Thursday, October 9, 2014

နာမည်ကျော် ပုဂ္ဂလိကဆေးရုံကြီး တစ်ရုံပေါ် မှ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် (ကြေကွဲစရာ အဖြစ်အပျက်)



အောက်တိုဘာ ၇ရက်နေ့ အွန်လိုင်း စာမျက်နှာ ထက်တွင် ရက်သား အရွယ် ကလေးငယ်လေး တစ်ဦး သေဆုံး ခဲ့သည့် သတင်းမှာ အင်တာနက် သုံးစွဲသူ များ အကြား ကြေကွဲဝမ်းနည်းစရာ သတင်း တစ်ပုဒ်ဖြစ်ခဲ့သည်။

အခြား မဟုတ်ပေ။ ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ် ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ကလေးမွေးဖွား ခဲ့ပြီး ယင်း ကလေးမှာ အသက် ဆုံးရှုံး ခဲ့ခြင်းဖြစ်သည်။

သေဆုံး သွားသည့် ကလေးငယ်၏ မိဘများဖြစ်သည့် ကိုစိုးသီဟ၊ မနွေးဝါဝါလတ် တို့၏ ဖြစ်ရပ်မှန် ဇာတ် လမ်းတစ်ပုဒ်ကို သိရှိနိုင်ရန် အတွက် ဒီမိုကရေစီ တူဒေးမှ သွားရောက်မေးမြန်း ခဲ့ရာ ...

မေး-အဲဒီ ပုဂ္ဂလိက ဆေးရုံ ကို ဘယ်နေ့က စပြီးတက် တာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံ စပြီးတက်တာ က ၃ရက်နေ့က စတက်တယ်။ မွေးဖို့ ရက်ပေး ထား တာက နိုဝင်ဘာ ၆ရက်နေ့ ပေးထားတယ်။ ၃.၁ဝ.၁၄ နေ့မနက် သုံးနာရီ က ဆေးရုံ စတက်တာ။ ၅.၁ဝ.၁၄ နေ့ကဆေးရုံ က ဆင်းတယ်။


မေး-အခုဖြစ်ပွား ခဲ့တဲ့ အစ်မ တို့ရဲ့ ဖြစ်စဉ်လေးကို သိချင် ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-  မမွေးခင် တစ်ရက်က တည်းက ကျွန်မနဲ့မွေးမယ့် ဆရာ ဝန်ကြီးနဲ့ သွားပြ ထား တယ်။ အားဆေး ဆက်သောက်ခိုင်း တယ်။ သေချာ တော့ မစမ်းသပ်ဘူး။ ဆရာ ဝန်ကြီး နဲ့ပြပြီး ပြန်လာတဲ့ ည မှာပဲ ဗိုက်နာ လာလို့ ဆေးရုံကို ချက်ချင်း ပြန်သွား တယ်။ ကလေးလေး ကို အသက် မရမှာစိုးတဲ့ အတွက် အမြန်ဆုံးနည်း နဲ့သွားတယ်။ သုံးနာရီ မှာရောက်တယ်။
 
 ဆေးစစ် ထားတာတွေကြည့်တယ်။ မေးမြန်းတာတွေ လုပ် တယ်။ ခြောက်နာရီ ခွဲမှာ အခန်း ရမယ် လို့ ပြောတယ်။ အခန်းကို ပို့တယ်။ အခန်းနံပါတ် က ၂၁၆။ အဲဒီ အချိန်မှာ ကျွန်မနဲ့ပြတဲ့ OG က အဲဒီဆေးရုံမှာ ရှိနေတယ်။ လူနာ တစ်ယောက်ကို ခွဲနေတယ်။ လာ မကြည့်နိုင်သေး ဘူး လို့ပြောတယ်။

အဲဒါနဲ့စောင့်တယ်။ OG က ခုနစ်နာရီ လောက်မှာ လာကြည့်တယ်။ လာကြည့်တော့ ''နင်က မွေးမယ့် ရက်ထက် စောနေ တယ်။ ကျွန်မက ခွဲမွေးမယ် လို့ပြောထားတယ်။ ခွဲမွေးမယ် ဆိုရင် နင့် ကလေးက လ မစေ့တဲ့ အတွက် အသက် မရှင်နိုင်ဘူး လို့ ပြောတယ်။ နင် ရိုးရိုး မွေးရမယ် လို့ ပြောတယ်။ 
 
