Saturday, July 1, 2017

တစ်ကယ်တမ်း ဂရုစိုက်သင့်တဲ့အရာ




တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ မင်းသမီးတစ်ပါး ရှိပါသတဲ့။ မင်း သမီးလေးမှာတော့ ချစ်သူ (၄) ယောက်တောင် ရှိပါတယ်။
.
သူမ ဟာ စတုတ္ထမြောက် ချစ်သူကို အချစ်ဆုံးပါပဲ။ အကောင်းဆုံး အဆင်တန်ဆာတွေ ဆင်မြန်းပေးသလို အလှပဆုံး နန်းဆောင်၊ အခြွေအရံတွေနဲ့ ထားပါတယ်။ ကောင်းပေ့၊ ညွှန့်ပေဆိုတဲ့ အရာတွေပဲ ပေးပါတယ်။
.
တတိယမြောက်ချစ်သူကိုလည်း ချစ်ပါတယ်။ ချောမောလှပတဲ့ မင်းသားလေးကို တတ်နိုင်သမျှတော့ သူမဟာ ဖြည့်ဆည်းမှုတွေ လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ကျရင် သူမကို ပစ်သွားလေမလားဆိုတဲ့ စိုးရိမ်စိတ်လေးတော့ ရှိပါတယ်။.
.
ဒုတိယမြောက် ချစ်သူကိုတော့ ချစ်တယ် ဆိုရုံလေးပါပဲ။ ဒုတိယမြောက်ချစ်သူဟာ ကြင်နာတတ်သလို သူမပြဿနာတွေ ရင်ဆိုင်ရချိန်မှာလည်း အနားမှာတော့ ရှိပေးတတ်ပါတယ်။ လိုအပ်လာရင် သူမအတွက် ဖြေရှင်းပေးပါတယ်။
.
ဒါပေမယ့် မင်းသမီးလေးဟာ ပထမမြောက် ချစ်သူကိုတော့ သိပ်မချစ်ပါဘူး။ ပထမချစ်သူဟာ သစ္စာ ရှိသလို မင်းသမီးလေးကိုလည်း အရမ်းကို ချစ်ပါတယ်။ သူမ အတွက်လည်း အရာရာပေးဆပ် အနစ်နာခံလေ့ရှိပါတယ်။ မင်းသမီးလေးကတော့ ဒါတွေကို သတိမထားမိပါဘူး။
.
တစ်နေ့ကျတော့ မင်းသမီးလေးမှာ ရောဂါတစ်ခု စွဲကပ်ပါတယ်။ ဒီဝေဒနာဟာ တစ်နေ့တစ်ခြား ပိုဆိုးလာပြီး နောက်ဆုံး သေတော့မယ့်ဆဲဆဲ အခြေအနေကို ရောက်လာပါတယ်။ အဲဒီ့မှာတင် မင်းသမီးလေးက တွေးပါတယ်။ ငါသေသွားရင် တစ်ယောက်တည်း ဖြစ်တော့မှာ၊ ငါ့ရဲ့ချစ်သူတွေ မရှိတော့ဘူးဆိုပြီး ဝမ်းနည်းနေပါသတဲ့။
.
အဲဒါနဲ့ သူမဟာ လေးယောက်မြောက် ချစ်သူကို ခေါ်ပြီး မေးပါတယ်။ သူမဟာ သူ့ကို အချစ်ရဆုံးဖြစ်တဲ့အတွက် သူမ သေသွားခဲ့ရင် သူမနဲ့အတူ လိုက်သေပြီး အဖော်ပြုပေးနိုင်မလားလို့ပေါ့။ သူမ ချစ်သူကတော့ စိတ်အရမ်းဆိုးကာ “မသေနိုင်ဘူး” ဆိုပြီး တစ်ခွန်းတည်းပြောပြီး သူမကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားပါတော့တယ်။
.
မင်းသမီးလေးဟာ နှလုံးသား တစ်ခုလုံး နာကျင်ပြီး စိတ်ထိခိုက်သွားပါ တယ်။ တတိယ ချစ်သူကို “အတူသေနိုင်မလား” လို့ မေးတဲ့အခါမှာတော့ “ဘဝကြီးဟာ နေလို့ကောင်းတဲ့ အကြောင်း၊ မင်းသမီးလေးသာ သေသွားရင် သူ့ အနေနဲ့ နောက်တစ်ယောက် ရှာရမှာဖြစ်ကြောင်း” သေချာပြောပြပြီး ငြင်းပါတယ်။
.

မင်းသမီးလည်း အရမ်းကို စိတ်မကောင်းဖြစ်သွားတာပေါ့။ ဒီမေးခွန်းကိုပဲ ဒုတိယ ချစ်သူကို ထပ်မေးပါတယ်။ ဒုတိယ ချစ်သူဟာ သူမ အပေါ်မှာလည်း ကောင်းခဲ့တဲ့သူ၊ အားကိုးရတဲ့သူလည်း ဖြစ်တာကို။

ဒါပေမယ့် တစ် ကယ်တမ်း မှာတော့ ဒုတိယ ချစ်သူဟာလည်း “ ဒီတစ်ခါတော့ မကူညီနိုင်တဲ့ အကြောင်းနဲ့ သူမ သေဆုံးသွားရင်လည်း သူမ အုတ်ဂူရှိရာသို့ အတူ လိုက်ပါပို့ဆောင်ပေးမယ့် အကြောင်း၊ အမြဲတမ်း လာလည်မှာ ဖြစ်တဲ့အကြောင်း” ပြောပြပါတယ်။
.
မင်းသမီးလေးလည်း ချစ်သူတွေက ငြင်းလိုက်တဲ့အတွက် ထိခိုက်နာကျင်နေတာပေါ့။ အထီးကျန်မှုတွေလည်း ခံစားနေရတာပေါ့။ အဲဒီ့အချိန်မှာပဲ ပထမ ချစ်သူက “သူမနဲ့ ဘယ်သွားသွား၊ ဘာလုပ်လုပ် လိုက်ခဲ့မယ်” လို့ ဆိုပါတယ်။
.
မင်းသမီးလေးလည်း သေချာကြည့်လိုက်မိတဲ့အခါ ပထမ ချစ်သူဟာ သူမ ဂရု မစိုက်တာကြောင့် အဟာရတောင် ချို့တဲ့နေပါပြီ။ ပိန်လို့လည်း နေပါတယ်။

ပထမ မင်းသားလေးဆီက ဒီစကားကို ကြားလိုက်ရတဲ့ အခါမှာတော့ မင်းသမီးလေးဟာ အရမ်းကို နောင်တရသွားပါတယ်။

အရင်ကတည်းက ပထမ ချစ်သူကို ဂရုစိုက်သင့်တယ် ဆိုတဲ့အကြောင်းကိုပြောပြီး ယူကြုံးမရ ဖြစ်သွားပါတယ်။

******************
တစ်ကယ်တမ်းတော့..

စတုတ္ထ ချစ်သူဟာ သင့်ရဲ့ခန္ဓာကိုယ်ပါ။ သင့် အနေနဲ့ ဘယ်လောက်ပဲ လှအောင်နေနေ၊ ဂရုစိုက်စိုက်။ သင်သေဆုံးသွားတဲ့ အချိန်မှာတော့ သင့်ကို ထားခဲ့မှာပါပဲ။
.
တတိယ ချစ်သူက သင့်ရဲ့ ပိုင်ဆိုင်မှုတွေပါ။ သင်သေသွားတယ် ဆိုတဲ့ အချိန်မှာ တစ်ခြား တစ်ယောက်ဆီ ယောက်သွားမှာပါ။
.
ဒုတိယ ချစ်သူကတော့ သင့် မိသားစုနဲ့ မိတ်ဆွေတွေပါ။ အမြဲတမ်း ကူညီတတ်ပေမယ့် သင်သေရင်တော့ လိုက်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သေသွားတဲ့ အခါမှာတော့ သင့်ကို အမြဲအမှတ်ရနေကြမှာပါ။
.
ပထမ ချစ်သူကတော့ သင့်ရဲ့ စိတ် ဝိညာဉ်ပါ။ သင့်ရဲ့ စိတ်နှလုံးသားပါ ။ အများအားဖြင့် သင်ဟာ တစ်ခြားအရာတွေကို ဂရုစိုက်ပြီး သင့်ကိုယ်သင် လျစ်လျူရှုမိတတ်ပါတယ်။

သင့် စိတ်နှလုံးသားဟာ သင်ဘယ်သွားသွား၊ ဘာလုပ်လုပ် သင်နဲ့ အတူ ရှိနေမယ့် အရာ ဖြစ်ပါတယ်။ ကောင်းတဲ့ အရာတွေ လုပ်ရင်လည်း ကောင်းတဲ့အရာတွေဟာ သင့်နောက် လိုက်လာမှာ ဖြစ်ပြီး မကောင်းတဲ့ အရာတွေ လုပ်ရင်လည်း မကောင်းမှုတွေဟာ လိုက်လာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင်တစ်ကယ် ဂရုစိုက်ရမယ့် အရာတွေကို လျစ်လျူ မရှုမိဖို့ တိုက်တွန်း လိုက်ရပါတယ်။


ရွှေညာမောင် (Focus Youth)
ဘာသာပြန်

ဓမ္မချမ်းသာ

1 comment:

  1. မှတ်သားထိုက်ပါပေတယ် ။ လာရောက်ဖတ်ရှု သွားပါတယ်

    ReplyDelete