တလောလေး က ဆရာ ဦးခင်မောင်စိုး ရဲ့ စီစဉ်မှုနဲ့ ဒေါက်တာ လှကျော်ဇော၊ ဒေါက်တာ ခင်မောင်ညို နဲ့ကျွန်တော် တို့ တနင်္ဂနွေ စကားဝိုင်းလေး ပြောဆို ထုတ်လွှင့် ဖြစ်ခဲ့ပါတယ်၊
တနင်္ဂနွေစကားဝိုင်းလေးမှာ အဓိကဆွေးနွေးပြောဆိုချက်ကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်လုပ်ကိုင်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကြောင်းတွေကို သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်၊
အဲဒီစကားဝိုင်းရဲ့ အပိတ်မှာ ကျွန်တော်ပြောဖြစ်ခဲ့တာက “သဘာဝပါတ်ဝတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုဟာ လက်ရှိအခြေအနေအရ ထင်သာမြင်သာ အန္တရာယ် ရှိပေမယ့် လာတ်တလော မြန်မာနိုင်ငံ သားတွေ သတိမမူမိသေးတဲ့ အကြောင်းအရာကတော့ တရုတ်နိုင်ငံလုပ် ကလေးများအတွက် စားသောက်ဖွယ်ရာ(သရေစာ)တရုတ်ပြည်လုပ် မုန့်တွေဖြစ်တဲ့အကြောင်း၊ အဲဒီမုန့်တွေမှာ ကျန်းမာရေးစစ်ဆေးမှု မရှိတဲ့အတွက် ကလေးတွေ နောင်တစ်ချိန်မှာ လူညွှန့်တုံးတဲ့အထိဖြစ်နိုင်တာကို အစိုးရက စီမံချက်တစ်ခုအနေနဲ့ တားဆီးသင့်ပြီ ”” ဆိုတာလေးပါပဲ၊
အဲဒီ တရုတ်နိုင်ငံက လာတဲ့ ကလေးမုန့်တွေဟာ အစစ်အဆေး အတားအဆီး မရှိတဲ့အတွက် ကျောင်းသားမိဘတွေအတွက် စိုးရိန်နေရကြောင်း ဂျာနယ်တွေမှာလည်း သတိပေးဆောင်းပါးအဖြစ် ကျွန်တော် ရေးခဲ့ ပါသေးတယ်၊ အခုတော့ ကလေးတွေနောင်ရေး စိတ်ပူတတ်တဲ့မြို့ရွာတွေမှာ အရေးတယူ ဖမ်းဆီးဖျက်ဆီးနေတာတွေလည်း ရှိပါတယ်၊ အတော်များများမြို့တွေမှာတော့ သက်ဆိုင်ရာတွေက ကိုယ်အလုပ် မဟုတ် သ လို ရောင်းချခွင့်တွေ ပြုနေမြဲဖြစ်ပါတယ်၊
ဘာပဲဖြစ်ဖြစ် တရုတ်မုန့်တွေအကြောင်း မြန်မာနိုင်ငံမှာ လူပြောသူပြောများလာတော့ အန္တရာယ်ရှိတဲ့ တရုတ်မုန့်စက်ရုံတွေကို မြန်မာမုန့်အသွင် ပုံမှားရိုက်ဖို့ မြန်မာနိုင်ငံအတွင်း မှာ စက်ရုံတွေထူထောင် ထုတ်လုပ်လာကြပြီဖြစ်ပါတယ်၊ အဲဒီလို ထုတ်လုပ်တဲ့နေရာမှာလည်း မန္တလေးလို မြို့ကြီးတွေမှာ အထိ စက်ရုံထောင် လုပ်ကိုင်လာကြပြီ ဖြစ်ပါတယ်၊ ထုတ်လုပ်ရာမှာလည်း တရုတ်စာလုံးအပြင် မြန်မာစာလုံးကိုလည်း ရိုက်နှိပ် ထုတ်လုပ်ကြတာဖြစ်ပါတယ်၊
