အင်ဒိုနီးရှားနိုင်ငံ မှ အာရီ ၀ီဘိုဝို အမည်ရှိ အသက် ၁၆ နှစ် အရွယ် ယောက်ျားလေး တစ်ဦး သည် ၄၁ ရက်ပြည့် သည့်နေ့တိုင်း တွင် မြွေတစ်ကောင် ကဲ့သို့ အရေခွံ လဲလေ့ရှိပြီး အရေခွံ များ မာတောင့် သွားခြင်း မရှိစေရန်အတွက် မိမိ၏ ခန္ဓာကိုယ် ကို စွတ်စိုနေစေရန် မကြာ ခဏ ပြုလုပ်ပေးနေရ သည်ဟု ဆိုသည်။
အာရီ သည် လူနီရောဂါ ဟုလည်း လူသိ များသည့် Erythroderma ခေါ် ရှားပါးသည့် အရေပြားယောင်ယမ်းသော ရောဂါ တစ်မျိုး ခံစားေ နရခြင်း ဖြစ်ပြီး အင်ဒိုနီးရှားရှိ ဆရာဝန်များ ကလည်း ကုသ မပေးနိုင်ခြင်း သို့မဟုတ် ကုသပေးရန် ဆန္ဒ မရှိခြင်းတို့ကြောင့် ပုံတွင်တွေ့မြင် ရသည့် အတိုင်း သာမန် ထက် ထူးခြားသော အသွင် အပြင် ဖြစ်နေရ သည်ဟု Daily Mail သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းရောဂါကြောင့် ပင် အာရီဝီဘိုဝို ၏ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ကို အကြေးခွံ များ ကဲ့သို့ အဖတ် ကလေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အာရီ အနေဖြင့် နေ့ရော ညပါ ခန္ဓာကိုယ် ကို ရေ စိမ်နေ ရပြီး ခန္ဓာကိုယ် ခြောက် မသွားစေရန် အတွက် သုံးနာရီ တိုင်း လိုးရှင်း အမြဲ လိမ်းနေရသည် ဟု ဆိုသည်။
ဓာတ်ပုံ ဆရာ နျူချိုလစ်အန်ဟာရီလူဘစ် (၃၅ နှစ်) က အဆိုပါ ဆယ်ကျော်သက် ချာတိတ်လေး ၏ အခြေအနေ ကို အက်ဆေး ပရောဂျက် ပုံစံ တစ်ခုလုပ် ၍ မြွေတစ်ကောင် အရေပြား လဲ သကဲ့သို့ ဖြစ်နေသည့် အာရီ၏ ခန္ဓာကိုယ် အခြေအနေကို တင်ဆက် ခဲ့သည်။
“တကယ်လို့ သာ သူ့ရဲ့ ခန္ဓာကိုယ် ကို ရေ မစိမ်ဘူး၊ ဒါမှ မဟုတ် စွတ်စိုနေအောင် မလုပ်ဘူး ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ် ဟာ ရုပ်ထု တစ်ခု လိုပဲ မာတောင့် သွားပြီး လှုပ်လို့ ရတော့မှာ မဟုတ် ဘူး။ သူ့ အနေနဲ့ အချိန် အကြာကြီး ဂရုမစိုက်ဘဲနေလိုက်မယ် ဆိုရင်၊ သူစကားပြော လို့ရတော့ မှာ မဟုတ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ပါးစပ်ထဲ က ပါးစောင် အရေပြားတွေ က မာလာပြီး သူ့ရဲ့ ခန္ဓာကိုယ် ထဲက သွေးတွေ အားလုံး ခြောက်ခမ်း သွားလိမ့် မှာမို့လို့ ပါပဲ။” ဟု ဓာတ်ပုံ ဆရာ မစ္စတာလူဘစ် က ဆိုသည်။
