Sunday, May 24, 2020

ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော်



ရိုသေလေးမြတ်ရမည့်ပုဂ္ဂိုလ်၌ ပြစ်မှားကဲ့ရဲ့ မိသည်ရှိသော် " ဒက္ခိဏေယျဂ္ဂိ=အလှူခံမီး " လောင်တတ် သည်။    (အင်္ဂုတ္တရ-၇၊ပထမအဂ္ဂိသုတ်)


ထိုသဘောကို ရည်ရွယ်၍ ဘုန်းတော်ကြီး ဦးသီလ (ရဟန္တာအရှင်မြတ်ကြီး) က ရဟန်းသံဃာများ၏ အပြစ်
အနာအဆာ ကိုပြောလေ့ရှိသော ဦးဘိုးရင် ဆိုသူအား ...

" ဟဲ့ ဘိုးရင်၊ နင့်စိတ်ပြုပြင်ပြီး ကြည်ညိုရင်လှူ၊ မကြည်ညိုရင် မလှူပဲနေတာပေါ့၊ ဘာဘာညာညာ မပြောနဲ့" ဟု ဆုံးမခဲ့ ဖူး၏။

ညောင်လေးပင်မြို့မှ ရှေ့နေ ဦးတိုးကြီး ဆိုသူလည်း ဦးဘိုးရင် ကဲ့သို့ပင် ဘုန်းကြီးများ အပြစ်ကိုပြောလေ့ရှိ သဖြင့် သူ့အား ဘုန်းတော်ကြီး ဦးသီလ ဆုံးမခဲ့ဖူးသည်ကိုထုတ်ဖော်ပြောဆို ခဲ့ဖူး၏။

ဘုန်းတော်ကြီး။ ။ ဟဲ့ ငတိုး ၊ရှင်ဘုရင်ကြီးမှာ သားတော်နှစ်ပါး ရှိတယ်၊ အကြီးက တရားရှိ သူတော်ကောင်း ချစ်ခင်ကြည်ညို သူပေါတယ်။ အငယ်ကတော့ တရားမဲ့ သူယုတ်မာ၊ လူမုန်းများ တယ်။

အဲဒီ သူယုတ်မာ သားငယ်ကို လက်နဲ့ သွားပုတ်ရင် ဘယ်လို လုပ်မယ် ထင်သလဲ။
ဦးတိုးကြီး။ ။ လက်ဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ခြေထောက်နဲ့ ကန်ရင်ကော။
ဦးတိုးကြီး။ ။ခြေဖြတ်ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဆဲရေး တိုင်းထွာရင်ကော။
ဦးတိုးကြီး။ ။အာဟက် ခံရမှာပါဘုရား။

ဘုန်းတော်ကြီး။ ။ ဘာဖြစ်လို့လဲကွဲ့။
ဦးတိုးကြီး။ ။ ဘုရင့်သားတော်မို့လို့ပါဘုရား။



ဘုန်းတော်ကြီး။ ။ အိမ်း သည်လို သိလျင်တော်ပြီ။ ဘုရားရှင် သားတော်တွေ အပေါ်လဲ နင် သတိထားတတ်
ကရောပ။

ဤကား ရဟန်းသံဃာများဘက်မှ လိုက်ပါ ဖေးမ၍ မိန့်တော် မူခြင်း မဟုတ်။ သူတော်ကောင်း ပညာရှိတို့သည် သဘော အမှန် ကိုသာ မိန့်တော်မူလေ့ရှိကြသည်။

ပုထုဇဉ် ရဟန်း သာမဏေ များမှာလည်း လူမှပင်ဖြစ်လာကြရ သည်။ သူတို့သည်လည်း အကောင်းအဆိုး ရောနှောနေကြ သည် ပင်ဖြစ်၏။

ရဟန္တာ အရှင်မြတ်ကြီးများ ဟူသည် မထင်ရှားသော သာမဏေ ငယ်လေးများမှ သာဖြစ်လာကြရသည်။သည်းခံ၍ သာ မိမိတို့ တတ်နိုင်သည့်ဘက်က ကူညီ သာသနာပြု ကြရန် သာရှိပေသည်။


ကျမ်းကိုး-ဓမ္မစရိယ ဦးဋ္ဌေးလှိုင် ၏ ရတနာသုံးပါးကျေးဇူး။
Than Lwin Ū

1 comment: