နာရေး ကူညီမှု အသင်း(ရန်ကုန်) သို့ ဘိုးစဉ်ဘောင်ဆက် မကမ်းခဲ့ ဘူးသော၊ ထူးဆန်း ၍ အဖိုးတန်သော စာသား များဖြင့် ဖွဲ့စည်း ထားပြီး ကြက်သီး ထဖွယ် ဖိတ်စာ တစ်စောင် အား လွန်ခဲ့သော (၁) ပတ်ခန့် က ရောက် ရှိ လာခဲ့သည်။
ထို ဖိတ်စာ အား အသင်းရုံးချုပ် မှ ရရှိ ခဲ့ပြီးနောက် ရုံးခန်း ၏ ကြေငြာဘုတ် တွင် “သေနေ့ အကြို နှုတ်ဆက် ပွဲ” အခမ်းအနား တက်ရောက်ရန် ဆိုသော စာတန်းနှင့် ရက်စွဲ၊ အချိန် တို့အား ရေးမှတ် ထားပြီး ကာယကံ ရှင်နှစ်ဦး ၏ အမည်နှင့် အသက် ကိုပါ ရေးမှတ် ထားရာ ဖတ်ရှု့သူ အပေါင်းမှ မေးခွန်း များမေးမြန်းခြင်း ရှိခဲ့ သည်။
အားလုံး သိချင်၊ မြင်ချင်၊ စိတ်ဝင် စားနေသော ဖိတ်စာပါ အကြောင်းအရာ များသည် လေးစားဖွယ်၊ အတု ယူဖွယ်၊ အားကျဖွယ်၊ ပီတိ ဖြစ်ဖွယ် များစွာ ပါဝင်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် အလေးအနက် ထား ဂုဏ်ယူ ဖွယ်ရာ များ ဖြစ်ပေါ်လာခဲ့တော့သည်။
ဖိတ်စာ ၏ အစ ပိုင်းတွင် မေတ္တာဖြင့် လက်ဆောင် ပစ္စည်းပေးပို့ခြင်း သည်းခံပါ။ ဟူ၍ရေးသား ထား သည်။ နောက် စာမျက်နှာ တွင် “(၂) ယောက် (၁) ဘဝ ရဲ့အစ ဆုံးနေ့” “အပြုံးပန်းတွေ နဲ့ဝေ ဝေနိုင်ပါစေ … လေ” ဟူ ၍ ရေးသား ထားပြီး ၃.၁၁.၁၉၆၃ အသက် (၂၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ငယ်စဉ် အခါက ရိုက်ကူး ထားသော နှစ်ယောက်တွဲ ပုံအား တွေ့မြင်ရသည်။
“လာဖြစ်အောင် သာ လာခဲ့ပါ” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော် ကလေး အနောက်ရပ်ကွက်၊ (၈၈) လမ်း၊ အမှတ် (၁၁)၊ ၅-လွှာ (B)နေ ကျွန်တော်သေခြင်း နီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်း နီး ဒေါ်တင်ရီ တို့ မင်္ဂလာ ရက်မြတ် လက်ထပ် ခဲ့သည်မှာ နှစ် (၅ဝ) ပြည့် ခဲ့ပြီး ဖြစ်ပါ သဖြင့် ရွှေရတု မင်္ဂလာ အထိမ်းအမှတ် အဖြစ်၊ သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲ ကျင်းပ မည်ဖြစ်ပါ၍ တစ်ဖက်ပါ အစီအစဉ် အတိုင်း လာဖြစ်အောင်သာ လာခဲ့ပါရန် ဖိတ်ကြား ထားပါသည်။
အစီအစဉ် မှာ.......