လက်ရှိ အချိန်အထိ အာရီ အနေဖြင့် သူ၏ကျေးရွာ တွင် သာမန် ဘ၀ဖြင့် နေထိုင်ရန် ကြိုးပမ်းနေ ဆဲဖြစ်သည်။ အခြား လူများ ကဲ့သို့ပင် သာမန် အစားအသောက် များကို ပုံမှန် စားသောက်ပြီး သူ၏ အကြိုက်ဆုံး မုန့်ပဲသွားရေစာ မှာ အသင့်စား ခေါက်ဆွဲနှင့် ခရက်ကာ များဖြစ်ကြောင်း မစ္စတာလူဘစ် က ဆိုသည်။
အာရီသည် ငယ်ရွယ်စဉ် က သူငယ်ချင်း မိတ်ဆွေ ဖွဲ့ရာတွင် အခက်တွေ့ ခဲ့သည်။ အခြားသော ကလေး များနှင့် သွားရောက် ကစားလေ့ ရှိသော်လည်း ၎င်း၏ တစ်မူ ထူးခြားနေသော အသွင်ကြောင့် အများ အားဖြင့် ဖယ်ကြဉ် ခံရလေ့ရှိသည်။
အာရီ အနေဖြင့် စာပေ လေ့လာ သင်ယူလျက် ရှိသော်လည်း လူ့ အသိုင်းအ၀ိုင်း တွင် သူ၏ အခြေ အနေနှင့် ပတ်သက်၍ လျစ်လျူရှု ခံရမှုကြောင့် မဖြစ် မနေ တစ်ဦးတည်း စာသင်ယူနေ ရသည်။
“ဘယ်စာ သင်ကျောင်း ကမှ သူ့ကို လက် မခံချင်ကြဘူး။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အရေပြား အခြေအနေ က ဆရာတွေ နဲ့ တစ်ခြား ကျောင်းသားတွေ ကို ကူးစက် မှာ စိုးရိမ်ကြ လို့ပါပဲ။” ဟု မစ္စတာလူဘစ် က ဆိုသည်။
အာရီ အနေဖြင့် သူ၏ကျေးရွာ ရှိ အယူသီး သည့် အစွဲ အလမ်း များ၏ ဒဏ် ကိုလည်း ခံစားနေ ရသည် ဟု ဆိုသည်။ လူ အချို့ကလည်း အာရီ ၏ မိခင်ဖြစ်သူ သည် အာရီကို ကိုယ်ဝန်ဆောင် ထားစဉ် က အိမ်မြောင် တစ်ကောင်အား ညှင်းဆဲ ခဲ့သည့် အတွက် ယင်းသို့ မကောင်းသည့် လုပ်ရပ် က ကလေး ကို ထိခိုက်စေ ခဲ့ခြင်းဖြစ်သည် ဟု ယုံကြည်ထားကြသည်။
ဂျာကတာ အခြေစိုက် ဓာတ်ပုံ ဆရာ မစ္စတာလူဘစ် က ချာတိတ်လေး ၏ မိသားစုနှင့် လေး ရက်နေ ထိုင် ခဲ့ခြင်းဖြစ်သည်။
“ဓာတ်ပုံ ရိုက်မလို့ အာရီ အနားကို ကျွန်တော် ကပ်သွားတော့၊ အာရီက ရှိုးတိုး ရှန့်တန့်ဖြစ်နေပုံ ပါပဲ၊ ဒါပေမယ့် သူက ရှောရှောရှူရှူ ပဲ သူ့ရဲ့ ဇာတ်လမ်းကို မျှဝေ ဖို့ ပျော်ရွှင်နေတာ ပဲဗျ” ဟု လူဘစ် က ဆိုသည်။
အာရီ သည် လက်ရှိ အခြေအနေ အရ စကားပြော ရာတွင်လည်း အခက် အခဲဖြစ်နေသည်။ သူ၏ ညာဖက် မျက်လုံး မှာ အမြင် အာရုံ မကောင်းပေ။ ဘယ်ဘက် မျက်လုံး ကိုလည်း စိုစွတ်နေစေ ရန် မကြာခဏ မျက်စဉ်း ခတ်ပေးနေရသည် ဟု သိရသည်။
Ref:Daily Mail
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
From...Thit Htoo Lwin
No comments:
Post a Comment