Thursday, February 25, 2016

စိတ်သည် နှလုံးသား ၌ တည်သလော၊ ဦးနှောက် ၌ တည်သလော



စိတ် သည် နှလုံးသား ၌ တည်သလော၊ ဦးနှောက် ၌ တည်သလော ဆိုသည့် ပြဿ         နာသည် လူတစ်ချို့ ကြားတွင် အငြင်းပွားဖွယ်ရာ ပြဿ         နာတစ်ခု ဖြစ်သည်။ ထိုပြဿ       နာနှင့် ပတ်သက်၍ စာစု တွင် ဗုဒ္ဓ ၏ အဘိဓမ္မာ ရှုထောင့်မှ ချဉ်းကပ်ရေးသားသွားမည် ဖြစ်သည်။ 


အဘိဓမ္မာ အရ မနောဓာတ်၊ မနောဝိညာဏဓာတ်ခေါ် ‘စိတ်’သည် ‘ဟဒယ ၀တ္ထု’  ဟုခေါ်သည့် ရုပ်တွင် တည်ရှိသည် ဟု ဆိုပါသည်။ သို့ဖြစ်ရာ ဟဒယ ၀တ္ထု ဟူသည် မည်သို့သော ရုပ်မျိုးဖြစ်သည်ကို သိရှိနား လည် မှ စိတ် ၏ တည်ရာ ကိုလည်း သိနားလည်နိုင်ပေလိမ့်မည်။
 

ဟဒယ ၀တ္ထုနှင့် ပတ်သက်၍ …
(၁) ဟဒယ ၀တ္ထု ဆိုသည်ကို ဘုရားဟောခဲ့သလော
(၂) ဟဒယ၀တ္ထု  ဟူသည် အဘယ်နည်း - ဟူသည့် မေးခွန်း(၂)ရပ် ရှိပါသည်။

မေးခွန်း(၁) နှင့် ပတ်သက်၍ ပြောရမယ် ဆိုလျှင် ပိဋကတ် ပါဠိတော်တွင် မည်သည့် ပါဠိတွင်မျှ ဟဒယ ၀တ္ထု အမည်ဖြင့် ဟောကြားခဲ့ခြင်း မရှိပါ။ ဓမ္မသင်္ဂဏီပါဠိတော်၊ ရူပကဏ္ဍ သည် ရုပ်တရား အားလုံး ကို ဟော ကြား သည့် ပါဠိတော်ဖြစ်သော်လည်း ဟဒယ ၀တ္ထုရုပ် ဟူ၍ မပါရှိပါ။ (ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ မူလဋီကာ၊ အနုဋီကာ တို့တွင်သာ ပါပြီး ပါဠိတော် တွင် မပါဝင်ပါ)


 
သို့သော် ပဋ္ဌာန်း ပါဠိတော်တွင် ဘုရားရှင် က “၀တ္ထု ခန္ဓာနံ၊ ခန္ဓာ ၀တ္ထုဿ       ပုရေဇာတပစ္စယေန ပစ္စယော” စသည်ဖြင့် ‘၀တ္ထု ရုပ်’ ဟု နာမည် တပ်၍ ဟောကြားခဲ့ပါသည်။ အဋ္ဌကထာ ဆရာ အရှင်မဟာ ဗုဒ္ဓဃောသ လက်ထက်ရောက်မှ ‘ဟဒယ’ဆိုသည့် စကားလုံး ထည့်၍ ဟဒယ ၀တ္ထု ဟု စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ 


ထို ပဋ္ဌာန်း ပါဠိတော်၌ပင် “ယံ ရူပံ   နိဿာ     ယ မနောဓာတု စ မနောဝိညာဏ ဓာတု စ ၀တ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနော ၀ိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော” ဟု ဟောကြားခဲ့ရာ ‘ရူပံ’သည် ထို ဟဒယ၀တ္ထု  ကို ရည်ညွှန်းခြင်း ဖြစ်သည်။ 


