Wednesday, April 22, 2020

ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ



ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ဗုဒ္ဓ အလိုအရ လူ သတ္တဝါ တို့၏ အစသည် မထင်ရှားတာကို ယခင် Post မှာ ပြဆိုထားပြီးပါပြီ ။
လူ သတ္တဝါ နဲ့ ကမ္ဘာ တို့တွင် ဗုဒ္ဓ အလိုအရ အစမရှိ အစမထင်ဟု ဆိုသော်လည်း ဘာသာခြားတို့၌မူ
အစရှိ၏ ဟူသောအယူကို ယူကြကုန်၏။



အကယ်၍
တစ်ပါးသော ဘာသာတို့၌ ကမ္ဘာ သည် အစရှိသည် လူ သတ္တဝါ တို့သည် အစရှိသည် ။
ထို အစရှိသည် ဟု ယူသောကြောင့် သတ္တဝါ ဖြစ်ပေါ်နိုင်ရန် အကြောင်း ကမ္ဘာ ဖြစ်ပေါ်နိုင်ရန် အကြောင်း သည်လို၏။


ဆိုလိုသည်မှာ....
လူ၏ အစသည်ရှိ၍  လူ သတ္တဝါတို့ ဖြစ်ခဲ့သည်ရှိသော် လူ သတ္တဝါတို့ ဖြစ်ရခြင်း အကြောင်း သည်
ရှိရ မည်သာတည်း  ။ ထိုနည်းအတူ  ကမ္ဘာဖြစ်ခြင်း အစသည်ရှိသော် ကမ္ဘာဖြစ်ခြင်း အကြောင်း ရှိရမည်သာတည်း ။



လူ သတ္တဝါ ကမ္ဘာ မိုးမြေ တို့ စတင်ဖြစ်ပေါ်လာသည်ကိုသာ ယူ၍ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သည် ကို မသိလေသောကြောင့် ကမ္ဘာကို၎င်း သတ္တဝါ မိုးမြေ တို့ကို၎င်း ဖန်ဆင်းသူ ရှိသည်ဟု အခိုင် အမြဲ ယူကြ၏။ ထိုအယူကို ဗုဒ္ဓဘာသာ၌ ဝိသမဟေတုဒိဌိ အယူ ဟူ၍၎င်း ဣသရနိမ္မာနဒိဌိ ဟူ၍၎င်း ကျမ်းဂန်တို့၌ ဆိုလေ၏။

* ဝိသမဟေတုဒိဌိ ဆိုသည်ကား ....
ကမ္ဘာဖြစ်ပေါ်ရန် လူ နှင့် သတ္တဝါတိြု့ ဖစ်ပေါ်ရန် ဟုတ်မှန်သော အကြောင်းကို လွှတ်၍ ( ရှာမရ၍/ မသိ၍ ဟုမှတ်ပါ ) မဟုတ် မမှန်သော အကြောင်းကို ယူခြင်းဖြစ်ပေသည်။


* ဣသရနိမ္မာနဒိဌိ ဆိုသည်ကား ....
ဤ ကမ္ဘာကို အစိုးရသော ကမ္ဘာ့ သခင်ကြီးသည် ရှိ၏ ။ ထိုသခင်ကြီးသည် ကမ္ဘာကို၎င်း သတ္တဝါကို၎င်း ဖန်ဆင်းသည် ဟု ယူခြင်းဖြစ်ပေသည်။


ဤကား ကမ္ဘာ အစ ရှိ၏ သတ္တဝါ အစရှိ၏ ဟု ယူသည့် အတွက် ဖြစ်ပွားသွားပုံတည်း။ တစ်ဖန် ထို ကမ္ဘာ ဖန်ဆင်းသော သခင်ကြီးသည် အစရှိသလော ဟု မေးရန်ရှိ၏၊ အစရှိသည်ဟု ဆိုသော် ထိုသခင်ကြီး ကို သူ၏ အရင်က ဖန်ဆင်းသူ ပေါ်ရ လိမ့်မည်ဖြစ်၏။



ဤသို့ရှိခဲ့သော် အဆင့်ဆင့် ဖန်ဆင်းသူ မဆုံးဖြစ်နိုင်ရာ၏ ။ထို့ကြောင့် ထိုသခင်ကြီးကို အစလည်းမရှိ အဆုံးလည်းမရှိ နိစ္စထာဝရဖြစ်၏ ဟု ခိုင်မြဲစွာယူရပြန်၏၊ ဤအယူကို ဗုဒ္ဓဘာသာ၌ သဿတဒိဌိ ဟုခေါ်၏၊ ဤကား တတိယဒိဌိ ဖြစ်ပွား၍ သွားပုံတည်း။

