ဟိုး. .
ကျွန်တော် ငယ်ငယ် ကလေး ဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့
#အဖေ နဲ့ အမေ ကမေးတယ်
ဖေဖေ နဲ့မေမေ ဘယ်သူ့  ကို ပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ်
''မေမေ့ ကို ပိုချစ်တယ်''
အမေ ကပြုံးပြီး အဖေ့ ကိုကြည့်တယ်
အဖေ ကတော့ကျွန်တော့် ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲဒီ လူထူးဆန်းကြီး အကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေး နဲ့
စဉ်းစားလို့ မရခဲ့ဘူး. . . .
ဒီလိုနဲ့ . .
ကျွန်တော် အဝေးရောက်ခဲ့တယ်
အပြုံးတုတွေကြား
ကျွန်တော် ယဉ်ပါး လာတော့. . .
အဖေ့ အပြုံး ကို ပြန်မြင်လာတယ်. .
အဖေ ရယ်. . .
အမေ့ ကို ပိုချစ်တယ်ပြောတော့
အဖေ တကယ်ပျော်လို့ပြုံးခဲ့ တာလား. . .
ကျွန်တော့် ရင်ထဲ ဆို့နင့်နေတယ်
ဟုတ်တယ်. . .
အဖေ ဆိုတာ. . .
ခံစားချက်ကို မျိုသိပ်
ကျွန်တော်တို့ အိပ်မက်တွေ အရောင်လက်ဖို့
တိတ်တိတ် ကလေး ပေးဆပ်ခဲ့တဲ့ သူ. . .
ကျွန်တော် ငယ်ငယ် က
မိသားစု ထမင်း ဝိုင်းလေး
ခုပြန်တွေးတိုင်း မျက်ရည် ဝဲတယ်
တစ်ခါ တစ်ရံ ချက်ဖြစ်တဲ့
ကြက်သားဟင်း နဲ့ နေ့ကလေးပေါ့
အမေက အသည်းအမြစ် ကလေးကို
အဖေ့ ပန်းကန်ထဲ ဦးချတယ်
#အဖေရယ်လေ. . .
အသည်း အမြစ်လေး ကို လေးပိုင်းပိုင်း
ကျွန်တော်တို့မောင်နှစ်မလေးယောက် ကို
မျှပေးပြီး ကြက်ခြေထောက် နဲ့ လည်ပင်းရိုး ကို
သူ့ ပန်းကန်ထဲ ထည့်စားတယ်
ကျွန်တော် အဖေ့ကိုမေးတယ်
အဖေက ဘာလို့ အရိုးတွေ စားတာလဲလို့
အဖေကပြုံးပြုံးကြီးဖြေတယ်
အဖေ က အရိုးတွေကြိုက်လို့ပေါ့ သားရယ် တဲ့
အဲဒီ လူထူးဆန်းကြီး အကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးမရခဲ့ဘူး. . .
အခု မုသားတွေကြား
ကျွန်တော် အသားကျ လာတော့
အဖေ့ စကားသံတွေပြန်ကြားတယ်
အဖေရယ်. . .
အဖေကြိုက် တဲ့ အရိုးတွေက
တကယ်များ ချိုမြိန်ခဲ့ တာလား
ကျွန်တော့် ရင်ထဲ ဆို့နင့်လာတယ်
ဟုတ်တယ်. . . အဖေ ဆိုတာ. . .
ဆူးခင်း လမ်းပေါ် ရဲရဲလျှောက်
ကျွန်တော်တို့ ဘဝတွေ အရောင်တောက်ဖို့
မိုးကောင်ကင် ကို ဖောက်ခဲ့တဲ့သူ. . .
ငယ်ငယ် က အမေ့ လက်ဖဝါးလေး
ဆော့ကစားတော့ #အဖေက လက်ဖုဝါးလေးထိုးပေးခဲ့ဖူးတယ်
ကျွန်တော်ပြောခဲ့ ဖူးတယ်
မကိုင်ချင်ဘူး အဖေ့လက်တွေ ကကြမ်းတယ်
အဖေ က ကျွန်တော့ ပါးလေးမွှေးမွှေးပေးပြီး
ပေါက်တူး တစ်လက်နဲ့ လယ်တော ထွက်သွားတယ်
အဲဒီ လူထူးဆန်းကြီး အကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေး နဲ့
တွေးလို့ မရခဲ့ဘူး. . .
ဒီနေ့
လောက လမ်းထဲ
စမ်းတဝါးဝါး နဲ့ ငွေတွင်းက နက်တယ်
အဖေ့ လက်ဖဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော် သိပြီ
ကျွန်တော့် ရင်ထဲ ဆို့နင့်လာတယ်
ဟုတ်တယ် အဖေ ဆိုတာ
ကြယ်တစ်စင်း လို မမှိတ်မသုန် အလင်းနဲ့
ကျွန်တော်တို့ နင်းဖို့ ဘဝ ကို မြေလို ခင်းပေးခဲ့တဲ့သူ. . .
မနေ့ ကတော့
အမေ့ အိမ်လေး
ကျွန်တော် အပြေးရောက်ခဲ့ မိတယ်
ငါ့သား အနေအစား ဆင်းရဲလာတယ်
အသားဟင်းလေး ချက်ပါတဲ့. . .
အဖေ့ စကားသံတွေက မပီပြင်ဘူး
အဖေ့ သွားတွေ အရင်လို အစီအရီ မရှိကြတော့ဘူးလေ
တိုက်တိုက် ဆိုင်ဆိုင်
အမေကြက်သားဟင်း ချက်တယ်
ထမင်းဝိုင်းလေး က အရင်လို လူ မစုံတော့ဘူး
အမေ ကတော့ ဝတ္တရား မပျက်
အဖေ့ အတွက် ဦးချမြဲ
အသည်းအမြစ် ကလေးပါပဲ. . .
အဖေရယ်လေ
တုန်တုန် ရင်ရင် သူ့ လက်ကလေးနဲ့
ကျွန်တော့် ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေ ရဲ့
ကျွန်တော် အဖေ့လက် ရှုံ့ရှုံ့လေးကို ဖွဖွကိုင်ပြီး အဖေ စားပါ အဖေရယ်လို့  ပြောမိတယ်
ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်
ကျွန်တော်အဖေ့ ကို လက်အုပ်ကလေးချီ လိုက်ပြီး
အမေ့ ဘက်လှည့်လို့ ပြောလိုက်တယ်
''အမေ အဲဒီကြက်ခြေထောက်နဲ့ လည်ချောင်းရိုး
ကျွန်တော့ ပန်းကန်ထဲ ထည့်ပေးပါ ''
အဖေ က ကျွန်တော့်ကိုပြုံးပြုံးကြီး ကြည့်နေလေရဲ့
မျက်ဝန်း မှာတော့ မျက်ရည်စတွေနဲ့. . .
ကျွန်တော် အဖေ့ လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက် မိတယ်
ဟုတ်တယ်. . .
အဲဒီ လူထူးဆန်းကြီး အကြောင်း
ကျွန်တော် ဒီနေ့ကောင်းကောင်း သိခဲ့ပါပြီ. . . .။ ။
ရှိခိုးဦးချကန်တော့ ပါရစေ အဖေ...................
Naung Naung
#credit_မူရင်းရေးသားသူ
No comments:
Post a Comment