေရှင်းပြီးသွားတာနဲ့ နောက်ထပ် ဒီ့ထက် ပိုခက်တဲ့ ပုစ္ဆာကို အလိုလျောက် ဖန်တီးတဲ့ စနစ်ကို ထည့်ထားရတယ် ။ 

ဒီနေရာမှာ ပြောချင်တာက သင်္ချာပုစ္ဆာ သည် တစ်ကယ်တမ်း သင်္ချာပညာ အရ ဖြေရှင်းလို့ မရနိုင်လောက်အောင် ခက်ခဲတာကို ပြောတာ မဟုတ်ဘူး။ တွက်ချက်ဖို့ အတွက် အချိန်တွေ အများကြီး ယူရတယ်လို့ ဆိုလိုတာ။ ဥပမာပြောရရင် ၁ ကို ၁ နဲ့ပေါင်းရင် ၂ ဖြစ်တယ်ပေါ့။ ၂ ကို ၁ ထပ်ပေါင်း ၃ ဖြစ်မယ်။ ဟုတ်ပြီ။ ဒါလူတိုင်းလုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို ဆက်ပေါင်းသွားတာမျိုးကို အကြိမ်ပေါင်း သန်းထောင်ပေါင်း တစ် သန်းလောက် ပေါင်းပါ ဆိုရင် ပြဿနာ တက်ပြီ။ 

၁ ကို ၁ ပေါင်း ၂ ရ တစ်ကြိမ်၊ ၂ ကို ၁ ပေါင်း ၃ ရ နှစ်ကြိမ်၊ အဲဒီလို နဲ့ အကြိမ်ရေ သန်းထောင်ပေါင်း တစ်သန်း။ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ အကြိမ် အထိ ပေါင်းရမယ်။ ကဲ… ဘယ်လိုလုပ်မလဲ။ တစ်ခါ ဒီပုစ္ဆာကို ဖြေရှင်းပြီးသွားရင်၊ နောက်ထပ် သန်းသောင်းပေါင်း တစ်သန်း၊ စောစောက ဟာမှာ သုည တစ်လုံးတိုး၊ ထပ်ပေါင်းရမယ်။ အဲဒီလို သတ်မှတ်နိုင်ရင် ရသွားပြီ။

ပိုက်ဆံ ထွက်လာတဲ့ စနစ်က ဘယ်လိုလဲ ဆိုတော့ ပထမအဆင့် ပုစ္ဆာကို လူတွေ အများကြီးပဲ ဝိုင်းတွက်ကြ တယ်။ အရင်ဆုံး အဖြေရတဲ့သူကို ဆုကြေး အဖြစ် coin ၁၀ ပြားပေးတယ်။ ပြီးတော့ ဒီလူက ခဏစောင့် ရတယ်။ ကျန်တဲ့သူတွေက ဒုတိယအဆင့် ပုစ္စာကို ဆက်တွက်ကြတယ်။ ခဏနေတာနဲ့ ပထမ လူက ဒုတိယ ပုစ္စာကို လိုက်တွက်တယ်။ သူပဲ အရင်ပြီးတယ်။ သူက ၁၀ ပြား ထပ်ရမယ်။ ပြီးရင် တတိယ အဆင့်ပုစ္စာ ကို ဆက်တွက်မယ်။ ဒီတစ်ခါမှာတော့ နောက်လူ တစ်ယောက်က ပြီးမယ်။ အရင်ပြီးတဲ့သူက ၁၀ ပြားရမယ်။ ကျန်တဲ့သူတွေက မရကြဘူး။ ဒီလိုနဲ့ coin တွေကို ထုတ်လုပ်သွားတယ်။


အစပိုင်း မှာတော့ ပုစ္ဆာတွေက အတော်လေး လွယ်သေးတယ်။ အဲဒီတော့ တွက်ချက်ရတဲ့ အချိန်က သိပ် မကြာဘူး။ ဒါပေမယ့် နောက်ပိုင်း တစ်ဆင့်ပြီး တစ်ဆင့် ခက်လာရာကနေ အချိန်တွေ အရမ်းကြာလာတယ်။ coin ထွက်တဲ့နှုန်းကိုလည်း ဘယ်မိနစ်ကြရင် ဘယ်လောက်ထွက်တယ် ဆိုတဲ့နှုန်းကို လျော့ချလာတယ်။ ဒါမျိုးတွေ ရှိတယ်။ အဲဒီတော့ Bitcoin ကိုပဲ ကျွန်တော် နမူနာ ယူပြီးပြောတော့မယ်။ ကျန်တဲ့ coin တွေလည်း ဒီသဘော နဲ့ ဆင်ဆင်ပဲလို့ သဘောထားစေချင်တယ်။


Bitcoin မှာ ပုစ္ဆာ တစ်ပုဒ်နဲ့ တစ်ပုဒ် အကြား ကွာဟချက်ကို Block လို့ခေါ်တယ်။ Block ပေါင်း ၂၀၁၆ ခု ပြည့် တိုင်း ပြည့်တိုင်း program က ဒီပုစ္ဆာတွေကို ဖြေနေကြတဲ့ သူတွေ အနေနဲ့ ဘယ်လောက်မြန်မြန် ဖြေနိုင်ကြတယ် ဆိုတာကို တိုင်းတာပြီး ပုစ္ဆာ ရဲ့အခက်အခဲကို အတိုး အလျော့ လုပ်ပေးတယ်။ အဲဒီလို အတိုးအလျော့လုပ်ပေးတဲ့ အတွက် Block တစ်ခုရဲ့ ကြာမြင့်ချိန်က ပုံမှန် အားဖြင့် ၁၀ မိနစ်လောက်ပဲ ရှိနေအောင် ထိန်းထားလို့ ရသွားတယ်။ 

တွက်တဲ့သူတွေက အရမ်းတော်လာလို့ ခဏလေးနဲ့ အချိန်ပြည့်သွားရင် ၂၀၁၇ ခုမြောက် Block မှာ ပုစ္ဆာကို ပိုခက်သွားအောင် လုပ်လိုက်တယ်။ တစ်ကယ်လို့ ပုစ္ဆာက အရမ်း ခက်လာတယ်ဆိုရင် ၄၀၃၃ ခုမြောက် Block မှာ ပုစ္ဆာ ကို နည်းနည်း လွယ်အောင် ပြန်လျော့လိုက်တယ်။ ပုစ္ဆာတွေရဲ့ ခက်ခဲမှုကို ပြန်ကြည့်ရင် ၂၀၁၀ မှာ ပုစ္ဆာ တစ်ခုဟာ အဆင့် ၁ ပဲ ခက်တယ် ဆိုရင် အခု ၂၀၁၇ မှာ ပုစ္ဆာ ရဲ့ ခက်ခဲမှုဟာ ၁ ထရီလျံနီးပါးကို ရောက်သွားပြီ။ အဆပေါင်း ၁ ထရီလျံလောက် ပိုခက်လာတယ် ဆိုတဲ့သဘောပဲ။


Crypto Currency မှာက ထုတ်ယူလို့ ရနိုင်မယ့် အများဆုံး ပမာဏကို ကန့်သတ်ထားတယ်။ Bitcoin မှာ ဆိုရင် ၂၁ သန်း အထိ ထုတ်ယူလို့ ရမယ်။ အခုလက်ရှိ ထုတ်ယူ ထားတဲ့ Bitcoin အရေအတွက်က ၁၈  သန်းလောက် ရှိနေပြီ။ အဲဒီတော့ Block တစ်ခုကို ဖြေရှင်းနိုင်ရင် ဘယ်လောက်ရမလဲ ဆိုတာက ဘယ် အချိန် မှာ Bitcoin block ကို ဖြေရှင်းနိုင်သလဲ ဆိုတာနဲ့ ဆိုင်တယ်။