ထိုအစမရှိသော အနန္တ ကာလ၌ ကမ္ဘာ သတ္တဝါတို့ကို မဖန် ဆင်းဘဲ တစ်ဦးတည်း တစ်ကိုယ်တည်း နေခဲ့လေသလော၊ သို့မဟုတ် ကမ္ဘာ သတ္တဝါ တို့ကို ဖန်ဆင်းလိမ့်မည်လောဟု တွေးတောဖွယ်ရှိ၏ ။
( ဒီနေရာမှာ အနန္တကာလ ဆိုသည်ကို အထူးနားလည်ရန်လို၏ ။ အဆုံးအစမရှိသော ကာလ ကို ပြဆိုခြင်းဖြစ်သည် )


သို့မဟုတ် မဖန်ဆင်းပဲ တစ်ကိုယ်တည်းနေခဲ့သော် အကျိုးမရှိ၊ ဧကန် ဖန်ဆင်းလိမ့်မည်ဟု ကြံဖွယ်ရှိ၏ ။

ဖန်ဆင်းခဲ့သော ထိုသခင်ကြီးသည်လည်း အစ မရှိသောကြောင့် ကမ္ဘာ သည်လည်း အစမရှိ၊ ဖြစ်တုံ ပျက်တုံ အဆက်ဆက် ရှည်လျှား၍ နေသည်ဟု ဗုဒ္ဓဘာသာနှင့် ရောမိကြပေ၏။

ထိုသခင်ကြီးသည်လည်း ကမ္ဘာ သတ္တဝါတို့ကို ဖန်ဆင်းနိုင် သော အလွန်ကြီးကျယ်သော  တန်ခိုးရှိ သည်ဖြစ်၍ မိမိကို ယုံကြည်စွာ ကိုးကွယ်သော သူတို့ကို ဒုစရိုက်အပြစ်တို့မှ ပပျောက်စေ၍ သေကြ သည်မှ နောင်၌ အထက်ကောင်းကင် ဘုံသို့  ကယ်တင်နိုင်သော တန်ခိုးရှိ၏ ဟူ၍လည်း ယုံကြည်ကြ၏။ ဤကား စတုတ္ထဒိဌိ ဖြစ်ပွား၍ သွားပုံတည်း။

သို့သော် ကမ္ဘာ ကို ဖန်ဆင်းနိုင်သည် ဟူသော အချက်သည် ပင်လျှင် တွေးပုံ ကြံပုံ ထုတ်၍ ယူဆသော အချက်မျှ သာဖြစ် ပေ၏ ။  အခိုင်မြဲ ယူသင့်သည် မယူသင့်သည် ကြံဆရန် ရှိသေး၏ ။ ကမ္ဘာ ကို ဖန်ဆင်း သည် ဟူသော အယူ မဟုတ်မမှန်ဘဲ လွဲချော်ခဲ့သည် ရှိသော် ဒုစရိုက်အပြစ် တို့ကို တန်ခိုးတော်ဖြင့် ပပျောက်စေနိုင်သည် ဟူသော ယုံကြည်ခြင်းများသည်လည်း ဧကန် လွဲချော်လေရာ၏ ။ ဤသည်လည်း တစ်ကြောင်း။

ခရစ်ယာန် ဆရာသည် တပည့်များကို ဆုံးမခန်း တစ်ခု၌ ..
* မျက်စိကို မတော်ရာကို မကြည့်စေရန် နိုင်နင်းအောင် ဆုံးမ ရမည်၊ မဆုံးမနိုင်လျှင် မျက်လုံးကို ဖေါက်ထားရမည် ။မျက်လုံးကို ဖေါက်ထားခဲ့သော် ဒုက္ခကြီး မရောက်ပါလော- မျက်စိကို မဆုံးမနိုင်၍ မတော်ရာကို ကြည့်သည့် အတွက်  သေသည်၏ နောက်၌ အနန္တငရဲကြီးသို့ ကျတတ်၏ *

ထိုနည်းအတူ နား ကိုဆုံးမရမည်၊ နှာခေါင်း နှုတ် တို့ကို လည်း ဆုံးမရမည်၊ ခြေ လက် တို့ကို ဆုံးမရမည် ။ ဆုံးမ၍ မရနိုင်ခဲ့သော် ဖြတ်ထားရမည် ။ဖြတ်ထားခဲ့သော် ဒုက္ခကြီး မရောက်ပါလော-
ဆိုပါမူ ဤဒုက္ခသည်  မပြောစလောက် ခြေ လက် ကို မဆုံး မနိုင်၍ မတော်ရာသို့ သွားသည့် အတွက် မတော်ရာကို ပြု သည့် အတွက် သေသည်၏ နောက်၌ အနန္တငရဲကြီးသို့ ကျရောက်တတ်၏- ဟု ခရစ်တော်၏ ဆုံးမချက်များကို ဖတ်ရှုရဘူး၏ ။