(၁) သရဏဂုံတင် မင်္ဂလာ ဖြစ်ပြီး ၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ တနင်္ဂနွေနေ့ နံနက် (၅) နာရီအချိန် တွင် ကမ္ဘာအေး ကုန်းမြေ ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)မှ ဒု-ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရာ ဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော် ဘုရား (၅) ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထိုဆရာတော် ဘုရားများ က ကျွန်တော်၊ ကျွန်မ တို့ သေခြင်း နီး (၂) ယောက် ကို မသေခင် ကပင် ကြိုတင်၍ သရဏဂုံ တင် ပေးထားခဲ့ ပါသည်။ ထို့နောက်
(၂) မိတ်ဆုံ ပွဲ အား နံနက် (၁ဝး၃ဝ) နာရီမှ မွန်းလွဲ (၁) နာရီ အထိ နှစ် (၅ဝ) ပြည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ် အဖြစ် သေနေ့ အကြိုနှုတ်ဆက် မိတ်ဆုံစားပွဲ ကျင်းပခဲ့ပါ သည်။
(၃) နေရာ ကန်တော်ကလေး ထီးတန်း (၃) ထပ် ဓမ္မာရုံ သစ်ကြီးတွင် ဖြစ်သည်။ ဖိတ်စာ၏ နောက်ဆုံး စာမျက်နှာ တွင် “လမင်း ကွယ်ချိန် နေ ကွယ် ချိန် လွမ်းသူ ရဲ့ ပွဲ ဘယ်သူ အရင်လဲ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၂ဝ၁၃ အသက် (၇၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ယခုလက်ရှိ တွင် ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံ အား တွေ့မြင်ရသည်။
၁၃၇၅ခု၊ တန်ဆောင်မုန်း လဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ ရက်နေ့ တွင် “သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲ”သို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အလုပ် အမှုဆောင် ဦးကျော်ကျော်မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများ မှ ယင်းပွဲ သို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား ကျင်းပ သည့်နေရာ သို့ ရောက်လျှင်ရောက်ချင်း သေနေ့ အကြိုနှုတ်ဆက် သည့် ကာယကံရှင် အဖိုး သပြေညို ဦးတင်ရွှေအား အရင်ဦးဆုံးတွေ့ဆုံ ခဲ့ပြီး အဖိုးနှင့် အဖွဲ့သားများ မှ အားပါးတရ နှုတ်ဆက် ခဲ့ကြ သည်။
ထို့နောက် အဖွား အား တွေ့မြင် ခဲ့ရသည်။ နှစ်ဦးစလုံး ၏ အပြုံးသည် သေခြင်း တရားအား ရင်ဆိုင်ရန် အသင့် ဟူသော အပြုံးဖြင့် တွေ့မြင် ခဲ့ရပြီး လေးစား အတုယူဖွယ်ပင်ဖြစ်သည်။ ဘုရားနှင့် ဘုရားသားတော်၊ သမီးတော်တို့မှ လွဲ၍ သေရမှာ ကြောက်ကြသော သူများ ကမ္ဘာပေါ်တွင် အမြောက်အများ ပင်ရှိသည်။