 
ရိုးရိုးမွေး မှ အသက် ရှင်မယ်လို့ ပြောတယ်။ ကျွန်မ ရဲ့ ကလေးလေး က ယော က်ျားလေး။ ယောက်ျားလေး ဆိုတဲ့ အတွက် ကျွန်မ အရမ်း လိုချင်တယ်။ ပထမ ကလေးတုန်းက သမီးလေး ဖြစ်နေ တဲ့ အတွက် အခု ကလေးလေးက ယောက်ျားလေး ဆိုတဲ့ အတွက် အရမ်း လိုချင်တယ်။ 
 
အဲဒါကြောင့် သူတို့ပြောတဲ့ အတိုင်း ရိုးရိုးမွေးမယ် လို့ ပြောလိုက်တယ်။ အဲဒါဆို လဲ ညှစ်မွေး တဲ့'' ငါလဲ အခြား ဟိုဘက်မှာ သွားစရာရှိသေး တယ်လို့ ပြောတယ်။ ၁၂နာရီ မှ ပြန်ရောက် မယ်လို့ပြောပြီး မျက်လုံးနဲ့ ပဲ ကြည့်သွားတယ်။ ပြန် သွားတယ်။ လူကို တောင် မစမ်းသပ် သွား ဘူး။

သူရဲ့ Assistant နဲ့ Nurse တွေ ကလဲ အခန်းထဲမှာ မရှိဘူး။ အခန်းထဲ မှာ ဘယ်သူမှ မရှိဘူး။ ဆေးရုံရောက်နေတာနဲ့ မတူဘူး။ အခန်း ထဲမှာ ကျွန်မ အမေ၊ အဖေနဲ့ သမီးလေးပဲ ရှိတယ်။ အမျိုးသား က ဘဏ်မှာ ပိုက်ဆံ ထုတ်နေတဲ့ အတွက် မရှိဘူး။ 
 
ပုဂ္ဂလိက ဆေးရုံ ဆိုတာကလဲ သိတဲ့ အတိုင်းပဲ ငွေ မရရင် ဘာမှ လုပ်မပေးတဲ့အတွက် ပိုက်ဆံကို အရင်ထုတ်ရ တယ်။ လက်ထဲ မှာလဲ ပိုက်ဆံကနည်းနည်းပဲ ရှိတဲ့အတွက် ဘဏ်ထဲ ကနေ ပြန်ထုတ်နေ ရတဲ့အတွက် ယောက်ျား ကလဲ မရှိ ဘူးဖြစ်နေတယ်။

OG က ဒီ အတိုင်းထား သွား တယ်။ လက်လွတ် စပယ်နဲ့ကို ထားသွားတာ။ ဗိုက်ကနာနေ တာ။ မွေးချင်တဲ့ အတွက် ဗိုက်ကတော်တော်လေးကို နာ လာတယ်။ အခန်းထဲမှာ Nurse တွေ ကလဲ တစ်ယောက် မှမရှိဘူး။ ခေါ်လို့လဲ မရဘူး။ Nurse တစ်ယောက် လောက် ခေါ်ချင်တယ်။ 
 
ပိုက်ဆံပေးမယ် ဆိုတာတောင် ခေါ်လို့မရဘူး။ လူမရှိဘူး။ ပိုက်ဆံပေးမယ် ဆိုရင်တောင် ပုဂ္ဂလိ ကဆေးရုံ က လူ မရှိဘူးလို့ပြောတယ်။ တဖြည်း ဖြည်းနဲ့ ဗိုက်က အရမ်းနာ လာတယ်။ အဲဒီ လိုနဲ့ ၉နာရီ ခွဲ လောက်ကျတော့ ကျွန်မရေမွှာပေါက် လာတယ်။ ရေမွှာ ပေါက်တော့ အရမ်းလန့် သွားတယ်။