 စောစောပိုင်းမှာ ဖြေရှင်းတဲ့သူတွေဟာ ပုစ္ဆာအားဖြင့်လည်း ပိုလွယ်သလို၊ တန်ဖိုးအားဖြင့်လည်း ပိုများ တယ်။ ဥပမာ စထွက် ထွက်ချင်း ၂၀၀၉ လောက်မှာ Block တစ်ခုကို ဖြေရှင်းရတဲ့ တွက်ချက်မှု ပမာဏဟာ မပြောပလောက်အောင်ကို လွယ်လွန်းတယ်။ ဒါပေမယ့် အဲဒီ block ကို ဖြေရှင်းနိုင်တဲ့ အတွက် ပြန်ရတဲ့ Bitcoin အရေ အတွက်က အများကြီးပဲ။ တစ်ခါ ထုတ်ရင် coin ၅၀ ထွက်တယ်။ အဲဒီလို နဲ့ block ပေါင်းများစွာ ထုတ်လာလိုက်တာ block ပေါင်း ၂ သိန်း ၁ သောင်း ပြည့်သွားတဲ့ အချိန်မှာ block တစ်ခု ကနေ coin ထွက်တဲ့နှု န်းသည် ၂၅ coin ပဲ ထွက်တော့တယ်။ 

၂၈ နိုဝင်ဘာ ၂၀၁၂ မှာပေါ့ ။ အဲဒါကို Halving day 2012 လို့ခေါ်ကြတယ်။ အဲဒီအချိန်က စလို့ အခုအချိန်အထိ Block တစ်ခုကို ဖြေရှင်းနိုင်တိုင်း အရင်ဦးဆုံးဖြေရှင်းနိုင်တဲ့သူက ၂၅ coin ရမယ်။ ၂၀၂၀ ခုနှစ်လောက်ရောက်ရင် Halving day 2020 ဆိုပြီး တစ်ခါလာဦးမယ်။ ဇွန်၊ ဇူလိုင်လောက်မှာ ဖြစ်ဖို့ များတယ်။ အဲဒီကြရင် Block တစ်ခု ဖြေရှင်းနိုင်တိုင်း ၁၂.၅၀ coin ပဲ ရတော့မယ်။ အဲဒီတော့ Bitcoin ထုတ်လုပ်ခြင်း၊ Bitcoin Mining ဆိုတာကို အနှစ်ချုပ်ပြောရရင် စောစော mining လုပ်တဲ့ သူတွေအဖို့ ပုစ္ဆာ အနေနဲ့လည်းလွယ်တယ်၊ ပုစ္ဆာဖြေရှင်းနိုင်လို့ ရလာမယ့် coin အရေအတွက်လည်း ပိုများမယ် ဆိုတာကို အနှစ်ချုပ် ပြောလို့ရတယ်။

ဒီနေရာမှာ မဖြစ်မနေပြောရမှာက Bitcoin mining သည် Bitcoin အဝယ်အရောင်း စီးပွားရေးနဲ့ မဆိုင်ဘူးဆိုတာပဲ။ Bitcoin mining မှာ စောစော လုပ်ရင် လွယ်လွယ် နဲ့ များများ ရမယ်လို့ ပြောထားပေမယ့် Bitcoin အရောင်း အဝယ်မှာ အဲဒီအတိုင်း မဟုတ်ဘူး။ စောဝင်တိုင်း ဈေးချောင်ချောင်နဲ့ ရမယ် မထင်နဲ့ ။ နောက်ကျမှ ဝင်လို့ ပေါချောင်ကောင်း ရမယ်လို့လည်း မထင်လိုက်နဲ့ပဲ။


အခု Bitcoin ဘယ်လို အလုပ်လုပ်လဲ သိပြီ ဆိုတော့ Bitcoin သမိုင်း ကို နည်းနည်း အရင် စပြောမယ်။ ပြီးရင် Bitcoin mining အကြောင်း၊ Bitcoin လည်ပတ်ပုံ အကြောင်း၊ နောက်ဆုံးမှာ Bitcoin အရောင်းအဝယ်အကြောင်း ပြောပါမယ်။ ဒီနေရာမှာ Bitcoin အကြောင်းကို အဓိက ပြောရတာက သူက Cryto Currency တွေထဲမှာ အစောဆုံး နဲ့ လူသိ အများဆုံး၊ အအောင်မြင်ဆုံး ဖြစ်နေလို့ပါ။ ကျန်တဲ့ LiteCoin၊ Namecoin၊ Peercoin၊ Dogecoin စသဖြင့် Cryto Currency တွေ အများကြီး ရှိပါသေးတယ်။ 


Bitcoin ကို ၂၀၀၉ ခုနှစ်မှာ စတင်ပါတယ်။ ဆာတိုရှီနာကာမိုတို ဆိုတဲ့သူက စတင်ပြီး တီထွင်တာပါ။ ဒါပေမယ့် ဆာတိုရှီ ဆိုတာက နာမည်ဝှက်ဖြစ်ပါတယ်။ သူ ဘယ်သူလဲ၊ လူ တစ်ယောက်တည်းလား၊ အများကနာမည်တစ်ခုကို ယူထားတာလား၊ နာမည် အစစ်က ဘာလဲ၊ ဘယ်သူတွေလည်း ဆိုတာ အခုအထိ ဘယ်သူမှ မသိပါဘူး။ လက်ရှိ အချိန်မှာ Bitcoin ပေါင်း ၁၈ သန်းလောက် ထုတ်လုပ်ပြီးနေပါပြီ။ 

၂၁၄၀ ခုနှစ်လောက် အထိ Bitcoin တွေ ဆက်ထွက်နေဦးမှာပါ။ ဧပြီလ ၂၀၁၀ မှာ Bitcoin တစ် coin ရဲ့ တန်ဖိုးဟာ ၀.၀၀၃ ဒေါ်လာပဲ ရှိပါတယ်။ ၂၀၁၁ ဧပြီ အရောက်မှာ ၁ coin ကို ၁ ဒေါ်လာ အထိ ရောက်လာပါတယ်။ ၂၀၁၁ ဇူလိုင်လ ၈ ရက် ဟာ Bitcoin ရဲ့ မွေးနေ့လို့တောင် ပြောလို့ရပါတယ်။ ၁ coin ကို ၁ ဒေါ်လာလောက် ကနေ ရုတ်တရက်ဆိုသလို ၁ coin ကို ၃၁ ဒေါ်လာ အထိ ခုန်တက်သွားပါတယ်။ 

ဒါပေမယ့် နောက် ၆ လ အကြာ ဒီဇင်ဘာ ၂၀၁၁ မှာ ၁ coin ကို ၂ ဒေါ်လာပဲ တန်တော့တဲ့ အထိ ပြုတ်ကျသွားလို့ ဝယ်ရင်းထားသူတွေ ရင်ထုမနာဖြစ်ရပါတယ်။ နောက်တော့ တဖြည်းဖြည်း ပြန်တက်လာလိုက်တာ ၂၀၁၃ ဧပြီမှာ ဝုန်းဒိုင်း ခုန်တက်ပြီး ၁ coin ကို ၂၆၆ ဒေါ်လာ အထိ ရောက်သွားပါတယ်။ ဒါပေမယ့် ဇွန်လမှာ ၁ coin ကို ဒေါ်လာ ၁၀၀ အထိ ပြန်ပြုတ်ကျပါတယ်။ နိုဝင်ဘာမှာ ၁ coin ကို ဒေါ်လာ ၁၂၄၀ ကျော်အထိ တက်သွားပြီး၊ နောက်တစ်လ ဒီဇင်ဘာမှာ ဒေါ်လာ ၆၀၀ အထိ ပြန်ဆင်းသွားပြန်ပါတယ်။ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ တက်လာလိုက်၊ ပြန်ပြုတ်ကျသွားလိုက်၊ ပြန်တက်လာလိုက်နဲ့ ၂၀၁၃ ဒီဇင်ဘာမှာ အနိမ့်ဆုံး ဒေါ်လာ ၆၀၀ ရှိခဲ့ရာ ကနေ ၂၀၁၆ ဒီဇင်ဘာမှာ ဒေါ်လာ ၈၀၀ လောက် အထိ ပြန်ရောက်လာပါတယ်။