ကလေးသူငယ်တွေ စားနေတဲ့ မြန်မာစာလုံးရိုက်နှိပ်ထားတဲ့ အချို့သောမုန့်တွေရဲ့ အရသာ၊ အနံ့၊ အရောင်အဆင်းဟာ အရင် တရုတ်ပြည်က တရားမ၀င်တင်သွင်းတဲ့ မုန့်တွေနဲ့ အတူတူပါပဲ..၊ ဒီကိစ္စကို အမျိုးသားရေး အသွင်နဲ့ ထိရောက်စွာ အရေးယူဖို့ လိုအပ်နေပါပြီ၊ အဲဒီမုန့်တွေဟာ အင်္ဂလိပ်က တရုတ်ကို အနိုင်ယူခဲ့တဲ့ ဘိန်းစစ်ပွဲထက် ကြောက်စရာ မကောင်းဘူးလားဆိုတာလည်း တွေးတောသင့်ကြပါပြီ၊
ဒီကနေ့ ကလေးတွေရဲ့ ကာယစွမ်းအားနဲ့ ညာဏစွမ်းအားချို့တဲ့ကုန်ပါက ဒီကလေးတွေ အရွယ်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ သေနတ်သံ တစ်ချက်မှ မထွက်စေဘဲ ပြည်ပ(တရုတ်ပြည်) လက်ထဲ ရောက်ရှိသွားနိုင်တာကိုလည်း သတိပြုဖို့ ကောင်းနေပါပြီ၊ အထူးသဖြင့်ကတော့ စားသောက်ကုန်စစ်ဆေးရေး တာဝန်ယူထားတဲ့ပုဂ္ဂိုလ်များ ကိုယ့်အကျိုးစီးပွားတစ်ခု ပဲ မကြည့်ကြဖို့ လိုနေပါပြီ၊
အဲဒီလို မဟုတ်ဘဲ အတ္တကိုပဲ အခြေခံပြီး မသိချင်ယောင်ဆောင်ပြီး ထုတ်လုပ် ရောင်းချခွင့် ပြုနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မျိုးဆက်တွေဟာ “ လူညွှန့်တုံးပါစေ” လို့ ကျိန်စရာမလိုပဲ လူညွှန့်တွေ တုံးသွားနိုင်တယ်ဆိုတာလေး သတိပေး ရေးသားလိုက်ရပါတယ်ခင်ဗျား..။ (ဟာဂျူလီ-ကသာ)
--------------------------------
( အားလုံး သတိပြုစေဖို့ လွန်ခဲ့တဲ့ (၅)နှစ် တုန်းက တရုတ် မုန့်နဲ့ပတ်သက်ပြီး ဂျာနယ် တစ်စောင်(ဟော့နယူး ဂျာနယ်ဖြစ်မယ် ထင်ပါတယ်) မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်)
....................................
အိမ်နီးချင်းနိုင်ငံ ထုတ် မုန့်ပဲ သားရေစာ တို့အား ကလေးသူငယ် များ စားသုံးနေမှု ကို လူကြီး မိဘများ မှ ဂရုပြုရန် လိုအပ်...................... ဟာဂျူလီ (ကသာ)
အိမ်နီးချင်းနိုင်ငံတို့နှင့် ထိစပ်လျှက်ရှိသော မြို့ရွာများ၌ နီးစပ်ရာနိုင်ငံမှ အစားအသောက်များ ၀င်ရောက်လာလေ့ရှိရာ စားသုံးသူများမှ ကျန်းမာရေးသတိရှိကြရန် အထူးလိုအပ်နေကြောင်း သိရပါသည်။ တည်သီး၊ ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့ ပြည်တွင်းတွင် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးသော အသီးအနှံများ ၀င်ရောက်လာခြင်းသည် ပြဿနာမရှိသော်လည်း ကလေး သူငယ်များအတွက် ဦးတည်၍သယ်ယူရောင်းချသည့် မုန့်ပဲသားရေစာများမှာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်း သတိပြုမိသူ မိဘအချို့က ပြောကြားလျှက်ရှိပါသည်။