Nurseေ တွ ကို ဘဲနှိပ်ပြီး ခေါ်ခိုင်းတော့ ရောက်လာတယ်။ အဲဒီ အချိန်မှာ Assistant ဆရာဝန် ပါ ရောက်လာတယ် ။ရောက်လာပြီး မှ မွေးခန်းထဲ ပို့မယ် ဆိုပြီး တွန်းလှည်း သွားယူတယ်။ အဲဒီ အချိန်မှာ Assistant ဆရာဝန်မ က ရောက်လာပြီး မွေးခန်း ထဲကို ဝင်ချင်တိုင်း ဝင်လို့ မရဘူး လို့ ပြောတယ်။ 
 
ဒီလောက်လေးနာနေရုံနဲ့ ကလေး မမွေး နိုင်ဘူးလို့ပြောတယ်။ အဲဒီ ဆရာဝန်မ က ကျွန်မရဲ့ အမေ ကို ပါ လှမ်းပြောသေးတယ်။ ရှင်ကော ကလေး မမွေးဖူးဘူး လား ဆိုပြီး မေးတယ်။ ကျွန်မ အရမ်းနာနေ ပါပြီ။ ညှစ်ရင်း ညှစ်ရင်းနဲ့ ကလေး ကလဲ ခေါင်းက တစ်ဝက်လောက် ထွက် နေပြီ။ ကျွန်မ ကို ပို့ပါလို့ ပြောတဲ့ အတွက် Nurse တွေက ချီပြီး တွန်းလှည်းပေါ် တင်တယ်။ အဲဒီ Assistant ဆရာဝ န်က မမွေးသေးဘူး ဆိုပြီး ခုတင်ပေါ်ပြန်ချ တယ်။

OG က ၁၂နာရီမှ လာမှာ OG မလာရင် မွေးလို့ မရသေးဘူး ဆိုပြီး ပြောတယ်။ ကလေး ထွက်လာမှာ စိုးတဲ့ အတွက် မညှစ်နဲ့ ဦး ဘေးစောင်းပြီးနေ လို့ ပြောတယ်။ဘေးစောင်းပြီးနေရင် ကလေး ဘယ်လို ထွက်မလဲ။ စဉ်း စားကြည့်တော့။ မွေးမှာ စိုးတဲ့ သဘောပဲ။ 
 
ကျွန်မ ဗိုက် က အရမ်းနာနေတဲ့ အတွက် အမေ သမီးပေါင် ကားပြီး ညှစ်နေ လို့ပြောတယ်။ တကယ် လို့ အဲဒီအချိန်မှာကလေး တစ်ခုခုဖြစ်ရင် မိခင် လည်း တစ်ခုခုဖြစ် မှာပဲ။ နောက် ဆုံး ကျတော့ ဘယ်လို မှ မခံနိုင်တာနဲ့ Nurse တွေ ထပ်ခေါ်ခိုင်း ရတယ်။

အဲဒီ အချိန်မှာ ဘဲက လဲနှိပ်လို့ မရ ဘူး။ ခေါ်လို့လဲ မရဘူး။ အမေ ကလဲ ဆေးရုံရဲ့ကော်ရစ် တာကို ထွက်ပြီး သွားကြည့်တော့ တစ်ယောက်မှ မရှိဘူး။ အခုလို နာမည်ကျော်ဆေးရုံမှာ အဲဒီလိုမျိုး ကတော့ မဖြစ် သင့်ဘူး။ ပထမ တစ်ခါခေါ်တုန်းကလာတယ်။ ကြည့်ပြီး တော့ မမွေးသေးနဲ့ ဦးဆိုပြီး ပြန်သွားတယ်။ 
 
Nurse တွေ က လာရင်လဲ အဖွဲ့လိုက်။ ပြန်ရင်လဲ အဖွဲ့လိုက်။တစ် ယောက်မှ မချန်ထားခဲ့ဘူး။ အရေးပေါ် ဖြစ်နေ တာ တောင် ကိုယ်ချင်း မစာနာဘူး။ နောက်တစ်ခါ ထပ်ခေါ်မှ ရောက် လာတယ်။ ကျွန်မက ပြောလိုက်တယ်။ အရမ်း နာနေပါပြီ။ ကလေးက ခေါင်းလဲ ထွက်နေပါပြီ။ မရတော့ ပါဘူးလို့ အော်ပြောရတယ်။
 
