Friday, October 10, 2014

ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများနှင့် ဆက်ဆံခြင်း


 


ကိုယ့်အား ကိုယ်ကိုး တတ်ရန် မိဘများ၊ ဆရာများ က သင်ကြားတတ် ကြသည်။ ကိုယ့်ကိုယ် ကိုယ် ချစ်တတ် ရန် အတွေ့အကြုံ များက သင်ကြားပေး တတ်သည်။ မည်သည့် စိတ် ခံယူချက် မဆို အကန့် အသတ်တော့ ရှိသင့်သည်။ ယနေ့ခေတ် ကို ကိုယ့်ကိုယ် ကိုယ် ချစ်တတ်သူများ (narcissist) ၏ ခေတ် ဟု ခေါ်ကြသည်။

ဤနေရာတွင် narcissism ဆိုသည့် စကားလုံး ကို ပြောဖို့ လိုလာပါသည်။ ယင်း စကားလုံးမှာ ဂရိနတ် သမိုင်း တွင် ရေမျက်ပြင်တွင် ပေါ်နေသည့် ကိုယ့်ရုပ် ကို မြင်ပြီး ကိုယ့်ကိုယ် ကိုယ် ချစ်စိတ်ဝင် သွားသည့် Narcissus  ဆိုသည့် လူငယ်လေး တစ်ဦး၏ ဖြစ်ရပ် မှ မြစ်ဖျား ခံ ခဲ့ခြင်း ဖြစ်သည်။ 

စိတ်ပညာ ဘာသာရပ် တွင်တော့ ယင်း ကဲ့သို့ ကိုယ့်ကိုယ် ကိုယ် ချစ်စိတ် ၀င်လွန်း သူများကို စိတ်ပိုင်း ဆိုင်ရာ စံလွဲနေသူများ အဖြစ် သတ်မှတ် ထားသည်။


 
ကိုယ့်ကိုယ် ကိုယ် ချစ်တတ် လွန်းသူ များနှင့် ကျွန်တော်တို့ တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြုံဖူး ကြ ပါမည်။ 

မိတ်ဆွေ အပေါင်း အသင်း များနှင့် အကြောင်း အရာ တစ်ခုခု ကို ဆွေးနွေးနေရာမှ စကား လမ်းကြောင်း ပြောင်းပြီး သူ့အကြောင်းနှင့် ဆိုင်သော ကိစ္စ တစ်ခု ကို ဆွေးနွေး တတ် သည့် မိတ်ဆွေ မျိုး၊

 နောက်ဆုံးပေါ် အကောင်းဆုံး ဆိုသည့် အရာရာများ ကိုသာ ပိုင်ဆိုင် ထားကြောင်း ကြွားဝါ တတ်သည့် မိတ်ဆွေမျိုး၊ 

မိသားစု များ ထဲတွင်လည်း ကိုယ့် ကိုယ် ကိုယ် အတော်ဆုံး၊ အတတ်ဆုံး၊ အချောဆုံး အဖြစ် မှတ်ယူ တတ်သည့် အိမ်သူ အိမ်သား မျိုး၊........
 စသည့် လူ ပုဂ်္ဂိုလ်များနှင့် ကြုံဖူး ကြမည် ဖြစ်သည်။

တစ်ခါ တစ်ရံတွင် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများ သည် လူများကြားတွင် ထင်ပေါ်အောင် မနေတတ် သူများလည်း ရှိကြပါသည်။ ဒီလို စိတ်မျိုးနဲ့ ပတ်သက်ရင် တချို့က အလယ် အလတ်လောက်ရှိ ပါတယ်။ တချို့ကတော့ အစွန်းရောက်ကြ တာပေါ့ ဟု ဂျော်ဂျီယာ တက္ကသိုလ်မှ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုနှင့် ပတ်သက်ပြီး စာအုပ် ရေးသားခဲ့သူ ပါမောက္ခ ကိတ်သ် ကမ့်ဘဲလ်က ပြောဆိုခဲ့သည်။