စိတ်ဝင်စားစရာက အခုမှ စတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ စလို့ ဒီအခု ဇူလိုင်လ အထိ Bitcoin ဟာ ကြောက်စရာနှုန်း နဲ့ တက်လာပါတယ်။ ၂၀၁၇ စစချင်းမှာ ဒေါ်လာ ၇၅၀ ပဲ ရှိရာက ကြောက်ခမန်းလိလိ ခုန်တက်လာပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ အမြင့်ဆုံး အနေနဲ့ ၁ coin ကို ၂၆၆၉ ဒေါ်လာ အထိ တောက်လျှောက် ခုန်တက်လာနေပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ Bitcoin ဟေ့၊ Bitcoin ဟ ဆိုတဲ့ အသံတွေ ကြားလာနေရတာပါ။ 

ဒါပေမယ့် Bitcoin သမိုင်း တစ်လျှောက်ပြန်ကြည့်ရင် ဒီလို အမြင့်ကြီး ခုန်ပြီးရင် ဟိုးအဝီစိ ရောက်တဲ့ အထိ  ပြုတ်ကျတဲ့ သမိုင်းတွေ ရှိပါတယ်။ အရင် ၂၀၁၃ နိုဝင်ဘာမှာ ဒေါ်လာ ၃၅၀ ကနေ ဒေါ်လာ ၁၂၄၂ အထိ ၃ဆခွဲ ကျော်ကျော်လောက် တစ်လထဲ ခုန်တက်ဖူးပါတယ်။ ဒါပေမယ့် နောက်နှစ်နှစ် အကြာ ၂၀၁၅ မှာ ဒေါ်လာ ၂၀၀ အထိ ၆ဆကျော် အုန်းခနဲမြည်အောင်ကို ခွေးကျ ဝက်ကျ ပြုတ်ကျသွားပါတယ်။ အခုလည်း ၇ လအတွင်း ဒေါ်လာ ၈၀၀ ကနေ ဒေါ်လာ ၃၀၀၀ အထိ ၄ ဆ နီးပါး တက်လာတယ်။ အရင်တစ်ခါလို ပြန်ကျလို့ ၆ ဆ ဆိုရင် ဒေါ်လာ ၅၀၀ လောက် အထိကို ဆင်းသွားနိုင်တာပါ။ အခုနေ လက်ထဲရှိရင် ထုတ်ရောင်းပြီး   ပြန် အကျမှာ ဝယ်ရင်တော့ မဆိုးပါဘူး။


ကောင်းပြီ။ ကျွန်တော်တို့ Bitcoin ဈေးနှုန်း အတက်ကျကြမ်းတဲ့ သမိုင်းကို ပြောပြီးပြီ ဆိုရင်တော့ ပြန်ကြည့်ရမှာက Bitcoin mining ပါ။ ကျွန်တော် Block တွေ အကြောင်း၊ Block တွေမှာ ဖြေရှင်းရတဲ့ ပုစ္ဆာတွေ အကြောင်း၊ Block တွေရဲ့ တစ်ခုနဲ့ တစ်ခုကြာချိန် အကြောင်း၊ Maximum Bitcoin ၂၁ သန်း အကြောင်း၊ ၂၀၁၆ ခုပြည့်တိုင်း Block တွေကို ပြန် config လုပ်တဲ့ အကြောင်း၊ Block ပေါင်း ၂ သိန်း ၁ သောင်းပြည့်တိုင်း Halving လုပ်တဲ့ အကြောင်း၊ 

၂၀၀၉ ခုနှစ်က Block ပုစ္ဆာတွေထက် အခု ၂၀၁၇ က Block ပုစ္ဆာက အဆပေါင်း ၁ ထရီလျံလောက် ပိုခက်လာနေတယ် ဆိုတဲ့ အကြောင်းတွေကို ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါပြောရမှာက ဘယ်သူတွေက Bitcoin ကို mining လုပ်နေတာလဲ။ သူတို့ ဘယ်လိုလုပ်လဲ။ Mining ထုတ်လို့ ရလာတဲ့ Bitcoin တွေကို ငွေသား နဲ့  ဘယ်လို လဲကြသလဲ၊ ဘယ်သူတွေက လဲပေးလဲ၊ ဘယ်လို မှတ်တမ်းတင်လဲ၊ Bitcoin ကို ဘယ်လို ဝယ်ရလဲ၊ Bitcoin နဲ့ ပစ္စည်းတွေ ဝယ်ချင်ရင် ဘယ်လို လုပ်ရလဲ ဆိုတာတွေကို ဆက်ပြောမှာပါ။


Bitcoin ကို အရင်ကတော့ သာမန် အိမ်သုံး ကွန်ပျူတာတွေနဲ့ပဲ mining လုပ်ယူကြတာပါ။ အချိန်တော့ပေးရပေမယ့်၊ ပုစ္ဆာတွေက လွယ်သေးတာ၊ Bitcoin အရေအတွက်က များများ ရတာကြောင့် လုပ်ရတာ ကိုက်ပါတယ်။ ဒါပေမယ့် ခက်တာက ထွက်လာတဲ့ Bitcoin တွေကို ဘယ်သူမှ ပြန်မဝယ်တာနဲ့ ဝယ်ရင်လည်း ဈေးကောင်း မရတာကြောင့် လုပ်တဲ့သူ နည်းပါတယ်။ 

ဒါပေမယ့် နောက်ပိုင်းမှာ Bitcoin တွေက ဈေးတက်လာတော့ mining ကို စီးပွားဖြစ်လုပ်တဲ့ သူတွေ ရှိလာပါတယ်။ Block ပုစ္ဆာတွေကို တွက်တဲ့ အခါမှာ အဓိက လိုအပ်တာက Graphic Processing Unit လို့ခေါ်တဲ့ GPU တွေပါ။ CPU တွေက multi-purpose အသုံးပြုတာဖြစ်တဲ့အတွက် ပိုရှုပ်ထွေးတဲ့ instruction set တွေပါပါတယ်။ GPU တွေကတော့ မော်နီတာမှာ ပုံတွေပြဖို့သပ်သပ် ဒီဇိုင်းဆွဲထားတာမို့ ပိုရိုးရှင်းတဲ့ instruction set တွေကို အသုံးပြုပေမယ့် သူတို့က ဂဏန်းတွေ အများကြီးကို အမြန်နှုန်းနဲ့ တွက်နိုင်ပါတယ် ။ 

ဒါကြောင့် ပုစ္ဆာတွေဖြေရှင်းတဲ့ Bitcoin လိုဟာမျိုးမှာ CPU ထက် GPU ကို ပိုလိုပါတယ်။ Bitcoin Rig လို့ခေါ်တဲ့ ကွန်ပျူတာတွေမှာ Graphic အနည်းဆုံး ၄ ကတ် အထိ စိုက်ထားကြပါတယ်။ နောက်တစ်ခုက Graphic ကတ်တွေက အရမ်းပူပါတယ်။ အဲဒီအတွက် အအေးပေး စနစ်တွေ လုပ်ရပါတယ်။ သူကထူးဆန်းတယ်။ ပူလွန်းရင်လည်း မကောင်းဘူး၊ အေးလွန်းရင်လည်း အဆင်မပြေဘူး။ သူ့ သတ်မှတ်အပူချိန်မှာ ထိန်းထားပြီး အလုပ်လုပ်ခိုင်းရတယ်။