 မွေးခန်းထဲ ကို ပို့ပါတော့လို့ ပြောရတယ်။ မွေးစင်ပေါ် ကို တင်ပေးပါတော့လို့ ပြောရ တယ်။ Nurse တွေက တွန်းလှည်း ယူလာတယ်။ မွေး ခန်းကို သွားဖို့ ကျွန်မ ကိုတွန်းလှည်းပေါ် တင်တော့ လဲ Assistant ဆရာဝန် က အချိန် မတန်သေးဘူး။ OG မလာ သေးဘူး လို့ပြော တယ်။

တော်တော်ဆိုး တာက Nurse မလေးတွေ က မွေးခန်း ပို့ဖို့ တွန်းလှည်းပေါ် တင်တာကို Assistant ဆရာဝန် က ခုတင်ပေါ် ပြန်ပြန် ချတယ်။ ကျွန်မက ဗိုက်ကလဲ အရမ်းနာတဲ့ အချိန် ဆိုတော့ စဉ်း စားသာကြည့်ပေတော့။ ကျွန်မလဲသည်း မခံနိုင်တော့ ဘူး။ မွေးခန်းကို ပို့ပါတော့လို့ အော်ပြောရတယ်။ 
 
အဲဒါက ကျွန်မ နေတဲ့ အခန်း ၂၁၆ထဲမှာ။ အဲဒီ မတိုင်ခင် ကလေးမွေး မှာစိုးတဲ့ အတွက် ကျွန်မခြေထောက်တွေ ကိုချုပ်ထားသေး တယ်။ ပေါင်တွေ ကို ဖိထားတယ်။ ကလေးက ခေါင်းထွက် နေပြီ လို့ ပြောတာတောင် စောင်းခိုင်း ထားတာ။ ကျွန်မ က ပထမ ကလေးလေး ကို ဗိုက်ခွဲပြီးမွေးထားတဲ့ အတွက် လဲ အခုလို ရိုးရိုးမွေးတာကို မသိဘူး။ ခြေထောက်တွေ ကို ချုပ်ပြီး စောင်းခိုင်းထားတယ်။

အဲဒီ အချိန်ကတည်းက ကလေးက ဗိုက်ထဲမှာ သာ တစ်စုံ တစ်ခုဖြစ်ရင် မိခင်ပါ အန္တရာယ် ဖြစ်စေနိုင် တယ်။ ဘယ်လိုမှ သည်း မခံနိုင်တော့ တွန်းလှည်းနဲ့ ပို့တယ်။ ဓာတ်လှေကား ကို တွန်းသွားပြီး တော့လည်း လမ်းမှာမွေးမှာ စိုးတဲ့ အတွက် ခြေထောက် တွေကို ချုပ်ထား သေးတယ်။ 
 
သူတို့ဆေးရုံ နာမည်ပျက် မှာ စိုးလို့ ချုပ်ထားတယ်။ မွေးလူနာ တစ်ယောက်ကို မမွေးနဲ့ဦး။ မမွေးနဲ့ဦး လို့ ဝိုင်းအော်နေကြတယ်။ ကလေးမွေးဖို့ ဗိုက်နာတယ် ဆိုတာ က အောင့်ထားလို့ ရတဲ့ အရာ မဟုတ် ဘူးလေ။ မွေးခန်းထဲကို ရောက်တဲ့ အခါမှ တွန်းလှည်းကို ရပ်ပြီးတော့ မွေးခန်း က အဆင်သင့် မဖြစ်သေးဘူး။

ခဏစောင့်ဦး လို့ ပြောတယ်။ မွေးဖို့ လူနာကဆေးရုံ ကို မနက်သုံးနာရီက တည်း ကရောက် တယ်။ မွေးခန်းနား ကို ရောက်တာက နံနက် ၁ဝ နာရီ ခွဲကျော်ပြီ။ မွေးခန်းနား ကို ရောက် တာတောင် မွေးခန်း အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး လက်တွေ ကာပြီး မဝင်နဲ့ဦးပြော တယ်။ မွေးခန်း ဆိုတာ ကလည်း ခွဲစိတ်ခန်း မှ မဟုတ်တာ။ မွေးစင်လေးပဲ ရှိတာကို။ ကျွန်မ မရတော့ ဘူး ကလေးလေး ထွက် တော့ မယ် ဝင်မှ ရတော့မယ်လို့ ပြောပြီးဝင်ရတယ်။