ကိုယ့်ကိုယ် ကိုယ် ချစ်စိတ် ၀င်နေသူ မည်သူ ဖြစ်သည် ကို ခွဲခြားရန် ခက်ခဲလှ ပါသည်။ သို့သော် နေ့စဉ် တွေ့ကြုံ ဆက်ဆံနေရ သူများ ထဲမှ ဖော်ပြပါ အချက် များနှင့် တိုက်ဆိုင်သူ များကို ရွေးချယ် ခွဲထုတ်ကြည့်ပါ။ 

ကိုယ့် ခန့်မှန်းချက် အပ်ကျ မတ်ကျ မမှန် လျှင်တောင် အနည်းဆုံးတော့ စာဖတ်သူ အတွက် ထိခိုက် မှု မရှိအောင် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားနိုင်မည် ဖြစ်သည်။

တွေ့တွေ့ချင်း သဘောကျ စရာ ကောင်းတယ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ် လွန်းသူ များသည် ပထမဆုံး အကြိမ် တွေ့ဆုံမှု တိုင်းတွင် လူကြိုက် များ ခံရတတ် သူများ ဖြစ်ကြသည်။ အလုပ် အင်တာဗျုးများတွင် အမှတ်များများ ရတတ် သူ များ ဖြစ်ကြသည်။

ထင်ပေါ်အောင် နေတတ်သူများ ချည်း မဟုတ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ် လွန်းသူများနှင့် ပတ်သက်ပြီး ပြောကြ ဆို ကြလျှင် နေရာ တကာ တွင် လူတွင် ကျယ် လုပ်တတ် သူများ၊ အသံ ကျယ်ကျယ်နှင့် ပြောတတ် သူများကို ပြေးမြင်တတ် ကြသည်။ သို့သော် တိတ် တဆိတ် နေတတ်ပြီး ကိုယ့်ကိုယ် ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေ တတ်သူ များလည်းရှိကြ ပါသည်။ 

ကိုယ့်ကိုယ် ကိုယ် ချစ်တတ် လွန်းသူ နှစ်မျိုးနှစ်စား ရှိ နေကြောင်း အိုင်ယာဝါ ပြည်နယ် တက္ကသိုလ် ရှိ စိတ်ပညာ ဌာန တွဲဖက် ပါမောက္ခ ဇလာတန် ခရီဇန်က ပြောသည်။ 

တစ်မျိုးမှာ ကြီးကျယ် လွန်းသူ၊ ကိုယ့်မှာ ရှိသည့် တန်ဖိုးကြီး ပစ္စည်းများ ကို ကြွားဝါတတ် သူ ဖြစ် သည်။

 နောက် တစ်မျိုးမှာ ရှက်တတ်သူ၊ ပွဲ တစ်ခုခု ရှိလျှင် နောက်ဆုံး မှာ ထိုင်ပြီး ကိုယ့်ကိုယ် ကိုယ် ဂုဏ်ယူ ကာ အခြားသူများ ကို စိတ်ထဲ က ရှုတ်ချ နေတတ်သူ ဖြစ်ကြောင်း သူကပြောသည်။

ခေါင်းဆောင်တွေ လည်း ဖြစ်နေ တတ်တယ်။
ကိုယ့်ကိုယ် ကိုယ် ချစ်တတ် လွန်း ခြင်းကြောင့် ခေါင်းဆောင်ကောင်း ဖြစ်မလာ တတ်ကြောင်း ဆန်တီယေဂိုပြည်နယ် တက္ကသိုလ် မှ စိတ်ပညာ ပါမောက္ခ ယာန်းတွန်က ပြောသည်။ သို့သော် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်းသူ အများစု မှာ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် နေတတ် လွန်း သောကြောင့် ခေါင်းဆောင်နေရာ ကို များသော အားဖြင့် ရတတ်ကြသည်။ 