““ ကျွန်တော်တို့မြို့ဟာ နယ်စပ်ဒေသနဲ့ မနီးမဝေးတည်ရှိပါတယ်။ နယ်စပ်မြို့ကနေ နေ့စဉ်ဆိုင်ကယ် လေးငါးဆယ်လောက် စီးနင်းဝင်ရောက်လေ့ရှိတယ်။ အဲဒီလိုဝင်ရောက်လာတဲ့ ဆိုင်ကယ်ရဲ့နောက်တွေမှာ အပိုဝင်ငွေရအောင် ပစ္စည်းတွေတင်ဆောင် လာလေ့ရှိတယ်။ အဓိကတော့ လျှပ်စစ်ပစ္စည်းအပါအ၀င် စားသောက်ကုန်ပစ္စည်းတွေကို ဂျပ်ဖာတွေနဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ ကြိုးစီးပြီး သယ်လာကြတာဖြစ်ပါတယ်။ တပိုင်တနိုင်လုပ်ကိုင်သယ်ယူကြတာမို့ သူတို့တတွေရဲ့ ထမင်းအိုးလေး ဆန်ပြည့်တာပေါ့ဗျာ။ ဒါပေမယ့် သူတို့ကိုယ်တိုင်မသိကြတာက သူတို့သယ်လာတဲ့ စားသောက်ကုန်၊ အဓိကယကတော့ မုန့်ပဲသားရေစာပေါ့ဗျာ။
အဲဒါတွေ မှာ ကလေးသူငယ်များစားသုံးရန် သင့်ယမသင့်ဆိုတဲ့ ပြည်တွင်းကျန်းမာရေးစစ်ဆေးချက်မပါလာတာပဲဖြစ်ပါတယ်။ အဲဒါသိပ် အရေးကြီးပါတယ်”” ဟု ကလေးများ၏ ဖခင်တစ်ဦးမှ ပြောပြပါသည်။ မိမိ၏ကလေးသူငယ်များ မည်သည့်မုန့်ပဲသားရေစာကို ၀ယ်ယူစားသောက်ကြ သည်ကို သိရှိခြင်းရှိမရှိ မိဘများကို မေးကြည့်ဖြစ်သည်။ ၉၅%သော မိဘများမှာ မိမိ၏ရင်သွေးများ မည်သည့်မုန့်မျိုး စားသုံး ကြသည်ကို မသိရှိကြပဲ ၅%မျှသာ ဂရုတစိုက် စောင့်ကြည့်သိရှိကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ထိုသို့ စိတ်ဝင်စားမှုမရှိသူ များ၏ ၇၀%သည် ကလေးသူငယ်များ ၎င်းင်းတို့၏မျက်မှောက်၌ အန္တရာယ်ရှိသော မုန့်ပဲသားရေစာများ စားနေကြသည်ကိုပင် အန္တရာယ်ရှိသည်ဟူသော ကျန်းမာရေးအသိမရှိကြပေ။ အချို့မိဘများဆိုလျှင် မိမိတို့သားသမီးများစားသုံးသည့် ပြည်ပလုပ်အသားတုများနှင့် အခြာျးွနေိပြေိန များသည် ဃ့နာငခေူ များအသုံးပြု၍ လုပ်ထားသည်ဆိုခြင်းကိုပင် ဆန့်ကျင် ခြင်းမပြုဘဲ သဘောကျသယောင်ပင် ပြန်လှယ်တုန့်ပြန်ပြောဆိုခဲ့ပါသည်။