အလွန်ကောင်းလှပေသည် ဗုဒ္ဓဘာသာ၌ ဣန္ဒြိယသံဝရသီလ ခေါ်၏။ ဤ ဆုံးမချက်များကိုထောက်သော် ထာဝရ ဘုရားကို ယုံကြည်စွာ ကိုးကွယ်လျှင် ဒုစရိုက်အပြစ်မှ ပပျောက်သည် ဟူသော အယူသည် ဟုတ်မှ ဟုတ်ပါ့မလားဟု တွေးတော ဘွယ် ရှိပေသည်။

အကြောင်းမူကား ဒုစရိုက်ကို  ပပျောက်စေနိုင်သော တန်ခိုးရှိ သည် မှန်ခဲ့သော် ခရစ်တော်သည် ဤဆုံးမ ခန်းကိုဟောပြော ဘွယ်မရှိ၊ မျက်စိကို မဆုံးမနိုင်၍ ဒုစရိုက် အပြစ်ပင်ရောက် သော်လည်း ထာဝရဘုရား အား အမြဲ ကိုးကွယ်သူတို့မှာ ထို ဒုစရိုက်အပြစ်သည်  ပပျောက်ရမည် ဧကန်ဖြစ်၏။

ထိုသို့ကား မဟုတ် ခရစ်တော်သည် မျက်စိကိုဖေါက်၍ပြစ် ရမည် အစရှိသဖြင့် အလွန်ကြပ်တည်းစွာ ဆုံးမပေ၏ ။ ထို့ကြောင့် ဒုစရိုက် အပြစ်ကို တန်ခိုးတော်ဖြင့် ပယ်ဖျောက်နိုင် သည်ဟူသော ယုံကြည်ခြင်း သည် ဟုတ်မှ ဟုတ်ပါ့မည်လော- ဟု  တွေးတောဖွယ်ရှိ၏ ။ ဤသည်လည်း တစ်ကြောင်း။

ခရစ်တော်သည် လက်ဝါးကပ်တိုင် ၌ အသတ်ခံသည်မှာ ထာဝရ ဘုရားကို ယုံကြည်စွာ ကိုးကွယ်သော သူတို့၌ ဒုစရိုက် အပြစ်များကို ပြေပျောက်စေခြင်းငှာ အသေ ခံတော် မူသည်ဟု ဟောပြောကြသည်များကို များစွာကြားရဘူး၏။

ထာဝရဘုရားကို ယုံကြည်စွာ ကိုးကွယ်ကြလျှင် ဒုစရိုက် အပြစ် တို့မှ ပပျောက်ရိုး မှန်ခဲ့သော် ခရစ်တော် သည် သတ္တဝါ တို့၌ ဒုစရိုက် အပြစ် ပပျောက်စေခြင်းငှာ အသေခံတော် မူ သည်ဟု ဟောပြောကြ သည်များ ကို များစွာကြားဘူးရ၏။

ထာဝရဘုရားကို ယုံကြည်စွာ ကိုးကွယ်ကြလျှင် ဒုစရိုက် အပြစ် တို့မှ ပပျောက်ရိုးမှန်ခဲ့သော် ခရစ်တော် သည် သတ္တဝါ တို့၌ ဒုစရိုက်အပြစ် ပပျောက်စေခြင်းငှါ အသေခံဖွယ် ကိစ္စမရှိ၊ အသေခံရမှုသည် အကြီး ဆုံးသော ဆုံးရှုံးမှုကြီး ဖြစ်၏။

တန်ခိုးတော်ဖြင့် ဒုစရိုက်အပြစ်ကို ပပျောက်နိုင်သည် ဟူသော အယူသည် ပျက်ကွက်သော အယူ ဖြစ် လျှင်လည်း တန်ခိုး ဖြင့် နိဗ္ဗာန်ဘုံသို့ ကယ်တင်နိုင်သည် ဟူသော အယူသည် လည်း ပျက်ကွက်သော အယူ ဖြစ်လေသည်။

အဘယ့်ကြောင့် နည်းဆိုသော် ဒုစရိုက် ပျောက်ကင်းမှု မရှိ လျှင် ကောင်းကင်ဘုံသို့ရောက်နိုင်ခွင့် မရှိသောကြောင့်တည်း။ ဤသည်လည်း စဉ်းစားစရာ တစ်ခုတည်း။