“သေနေ့ အကြိုနှုတ်ဆက် ပွဲ” ဆိုသည် မှာ ဘုရားဟောသည့် အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ထိုကဲ့ သို့ လေးစား အတု ယူဖွယ် အဖိုးနှင့် အဖွားအား အဘယ်ကြောင့် ဆိုသော မေးခွန်းများ၊ ဦးကျော်သူ သို့ အမှာ စကားများကို မေးမြန်းချင် ခဲ့သည်။ ထို့နောက်မေးမြန်းဖြစ် ခဲ့သည်။
အဖိုးနှင့် အဖွားမှ ၄င်းတို့ အား နှုတ်ဆက် သူများ၊ ထိုင်ကန်တော့ကြသောသူများ၊ ချစ်ခင်လေးစားသော သူများ အား မအား လပ်အောင် ပြန်လည် ကာ နှုတ်ဆက်နေ သဖြင့် အဖိုး တစ်ဦးတည်း အား မေးမြန်း ခဲ့ရသည်။
အဖိုးအား ထူးခြားသော ပွဲစီစဉ်ဖြစ်ခဲ့ပုံ ကို မေးမြန်း ခဲ့ရာ “အဖိုး က သုံးခွမြို့နယ် သဲအင်းဂူ ဆရာတော်ကြီးရဲ့ တရား ကို နှစ်ပေါင်းများစွာ လေ့ကျင့် ခဲ့တယ်၊ ဆရာတော် ဘုရားကြီး ရှိစဉ် ကတည်းက သေတတ်အောင် အသေ လေ့ကျင့်ပေး ခဲ့တယ်၊ အပယ် မကျအောင် သေနည်း သင်တန်းပေးခဲ့တယ်။
သေခြင်း တရား ကို သိလာတဲ့ အတွက် ကြောင့် ဒီပွဲကို လုပ်ဖြစ်ခဲ့တယ်” ဟု အားပါး တရပြောကြားခဲ့သည်။ ထို့နောက် “သားနှစ်ယောက်မွေး ခဲ့တယ် သား နှစ်ယောက် စလုံး ဆုံးသွား ခဲ့ပြီ။ သားဦး က အသက် (၂၄) မှာ ဆုံးတယ်၊ ဒုတိယ သားက အသက် (၂ဝ) မှာ ဆုံးတယ်၊
ဒုတိယ သားက အရင် ဆုံးတယ် သူက စင်္ကာပူနိုင်ငံ ရဲ့ ဆိပ်ကမ်းမှာ အလုပ်လုပ်တယ်၊ အင်ဒိုနီးရှား (၉) ယောက် က မြန်မာ တစ်ယောက်ဖြစ်တဲ့ အဘ သားကို ရန်စ တယ် အဲ့ဒီမှာ အသက်ဆုံးသွား ခဲ့တယ် ၊ လျော်ကြေး မရခဲ့ဘူး အလုပ်ရှင် က သူတို့ ရဲ့အလုပ်ခွင် မှာ ဖြစ်တဲ့ကိစ္စ မဟုတ်တဲ့ အတွက် မပေးခဲ့ဘူး။
ပထမသား က ပညာတတ် တယ်၊ သူဆုံး တာ ပိုပြီးနှမြောဖို့ကောင်းတယ် ဆယ်တန်း မှာ အမှတ် (၄၈၁) မှတ်နဲ့အောင်တဲ့ သူ၊ RIT မှာကျောင်းတက် တယ်၊ သူဆုံးတော့ ဆေးထိုးအပ် တန်းလန်းနဲ့ ဆုံးတယ်။” ဟူ၍ ရင်နာစရာ သားနှစ်ယောက်၏ ဖြစ်ရပ်အား ပြောကြား ခဲ့သည်။
ထို့နောက် ဆက်လက်ပြီး မည်သို့ မည်ပုံ လောကကြီး တွင်နေထိုင်ကြောင်း ပြောကြား ခဲ့ရာ“အဖွားက (B.A) ဘွဲ့ နဲ့အောင်တယ် (CMA) ရုံး က ဝန်ထမ်းပေါ့၊ အဖိုး က (M.A) ဘွဲ့ နဲ့အောင်တယ် ကျူရှင်ဆရာ အလုပ်နဲ့ ဘဲနေတယ်” ဟူ၍ အလုပ်အကိုင် များအား ပြောကြားခဲ့သည်။