““ကျွန်မအမျိုးသားက လက်သမားဆရာပါ။ ကျွန်မတို့မှာ သားလေးနှစ်ယောက်ရှိတယ်။ သူတို့က အသားတုအထုပ်တွေ ကြိုက်ကြတယ်။ တစ်ထုပ်မှ ၅၀ ကျပ်ပဲပေးရတာဆိုတော့ တန်ပါတယ်။ ကိုယ့်နိုင်ငံကလုပ်ရင် ဒီလောက်ဈေးနဲ့ မရနိုင်ဘူးထင်တယ်။ သားတွေအနေနဲ့ အသားတုကိုစားတဲ့အခါ ဆေးရောင်အနီ၊ အ၀ါတွေဟာ သူတို့ရဲ့လက်နဲ့လျှာတွေမှာ စွဲထင်ခဲ့တာတွေ့ဖူးပါတယ်။ ဒါတွေဟာ အန္တရာယ်ရှိလား၊ မရှိဘူးလား ကျွန်မမသိပါဘူး၊ သူတို့စားတဲ့အသားတုကို ကျွန်မစားကြည့်ဖူးပါတယ်။
ကျွန်မကိုယ်တိုင် ထမင်းစားမကောင်းရင် အသားတုအထုပ်ကလေးဝယ်ခိုင်းပြီး ထမင်းနဲ့စားလေ့ရှိပါတယ်။ အဲဒီအသားတုကို ပြုလုပ်တဲ့သူတွေ အားကြီးတော်ပါတယ်။ ကြက်သားအတုဆိုရင် ကြက်သားအနံ့၊ ၀က်သားအတုဆိုရင်လည်း အနံ့အရသာအတော်ကို တူပါတယ်။ ကျွန်မတို့ မိသားစုက အသား၊ ငါးနဲ့ဝေးကွာတော့ အခုလိုအနံ့ပါတဲ့ အသားတုထုပ်ကလေးတွေဟာ ကျွန်မတို့အတွက်က အသုံးတည့် ပါတယ်။ အဲဒါတွေအန္တရာယ်ရှိတယ်ဆိုရင်ရောယ စားဦးမှာလားဆိုတဲ့ ဆရာ့အမေးကိုဖြေရရင်တော့ စားဖြစ်မယ်လို့ပဲ ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ခံတွင်းမှိန်မှ ထမင်းစားကောင်းမှာကိုး၊ ထမင်းစားမှအားရှိမယ်၊ အားရှိမှ ငွေရှာနိုင်မယ်၊ ဒီလို အန္တရာယ်ရှိလို့သာ မစားတော့ကြေးဆိုရင် စားအုန်းဆီဟာ ကျန်းမာရေးအရ မစားသင့်ဘူးလို့ ပြောနေကြတာပဲ။ ဒါပေမယ့် အများစု စားနေကြရတာ ပဲလေ။ သိပ်တော့လည်း မဆန်းလှပါဘူး။ ကျန်းမာရေးအတွက်ရယ်လို့တော့ သိပ်မစဉ်းစားဖြစ်ပါဘူး။ အဓိကယကတော့ ““အဘိုး နည်းနည်း အိုးကွဲကွဲ ဖြစ်ဖို့ပါပဲ”” ဆိုသည့် စကားသည်လည်း စဉ်းစားစရာပင်ဖြစ်ပါသည်။ မိမိသားသမီးများ၏ စားသောက်ရေးအတွက် အထူးဂရုပြုလေ့ရှိသူ ၀န်ထမ်းတစ်ဦးကတော့ ယခုလိုဆိုပါသည်။
““ ကျွန်တော်ဟာ ငယ်ကတည်းက အစားအသောက်ကို ဆင်ခြင်တဲ့အလေ့အထရှိခဲ့လို့ အခုကျွန်တော်တို့သားသမီးလက်ထက် မှာလည်း သူတို့ရဲ့ စားသောက်မှုကို သတိပြုစောင့်ကြည့်လေ့ရှိပါတယ်။ မူလတန်းကလေးကို ကျောင်းမုန့်ဖိုး ၂၀၀ ကျပ်ပေးပါတယ်။ ညနေကျောင်းကပြန်လာရင် ကျွန်တော်က နေ့လည်က ဘာတွေဝယ်စားခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးပါတယ်။ ကလေးတွေ အတွက် မုန့်ပဲသားရေစာ ရွေးချယ်စရာများပါတယ်။ ခက်တာက ဒီလိုများပြားးလှတဲ့ မုန့်တွေဟာReady Made တွေဖြစ်နေတာပါ။
