Tuesday, January 19, 2016

တစ်ခုသော စာပေ၀ိုင်း မှ အပြန်

 



ဂေါတမ ဗုဒ္ဓ သက်ရှိထင်ရှား ရှိစဉ် အခါ တုန်
းက ရဟန်းငါးရာ တို့သည် ဘုရားရှင် ထံမှ ကမ္မဋ္ဌာန်း ယူ ၍ တော ၌ ရဟန်းတရား ကို အားထုတ်ကြသည်။ ထိုတော ၌ နံနက်စောစော ပွင့်ကြသည့် မုလေးပန်း တို့ သည် ညနေသို့ရောက်သောအခါ တစ်ဖွဲဖွဲကြွေသည် ကို ရဟန်းတို့ မြင်မိကြသည်။
 
 နောက်တစ်နေ့ နံနက်စောစော ၌ ရဟန်း တို့က မုလေးပန်း တို့ကို “ သင်တို့ အညှာများမှ မကြွေကျမီ ငါတို့ သည် ရာဂ စသည် တို့မှ ကင်းကွာလွတ်မြောက်အောင် ပြုကြ ကုန်အံ့ ” ဟု ပြောဆို သကဲ့သို့ ပြုကာ တရား ကို အပြန်းအထန် အားထုတ်ကြသောကြောင့် ရဟန္တာ များ အဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသော သူက ပြောသည်။

နောက် တစ်ဦးက ညှိုးရော် သွားသော ပဒုမ္မာ ကြာပွင့် မှ ပွင့်ဖတ် တို့ ကြွေကျကျပုံ ကို မြင်ရာမှ အနိစ္စ သဘော ကို ထိုးထွင်း သိမြင်ကာ ပစ္စေကဗုဒ္ဓ များဖြစ်သွားကြသော ပဒုမ္မဒေ၀ီ မိဖုရား ၏ သားငါးရာ တို့ အကြောင်းပြောပြီးနောက် ၌ ရှင်မဟာသီလ၀ံသ ၏ ပါရာယန ၀တ္တုနှင့် မြန်မာ့ ၀တ္တုရှည် များ ဖြစ်ပေါ် တိုး တက်လာမှု သမိုင်း ကို ရှည်လျားစွာ ပြောပါသည်။ 
 
ရှည်လျားသောကြောင့် သူပြောပြခြင်း များကို အစီအစဉ် တကျ မမှတ်မိတော့ပါ။ အခြားသူ တစ်ဦးက ခုနစ်နှစ်သား အရွယ် သာမဏေငယ် တစ်ပါးသည် ရှင်သာရိပုတ္တရာ မထေရ်မြတ်ြ်ကီးနှင့် အတူ ဇေတ၀န်ကျောင်းတော် မှ ဆွမ်းခံရန် ထွက်လာ ၏ ။
 
လမ်းခရီး တစ်နေရာ တွင် လယ် အတွင်း သို့ရေ သွင်းရန် ဖောက် ထားသော ရေမြောင်း အတွင်း ၌ ရေ တို့ကွေ့၍ကောက်၍ တန်း၍ တွန်း ၍ တိုး၍ စီးဆင်းနေသည် ကို မြင်တွေ့ရသော အခါ ထို စီး ဆင်းနေသောရေ ၌ စိတ် ရှိပါသလားဟု ရှင်သာရိပုတ္တရာ မထေရ်မြတ်အား မေးလျှောက်ကြောင်း၊ 
 
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ရေ ၌ စိတ် မရှိကြောင်း ပြောသော အခါ သာမဏေငယ် သည် ‘ စိတ် မရှိသောရေကို ပင်လျှင် လိုရာ အရပ်သို့ သယ်ယူနိုင်ပါ က စိတ်ရှိသော ငါသည် ငါ့ ဘ၀ကို အရဟတ္တဖိုလ် အရောက် အဘယ့်ကြောင့် မဆောင်ယူနိုင်သူ ဖြစ်ရမည်နည်း၊ ဆောင်ယူနိုင်သူ ဖြစ်ရ မည်သား ’ ဟု အားမာန် သတ္တိ ရရှိသွားသောကြောင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အား ခွင့်ပန် ၍ ဇေတ၀န် ကျောင်း သို့ ပြန် သွားကာ တရား အားထုတ်ကြောင်း၊ 
 
ထိုနေ့မှာပင် အရဟတ္တဖိုလ် သို့ ဆိုက် ရောက် သွားကြောင်း ပြောပြသည်။ မဂ် ဆိုက်ရာ၌ ဖြစ်ပေါ်သော စိတ်သဘာဝ အကြောင်း များကိုလည်း အလေးအနက်ပြောသည်။ 