ထို့နောက် အဖိုးမှာ ခဲ့ချင်သော ဦးကျော်သူ အား ပြောစရာ စကားများ အား မေးမြန်းရာ - “ဦးကျော်သူ ကို ပြော ပေးပါ ကွယ်လွန် သွား ခဲ့ရင် တစ်ခါတည်း သဂြုင်္ိဟ်ပေးပါ၊ မမှီ လိုက်လို့ ရှိရင် နောက် တစ်နေ့ သဂြုင်္ိဟ်ပေး ပါလို့၊ အဆိပ်သောက်ပြီး မသေရင် ပြိုင်တူ မသေဘူး ဒါကြောင့် အဖိုး အရင်သေ ခဲ့ရင် အဖွားကို စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် ဆီ ဖုန်းဆက်ပြီး ဆရာမ ရဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာကို ပို့ပေးပါ။
အဖွား အရင် သေခဲ့ရင် လည်း အဖိုး က ဒေါ်သန်းမြင့်အောင် ဆီ ဖုန်းဆက် လိုက်ပါ့မယ် လာခေါ်ပေးပါလို့ မှာခဲ့ ပါရစေ” ဟု နာရေး ကူညီမှု အသင်း(ရန်ကုန်) ၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် အား ကြည့်ကာ မှာကြားခဲ့ သည်။
ထို့နောက် “နောက် တစ်ခု က အသုဘ ကို လိုက်မပို့ ကြပါနဲ့၊ ကျွန်တော် ယုံကြည် ရာ ကျွန်တော်လုပ်တယ်၊ အသုဘ ပို့တယ် ဆိုတာ ငွေကုန်၊ လူပန်း၊ အကျိုး မရှိ။ ကန်တော်ကလေး ကနေ ရေဝေးကို လိုက်ပို့ကြမယ် ဆိုရင် အသွား အပြန် အချိန် (၃) နာရီကြာမယ်။ မသာပို့ကောင်းတယ် ဆိုပြီး လိုက်ပို့ပြန်တော့လည်း အကျိုး မရှိဘူး၊ အတင်း ပြောပြီးပြန်ကြမှာ။
ရေဝေး မှာ ဆို တစ်ချို့ က ကားပေါ်ကနေ မဆင်းဘူး ကားမှားမှာ စိုးလို့၊ ပို့ပြန်တော့လည်း မရဏနု ဿ တိ ဘာဝနာ မစီးဖြန်းနိုင်ကြဘူး၊ ရယ်ကြမောကြ နဲ့။ မသာရှင်ဘက် က ကားတစ်စီး (နှစ်သောင်းခွဲ) နဲ့ ကား (၇) စီး ငှားရင် … ၊ အတင်းပြောတဲ့ သူတွေကို ယပ်တောင် က ကမ်းရ ဦးမယ်၊ ရေသန့်ဘူး ကမ်းရ ဦးမယ်၊ တစ်ခါမှ မဖတ်တဲ့ တရား စာအုပ် ကမ်းရ ဦးမယ်၊ မသာ က မီး မသဂြုင်္ိဟ်ရသေးဘူး ကုန်ကျငွေ က (၃) သိန်း မကုန်ဘဲ မီးသဂြုင်္ိဟ်စက် ထဲ မရောက်သေးဘူး။
တွေ့ချင်ရင် မသေခင် လာခဲ့ပါ။ သေပြီးမှတော့ မငိုနဲ့ ပြီးတော့ ဘာမှ မသိတော့တဲ့ ဓါတ်ပုံကြီးရှေ့မှာ ကြွက် စာ၊ ပုရွက်ဆိတ်စာ မကျွေးနဲ့ ပြီးရင် သွန်ပစ်တာ။” ဟုပြောခဲ့ပြီး “တားမရဘူး” သံဝေဂ ကဗျာအား အလွတ် ရွတ် ဆို သွားခဲ့သည်။ ထို့နောက် နာရေးကူညီမှု အသင်း(ရန်ကုန်) မှ အဖွဲ့ဝင်များ အားလုံး အဖိုးနှင့်အဖွားအား ရှိခိုးဦးချ ကန်တော့ ခဲ့ပြီး အဖိုးနှင့် အဖွား မှ ပြန်လည် ၍ ဆုတောင်းပေးခဲ့သည်။
ပြီးနောက် အဖိုးနှင့် အဖွားအား နှုတ်ဆက် ကာ ပြန်လာ ခဲ့တော့သည်။
ဖိတ်စာ ၏ နောက်ကျော စာမျက်နှာ တွင်တော့ -
မှာထား ပါရစေ....
