Friday, June 16, 2017

ကုန်းလမ်း (မြ၀တီနယ်စပ်) ကနေ ကားသွင်းမယ်ဆိုရင်



 ပြီးခဲ့တဲ့ ရက်က ကျွန်တော် မြ၀တီ၊ မဲဆောက်ဘက်ကို လေ့လာဖို့သွားခဲ့ပါတယ် ။ အဓိက သိချင်တာက ကျွန်တော် တို့ ပုံမှန် ရေလမ်းကနေ ကားသွင်းတာထက် ကုန်းလမ်း (မြ၀တီ) ကနေသွင်းရင် ကုန်ကျစရိတ် သက် သာတယ်၊ ကာစတမ် ကလည်း ရန်ကုန်လောက် မကျပ်ဘူးလို့ သိရတဲ့အတွက်ပါ။ (ဒါပေမယ့်ငွေ လမ်း ခင်းရတာ နောက်မှ သိတယ် ။ 

မြ၀တီ နယ်စပ်ကတော့ အားလုံးသိတဲ့ အတိုင်း တရားမ၀င် Without ကားတွေ မြန်မာဘက်ကို အလုံး အ ရင်းနဲ့ဝင်ရောက်နေတဲ့ အဓိက နယ်စပ်ပါ။ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပန်ချာပီတွေ များပါတယ်။ နိုင်ငံခြား သားတွေပါ။ ထိုင်း မှာ ဗီဇာနဲ့နေထိုင်လုပ်ကိုင်ကြပါတယ်။ 

ဂျပန်ကနေ ကားမျိုးစုံ မှာယူပြီး ထိုင်းနိုင်ငံ လန်ချဘန် ဆိပ်ကမ်းမှာ ကွန်တိန်နာ ချပါတယ်။ အဲဒီကနေ ပေ ၄၀ ကွန်တိန်နာတွေကို မဲဆောက်ဘက် မောင်းလာပြီး ကားတွေ ချပါတယ်။ ညနေပိုင်း မြန်မာ အချိန် ၃း၃၀ လောက်က စလို့ မြန်မာဘက်ကို ပို့ပါတယ်။ ဒါကတော့ တရားမ၀င်ဈေးကွက်ပါ။

တရားဝင် သွင်းကုန် ပါမစ်နဲ့သွင်းတဲ့ အခါကျတော့ ဂျပန် ကနေ ရန်ကုန်ကို ကားတင် သင်္ဘော( RoRo Ferry) နဲ့ တင်ပို့ကြပါတယ်။ အချို့ကလည်း အရင်တည်း ရန်ကုန်ကို တိုက်ရိုက် သင်္ဘော မတင်ခိုင်းပဲ ထိုင်း ကို ကွန်တိန်နာ နဲ့ ပို့ခိုင်းပါတယ်။ ပြီးတော့ သွင်းကုန် ပါမစ်လျှောက်ရာမှာ ကုန်းလမ်း ပါမစ်လျှောက်ပြီး ဂျူတီဆောင်၊ တရားဝင်သွင်းပါတယ်။

ကျွန်တော် ကတော့ အဓိက mini truck, light truck တွေ သွင်းဖို့စုံစမ်းတာပါ။ လုပ်ငန်းစဉ် ကတော့ ထုံးစံအတိုင်းလေလံဆွဲ၊ ပြီးရင် ကွန်တိန်နာ နဲ့ ထည့်ပြီး ထိုင်းနိုင်ငံ လန်ချဘန်ကို ပို့ပါတယ်။ ကွန်တိန်နာ သင်္ဘောခ က ပေ ၄၀ ကို ယန်း ၆၀၀၀၀ လောက်သာ ရှိပါတယ်။ ကွန်တိန်နာထဲ ထည့်ခတော့ ပေးရပါတယ်။ 

ကျွန်တော်တွေ့ခဲ့တာဆိုရင် ပေ ၄၀ ထဲမှာ ခွေးဘီလူး မီနီထရပ် ၇ စီး အထိ ထောင်ပြီးထည့်ပါတယ်။ ဒီအတွက် ဂျပန် ကနေ ယိုးဒယား အထိ သင်္ဘောခ သက်သာပါတယ်။ လန်ချဘန်မှာ သင်္ဘော ချပြီးရင် အဲဒီကနေ မဲဆောက် အထိက ပေ ၄၀ တစ်လုံးကို ဘတ် ၄၀၀၀၀ လောက်ပေးရပါတယ်။ ( ကျပ် ၁၆ သိန်းလောက်ပါ) ။ 