သူတို့တွေဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်မလာတတ် သော်လည်း ကိုယ့် ကိုယ်ကိုယ် အထင်ကြီးသော စိတ်ကြောင့် ခေါင်းဆောင်နေရာ ကို ရရှိ တတ်သူများ ဖြစ်ကြကြောင်း တွန် က ပြောသည်။

စကားပြောနေ ရင်း သူတို့ အကြောင်း ကို ရောက်သွားအောင် ပြောဆို တတ်တယ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူ တစ်ဦးအား ကိုယ့်မှာ ကင်ဆာရှိ နေကြောင်း ပြော ဆိုနေ ရင်းမှ နောက်ပိုင်း တွင် ချစ်တတ်လွန်း သူကြီး ၏ ကား အသစ်ကြောင်း ကို ကိုယ်ပါ လိုက်ပါ ပြီး ပြောတတ် သွားတတ်ကြောင်း ကမ်ဘဲလ် က ပြောသည်။

နာမည်ကျော် ပုဂ်္ဂိုလ်တွေ နဲ့ ခင်မင်ကြောင်း ကြွား တတ်တယ်
အဲလို လူမျိုးများ သည် ကိုယ့်ကိုယ် ကိုယ် အမွှန်းတင် တတ်ရုံ သာမက အခြား နာမည်ကြီး သူတွေ နဲ့ ခင်မင်နေကြောင်း ကိုလည်း ထုတ်ဖော် ပြောဆိုတတ် ကြကြောင်း ကမ့်ဘဲလ် က ပြောဆိုခဲ့သည်။ 

အဲဒီ လို လူတွေက အောင်မြင်မှုများ ကို ချည်း ကြွားဝါ မပြောတတ်ကြ။ သူတို့ ရဲ့ ရှုံးနိမ့်မှု ဇာတ်လမ်း တွေကို လည်း သူများ သနားအောင် ပြောတတ် ဆိုတတ်ကြသည်။ ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများသည် ဇာတ်လမ်း တစ်ခု ကို တစ်ကြိမ်တည်း မပြောတတ်ကြ၊ အကြိမ်ကြိမ် ထပ်ခါ ထပ်ခါ ပြောဆိုတတ် ကြသည်။ 

တစ်ခါ တစ်ရံ လူတွေက သူတို့ ကို နားမလည်ကြကြောင်း၊ သူတို့ရဲ့တန်ဖိုးကို နား မလည်ကြောင်း ပြော တတ် ဆိုတတ်ကြသည်။

အကောင်း လည်း ကြိုက်တတ် ကြတယ်
ဈေးဝယ်ရ တာ ကို ပျော်သူများ၊ ရုပ်ဝါဒ ဆန်လွန်း သူများ အားလုံး ကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ် လွန်း သူများဟု ပြောဆိုခြင်း မဟုတ်ပါ။ သို့သော် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများ  အနက် အထင်သာ အမြင်သာဆုံး လက္ခဏာ တစ်ခုမှာ ဈေးဝယ် ရတာ ပျော်ခြင်း ဖြစ် သည်။

 ဈေးဝယ်လျှင် လည်း သူတို့ ရဲ့လူနေမှု အဆင့်အတန်း ကို ဖော်ပြနိုင် ရန် အကောင်းဆုံး ပစ္စည်း ကိုမှ ရွေးချယ် ၀ယ်ယူကြကြောင်း တွန်က ပြောဆိုခဲ့သည်။ ဈေးဝယ်တာ ပျော်သည့် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူ တစ်ဦး က သူဘယ်လို ပစ္စည်းကောင်းတွေ ရလာသည် ကို ပြောဆို တတ် ကြပြီး အဆင့် အတန်း မြင့်တာကို နှစ်ခြိုက်သည့် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်းသူ တစ်ဦးမှာ မူ သူဝယ်သည့် ပစ္စည်းက အထက်တန်းလွှာ များကြား  မည်မျှ တွင်ကျယ် နေသည် ကို ပြောဆို တတ်ကြသည်။
 