မွေးစင်ပေါ်ရောက် တာနဲ့ ကလေးက ထွက်သွားတယ်။ ကလေးဆုံး သွားတော့လဲ ဝမ်းနည်း ပါတယ် ဆိုပြီး တစ်စုံ တစ်ခု မပြောဘူး။ လာတောင် မကြည့်ဘူး။ ကလေးဆုံး သွားပြီ ဆိုတာ နဲ့ ဆေးလဲ လာ မထည့်ဘူး။ ဘယ်သူမှ လဲ မလာကြည့်ဘူး။ သူတို့ မွေးပေး တာလဲ မဟုတ်ဘူး။ ကလေးမွေးပြီးတော့ လဲ ချက်ကြိုးဖြတ်ဖို့ အတွက် ကတ် ကြေး ကို လိုက်ရှာနေရသေးတယ်။ လူက ခြောက် ယောက်လောက် ရှိတယ်။ မွေးခန်း မှာ ကတ်ကြေး မရှိဘူး။

၁၁နာရီ ၁၅မိနစ် မှာ ကလေးလေး ကို မွေး သွားတယ်။မွေးပြီး သွားတော့လဲ ကျွန်မ ကို မွေး စင်ပေါ် မှာ ဒီအတိုင်းပဲ ထား တယ်။ OG လာမှ ပြန်ပြီး ချုပ်ပေး တာတွေ လုပ်တယ်။ ဒဏ်ရာ တွေ ကိုလဲ ဒီအတိုင်းပဲ ထားတယ်။ ဆရာဝန် မကြီး လာတဲ့ အချိန်အထိ ဒီအတိုင်း ထားတယ်။ ဆရာဝန် မကြီး က တစ်နာရီ ထိုးမှ လာတယ်။ အဲဒီကျမှ ချုပ်ပေးတယ်။

၁၁နာရီ ၁၅ကနေ ၁နာရီ အထိ မွေးစင်ပေါ် မှာ ဒီ အတိုင်းထားတယ်။ စဉ်းစား သာကြည့်ပေတော့။ အဲကွန်း ခန်းထဲ မှာဟောင်းလောင်းကြီးထားတယ်။ ကလေး ကိုလဲ မျက်နှာပဲ မြင် ရတယ်။ ပြီးတော့ ကလေးကို ကျွန်မ ခေါင်းရင်း မှာထားတယ်။ ကလေး က မွေးတော့ အသံ ကျယ်ကြီးအော်တယ်။ အသက် ရှိတယ်။ မွေးတာနဲ့ အော်တယ်။ ကလေး ကို မွေးပြီးတော့ လဲ ကလေး ကို သန့်ရှင်းရေး မလုပ်ပေးဘူး။ အအေးမိမှာ စိုးလို့ ပြော တယ်။

ကလေး ဆရာဝန် မလဲ ကလေးမွေးမွေး ချင်း မလာဘူး။ တစ်နာရီခွဲလောက် မှရောက်တယ်။ ကလေး ဆရာဝန်ရောက် လာတော့ ကလေးက မူ မမှန်ဘူး။ ရန် ကင်း ကလေး ဆေးရုံကို ပို့ရမယ် လို့ပြောတယ်။ ကလေး ဆရာဝန် က ကလေးလေး က အချိန် မရွေး အသက်ရှူ ကျပ်ပြီး ဆုံး သွားနိုင်တယ်လို့ ပြောတယ်။

ရန်ကင်း ကလေးဆေးရုံ ကို ချက်ချင်း ပို့ထားလိုက်မှ အဆင်ပြေ မယ်လို့ ပြောတယ်။ ကလေးကို ရန်ကင်းဆေးရုံ ပို့ဖို့ တစ်နာရီလောက်ကြာတယ်။ Report မလုပ်ရသေးလို့ ဆို ပြီး အကြာကြီးစောင့်နေ ရတယ်။