မဲဆောက် ကျတော့ ကွန်တိန်နာ က ထုတ်တဲ့ ကုန်ကျစရိတ် ရှိပါတယ်။ ကမ်းကူးတာက တစ်စီး ဘတ် ၄၂၀၀ လောက်ရှိပါတယ်။ အမှန်က တရားဝင် လိုင်စင်နဲ့ဆိုရင် တံတားကနေ မောင်းလာလို့ ရပေမယ့် စာရွက်စာတမ်း လုပ်ရတာနဲ့ကုန်ကျစရိတ်နဲ့ သိပ်မကွာတဲ့ အတွက် အများစုက အောက်လမ်း ကနေပဲ without လိုပဲ ကူးကြတယ်လို့ သိရပါတယ်။





ကား က မြ၀တီဘက်ရောက်လာတဲ့အခါကျတော့ သွင်းကုန် လိုင်စင်နဲ့ကပ်လို့ကာစတမ် နဲ့ အဖွဲ့စုံ က စစ်ဆေးပြီး ဂျူတီဆောင်ပါတယ်။ နယ်စပ် ကျတော့ သွင်းကုန်နဲ့ပတ်သက်လို့ ပြသနာများတဲ့ အတွက် အ ဆင့် ဆင့် စစ်ဆေးတာ များပါတယ်။ ဒီတော့ ကုန်ကျစရိတ်ကလည်း တော်တော်များပါတယ်။ မြ၀တီမှာ နံမည်ရှိတဲ့ အေးဂျင့်ကို မေးရာမှာ ကာစတမ် ရှင်းလင်းဖို့ ၀န်ဆောင်ခ ၇ သိန်းလို့ပြောပါတယ်။ ဒါက truck ကားအတွက်ဖြစ်ပြီး တစ်ကယ်လို့ delivery van ဆို ၁၂ သိန်း ပါတဲ့။ 

ရန်ကုန်မှာ ဆိပ်ကမ်း ရှင်းလင်းခ ၁ သိန်း ၀န်းကျင်နဲ့ တွက်ရင် တော်တ်ာများနေတာပါ။ ဘာလို့ဒီလောက်များတာလဲ မေးကြည့်တော့ အဆင့်များတာရယ်.အဖွဲ့စုံ နဲ့စစ်တာရယ်ကြောင့် ပေးရ ကမ်းရတာတွေများလို့တဲ့။ အေးဂျင့်တိုင်း ကလည်း ပေးနေကြတော့ ကားက အမှန်ဖြစ်နေပါစေ ၊ပြစ်ချက် မရှိပါစေ ထုံးစံလိုဖြစ် ပြီး ပေးရတယ်တဲ့။ ၇ သိန်းတောင်းထားတာမှာ သူတို့ ၀န်ဆောင်ခ ၅၀၀၀၀ ပဲ ရတယ်လို့ဆိုပါတယ်။

ဒီတော့ mini truck တစ်စီးကိုတွက်ကြည့်တာ ပေ ၄၀ ထဲကို ၆ စီးထည့်လို့ရရင် ဂျပန်ကနေ ထိုင်းကို တစ်စီးယန်း ၁၀၀၀၀ ကျော်သာကျလို့ ရန်ကုန်ကို တိုက်ရိုက် သင်္ဘောတင်တာထက် ယန်း ၂၀၀၀၀ ကျော်သက်သာပါမယ်။ ကျပ် ၂၅၀၀၀၀ လောက် သက်သာတယ်ထားပါ။ လန်ချဘန် ကနေ မဲဆောက်ကို ကုန်ကျစရိတ် ဘတ် ၄၀၀၀၀ ဆိုတော့ တစ်စီးကို ကျပ် ၂၅၀၀၀၀ လောက်ကျပါတယ်။ ဒီတော့ ရန်ကုန်ကို ပို့တာနဲ့ အတူ တူပဲ ကျသွားပါတယ်။

မဲဆောက်မှာ ကွန်တိန်နာထဲက ထုတ်တဲ့ စရိတ် နည်းနည်းရှိမယ်။ ကမ်းကူးတာက ဘတ် ၄၅၀၀ ဆိုတော့ ကျပ် ၁၈၀၀၀၀ လောက်ကျမယ်။ မြ၀တီ ဘက်မှာ ၁၅၀၀၀-၂၀၀၀၀ လောက်ကုန်မယ်။ အေးဂျင့်ခ ၇ သိန်းဆိုတော့ ရန်ကုန်ထက် ၆ သိန်းလောက် များနေတယ်။ ရေလမ်းက သွင်းတာထက် ကုန်းလမ်းက ၈ သိန်းလောက် ပိုကုန်မယ့် သဘောပါ။