Bitcoin miner တွေအဖို့ Bitcoin mining business ထဲကို စောနိုင်သမျှ စောစော ဝင်နိုင်လေ ကောင်းလေပါပဲ။ ဘာလို့လဲ ဆိုတော့ Bitcoin တွေက အစောပိုင်းမှာ များများ ရလို့ပါ။ ဒါပေမယ့် ဒါက အခြေအနေအားလုံးမှာ မမှန်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပုစ္ဆာတွေ ခက်လာတယ်၊ Block တွေက ထွက်တဲ့ coin အရေအတွက် လျော့သွားတယ် ဆိုပေမယ့်၊ Moore’s Law အရ ကွန်ပျူတာ ပစ္စည်းတွေဟာ အချိန်နောက်ကျလေ ပိုကောင်းလေ၊ ပိုဈေးသက်သာလေ ဖြစ်နေလို့ပါ။ နောက် အကြောင်းတစ်ခုက ခပ်စောစောမှာ Bitcoin ဈေးတွေက ကျနေတာမို့ ထုတ်သာ ထုတ်ရတယ် ကုန်ကျစားရိတ် မကာမိတာမျိုး ရှိတတ်ပါတယ်။


Bitcoin mining လုပ်မယ် ဆိုရင် ကွန်ပျူတာတွေ၊ GPU တွေ အများကြီး ဝယ်ရမယ်။ ဒါတွေအတွက် အအေးပေး စနစ်တွေ လုပ်ရမယ်။ ပုစ္ဆာတွေက အချိန်နဲ့ အမျှ ပိုပိုခက်လာတယ်၊ ကိုယ့်လိုပဲ mining လုပ်သူတွေတိုးလာတယ် ဆိုတဲ့အတွက် လက်ရှိ ကွန်ပျူတာတွေ၊ GPU တွေ၊ အအေးပေး စနစ်တွေကို အချိန်နဲ့ အမျှ လဲလှယ်ပေးနေရမယ်။ မီတာခတွေရှိမယ်။ အဲဒီလို ကုန်ကျစားရိတ်တွေ များလာတဲ့အတွက် mining ကုမ္ပဏီတွေက အများအားဖြင့် တစ်ယောက်တည်း လုပ်တာထက် စုလုပ်ကြတာ များပါတယ်။ 

ဥပမာ ... တစ်ယောက်က ကွန်ပျူတာ အလုံး ၅၀ နောက် တစ်ယောက်က ၂၅ လုံး နောက်တစ်ယောက်ကလည်း ၂၅ ဆိုပြီး ၃ ယောက်စုထုတ်ရင် Block တစ်ခုကို ဖြေရှင်းနိုင်လိုက်လို့ coin တွေ ထွက်လာရင် အလုံး ၅၀ ထည့်ထားတဲ့ တစ်ယောက်က ၁၂.၅ coin ရမယ် ကျန်တဲ့ သူတွေက ၆.၂၅ စီ ရကြမယ်ပေါ့။ ဒါမျိုး ခွဲလုပ်ရပါတယ်။ ဒါကြောင့် ကိုယ့် Android ဖုန်းလေးနဲ့ Bitcoin ထုတ်လို့ မရဘူးလားလို့ လာမမေးပါနဲ့၊ သီအိုရီ အရ ဖြစ်နိုင်ပေမယ့်၊ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။


တစ်ချို့ ကုမ္ပဏီတွေ ကတော့ သူများ ကွန်ပျူတာတွေကို Hack ပြီး သူတို့ ကိုယ်စား mining လုပ်ခိုင်းတာမျိုး ရှိတတ်တယ်။ လူတွေကို ဟိုသီချင်းလေး အလကား မလိုချင်ဘူးလား၊ ဟိုကား ဒီကားလေး မကြည့်ချင်ဘူးလားဆိုပြီး မြူဆွယ်ပြီး နောက်ကွယ်က Trojan အနေ နဲ့ Bitcoin mining software ကို ထည့်လိုက်ပြီးတော့ လူတွေ အများကြီးကို တစ်ပြိုင်တည်း mining လုပ်ခိုင်းထားတာမျိုး ရှိပါတယ်။ ပြောပလောက်အောင် မရဘူး ဆိုပေမယ့် ရသင့်သလောက်တော့ သူတို့လည်း ရပါတယ် ။ အရင်က နာမည်ကြီး torrent client  ဖြစ် တဲ့ uTorrent မှာတောင် အဲဒီလို လုပ်ထားတယ်လို့ သတင်းတွေ ထွက်ဖူးပါတယ်။


အချုပ်အားဖြင့် ပြောရရင် Bitcoin mining သင် ငွေကုန်ကြေးကျ အရမ်းများပြီး၊ လုပ်ဖို့ မလွယ်ပါဘူး။ Bitcoin ဈေး အရမ်းတက်နေမှသာ နည်းနည်း ပါးပါးလောက် အမြတ်ကျန်တာပါ။ Bitcoin ထုတ်နိုင်တဲ့ အဆင့် ရှိတဲ့ GPU တစ်ခုရဲ့ ဈေးက ဒေါ်လာ ၁ ထောင်ကျော် အထက်မှာ ရှိပြီး စက်တစ်လုံးကို အနည်းဆုံး ၄ ကတ် နဲ့၊ စက် အလုံးရေ ရာနဲ့ ချီပြီး ထားရတာမျိုးပါ။ ပြီးတော့ ၂ နှစ်လောက်ကြာရင်လည်း အသစ်ပြန်လဲ ရပါတယ်။ တစ်ချို့ ကတော့ Bitcoin ထုတ်တဲ့ chip တွေကို သီးသန့် ဒီဇိုင်းဆွဲပြီး ကိုယ်တိုင် ထုတ်လုပ်ကြတာ ရှိပါတယ်။ ဒါလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။

Bitcoin mining လုပ်တဲ့ ကုမ္ပဏီတွေမှာ coinbase ဆိုတာ ရှိတယ်။ အဲဒါကို သူများတွေ သုံးလို့မရဘူး။ mining လုပ်တဲ့ သူတွေမှာပဲ အဲဒါက ရှိတာ။ block တစ်ခုကို ဖြေရှင်းပြီး သွားရင် coinbase ထဲကို coin  အသစ်တွေ ဝင်နေလိမ့်မယ်။ ဖြေရှင်းလိုက်တဲ့ block က blockchain ထဲ ရောက်သွားတာနဲ့ coinbase ထဲ coin အသစ်တွေ ရောက်သွားပြီ။ 

အဲဒီကနေမှ General ledger ထဲမှာ လူတွေ သုံးနိုင်တဲ့ Bitcoin အရေ အတွက် ဘယ်လောက်ရှိတယ်ဆိုတာ မြင်နေရမယ်။ Bitcoin သုံးချင်တဲ့သူ တစ်ယောက်ဟာ ကိုယ့် ကိုယ်ပိုင် Wallet တစ်ခု ဖွင့်ရမယ်။ mining လုပ်တာ၊ coinbase ဖွင့်တာ၊ general ledger ကို access လုပ်တာ၊ wallet လုပ်တာတွေ အားလုံးက အခမဲ့ပဲ။ ကိုယ် လုပ်လိုက်ရင် general ledger မှာ update ဖြစ်ပြီး လူတိုင်းမြင်နေရမယ်။ wallet တွေ၊ coinbase တွေ အားလုံးမှာ ရှိနေတဲ့ bitcoin တွေ အရေအတွက် အားလုံးကို ပေါင်းလိုက်ရင် general ledger မှာ ရှိနေတဲ့ coin အရေအတွက်နဲ့ တူရမယ်။