ဤသို့သော အကြောင်းများကြောင့် ထို ကမ္ဘာ့ သခင်ကြီးသည် တန်ခိုးတော်ဖြင့် ဒုစရိုက် အပြစ်ကို ပယ်နိုင် သည်၊ ကောင်းကင် ဘုံသို့  ကယ်တင်နိုင်သည် ဟူသော အယူ၌ အလွန် စဉ်းစား စရာ များကြောင်းကို သတိ ထားရန် ကောင်းလှသည်ပေ၏ ။ စဉ်းစား၍ ယုံကြည်ကြပါကုန်။


#လယ်တီဆရာတော် ဘုရားကြီး ရေးသား ပြုစုတော်မူသော ခရစ်ယောဝါဒ ပုစ္ဆာကျမ်း ၊ ဧဝံဂေလီ ပုစ္ဆာ အဖြေကျမ်းမှ ကောက်နှုတ်တင်ပြသည်။



ဤ ပုစ္ဆာတွင် ကျွန်တော့် အတွက် ဗဟုသုတဖြစ်စေသော အဓိက အချက်မှာ ဘာသာခြားတို့သည် လူ သတ္တဝါ ကမ္ဘာမိုး မြေ တောတောင် ကြေးငှက် တို့အား ထာဝရ ဘုရားသခင်မှ ဖန်ဆင်းတော်မူသည် ။
ထို ထာဝရဘုရားသခင်အား မည်သူက ဖန်ဆင်းသနည်းဟု မေးသော် မည်သူမျှ မဖန်ဆင်း အကြောင်းမဲ့ သူဟာသူဖြစ်နေ သည် ဖြစ်ခြင်တိုင်းဖြစ်နေသည့် အဓိစ္စသမုပ္ပန္နဝါဒ သည်လဲ မည်၏ ။ အဟေတုကဒိဌိ လဲမည်ပေသည်။

ထိုသူတို့သည် ဗုဒ္ဓ အလိုဖြစ်သော 'ပဋိစ္စသမုပ္ပါဒ်' တရား နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော အဓိစ္စသမုပ္ပန္နဝါဒ ကို ဆုပ် ကိုင်၍ ထာဝရဘုရား ဟူသော ပညာတ် တရားတို့၌ ယစ်မူး ၍ နေလေ၏။

ဗုဒ္ဓဘာသာဝင် တို့သည် ဘုရား အလိုကျ " ပဋိစ္စသမုပ္ပါဒ် " ဖြစ်သော အကြောင်း ကြောင့် ဖြစ်သော အကျိုးကို သက်ဝင် ယုံကြည်ကြ၍ ဘာသာခြားတို့သည် " အဓိစ္စသမုပ္ပန္နဝါဒ " ဟုဆိုသော အကြောင်းမဲ့စွာ ဖြစ်ပေါ် လာသော အကျိုး ကို ယုံကြည်ကြပေ၏ ။

ထင်းရှားရာကို ပြရပါမူ ထာဝရ ဘုရားသခင်သည် မည်သည့် ပရောဂ အကြောင်းတစ်စုံတစ်ရာ မပါပဲ သူ့ အလိုကျ သူ့ကိုယ် သူ သူဖန်ဆင်း၍ ဖြစ်ချင်တိုင်းဖြစ်လာပြီးမှ ကမ္ဘာ လောက ကိုဖန်ဆင်းလေသည်။
ဘာသာခြားတို့၏ အယူသည်ပင် ရှေ့နောက် မညီတာကို တွေ့ရ ပေသည်။

ထာဝရ ဘုရားသခင်၏ ဖန်ဆင်းခြင်း ဟူသော အားထုတ်မှု ပရောဂကြောင့် လူ သတ္တဝါ ကမ္ဘာ မိုးမြေ နေ လ နက္ခတ် ပင်လယ် သမုဒ္ဒရာ တို့ ဖြစ်ပေါ်လာရခြင်းသည် ဖန်ဆင်းသည် ဟူသော အကြောင်းကြောင့် ဖြစ်လာသော အကျိုးပေတည်း ။

ဤသည်မှာ " ပဋိစ္စသမုပ္ပါဒ် " ဖြစ်၍ မည်သူ မည်ဝါ ဟူသော အခြား တစ်စုံ တစ်ရာ၏ အစွမ်းအစ ပရောဂ မပါပဲ ဖြစ်၍ လာရသော ထာဝရ ဘုရားသခင်သည် အကြောင်းမဲ့သော " အဓိစ္စသမုပ္ပန္နဝါဒ " သာလျှင်ဖြစ်နေ၍ ရှေနောက် မညီသော ဝါဒ သာ ဖြစ်ပါပေသည်။

အပ္ပမာဒေန သမ္ပာဒေထ
မင်း သန်း နိုင် 


No comments:

Post a Comment