လူနာ တင်ယာဉ်ပေါ် ရောက်တော့လဲ ချက်ချင်းမထွက်ဘူး။ Report မရလို့ အကြာ ကြီး စောင့်နေ ရတယ်။ ရန်ကင်းဆေးရုံရောက် တဲ့ အထိ ကလေးလေးက ညည်းနေ တုန်း ပဲ။ လူနာတင် ကား ပေါ်ပါလာတဲ့ ဆရာဝန် ကို မေးတော့ ကလေးတိုင်းက ညည်း နေတတ် တယ်လို့ ပြောတယ်။


မေး-ကလေး က ဘယ်လို ဆုံးသွားတာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-    ကလေးလေး က ရန် ကင်းဆေးရုံကြီး ကတော့ ကောင်းတယ်။ ပိုက်ဆံပေး စရာ မလိုဘူး။ စက်ပစ္စည်းတွေ ကလဲ ကောင်းတယ်။ ဒါ ပေမဲ့ ကလေးလေး က ဆုံးသွား တယ်။ တနင်္ဂနွေနေ့ မနက်ပိုင်း မှာ ဆုံးသွားတယ်။

မေး-အခုဖြစ်စဉ် နဲ့ ပတ်သက်ပြီး အစ်မတို့ ရဲ့ သဘော ထားကို သိချင်ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- အမှန်ဆိုရင် ပုဂ္ဂလိက အထူးကုဆေးရုံတွေ ဆိုရင် မွေးလူနာ လာပြီ ဆိုရင် သူရဲ့ OG နဲ့ ကလေး ဆရာဝန် နဲ့ အကုန်လုံး ဝန်ဆောင်မှုပေးရ မှာလေ။ အခုတော့ ဒီ အတိုင်းပစ်ထားတယ်။ OG ကလည်း မွေးလူနာ ကို တွေ့လိုက် ရတာနဲ့ မွေးမယ် မမွေးဘူး ဆိုတာ ကို သေချာ မသိဘူးလား။ 
 
သူတို့ကို စိတ်ချ ယုံကြည့်လို့ သွားတဲ့ လူနာတွေကို ဒီအတိုင်း ပစ်ထား တယ်။ မွေးလူနာ က ဆေးရုံ ကိုရောက်ပြီး ဆရာ ဝန်မကြီး က မရှိ လို့ ဆိုရင် တော်သေးတယ်။ မွေးလူနာ နဲ့ ဆရာဝန် မကြီး က တွေ့ပြီး ဒီလိုဖြစ်သွားတယ် ဆိုတော့ မကောင်းဘူး။

ပုဂ္ဂလိက ဆေးရုံ မှာ မွေးတယ် ဆိုတာက လူနာရှင် က ကိုယ့်လူနာ ကို ဆရာဝန်ကြီးတွေက ဂရုစိုက်စေ ချင်တာ။ အဲဒီ ဆေးရုံ မှာ သုံးညနဲ့လေးရက် ကို ကျပ်ကိုးသိန်းလောက်ပေးရတယ်။ ဒီလောက် ပိုက်ဆံ ကိုပေးရပြီးတော့ ကလေးက အဖတ်မတင်ဘူး။

မေး-အဲဒီ အတွက် ဘာဆက်လုပ်ဖို့ ရှိလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်   -ဆေးရုံကို သွားပြီးမေးမြန်း ကြည့်မယ်။ ဘယ်လိုဖြစ် တာလဲ။ မေးကြည့်ပြီး ပဲ ဘာ ဆက်လုပ်ဖြစ်မယ် ဆိုတာကို သိမယ်။ အဓိကတော့ ကိုယ့် လို အဖြစ်မျိုးတွေ ထပ် မဖြစ်အောင် ပုဂ္ဂလိကဆေးရုံ တွေ မှာ ပိုက်ဆံတွေ ကို အလုံးလိုက် အခဲ လိုက်ပေး ရပြီး တော့ ဒီလို အဖြစ်မျိုးတွေ ရှိတယ်။ ကျန်တဲ့ မိခင်တွေ လဲ ဒီလို အဖြစ်မျိုးတွေ မဖြစ်အောင် လို့ ပြောပြချင်တယ်။

Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
From:YMG

From...www.mmdailystar.com

No comments:

Post a Comment