သို့သော် ဟဒယ၀တ္ထု  နာမည်ဖြင့် မဟောဘဲ ရူပံ(ရုပ်)ဟူသည့် သာမည နာမည်ဖြင့် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သတိမူသင့်သည်။ ထိုကြောင့် ဟဒယ ၀တ္ထုဟူသည် မြတ်စွာဘုရားရှင် တိုက်ရိုက်ဟောကြားတော်မူခဲ့သော နာမည် မဟုတ်ဘဲ အဋ္ဌကထာ ဆရာ စတင် သုံးစွဲခဲ့သော နာမည်ဖြစ်ပါသည်။



နံပါတ်(၂) မေးခွန်းဖြစ်သည့် ဟဒယ ၀တ္ထု  ဟူသည် အဘယ်နည်း-ဆိုသည့်မေးခွန်း ကို ဖြေဆိုရမည် ဆို လျှင် နှလုံးသား ၏ အလယ်တွင် ပုန်းညက်စေ့ ခန့်ပမာဏ ရှိသော တွင်းငယ် ရှိပြီး ထို တွင်းငယ် အတွင်း၌ တစ်လက်ဖက် ခန့်လောက် ပမာဏ ရှိ သွေးများ ရှိသည်ဟု ဆိုပါသည်။ 

ထိုသွေး အတွင်း ၌ ပျံ့နှံ့၍ တည်နေသော ရုပ်ကို ဟဒယ ၀တ္ထု  ဟု ခေါ်ပါသည်။ ဤ အဖွင့် ကို ထောက်ဆ ၍ ကြည့်မည် ဆိုလျှင် ဟဒယ သည် နှလုံးသားဟု အဓိပ္ပါယ် ရပြီး စိတ်သည် နှလုံးသား ၌ တည်သည် ဟု ပြောရ မည်ဖြစ်သည်။
ဟဒယ = နှလုံးသား။
ဟဒယ ၀တ္ထု = နှလုံးသား ၏ တည်ရာ ရုပ်တရား။
စိတ် သည် ဟဒယ ၀တ္ထု  ကို မှီ၍ဖြစ်။
ထိုကြောင့် စိတ် သည် နှလုံးသား  ၌ တည် - ဟု အလွယ်မှတ်ပါ။


 



 


‘ဟဒယ’ဆိုသည့် ပါဠိ ၏ နောက်ထပ် အဓိပ္ပါယ် တစ်မျိုးမှာ ‘စိတ်’ ဖြစ်သည်။ ဦးဟုတ်စိန် ၏ မြန်မာ - အင်္ဂလိပ် - ပါဠိ အဘိဓာန် တွင် ဟဒယ = နှလုံး၊ စိတ်နှလုံး၊ The heart, the mind ဟူ၍ ဖွင့်ဆိုထားသည်။ အင်္ဂလိပ်လို ပြန်ဆို ရာ၌လည်း ဟဒယ ကို Heart  ဟူ၍ ပြန်လေ့ ရှိပြီး Heart သည် နှလုံးသားဟူသော အဓိပ္ပါယ်သာ မက စိတ်ဟူသော အဓိပ္ပါယ်လည်း ရသည်။ 

ထိုသို့ ဟဒယ ကို စိတ် ဟူ၍ မြန်မာပြန်ဆိုလျှင် ဟဒယ ၀တ္ထု  ဆိုသည်မှာ စိတ် ၏ တည်ရာ ရုပ်တရားကို ဆိုလို သည်။ စိတ်သည် မည်သည့် ရုပ်တရား၌ တည်သည်ဖြစ်စေ (စိတ်တည်ရှိ ရာ) ထိုရုပ် သည်ပင် ဟဒယ ၀တ္ထုဖြစ်သည်။ ထိုကြောင့် စိတ်သည် နှလုံးသား၌ဖြစ်စေ၊ ဦးနှောက်၌ဖြစ်စေ(မည်သည့် ရုပ်၌ မဆို) တည်ရှိနိုင်သည်။
ဟဒယ = စိတ်။
ဟဒယ ၀တ္ထု = စိတ် ရဲ့တည်ရာရုပ်။
စိတ် သည် ဟဒယ၀တ္ထု ကို မှီ၍ဖြစ်။
ထိုကြောင့် စိတ် ၏ တည်ရာမှီရာဖြစ်သော ရုပ်သည် ပင် စိတ်ရှိရာ အရပ်- ဟု အလွယ်မှတ်ပါ။