Mining လုပ်တဲ့ သူတွေက general ledger ကို coinbase ကနေ ချိတ်ဆက်တယ်။ general ledger ထဲကို bitcoin တွေ ရောက်လာအောင် coinbase တွေကနေ ၁၀ မိနစ် ကို ၂၅ coin နှုန်းနဲ့ ဖြည့်ပေးနေတယ်။ general ledger ထဲက bitcoin တွေကို သုံးတဲ့ သူတွေက wallet ကနေ တစ်ဆင့် လှမ်းယူပြီးသုံးရတယ်။ mining လုပ်တဲ့ A က သူ့မှာရှိတဲ့ coinbase ထဲက coin ၁၀ ခုကို B ရဲ့ wallet ထဲကို ထည့်ပေးလိုက်တယ်ဆိုရင် general ledger က အဲဒါကို မှတ်ထားတယ်။ အဲဒီ transition ကို လူတိုင်းမြင်ရတယ်။ ဒါပေမယ့် ဘယ် base က ဘယ်သူ ပိုင်တယ်၊ wallet နံပါတ် ဘယ်လောက်က ဘယ်သူ ဆိုတာကို မသိတဲ့ အတွက် ဘယ်သူက ဘယ်သူကို လွှဲနေတယ် ဆိုတာကိုတော့ မသိရဘူးပေါ့။ အဲဒီတော့ privacy ရှိတယ်တော့ ပြောလို့ရတယ်။


ဒါပေမယ့် နောက်ပိုင်းမှာ miner တွေ ဆီကနေ တိုက်ရိုက် ဝယ်ရတာ လိုသလောက် မရတာ၊ ဝယ်ပြီးပြန်ရောင်းဖို့ ခက်တာ၊ ငွေပေးချေဖို့ ခက်တာတွေကြောင့် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပေါ်လာတယ်။ သူတို့က သူတို့ ကိုယ်ပိုင် wallet ဖွင့်ထားတယ်။ အဲဒီ wallet ကနေ တစ်ဆင့် ကြားခံပြီး miner တွေနဲ့ personal wallet တွေ အကြား၊ personal wallet အချင်းချင်း အကြား လွှဲတာတွေ လုပ်ပေးတယ်။ ပြန်ရောင်းချင်လည်း ဝယ်တယ်ပေါ့လေ။


Bitcoin ကို သုံးပြီး ပစ္စည်း ဝယ်တာမှာတော့ ပစ္စည်းရောင်းတဲ့သူက သူ့ wallet ရဲ့ public link ကိုပေးထားတယ်။ ဝယ်တဲ့ သူက အဲဒီ link ကို နှိပ်ပြီးတော့ သူ့ wallet ထဲကနေ ဘယ်လောက်နှုတ်သွားခွင့် ရှိတယ်ဆိုတဲ့ instruction ပါတဲ့ public link ကို ပြန်ပေးလိုက်တယ်။ အဲဒါကို general ledger က မှတ်တမ်း တင်ပြီးတော့ ဟိုဘက် ဒီဘက် လွှဲပေးလိုက်တယ်။ ဘဏ် သဘောပေါ့။ ဘဏ်ကနေ ငွေချေတဲ့ သဘောပဲ။ ကိုယ့်ဘဏ် စာရင်းထဲကနေနှုတ်ပြီး၊ ဟိုဘက်က လူရဲ့ ဘဏ် စာရင်းထဲကို တိုးပေးလိုက်တာပေါ့။ ဒီသဘောပါပဲ။


ဒါဆိုရင် Bitcoin ကို ဘယ်သူတွေ သုံးကြလဲ၊ ဘာလို့ ဈေးတွေမြှောက်လာလဲ။ 
နိုင်ငံတစ်ကာမှာက ကျွန်တော်တို့နဲ့ မတူဘူးဗျ။ ဒီမှာ လမ်းထိပ် ကုလားဆိုင်မှာ ခင်ဗျား ဘာဆေးဝယ်ချင်ချင် အလွယ် ဝယ်လို့ရတယ် ။ နိုင်ငံတစ်ကာမှာ Over the counter ဆေး မဟုတ်ရင် ဝယ်ရတာ တော်တော် 
ဒုက္ခရောက်တယ်။ အဲဒီတော့ ဝယ်ချင်ရင် ဘာလုပ်လဲဆိုရင် Bitcoin နဲ့ ဝယ်ကြတယ်။ Credit card နဲ့ ဝယ်တာ မဟုတ်တဲ့ အတွက် FBI တို့ ဘာတို့က နောက်ကြောင်း လိုက်ဖို့ မလွယ်ဘူး။ 

တရားမဝင် ပစ္စည်းတွေကို အွန်လိုင်း က ဝယ်ချင်ရင် Bitcoin နဲ့ ဝယ်ကြတာများတယ်။ Bitcoin နဲ့ ဆိုရင် အဲဒီ ပစ္စည်းတွေကို Amazon က ဝယ်သလိုမျိုး ကို ဝယ်လို့ရတယ်။ Silk Road လိုမျိုး အွန်လိုင်း black market တွေ အများကြီးပဲ။ ဒါက လက်တွေ့မှာ Bitcoin ကို တစ်ခုတည်းသော အသုံးချ နည်းပဲ။ ကျန်တာကတော့ ဈေးကျရင် ဝယ်ထားမယ်၊ ဈေးတက်ရင် ပြန်ရောင်းမယ် ဆိုပြီး ဝယ်ထားတဲ့ သူတွေချည်းပဲ။ 

အခုနေ စုထား ရောင်းရင်မြတ်နိုင်တယ်လို့ တွေးတဲ့သူ များလေလေ Bitcoin ဈေးက တက်လေလေပဲ ။ ကိုယ့်လို အကြံတူတွေချည်းပဲ စုမိနေပြီးတော့ ဘယ်သူမှလည်း ပြန်မရောင်း၊ ဝယ်ရင်လည်း တက်ဈေးကြီးနဲ့ဖြစ်နေ၊ ရောင်းရအောင်ကလည်း နောက်ထပ် တက်သွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ဖြစ်နေရင်း ကနေ တစ်ခုခုကြောင့် ဈေးပြုတ်ကျတဲ့ အချိန်မှာ အားလုံးက ဝိုင်းထုတ်တယ် ဆိုရင် ဗိုက်နာပြီး အကုန် ရောင်းရတော့ ဈေးပြုတ်ကျသွားတာပဲ။

အခုဆိုရင် ကျွန်တော် တောက်လျှောက်ပြောခဲ့တဲ့ အထဲ ငွေကြေးတွေ အကြောင်းပြောခဲ့တယ်၊ နောက်ဝှက်စာ စနစ်အကြောင်းပြောတယ်၊ Crypto Currency အကြောင်းပြောခဲ့တယ်။ ကောင်းပြီ။ အဲဒါဆိုရင် အဓိက မေးခွန်းဖြစ်တဲ့၊ လူတိုင်း သိချင်နေမယ့် မေးခွန်းဖြစ်တဲ့ Bitcoin အပါအဝင် Crypto Currency တွေကို ရင်းနှီးမြှုပ်နှံမယ်၊ ဝယ်ထားမယ် ဆိုရင် ကိုက်ပါ့မလား၊ မြတ်နိုင်လား ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒါကို အဖြေပေးနိုင်ဖို့ ကြိုးစားကြည့်ပါမယ်။