မြန်မာ ဗုဒ္ဓဘာသာဝင် တို့၏ ဓလေ့ထုံးတမ်း တွင် သေတမ်း စာ (Will) ရေးလေ့ မရှိပါ။ ဤအမှာစာ သည် သေတမ်း စာ (Will) မဟုတ်ပါ။ တစ်နေ့နေ့ တွင် သေရမည့် သူ (၂) ယောက် ၏ ရင်ထဲက တူညီသော ဆန္ဒ ကို လွတ်လ ပ်ပွင့်လင်းမြင်သာစွာ ဆန္ဒဖော်ထုတ်ခြင်း သာ ဖြစ်ပါသည်။
ကျွန်တော်၊ ကျွန်မတို့ ကွယ်လွန်လျှင်
၁။ ဦးကျော်သူ ၏ နာရေး အသင်း အကူအညီဖြင့် နေ့ချင်းပြီး သဂြုင်္ိဟ်ပေးကြပါ။ အချိန် မမီလျှင် နောက်နေ့ အပြီး သဂြုင်္ိဟ်ပေးကြပါ။
၂။ ကျွန်တော်၊ ကျွန်မ တို့ (၁) ဦးစီ ၏ အသုဘ ကို စီစဉ် သူများနှင့် မိသားစုများမှ လွဲ၍ မည်သူမျှ လုံးဝ(လုံးဝ) လိုက်မပို့ကြပါနှင့်။
၃။ ကြွေလွင့်သွားသူ ၏ အပုပ်အပွ အသုဘ ကို လိုက်ပို့ကြမည့် အစား ကျန်ရစ်သူ ကို သူသေသည် အထိ စာနာ၊ ဖေးကူ၊ အားပေး၊ နှစ်သိမ့်၊ ပြုစု၊ စောင့်ရှောက်၊ ကူညီကြပါ။ ကျေးဇူးတင်ပါမည်။
၎။ ဖဲဝိုင်း လုံးဝ (လုံးဝ) မလုပ်ကြပါနှင့်။
တားမရဘူး
တနေကွယ် သေနယ် သို့ တစ်ခါကူး
မေ့လျော့ကာ မသေဘူး မထင် လိုက်ပါနဲ့
နေကွယ်တာ အချိန်များ လျှင်ဖြင့်
သေနယ်ရွာ တစ်ကြိမ် သွားရမယ်ကွယ်
တားမရဘူး။
(ရွှေလွန်နာဂ)
နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ ဥက္ကဌ ဦးကျော်သူ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား သို့ အယူသီးမှု တိုက် ဖျက်ရေးခရီးစဉ် အဖြစ် စာပေဟောပြောရန် သွားရောက်နေပါ သဖြင့် ယင်း သေနေ့ အကြိုနှုတ်ဆက် ပွဲသို့ မတက် ရောက်နိုင်ခဲ့ပါ။
သို့သော် အဖိုး သပြေညို ဦးတင်ရွှေနှင့် အဖွား ဒေါ်တင်ရီ တို့၏ မှာကြားသည့် အတိုင်း ဥက္ကဌ ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှ အလေးနက်ထား ဆောင်ရွက်ပေး မည် ဖြစ် သည်။
ထိုသို့ အဖိုးနှင့် အဖွားတို့၏ မွန်မြတ်သော လုပ်ဆောင်ချက်နှင့် ဘုရား ၏ အဆုံးအမ အတိုင်း လုပ်ဆောင် သွားသော အဖိုးနှင့် အဖွားတို့အား နတ်လူ သာဓု ခေါ်ကြသည့် အသံများ ကြားနိုင်မည် ဆိုပါလျှင် သာဓု … သာဓု … သာဓု ဟူ၍ ပဲ့တင်ထပ်နေမည် မှာ အမှန်ပင်ဖြစ်ပါတော့သည်။
No comments:
Post a Comment