Thursday, February 25, 2016

သေခြင်း တရားနှင့် သင်္ချိုင်း




“ကိုအေး၊ ခင်ဗျား သင်္ချိုင်းထဲ က မျှစ်တွေ ယူစားနေတာ မရွံဘူးလား” “ဘာရွံ မလဲကွ၊ လူသေကောင်က ထွက်တဲ့ မျှစ်မှ မဟုတ်တာ၊ မြေကြီးထဲ က ထွက်တဲ့ မျှစ်ပဲ။ ဘာရွံစရာ ရှိလဲ။
 

သင်္ချိုင်း ဆိုတာလဲ မြေကြီး ပါပဲကွာ၊ လူတွေ သမုတ် ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ။ ငါဆို ဒီ သင်္ချိုင်းက ထွက် တဲ့ မျှစ်တွေ စားလာတာ ကြာပြီ။

ကြည့်စမ်း၊ ငါ့ သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ ဖျားနာနေတာ မင်းတို့မြင်ဘူးလား။ ဥာဏ်ရည် ဆိုတာလည်း ငါ့ သားသမီးတွေ ကျူရှင်တောင် မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတက်နေရတာ။ 


ဒါပေမဲ့ စာမေးပွဲဖြေရင် ပထမ အဆင့်ကနေ မကျဘူး။ ကောင်းလိုက်တဲ့ ဥာဏ်ရည်။ မင်းတို့ စဉ်းစားကြည့် ။ မြတ်စွာဘုရားတောင် မှ သုသာန် တစ်စ သင်္ချိုင်းဝ က လူသေ လွှမ်းတဲ့ အ၀တ်တွေ ကောက်ယူတော်မူပြီး ပံ့သကူ သင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ။

မင်းတို့ ငါတို့ လို ဘာမှ မဟုတ်တဲ့ အကောင်တွေက ရှောင်တယ် ဆိုတာ ရယ်စရာကြီးကွ။ ကျောင်းစ ကိုရှောင် မသာစ ကို ဆောင် ဆိုတဲ့ အဆိုလည်း ရှိသားပဲကွာ။ ကျောင်းပစ္စည်း ယူသုံးရင်သာ အပြစ်ရှိမယ်၊ သင်္ချိုင်း ပစ္စည်း ယူသုံးရင် အပြစ်လုံးဝ မရှိဘူးကွ။ 


ဘာလို့လဲ ဆိုတော့ သင်္ချိုင်း ဆိုတာ လူတွေ ရဲ့စိတ်ထဲမှာ လုံးဝ သံယောဇဉ် အတွယ်အတာ မရှိပဲ စွန့်ပစ် ထား တဲ့နယ်မြေ။ အဲ့ဒီ နယ်မြေထဲက ပစ္စည်း မှာ ဘာ အနှောင်အတွယ် မှ မရှိကြဘူး။ အဲ့ဒီ စင်ကြယ်တဲ့ ပစ္စည်း ကို သုံးတဲ့ အခါ ငါ လိပ်ပြာ လုံတာပေါ့ကွာ။ 






ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ချင် တစ်နပ်စာလောက် ခူးခဲ့ ရင်တောင် ငါ လိပ်ပြာလုံမှာ မဟုတ် ဘူး။ ကျောင်း ဆိုတာက သာသနာ့နယ်မြေ သံဃာ ရဲ့ပစ္စည်းလေကွာ။ ယှဉ်ကြည့်ပေါ့။ ကျောင်း ပစ္စည်း ဆိုတာ မစားတတ်ရင် သံသရာ အဆိပ်ကွ။ 


သင်္ချိုင်း ပစ္စည်းက သံသရာ အဆိပ် ကင်းစေတယ်။ ဒါ့ကြောင့် ငါ အမြဲ စားခဲ့တာပေါ့။ သင်္ချိုင်းက မျှစ်လည်း မျှစ် ပါပဲ။ အပြင်က မျှစ်လည်း မျှစ် ပါပဲ။ အတူတူ ပါပဲကွာ။ အေး၊ သင်္ချိုင်းထဲ က မျှစ် က စား မဖြစ်အောင် ခါးနေတယ်၊ ပုတ်စော်နံနေတယ် ဆိုရင်တော့ ငါလဲ လူပဲကွာ၊ ဘယ်စားမှာလဲ။ အလကားပါကွာ၊

လူတွေ ကိုက အယူ သီးနေတာပါ။ သင်္ချိုင်း တဲ့။ မင်းတို့ စဉ်းစားကြည့်။ သင်္ချိုင်း ဆိုတာက ကြာကြာ တစ်ခါ လူသေ မှ မြှုပ်ကြတာ။ မင်းတို့  ငါတို့ရဲ့ ပါးစပ်တွေ ကို ကြည့်စမ်း။ ငါးပုပ်ရင် ဆားနဲ့ နယ်ပြီး ငါးဆားနယ် ဆိုပြီး စားကြတယ်။ 


ကြက်သေ၊ ၀က်သေ၊ ဘဲသေ၊ ငါးသေ၊ နွားသေ၊ ဆိပ်သေတွေကွာ။ စဉ်းစားကြည့်ကြ။ အဲ့ဒါလည်း အသုဘတွေ ပဲကွ။ ကြက် မသာ ၀က် မသာတွေပေါ့ကွာ။ ဒါတွေ ကျတော့ အသုဘ လို့မမြင်ဘဲ သုဘ လို့ ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။ 

မင်းတို့ ငါတို့ ရဲ့ ပါးစပ် သင်္ချိုင်းထဲ အဲ့ဒီလို တိရိစ္ဆာန် အသေကောင်တွေ မနည်း မနောဝင်ပြီးပြီနော။ ဒါကျတော့ လောကနိယာမ ကောင်းမွန် တဲ့ အစားအစာ လို့ သတ်မှတ်ကြတယ်။ သူလည်း ခန္ဓာ ငါးပါး အစု အဝေး အပုပ်ကောင် ပဲ မဟုတ်ဘူးလား။

မသန့် တာက အဲ့ဒီ ပါးစပ် သင်္ချိုင်းပဲကွ။ ဒါတွေ ကျတော့ တဖြောင်းဖြောင်း ၀ါးစားနေကြပြီး ငါ သင်္ချိုင်းထဲက မျှစ်ချိုး စားတာကျတော့ အပြစ်မြင်ပြီး လူရာ မသွင်းချင် သလိုလို ဘာလိုလို နဲ့ လူတွေကွာ တရားအလွန်ဝေး တဲ့ လူတွေပါ။

ကိုယ်ပြောမှ အမှန်၊ ကိုယ်လုပ်မှ အဟုတ် ထင်ကြတာကလား။ လူ ဆိုတာ သေမျိုးကွ။ ဘယ်သူမှ ဒီ သင်္ချိုင်း က ပြေး မလွတ်ဘူး။ မှတ်ထား။”

 



မိုးကုတ်ကျော်ကျော်စိုး၊ သေခြင်း တရားနှင့် သင်္ချိုင်း သူရဇ္ဇ၊ ၂၀၁၁၊ ဧပြီ


မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ
http://zaylinthawtar1994.blogspot.my/search/label/





No comments:

Post a Comment