ပထမဦးဆုံး လေ့လာသင့်တာက Bitcoin တွေ ဝယ်ထားပြီး ရောင်းမထွက်လို့ ပိုက်ဘော မိနေရင် ဘာလုပ်မလဲပေါ့။ ကျိန်းသေတာ ကတော့ ပြန်တက်မယ်။ အဲဒါကို ထိုင်စောင့်နိုင်လားပဲ။ Bitcoin ရဲ့ သဘောက တက် လိုက်ကျလိုက်ပဲ။ ထိုးတက်မယ်၊ ထိုးကျမယ်။ အီနေမယ်။ ပြန်ထိုးတက်မယ်၊ ပြန်ထိုးကျမယ်။ ဒါပဲ။ အဲဒီတော့ စာရင်းသေ အပ်ငွေလို ပြန်မထုတ် စတမ်း ကိုင်ထားမယ်၊ လုံးဝ တက်ပြီဆိုမှ၊ အခုလိုမျိုး တက်နေတယ် ဆိုမှ ပြန်ထုတ်နိုင်တယ်လို့ သေချာရင်တော့ ဝယ်ထားကောင်း၊ ထားနိုင်ပါတယ်။ 

ဒါပေမယ့် ဒါတောင်မှ ဘယ်အချိန်ပြန်ရောင်းသင့်တယ် ဆိုတာ ပြောဖို့ခက်တယ်။ ဥပမာ ကိုယ်က ၂၀၁၆၊ ၁၀ လပိုင်း လောက်မှာ ဝယ်ထားတဲ့သူဆိုရင် အခုအချိန် ရောင်းသင့်ပြီ။ ဒါပေမယ့် သင်္ကြန် မတိုင်ခင်က မှ  ဝယ်ထားတဲ့သူ ဆိုရင်တော့ ကိုင်ထားမလား၊ လွှတ်မလားက Blackjack ဆော့ရင် ၁၇ လောက် ရထားတဲ့သူလိုပဲ။ အုံးခနဲ ပြုတ်ကျလို့ ၃၀၀ လောက်ဖြစ်သွားတယ် ဆိုရင်တော့ ပိုက်ဘောမိပြီပဲ။ အခုအချိန်မှ လွှတ်ဖို့လည်း မသင့်ဘူး။ ထပ်ဝယ်ရင်တောင် ဝယ်သင့်တယ်။ အဲဒီတော့ ရွှေ တို့၊ ဒေါ်လာ တို့လို ရုတ်တရက်ငွေလိုရင် ရောင်းရနိုင်တယ်၊ ရှိတန်ဆာ၊ မရှိဝမ်းစာ ဆိုတာမျိုး လုပ်လို့တော့ မရဘူး။

နောက်တစ်ခုက စာရင်းသေ အပ်ငွေလိုလည်း သေချာတာ မဟုတ်ဘူး။ သေချာပေါက် တက်ကို တက်ရမယ်လို့ အာမခံနိုင်ဘူး။ တစ်ခြား ရွှေ တို့၊ ဒေါ်လာ တို့နဲ့ယှဉ်ရင် တက်နှုန်းက အခုအချိန်မှာမြန်နေပေမယ့်၊ တစ်ကယ်တမ်း ကိုယ် လက်တွေ့လုပ်တဲ့ အခါ မြန်မယ်၊ မမြန်ဘူး။ အီနေမလား ဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။

နောက် တစ်ခုက ဥပဒေ နဲ့ မလွတ်ကင်းဘူး။ မြန်မာနိုင်ငံငွေကြေး ဥပဒေအရ ဒီလို ငွေကြေးတွေကို အသိအမှတ် ပြုမထားဘူး။ တစ်ကယ်လို့ ကိုယ့် စက်ထဲမှာ Bitcoin mining software ရှိနေရင် ဖမ်းလို့ရတယ်။ အနည်းဆုံးတော့ တစ်ခုခုကြောင့် အလိမ်ခံရရင် ဆုံးပြီသာ မှတ်လိုက်တော့။ ဘယ်သူမှ လိုက်မရှင်းပေးဘူး။ ရှင်းပေးမယ့် သူလည်း မရှိဘူး။ ဘယ်မှလည်း တိုင်လို့ရဘူး။ ကုန်ရင် ကုန်ပြီပဲ။

Bitcoin လိမ်လည်မှုတွေ၊ Bitcoin service ပေးတဲ့ ကုမ္ပဏီတွေ hack လုပ်ခံရလို့ ငွေတွေ ပါကုန်တာတွေ၊ အများကြီးဖြစ်ဖူးတယ်။ အခုလို ဈေးတက်နေတဲ့ အချိန် ပိုဖြစ်နိုင်တယ်။ ကဲဗျာ၊ ခင်ဗျား က ကျွန်တော့်ဆီမှာ bitcoin စာရင်း ဖွင့်ထားတယ်။ ကျွန်တော်က အဲဒါတွေ ပျောက်သွားပါပြီ။ ပြန်လျော်ပေးပါမယ်။ ခဏစောင့်ပါဦးလို့ပြောမယ်ပေါ့။

 ခင်ဗျား ပျောက်သွားတာက အခုလို တက်ဈေးမှာ ပျောက်တာလေ။ ခင်ဗျားကို ကျွန်တော်ပြန်မလျော်ဘူး မဟုတ်ဘူး။ ပြန်လျော်မယ်။ ဒါပေမယ့် Bitcoin တွေ ဈေးကျနေတဲ့ အချိန်မှာ ပြန်လျော်မယ်။ ဒါမျိုးတွေ အကြိမ် ကြိမ်ဖြစ်ဖူးတယ်။ ဒေါ်လာတွေ သန်းနဲ့ ချီပြီးပျောက်တာတွေ အများကြီးဖြစ်ဖူးတယ်။ အဲဒါကြောင့် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။ ဥပဒေရဲ့ အကာအကွယ်လည်း မရနိုင်ဘူး။ ရဲ တိုင်လို့လည်း မရဘူး။ တရားစွဲလို့လည်း မရဘူး။

နောက် ပိုဆိုးတာက Bitcoin ကို MLM နဲ့ ပေါင်းပြီး လုပ်စားဂွင်တွေ ထွင်ကြတာ။ ခဏခဏဖြစ်တယ်။ အ ထင်ရှားဆုံးက Bitcoin Savings and Trust ဆိုတဲ့ ကုမ္ပဏီ က ၂၀၁၂ မှာ ဖြစ်သွားတာပဲ။ ဒေါ်လာ ၅.၆ သန်းလောက် အလိမ် ခံလိုက်ရတယ်။ FBI က အမှု စစ်နေတယ်။ Bitcoin က စိတ်မချရတဲ့ အထဲ MLM လို ငရဲအိုးနှုတ်ခမ်း ပတ်ပြေးတဲ့ စီးပွားရေး နဲ့ ပေါင်းလိုက်တော့ ဂိတ်ဆုံးသွားတာပဲ။ 

Bitcoin သည် လိမ်လည်မှု မဟုတ်ဘူး။ အင်မတန် စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှု။ Multi-level marketing သည် လိမ်လည်မှု မဟုတ်ဘူး။ ဒါပေမယ့် အင်မတန် ညံ့ဖျင်းတဲ့ စီးပွားရေး စနစ်ကို မက်လုံးတွေနဲ့ ဖုံးကွယ်ထားပြီး လူ အထင်ကြီးအောင် လျှောက်လုပ်နေတဲ့ စီးပွားရေး စနစ်။ အဲဒီမှာမှ MLM စစ်စစ် မဟုတ်ပဲ Ponzi scheme ဆိုရင်တော့ ပြီးရော။ 