ကုန်းလမ်းက အားသာချက်ကတော့ ရေလမ်းလို သင်္ဘောကပ်တဲ့ရက် ဆိုတာမရှိပါဘူး။ ရေလမ်းမှာက သင်္ဘော ကပ်ပြီးမှ လိုင်စင် ကျရင် အသိမ်းခံရမှာပါ။ ကုန်းလမ်း ကျတော့ သွင်းကုန်လိုင်စင် မရှိသေးလဲ အဆင်ပြေသလို ကားကို ကြိုပို့ထားလို့ရတယ်။ မြ၀တီမှာ ပါမစ် ရတဲ့အထိ ထားလို့ရတယ်။ ကုန်းလမ်းက သွင်းမယ် ဆိုရင်တစ်ချို့ ၀ယ်ရောင်းတွေ လုပ်သလို တိုက်ကြေနဲ့ညံ့တဲ့ ကားတွေကိုဈေးပေါပေါ နဲ့ဝယ်ပြီး သွင်းရင် အဆင်ပြေနိုင်ပါတယ်။ 

ဥပမာ....  ပုံမှန် Hijet တစ်စီးကို ယန်း ၄ သိန်းခွဲ ဆိုရင် ယန်း ၂ သိန်းခွဲလောက် နဲ့ကားညံ့တာ ၊ပြစ်ချက်များတာဆွဲ၊ ပြီးရင် မြ၀တီ ကျမှ ပြင်ဆင် ၊ဆေးမှုတ်၊ အသင့်ဖြစ်ပြီ ဆိုမှ လိုင်စင်ကပ်လို့ရတယ်။ ကားကို ပုံ မှန်ပေါက်ဈေးထက် သိန်း ၂၀ လောက် သက်သာတာ ဆွဲမှ ဒီဘက်မှာ ပိုကုန်တာနဲ့ တွက်ခြေကိုက်မယ်။

တစ်တန်ခွဲ ၊နှစ်တန် ထရပ်တွေ ဆိုရင် ဂျပန်မှာ ပုံးကား ( box truck) က ပက်လက် (truck) ထက်ဈေးပေါလို့ ပုံးကားကိုဝယ် ၊ပုံးကိုဖြုတ်ချပြီး ခေါင်း နဲ့ဖရိန်( အရိုး) သာ ကွန်တိန်နာထဲ ထည့်ရင် ကား ပိုဆံ့သလို ကုန်ကျစရိတ် ပိုသက်သာတယ်။

မြ၀တီကျမှ အဲဒီ အရိုးကို ပက်လက်ဘော်ဒီ ခဏ ငှားတင်ပြီး ဂျူတီဆောင်လို့ ရတယ်။ ပြီးသွားရင် ဘော်ဒီပြန် ချခဲ့ပြီး အရိုးအတိုင်း မောင်းဆင်းပေါ့။ ( ပြီးခဲ့တဲ့ ရက်ကတော့ မရမ်းချောင်း စစ်ဆေးရေးဂိတ်က အရိုးတွေဆင်းလာရင် ပြန်လွှတ်တယ်လို့ သိရပါတယ်) ။

ဒီတော့ ကုန်းလမ်းက ကားကောင်းတာ သွင်းရင် မကိုက်ပါဘူး။ ရေလမ်းထက် ကုန်ကျစရိတ် ပိုများလို့ပါ။ ကားညံ့တာ ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဒိုင်နာ၊ ကန်တာလို ဆယ်ပေ၊ ဆယ့်နှစ်ပေ ထရပ်ကားတွေဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

 ပေ ၄၀ ထဲကို ၄ စီးလောက်ထည့်ရမှာပါ။ လက်ရှိ ကုန်းလမ်းကနေ သွင်းနေတဲ့ မိတ်ဆွေတွေ ကလည်း အတွေ့ အကြုံလေးတွေမျှဝေပေးရင် ကျေးဇူးတင်မှာပါ။

မှားတာလေးတွေ ရှိရင် ထောက်ပြပေးပါ။ ဓါတ်ပုံ ကတော့ မြ၀တီ ဘက်မှာ မရိုက်ဖို့ ကန့်သတ်ထားလို့ မဲဆောက်ဘက်မှာပဲ တစ်ပုံနှစ်ပုံ ရိုက်ခဲ့ရတယ်။ အခုတော့ ကုမ္ပဏီ လိုင်စင်တွေက ကန့်သတ်ချက် နဲ့ထုတ်ပေးမယ် ဆိုတော့ အရင်ကလို ကုမ္ပဏီ လိုင်စင်နဲ့ သက်သက်သာသာ သွင်းဖို့သိပ်မလွယ်တော့ပါဘူး။


တစ်ပိုင်တစ်နိုင်ကားလေလံ 



No comments:

Post a Comment