ဤ ဒုတိယ အဖွင့်သည် ယုတ္တိဗေဒနှင့် ကိုက်ညီပြီး လူအများလည်း ပိုပြီး လက်ခံနိုင်ဖွယ်ရာ ရှိသည်။ အဘယ်ကြောင့် ဆိုသော် စိတ် သည် နှလုံးသား ၌ တည်သည်ဖြစ်စေ၊ ဦးနှောက် ၌ တည်သည်ဖြစ်စေ ဤ အဖွင့်နှင့် မဆန့်ကျင်သောကြောင့်ပင်။ 



“ထိုကြောင့်ပင် ဘုရားရှင် က ဟဒယ၀တ္ထု   နာမည်ဖြင့် မဟောဘဲ ၀တ္ထု (စိတ် ၏ တည်ရာ) ဆိုသည့် သာမန် နာမည်ဖြင့် ဟောကြားခဲ့လေ သလောဟု လည်း တွေးတော ဖွယ်ရာ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ အာရုံ တစ်ခုခုကို မြင်သည့် အခါဖြစ်စေ၊ စိတ် မချမ်းမြေ့ဖွယ်ရာ မကောင်း သတင်း တစ်ခု ခု ကြားသည့်အခါဖြစ်စေ ရင်ထဲ၌ ထိတ် ကနဲဖြစ်သွားပြီး နှလုံးသား ကို ရိုက်ခတ်သောကြောင့် အချို့ စိတ် တို့သည် နှလုံးသား ၌ တည်ရှိပြီး တစ်စုံတစ်ခု ကို အလေးအနက် စဉ်းစားသည့် အခါ ဦးနှောက်ပူထူ လာခြင်း၊ အကြံအိုက်သည့် အခါ ခေါင်းပွတ်ခြင်း တို့ကို ထောက်ဆသော အားဖြင့် အချို့စိတ် တို့သည် ဦးနှောက် တွင် တည်ရှိနိုင်သည်ဟု ပါချုပ် ဆရာတော်ကြီးက မိန့်ကြားခဲ့ဘူးပါသည်။



နားလည် လွယ်အောင် ပြန်ပြီး လိုရင်း အနှစ်ချုပ်ရလျှင်…
(၁) အဘိဓမ္မာ ဒေသနာ အရ စိတ် သည် ဟဒယ၀တ္ထု ကို မှီ၍ဖြစ်သည်။
(၂) ထို ‘ဟဒယ ၀တ္ထု’ ဆိုသည့် စကားလုံး သည် ဘုရားဟော ပါဠိတော်တွင် တိုက်ရိုက် ပါရှိသည် မဟုတ် ဘဲ အဋ္ဌကထာ ဆရာ လက်ထက်တွင်မှ စတင် သုံးစွဲခဲ့ခြင်းဖြစ်သည်။
(၃) ဟဒယ ၀တ္ထု ကို နှလုံးသား ၏ တည်ရာ ရုပ်ဟု အဓိပ္ပါယ်ပြန်ဆိုလျှင် စိတ် သည် နှလုံးသား ၌ တည် ရှိသည်။
(၄) ဟဒယ ၀တ္ထု ကို စိတ် ၏ တည်ရာရုပ်ဟု အဓိပ္ပါယ်ပြန်ဆိုလျှင် စိတ် သည် နှလုံးသား၌ဖြစ်စေ၊ ဦးနှောက် ၌ဖြစ်စေ တည်ရှိနိုင်သည်။
 


ဤမျှလောက် ဆိုလျှင် စာဖတ်သူတို့လည်း အတန် အသင့် နားလည်နိုင်လောက်ပြီဟု ထင်ပါသည်။


-လေ့လာသင်ယူ ဘူးသော အဘိဓမ္မာ စာပေနှင့် ပါချုပ် ဆရာတော်ကြီး၏ ဟောပြောမှု အချို့ကို မှီငြမ်းရေး သား ပါသည်-


 
 
 

No comments:

Post a Comment