MLM တိုင်းကို Ponzi လို့ မစွပ်စွဲချင်ပေမယ့်၊ မြန်မာပြည်မှာ လုပ်နေသမျှ MLM လုပ်ငန်းတိုင်း က Ponzi လို့ ပြောရလောက်အောင်ကို ရာနှုန်းက များနေတာ။ ပစ္စည်းတွေ ဝယ်ခိုင်းတာကို ရင်းနှီးမြှုပ်နှံမှု၊ လူတွေ ထပ်ဆွယ်နိုင်ရင် မင်း ချမ်းသာပြီ။ ဟိုဘက် ဒီဘက် AB လိုင်းတွေ ခွဲပြီး ပြနေပြီ ဆိုရင် အဲဒါ ကျိမ်းသေသလောက်ရှိတယ်။ လိမ်ပြီပဲ။ ၁ နှစ် အတွင်း သိန်း ၂၀၀၀ တွေ ဘာတွေပြောနေပြီ ဆိုရင် အဲဒါကျိန်းသေပြီ လိမ်ပြီပဲ။ MLM စစ်စစ် နဲ့ တစ်ကယ် အလုပ်လုပ်တာဟာ ပုံမှန် သူများဆီမှာ ကုမ္ပဏီ ဝင်လုပ်တာရဲ့ ၁၀ ပုံ ၁ ပုံတောင် ဝင်ငွေမရဘူး။

နောက်တစ်ခုက Bitcoin သည် နည်းပညာ အခြေခံပဲ။ ဘယ် နည်းပညာမှ ပြီးပြည့်စုံတယ်လို့ မရှိဘူး ။ လို အပ်ချက် ရှိတာချည်းပဲ။ ၂၀၁၀ တုန်းက Bitcoin မှာ နည်းပညာ ပြဿနာ အကြီးကြီး တက်ဖူးတယ် ။ အနာဂတ်မှာရော အဲဒီလို မဖြစ်နိုင်ဘူးလားပေါ့။ နောက်တစ်ခုက Bitcoin သည် Block ပုစ္ဆာတွေရဲ့ ခက်ခဲမှုကို အခြေခံထားတာ။ လက်ရှိ နည်းပညာအရ ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်သေးဘူး ဆိုပေမယ့် အနာဂတ်မှာ Block တွေက ဘယ်လောက်ပဲ ခက်ခက် လွယ်လွယ်လေး ဖြေရှင်းနိုင်တဲ့ စနစ်ပေါ်လာတယ် ။

 ဥပမာ ကွန်တမ် ကွန်ပျူတာ လိုမျိုး၊ အဲဒါ ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် နည်းပညာက ထွက်လာတဲ့ အရာတွေကို ဘဝ ပုံပြီးတော့ မယုံတာကောင်းတယ်။ အနည်းဆုံးတော့ လက်ရှိ အချိန်အထိပေါ့။ ကွန်ပျူတာပေါ်တာ နှစ် ၃၀ လောက်ပဲ ရှိသေးတယ်။ ရွှေတွေ၊ ငွေတွေကို သုံးလာတာ နှစ်ပေါင်း ထောင်နဲ့ ချီနေပြီ။ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော်တော့ မယူဆဘူး။

ဒါတွေက အခုလောလောဆယ် ပေါ်နေတဲ့ Bitcoin ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါပဲ။ အစိုးရ တစ်ရပ် အနေနဲ့၊ ဘဏ္ဍာရေး အဖွဲ့အစည်းအနေနဲ့၊ ဥပဒေပြုရေး အဖွဲ့တွေ အနေနဲ့ စဉ်းစားရမှာတွေ အများကြီး ကျန်ပါသေး တယ်။ ဒါတွေကို သေချာ ဥပဒေနဲ့ အညီဖြစ်အောင် လုပ်နိုင်ဖို့က အချိန်အများကြီး ယူရဦးမှာပါ ။ ကျွန်တော်တို့ နိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမျိုး အဖို့ ပိုကြာနိုင်ပါတယ်။ 

Bitcoin အကြောင်းပြန်ဆက်ရရင် ဈေး အတက်အကျ၊ အရမ်း ကြမ်းလွန်းတာ၊ တက်ရင် ထိုးတက်လိုက် ၊ ကျရင်ခွေးကျ ဝက်ကျပြုတ်ကျလိုက်နဲ့မို့ မရင်းနှီး သင့်တာက တစ်ကြောင်း၊ ရွှေ တို့၊ ဒေါ်လာ တို့လိုမှာ ဝယ်စုထားပြီး ရင်းနှီးမြှုပ်နှံ တာလို ကိုယ် ငွေလိုလို့ ပြန်ရောင်းလည်း နည်းနည်းပဲ ရှုံးတဲ့ ပုံစံမျိုး မဟုတ်ပဲ၊ တက်ဈေးမှာ ဝယ်ထားပြီး ခွေးကျ ဝက်ကျပြန်ကျတဲ့ အချိန်မှာ တစ်ကယ် လိုအပ်လို့ ပြန်ရောင်းရင် ခွေးလို ဝက်လို ရှုံးနိုင်တာ၊ ဥပဒေ နဲ့ မညီတာ၊ ဥပဒေ အရ အကာအကွယ် မရှိတာ၊ ကြားဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေက ခိုင်မာမှု မရှိတာ၊ နည်းပညာပိုင်း ချို့ယွင်းချက်တွေ ရှိနေတာ၊ နောက်ပြီးတော့ ဥပဒေပြင်ပ က မှောင်ခိုဈေး ကွက်တွေ၊ MLM လို မီးခိုးရောင် ဈေးကွက်တွေနဲ့ ဆက်နွယ်လွန်းနေတာတွေက ရင်းနှီးမြှုပ်နှံသူတွေအဖို့ လက်ရှောင်နေသင့်တဲ့ အချက်တွေပါပဲ။

နောက်ဆုံး အနေနဲ့ ကျွန်တော် အဖြစ်အပျက်ကလေး တစ်ခု ပြောချင်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ သား အဖနှစ်ယောက် အမွေ ရတဲ့ မြို့ထဲ တိုက်ခန်းလေးရောင်းပြီး သင်္ဘော လိုက်ကြတဲ့ ကိစ္စပါ ။ မြို့ထဲ တိုက် 
ခန်း လေးရောင်း၊ ရတဲ့ ငွေလေးထဲက တစ်ဝက်လောက်ကို မြို့ပြင် ဆင်ခြေဖုံးမှာ တိုက်ခန်းလေးပြန်ဝယ်၊ ပိုတဲ့ငွေလေး အရင်းအနှီး လုပ်ပြီး သားအဖနှစ်ယောက် သင်္ဘော လိုက်ကြတာ ။ 

၅ နှစ်လောက် ရှိတော့ နှစ်ယောက်လုံး သင်္ဘောက နားလိုက်ချိန်မှာ အဲဒီမြို့ထဲ တိုက်ခန်း ပြန်မဝယ်နိုင်တော့ဘူး။ သင်္ဘောလိုက်မယ့်အစား အဲဒီ တိုက်ခန်းကိုငှား၊ ဆင်ခြေဖုံးမှာ တိုက်ခန်းပြန် ငှားပြီး ပိုတာလေး ခြစ်ကုတ် သုံးရင်တောင် အခုလောက် ဆုံးရှုံးမှုကြီးမှာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံတယ် ဆိုတာ အင်မတန် သတိထားရတာမျိုးပါ။ မခန့်မှန်းနိုင်တာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

Bitcoin သည် လိမ်လည်မှု တစ်ခုတော့ မဟုတ်ပါဘူး။ သူ့မှာ အားသာချက်တွေ ရှိပါတယ်။ ဒါကို လက်ခံရမှာပါ။ ဒါပေမယ့် အားသာချက် နဲ့ အားနည်းချက် ယှဉ်ရင် စွန့်စားရမှုက များနေတုန်းပါပဲ။ ကျန်တဲ့ crypto currency တွေ ကတော့ Bitcoin အောင်မြင်တယ်၊ စောစော ဝင်လုပ်နိုင်ရင် ငွေ နည်းနည်းနဲ့ coin တွေ အများကြီး ရနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လိုက်ထုတ်ကြတာတွေပါ။ 