ကျွန်တော်တို့ငယ်တုန်းကတော့ ကျောင်းဈေးတွေမှာ အသီးအနှံတွေအများဆုံးရောင်းချကြတာကိုဗျ။ အခုတော့ သိတဲ့အတိုင်း ပါပဲ။ အဆိုးဆုံးကတော့ မြန်မာစာလုံးဝမရေးထားတဲ့Ready Made ထုပ် သားရေစာတွေပါပဲ။ ဒါတွေကလည်း ပြည်တွင်းဖြစ်ထက် အိမ်နီးချင်းလုပ်တွေက ပိုများပါတယ်။ အဓိကပြောရရင်တော့ ဒီလိုအန္တရာယ်ရှိတဲ့ ဓါတုဆိုးဆေးတွေနဲ့လုပ်ထားတဲ့ မုန့်ထုပ်တွေကို ကျောင်းအနီးပတ်ဝန်းကျင်မှာ ရောင်းချနေကြတာမသင့်ပါဘူး””
ပြောလည်းပြောစရာပင်။ အချို့ကျောင်းပတ်ဝန်းကျင်၌ ဈေးဆိုင်ခန်းများဆောက်လုပ်ခါ ဈေးရောင်းချခွင့်ပြုထားကြသည်။ အများစုသောကျောင်းပိုင်ဈေးတိုက်ခန်းများ၌ အရက်နှင့် ဆေးလိပ်ရောင်းချခွင့်ကို ပိတ်ပင်ထားကြသည်။ သို့သော် မပိတ်ပင်သော စားသောက်ဖွယ်ရာနှင့် လူငယ်သုံးပစ္စည်းများကို စောင့်ကြည့်ပိတ်ပင်တားစီးမှုအားက နည်းနေဆဲဖြစ်သည်။
ဤသို့ ပညာတတ် ကလေးမိဘများက မုန့်ဆိုင်များအပေါ် ထင်မှတ်မှားနေသည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းဈေးရောင်းချသူ ဈေးသည်တစ်ဦးကတော့ အခုလိုတုန့်ပြန်ပြောဆိုပါသည်။ ““ဒီလို ဘယ်ကဘယ်သူထုပ်မှန်းမသိတဲ့ မုန့်ထုပ်တွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တာကတော့ ကျွန်မတို့လည်းသိပါတယ်။ ခက်တာက ကိုယ်မရောင်းလည်း ဘေးဆိုင်တွေက ရောင်းနေတယ်လေ။ ကလေးတွေ အဲဒီမုန့်ထုပ်တွေကို နှစ်ခြိုက်တယ်ဆိုမှ တော့ ကျွန်မတို့က မရောင်းစားလို့မဖြစ်ဘူးရှင့်။ ရောင်းရတာပဲ။ အချို့တလေကိုတော့ပြောပါတယ်။ ဒီမုန့်က အန္တရာယ်ရှိတယ်။
ဟိုမုန့်က အန္တရာယ်ကင်းနိုင်တယ်။ ဒီတော့ ဒီမုန့်အစား ဟိုမုန့်ဝယ်စားပါလားကလေးရယ်လို့၊ ခက်တာက ဘယ်ကလေးကိုမှ ဆရာသွားလုပ်လို့မရဘူး၊ အန္တရာယ်ရှိရှိ၊ မရှိရှိ သူတို့ကြိုက်တာဝယ်စားကြတာပါပဲ။ ဒီလိုတွေစေတနာပါပြီးပြောလိုက်ရင် ပြောလိုက် တဲ့ကလေးဟာ နောက်တစ်နေ့ ကိုယ့်ဆိုင်မှာမ၀ယ်စားတော့ဘူး၊ နဘေးဆိုင်တွေပြောင်းဝယ်စားကုန်ကြတာပဲ။ ကြာလာတော့ ပြောလည်းပြောမနေတော့ပါဘူး။ သတ္တ၀ါတစ်ခု - ကံတစ်ခုပဲပေါ့””