အပြင်အဆင် က သူတို့ အတွက် အရေး အပါဆုံး
ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများသည်  အခြား လူများ ထက်တော့  ပိုပြီး ဆွဲဆောင်မှု မရှိ တတ်ကြပါ။ သို့သော် သူတို့ ရဲ့ ရုပ်ပိုင်း ဆိုင်ရာ အပြင် အဆင်ကို အတော့်ကို ဂရုစိုက်ကြ သည်။

 ရုပ်ပိုင်း အရ ပိုပြီး ဆွဲဆောင် မှု ရှိအောင် ကြိုးပမ်းပြင်ဆင် ကြကြောင်း ပါမောက္ခ တွန်က ပြော သည်။ ကိုယ့်ရဲ့ ရုပ်ရည် အပြင် အဆင်ကို ဂရုစိုက်သူ တိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ် လွန်း သူများ မဟုတ်ကြ သော်လည်း လက်သည်း ခြေသည်း၊ ဆံပင် ပုံစံ တို့ကို အရမ်း ဂရုစိုက်ခြင်း တို့က ယင်းကဲ့သို့ ပုဂ်္ဂိုလ်မျိုး ဖြစ်ကြောင်း ပြသနေ တတ်သည်။

ဖေ့စ်ဘွတ်ခ် တွင်လည်း မိတ်ဆွေများစွာ ရှိ တတ်သည်။ သို့သော် မလှသော မကောင်းသော ပုံများ ကို မရှာပါနှင့် တွေ့မည် မဟုတ်ပါ။ အဲဒီလို လူများသည် ဖေ့စ်ဘွတ်ခ် တွင် ဆွဲဆောင်မှု ရှိသော ပုံများ ကို တင်တတ်သည်။ ထို့ပြင် ဝေဖန်မှု များနှင့် ပတ်သက်လျှင် လည်း အလွန့် အလွန် ပင် ခံစားတတ် ကြကြောင်း ကမ့်ဘဲလ် က ပြောသည်။

အကြောင်းပြချက် က အဲဒီလို လူမျိုးတွေ ရဲ့ မဟာမိတ် ဖြစ်တယ်
ကိုယ့်ကိုယ် ကိုယ်  ချစ်တတ်လွန်းသူများ ၏ ထင်ရှားသော လက္ခဏာ တစ်ရပ်မှာ သူတို့ကိုယ် သူတို့ က လွဲပြီး အခြားသူ အားလုံးကို အပြစ်ပုံချ တတ်ခြင်း ဖြစ်သည်။ 

အကြောင်း ပြချက်ပေးတဲ့ နေရာ မှာ အရမ်းတော်ပြီး ကိုယ် ကျူးလွန်သော အမှားများကို ၀န် ခံလေ့ မရှိသူ များ ဖြစ်ကြကြောင်း ကမ့်ဘဲလ် က ပြောသည်။

အပျက် အစီးတွေ အပုံလိုက် ချန်ထား တတ် ကြတယ်
အဲဒီလို လူတွေ ရဲ့ သမိုင်းကြောင်း နဲ့ အလုပ် အတွေ့အကြုံ တွေကို ကြည့်လိုက် လျှင် မှင်နီတွေ ရဲနေတတ်သည် ကို မြင်ရမည် ဖြစ်သည်။ ကိုယ့် ကိုယ် ကိုယ် ချစ်တတ် လွန်းသော စီအီးအို တစ်ဦး ကို ဥပမာပေး ပါမည်။ 