Bitcoin နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Litecoin တောင်မှ ဒီလောက်အောင်မြင်မှု မရှိပါဘူး။ MLM နဲ့ ပတ်သက်ပြီး ပြောရရင်လည်း MLM ကုမ္ပဏီ တစ်ခုသည် ဘယ်လို စည်းကမ်းတွေနဲ့ ညီရမယ် ဆိုတာကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လို နိုင်ငံတွေမှာ သတ်မှတ်ထားပါတယ်။ ဒါတောင် အလိမ်ခံရတာတွေ ရှိတုန်းပါပဲ။ 

ဥပဒေကို လက်တစ်လုံးခြား လုပ်တာတွေ ရှိနေတာပါပဲ။ ခဏခဏလည်း အရေးယူနေရတာပါပဲ။ MLM သည် လူလိမ်လုပ်ငန်း မဟုတ်ဘူး။ ဒါပေမယ့် လူလိမ် လုပ်ငန်းနဲ့ ဟိုဘက် ဒီဘက် ကူးနေတဲ့ လုပ်ငန်းမျိုးလို့ ပြောလို့ရပါတယ်။ ဘယ်ဟာက လူလိမ်၊ ဘယ်ဟာက အစစ်အမှန် ဆိုတာ ခွဲဖို့ အရမ်းခက်ပါတယ်။ ဘာလို့ ကိုယ့်ဘဝကို လိမ်လည်မှု တွေပြည့်နေတဲ့ ဒီလုပ်ငန်းမျိုးမှာ ကုန်ဆုံးစေမှာလဲ၊ အချိန်ဖြုန်းမှာလဲပေါ့။ MLM စစ် တယ် ဆိုရင်တောင် တစ်ကယ်ကြိုးစား ပမ်းစား လုပ်ဦးတော့ Level အမြင့်ကြီးတွေ (တစ်နိုင်ငံလုံးပေါင်းလို့ လူ ၂၀ မပြည့်တဲ့ ဟိုး အပေါ်က ဒိုင်းမွန်းတို့ ဘာတို့တွေ) မဟုတ်ရင် စားလောက်အောင် ရဖို့တောင် မလွယ်ပါဘူး။

ဆောင်းပါး အစပိုင်းမှာရော၊ စောစော ကရော ပြောခဲ့သလိုပဲ Bitcoin သည် လူလိမ် လုပ်ငန်းမဟုတ်ပါဘူး။ ကျန်တဲ့ crypto currency တွေသည် Bitcoin နာမည်ကြီးနေတာကို အခွင့်ကောင်း ယူပြီး တစ်ပွဲစား  ကြံနေကြတာပါ။ decentralized digital currency တွေသည် အလိမ်အညာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် SCoin၊ JCoin၊ Coinspace စသဖြင့် ဘာဆိုတာ တိတိ ကျကျ မသိရတဲ့ coin တွေ၊ ဘာနည်းပညာ သုံးလို့ သုံးထားမှန်း မသိတဲ့ coin တွေသည် ၁၀၀ မှာ ၁၀၀ လုံး လိမ်တာတွေပါပဲ။ MLM ပုံစံမျိုး လူသစ်ဆွယ်ပါ။ coin တွေရမယ်၊ ဘာညာ ပြောလာပြီ ဆိုရင် ပိုဆိုးပါတယ်။ လိမ်ဖို့ ၁၀၀% သေချာနေပါပြီ။ 

တိတိကျကျ ရှိလား၊ ဥပဒေနဲ့ ညီလားလို့ သိချင်ရင် ငွေချေး သက်သေခံ လက်မှတ်ကြီးကြပ်ရေး ကော်မရှင်ရုံးလိုမျိုး ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး စုံစမ်းပြီးမှ လုပ်သင့်ပါတယ် ။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုချက်ရထားတယ် ဆိုတာမျိုးလောက်နဲ့ မလုံလောက်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဆိုတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တစ်ဦးက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင် သူသတ် မှတ်ထားတဲ့ အချက်တွေနဲ့ကိုက်ရင် ခွင့်ပြုလိုက်တာပါပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး ခိုင်မာမှု ရှိတယ်၊ မရှိဘူး၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးလို့ရတယ်၊ မရဘူး၊ ငွေစက္ကူ အစားထိုး နည်းပညာတွေကို   ဝန်ဆောင်မှုပေးနိုင် မပေးနိုင်၊ ရောင်းချနိုင်၊ မချနိုင်၊ အာမခံချက် ရှိ၊ မရှိ ဆိုတာတွေက ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

အတိုးချုံး ပြောရရင်တော့ Bitcoin လို crypto currency တွေမှာ ရင်းနှီးမြှုပ်နှံတာဟာ မြန်မာပြည်သူတွေ 
မလုပ်သင့်သေးတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ လက်ထဲငွေ သိန်း ဆယ်ဂဏန်း ရှိရင် ရွှေပဲဖြစ်ဖြစ်၊ ဒေါ်လာဖြစ်ဖြစ် ဝယ်စုတာက ပိုကောင်းပါတယ်။

 ဖြစ်နိုင်ရင် ရန်ကုန် နဲ့ ခပ်လှမ်းလှမ်းလောက်မှာ မြေ ဧကဝက်၊ တစ်ဧကလောက် ဝယ်ပြီး ကိုင်းကူး ကိုင်းဆက် နည်းနဲ့ သီးနှံပင် မျိုးရောင်းတာ၊ မှို စိုက်တာ၊ တိရိစ္ဆာန် အစာမြက်တွေ စိုက်တာ၊ သဘာဝမြေသြဇာ အတွက် ရေမှော် စိုက်တာတွေက စီးပွားရေး အရ ပိုကိုက်ပါတယ်။ ဒီ့ထက် ပိုရှိတယ် ဆိုရင်တော့ မြေဝယ်ထားတာ၊ တိုက်ခန်း ဝယ်ထားတာတွေက ပိုသေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ 

လတ်တလောမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကျဆင်းနေတာ၊ မြို့သစ် စီမံကိန်းတွေ၊ ကျူးကိစ္စ တွေနဲ့ မငြိမ် မသက်တွေ ဖြစ်နေပြီး ဈေးကွက်အေးနေပေမယ့် ရေရှည်မှာ Real estate ဟာ မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဈေးကွက် အဖြစ် ဆက်ပြီး ရပ်တည်သွားပါလိမ့်မယ်။ လက်ရှိမှာ အထူး သဖြင့် ဒီ ၂၀၁၇ ဇွန် ဇူလိုင်လောက်မှာ Bitcoin ဟာ စံချိန်တင် ဈေးကောင်းနေတာမို့ ဆွယ်တဲ့ သူတွေ များလာပါလိမ့်မယ်။ ရှေ့လည်း ပိုများ လာဖို့ ရှိပါတယ်။ ဒါပေမယ့် လောဘနဲ့ ရင်းနှီးမြှုပ်နှံတာ၊ မစားရ ဝခမန်းတွေကို နား ယောင်ပြီး ရင်းနှီးမြှုပ်နှံတာထက်၊ အချက်အလက်တွေကို သေချာလေ့လာပြီး၊ ကိုယ့်အတွက် အသုံးအဝင်ဆုံးဖြစ်မယ့်၊ နောင်ရေး စိတ်အေးရမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။


အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

မောင်စည်သူ
ကူးယူဖော်ပြသည် ။

Source


No comments:

Post a Comment