ကျောင်းနဘေးဈေးသည်ပြောပြသွားသည် မှာ လည်း တွေးတော စရာဖြစ်ပါသည်။ ထို သို့သော ဈေးသည်မျိုးကို ၀ိသမ သမား၊ သားသမီးချင်း ကိုယ်ချင်း မစာသူဟု ကျွန်တော်တို့ မည်သို့သော မျက်နှာမျိုးဖြင့် ပြောကြား ၀ံ့မည်နည်း။ သားရေစာ မုန့်မျိုးစုံ ဖောက်သည် ရောင်းချပေးနေသော မြို့မဈေးကြီး အပြင်ဘက်တန်း ရှိ ဈေးဆိုင်ပိုင်ရှင် ၏ ပြောစကားများမှာ လည်း တစ်နည်း တစ်ဖုံ ထူးခြားလှ ပါသည်။
““ဒီကိစ္စပြောရရင်တော့ လူညီရင် “ဤ”ဟာ ကျွဲဖြစ်ပါတယ်ဗျာ၊ ဈေးသည်တွေညီကြရင် ဒီပြဿနာရှင်းသွားမှာပါ။ အခု ကျွန်တော့ဆိုင်မှာ အိမ်နီးချင်းနိုင်ငံကလုပ်တဲ့ မုန့်ထုပ်လုံးဝ မရောင်းပါဘူး။ ပြည်တွင်းဖြစ်တွေပဲရောင်းပါတယ်။ ဒါတွေဟာ စားသောက်ကုန်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်တွေပါပြီးသားပါ။
ကြုံလို့ပြောရဦးမယ်။ ခင်ဗျားအခု စုံစမ်းမေးမြန်းတဲ့ တရုတ်အသားတုမုန့်ထုပ်အကြောင်းကိုပေါ့။ စပြီး ဒီမုန့်တွေဒီမြို့ကိုရောက်လာတော့ “အပ်ကုန်စနစ်” နဲ့လာအပ်ပြီးရောင်းခိုင်းတယ်။ တစ်သုပ်နှစ်သုပ်တော့ ရောင်းလိုက်သေးတယ်။ သုံးလေးခေါက်ကြတော့ ဒီမုန့်တွေရဲ့ Expire တွေကို သတိထားမိလာပါတယ်။ ဘယ်လောက်ကြာကြာExpire ကမပြောင်းဘူးဗျ။ ဒီရက်ပဲဖြစ်နေတယ်။
အဲဒီတော့ ဒီမုန့်ထုပ်အကြောင်းကိုသိချင်လို့ တရုတ်စာ ကျွမ်းကျင်သူ မိတ်ဆွေတစ်ယောက်ကို မုန့်ထုပ်ကစာတွေဖတ်ခိုင်းကြည့်ပါတယ်။ ဂျုံ၊ ပီလောပီနံ၊ သကြား၊ အိုင်အိုဒင်းဆား၊ ငရုပ်ကောင်းမုန့်တွေပါဝင်တယ်လို့ ရေးထားတယ်။ ကျွန်တော်တို့ ထင်သာမြင်သာရှိတာက အဲဒီမုန့်ထုပ်မှာ အရောင်တွေပါတယ်ဗျာ။
“
ဆော်ဒါတွေပါတယ်။ အချိုကို စွဲကျန်စေမယ့် ဆေးသကြားခဲပါမယ်။ ငရုပ်သီးမုန့်အဖတ်တွေပါတယ်။ ဒါတွေပါမယ်မှန်းကြည့်ရုံနဲ့ သိသာတာပဲ။ ဒါပေမယ့် မုန့်ထုပ်မှာ တရားဝင်ရိုက်ထားတဲ့ ပါဝင်မှုမှာတော့ ဒါတွေပါမလာဘူးဗျ၊ ဒီတော့ မရိုးသားဘူးပေါ့ဗျာ။ ကျွန်တော်သိချင်တာတစ်ခု ကျွန်တော့မိတ်ဆွေကို ဖတ်ခိုင်းကြည့်သေးတယ်။