ကုမ္ပဏီ တစ်ခု ကို သူတို့ ဦးဆောင်မည်။ ပျက်စီးအောင် လုပ်မည်။ ပြီးလျှင် အခြား အလုပ်တစ်ခု ကို ပြောင်းသွား တတ်သည်။ လူမှု ဆက်ဆံရေး တွင်လည်း သစ္စာ မရှိခြင်း က သူတို့၏ လက္ခဏာ တစ်ရပ်ဖြစ်သည်။ တစ်ဦးနှင့် ချစ်ခင်ပြီး မကြာလိုက် နောက် တစ်ယောက် ကို ပြောင်း ချစ်ပြန်သည်။

အရာရာတိုင်း က ပုဂ်္ဂိုလ်ရေး ဖြစ်တယ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူ များ၏ အမူ အကျင့် တစ်ရပ်မှာ သူတို့ လုပ်နေ ကိုင်နေ တာကို အသိ အမှတ် မပြုတာမျိုး၊ သူတို့ လုပ်ချင်း တိုင်း လုပ်ခွင့် မရတာမျိုး ဆိုလျှင် မကျေ မနပ်ဖြင့် ဒေါသ ထွက်တတ်ခြင်း ဖြစ်သည်။ 

အဲဒီလို လူမျိုး တစ်ဦး မနှစ်ခြိုက်သည် ကို တစ်စုံ တစ်ဦး က လုပ်မိလျှင် ယင်း လုပ်ရပ်မှာ သူ့ကို ဆန့်ကျင်ပြီး လုပ်တာ ဖြစ်ကြောင်း ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူက ယူဆတတ်သည်။ သူ့အမြင်နှင့် မတူသော အရာရာ တိုင်း မှာ သူ့ကို ဆန့်ကျင်သော အရာများ ဖြစ်သည်ဟု ယင်း ကဲ့သို့ လူမျိုးတွေ ယူဆ တတ် ကြကြောင်း ကမ့်ဘဲလ် က ပြောသည်။

အဲဒီလို လူမျိုးနဲ့ ပြေလည် ရန် မြှောက်ပင့် ပြောမှ ဖြစ်နိုင်တယ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း သူများနှင့် အကောင်းဆုံး ဆက်ဆံရေးမှာ အဆက် အသွယ် ဖြတ်ပြီး ရှောင်နေရန် သာ ဖြစ်သည်။ တချို့သော အခြေအနေမျိုး ဥပမာ မိသားစုဝင် တစ်ဦး သို့မဟုတ် အထက်အရာရှိ ဖြစ်နေပါက ရှောင်ပြေးရန် မဖြစ်နိုင်တော့ သဖြင့် ပြေလည် သွားရန် မြှောက်ပင့်ပြော မှသာ ရတော့မည် ဖြစ်သည်။

အမျိုးသား တွေက အမျိုးသမီး တွေထက် ကိုယ့်ကိုယ် ကို ပိုချစ်လွန်း တတ်ကြတယ်
ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း မှုနှင့် ပတ်သက်လျှင် ထောင်စုနှစ် လူသားများ က ရှေ့က မျိုးဆက် ထက် ပိုမိုကြကြောင်း တွန်က ပြောသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခု သို့မဟုတ် ယဉ်ကျေးမှု စနစ် တစ်ခု က အခြား အသက်မွေး ၀မ်းကျောင်း လုပ်ငန်း သို့မဟုတ် ယဉ်ကျေးမှု စနစ် တစ်ခုထက် ကိုယ့်ကိုယ် ကိုယ် ချစ်တတ်လွန်း မှုနှင့် ပတ်သက်လျှင် ပိုမိုသည် မပိုမိုသည် ကို သိရှိရန်မှာ သုတေသန ပြုမှုများ ဆက်လက် လုပ်ဆောင်မှ သာ ဖြစ်နိုင်ပါမည်။  
 ရည်မွန်အောင်

Ref:Some Signs You’re Dealing With A Narcissist:NR
messenger
From...Search Myanmar

 

No comments:

Post a Comment