ထို့နောက် အခြားသူ တစ်ဦးက ဘာ မဟုတ်သည့် ကိစ္စတစ်ခုကြောင့် သူနေခဲ့ရာမြို့ကလေးမှ သူဌေးတစ် ဦး မည်ကဲ့သို့ စိတ်နေသဘောထား များ ပြောင်းလဲသွားသည်ကို ပြောသည်။ ထို သူဌေးမှာ ချမ်းသာ သလောက် စေးနည်း သူ ဖြစ်သည်။ အလှူအတန်း လည်း မပြု၊ သူ့ပတ်ဝန်းကျင်က လူများနှင့်လည်း အဆက် အဆံမပြု၊ ထို သူဌေး ၏ ဇနီး ကွယ်လွန်သွားသောအခါ သင်္ချိုင်းသို့ လိုက်ပါ ပို့ဆောင်သူ မရှိသလောက် ပင်ဖြစ်သည်။ 
 
တစ်နေ့ ထို သူဌေးသည် အိမ် အပေါ်ထပ်မှ လမ်း ဆီသို့ မျှော်ကြည့်နေခိုက် လမ်းဘေး သစ်ပင် တစ်ပင် မှ ဆွေးမြေ့နေသော သစ်ကိုင်း တစ်ကိုင်း ကျိုးကျ သွားသည်ကို မြင်လိုက်သည်။ မြေပေါ်သို့ ထိုသစ်ဆွေးကိုင်း ကျသော အခါ နှစ်ပိုင်း သုံးပိုင်း ထပ်၍  ကျိုးသွားသည်။ မကြာမီ - လမ်းလျှောက်လာသော မိန်းမ တစ်ဦးက ထို ကျိုးနေသော သစ်ဆွေး ပိုင်း တို့ကို ထင်း အဖြစ်သုံးရန် သယ်ဆောင် သွားသည်ကို တွေ့ရသည်။

  သစ်ပင် ဟာ ကျေးငှက်တွေ စားဖို့အတွက် အသီး ကိုပေးတယ်၊ လူတွေ အတွက် နားခိုရန် အရိပ်ကိုပေး တယ်၊ သစ်ပင် ရဲ့ဆွေးမြေ့နေတဲ့ သစ်ကိုင်း ကတောင် ထင်း အဖြစ်နဲ့ အသုံးချနိုင်အောင် အကျိုးပြုလိုက်သေး တယ်။ 
 
ငါကတော့ လူဖြစ်ပါလျက်နဲ့ လူတွေ အတွက် ဘာကောင်းကျိုး မှ မပြုမိပါလား ’ ဤ အတွေးများ ဖြစ်ပေါ် လာပြီး သူဌေး ၏ စိတ်နေ သဘောထားများ ပြောင်းလဲ သွားသည်ဟု ဆိုပါသည်။ ထင်းဆွေးချောင်း က မိမိ ဘ၀ အမြင် ကို ပြောင်းလဲပေးခဲ့ကြောင်း ထို သူဌေးက မကြာခဏ ပြောပြသည်ဟု ဆိုပါသည်။ 
 
ထင်းဆွေးချောင်း ကျိုး ကျ လာခြင်း ဖြစ်ရပ် က ထို သူဌေးကို အလှူ  အတန်း ရက်ရောသော၊ ကလေးသူငယ် များ ၏ ပညာရေး အတွက် အထူးကြောင့်ကြ စိုက်၍ ကူညီဆောင်ရွက်သော သူ အဖြစ် သို့ ရောက် သွားအောင် အထောက် အကူ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ 
 
ထို့နောက် - နှလုံးသွင်း ဆင်ခြင် ခြင်း တရား  ယောနိသော မနသီကာရ  အကြောင်းနှင့် နှလုံးသွင်း ဆင်ခြင် ရာ၌ ဖြစ်နိုင်သော ဇော များ၊ ၀ီထိ များ အကြောင်း ကို လေးနက်စွာ ပြောပြပါသည်။ သူ့စကား တို့ကို လည်း လေးနက်လွန်း ၍ မလိုက်နိုင် ဖြစ်ရပြန်ပါသည်။

သူတို့ သူတို့တွေ ၏ စကားများ အနက်မှ မုလေးပန်း များ၊ ကြွေကျ လာသော ကြာပွင့်ဖတ်များ၊ ရေမြောင်း နှင့် ထင်းဆွေးချောင်း ကိုတော့ အမှတ် ရပါသည်။ သစ်ဆွေးချောင်း အကြောင်း ကို ပြောပြသော နောက်ဆုံး လူ ၏ စကား ကို နားထောင်နေရင်း မှ အရိပ် ၌နေ၍ သစ်စိမ်းခက် များ ကို ချိုးနေသော သူများ အကြောင်း တွေး မိနေသည် ကို လည်း သိရပါသည်။

 
 
နန္ဒာသိန်းဇံ
 
 

No comments:

Post a Comment