အဲဒါက သူတို့နိုင်ငံရဲ့ စားသောက်ကုန်ရောင်းချခွင့် ခွင့်ပြုချက်အမှတ် ပါယမပါပါ။ ကျွန်တော့မိတ်ဆွေက သေချာဖတ်ကြည့်ပြီး “ပါတယ်”လို့ပြောပါတယ်။ ကျွန်တော် အတော်အံ့သြတယ်။ ဒီလို ထင်သာ၊ မြင်သာ အန္တရာယ်ရှိတဲ့မုန့်မျိုးကို ဘယ်ကျန်းမာရေးဌာနက ဘယ်လိုစစ်ဆေးချက်တွေနဲ့ ခွင့်ပြုတာလဲပေါ့ဗျာ။တစ်ခုတော့ပြောစရာရှိပါတယ်။ တကယ်ခွင့်ပြုချက်အမှတ်မဟုတ်ဘဲ (ဘယ်သူမှမသိပါဘူးဆိုပြီး) တွေ့တဲ့ဂဏန်း ကောက်ရိုက် ထားတာလဲ ဖြစ်နိုင်တာပါပဲ။ ကျွန်တော်ကတော့ လိုင်းရှင်းတယ်။ ဒီလိုမုန့်မျိုး ဆိုင်တင်မရောင်းဘူး””
ဤမုန့်ဆိုင်ပိုင်ရှင်၏ စိတ်ဓါတ်နှင့် သဘောထားမှာ ဆိုင်ရှင်တိုင်းရှိသင့်သည့် သဘောတရားဖြစ်ပါသည်။ မြို့ပေါ်ရှိ ကိတ်မုန့် တိုက်ပိုင်ရှင်တစ်ဦးကလည်း သူ့အမြင်ကို ယခုလိုရှင်းပြပါသည်။
““ကျွန်တော်တို့ကိတ်မုန့်လုပ်တယ်ဗျာ။ ဘယ်လောက်ပဲထုပ်ပိုးမှုကောင်းကောင်း တစ်ပတ် ဆယ်ရက်ဆိုရင် မှိုတွေတက်လာ တတ်တယ်။ အရောင်တွေပြောင်းကုန်ပြီဆိုရင် မစားသင့်တော့ဘူးပေါ့။ အခုအိမ်နီးချင်းကလာတဲ့ ကိတ်မုန့်(အစို)ထုပ်တွေဟာ ဘယ်လောက်ကြာကြာ ဘာမှမဖြစ်ဘူးဆိုတော့ ဒါဟာရှင်းပါတယ်။ အချို့မုန့်ထုပ်တွေဆိုရင် ထုပ်ထားတဲ့ ပလပ်စတစ်တွေသာ အရောင်တွေကျွတ် မွဲခြောက်သွားတယ်။ အထဲက မုန့်ကဘာမှမဖြစ်တာဟာ Chemical တွေကြောင့်ပေါ့ဗျာ။ မစားသင့်ပါဘူး။
ဒီအစားအစာတွေ ဘယ်နည်းနဲ့ဝင်လဲဆိုရင် ဆိုင်ကယ်ကယ်ရီတွေ သယ်လာတယ်ဆိုတာ နည်းနည်းလေးပါ။ ရေယာဉ်တွေနဲ့ သယ်ဆောင်လာတာက ပိုများတယ်။ မော်တော်၊ သင်္ဘော၊ ရှပ်ပြေးရေယာဉ် ဒါတွေနဲ့ နေ့တိုင်းလိုပါလာတယ်။ အချို့မုန့်ဖာတွေဆိုရင် မန္တလေးအထိ သယ်ဆောင်သွားတာတွေ့နေရတာပဲ။ ဒါတွေကိုစစ်ဆေးပြီး ထိန်းသိမ်းမယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင် နိုင်ပါလိမ့်မယ်””
မည်သူတွေ မည်သို့ပြောဆိုနေကြသည်ဖြစ်စေ၊ လက်တွေ့အားဖြင့်တော့ အိမ်နီးချင်းနိုင်ငံလုပ် မုန့်ပဲသားရေစာအမျိုးအမျိုး၏ အောက်လမ်းမှတစ်ဆင့် ၀င်ရောက်လာမှုသည် စိုးရိမ်တတ်လျှင် စိုးရိမ်စရာအခြေအနေ၌ ရှိနေပြီဖြစ်သည်။ အချို့အစားအစာများ သည် ခန္ဓဗေဒကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာချို့တဲ့စေမှု၊ ရုပ်ပိုင်းဆိုင်ရာချို့တဲ့စေမှုများ ပါဝင်လာလျှင်ဟူသော အတွေးမျိုးကို သတိမူမူ - ဂူမြင်မြင်ဖြင့် စဉ်းစားသင့်ပါကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါသည်။

ဟာဂျူလီ (ကသာ)
No comments:
Post a Comment