Wednesday, June 17, 2015

ကြည့်မြင်တိုင် ဘူတာ ဖွံ့ဖြိုး တိုးတက်ရေး မှာ ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်း မှုများ စနစ် ကျပြီလား

 MOI Webportal Myanmar's photo.


 ရန်ကုန် ဘူတာကြီး က ထွက်ခွာ လာတဲ့ မြို့ပတ် ရထား တစ်စင်း က ကြည့်မြင်တိုင် ဘူတာ ဆီ ဦးတည် ချဉ်း ကပ်လာပါတယ်။ ဘူတာ တည်စ က တပ်ဆင် ထားတဲ့ အရောင်လွင့်ကြေးနန်းဘုတ် မှာ အချက်ပြ မီးရောင် ကလေးပေါ်လာတဲ့ အခါ အလံချိုး ရုံလုပ်သား ကိုဆန်းဝင်း က ရထား စာရင်း မှတ်နေရာ ကနေ ထလာ တယ်။

 မြန်မာ တစ်နိုင်ငံလုံး မှာ ရှားရှား ပါးပါး ကျန်ရှိနေတဲ့ အလံချိုး အချက်ပြ ဆိုင်ရာ ရထား သံလမ်းချိန်းတဲ့ ပွိုင့်တွေ ကို ကိုဆန်းဝင်း တို့လို ကျွမ်းကျင် သူတွေ ကသာ အသုံးပြုနိုင်တာပါ။ လက်မောင်းကြွက် သားကြံ့ခိုင် မှုတစ်ခု တည်းနဲ့တော့ ရထားကြီး တစ်စင်း မှန်ကန်တဲ့ လမ်းကြောင်း ရွေးချယ် နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 

အချိန်အဆ၊ အတွေ့အကြုံ နဲ့ ရာသီဥတု အခြေ အနေတွေ ကလည်း ရထား တစ်စင်း ပုံမှန် ဝင်ထွက်ဖို့ အရေး ကြီး ပါတယ်။ ကိုဆန်းဝင်း က လုပ်ရိုး လုပ်စဉ် ပြန်လည် အချက်ပေးမှု ကို ရုံပိုင် ထံ ကြေးနန်း အချက်ပြ ပါတယ်။ အဆင် ပြေပါပြီ။ 

ကြည့်မြင်တိုင် ဘူတာ မှာ ရထား တစ်စင်း ဆိုက်ကပ် ခဲ့ပါပြီ။ လက်ယာရစ် ရထား ၄၅ စီးနဲ့၊ လက်ဝဲ ရစ်ရထား ၃၈ စီး တို့ ကြည့်မြင်တိုင် ဘူတာ ကို နေ့စဉ်ဖြတ်သန်းနေ တာပါ။

ကိုဆန်းဝင်း အပါအဝင်ခြောက်ဦးသော အလံချိုး ရုံလုပ်သားတွေ အတွက်တော့ အော်တိုစနစ် မရောက်ရှိ ခင် စပ်ကြား ကြည့်မြင်တိုင် ဘူတာ ရဲ့ ဇာတ်လိုက် တွေ အဖြစ် ရပ်တည်နေဦး မှာပါ။

ရန်ကုန်-ပြည် ရထားလမ်း ကို ၁၈၇၇ ခုနှစ် မေ ၁ ရက်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ ၁၈၇၆ ခုနှစ်မှာ ရန်ကုန်-ပြည် ရထားလမ်း အတွက် လမ်း ဘူတာ ၁၈ ခု တည်ဆောက်ခဲ့ ရာမှာ ကြည့်မြင်တိုင် ဘူတာရုံ ပါဝင် ခဲ့ပေမယ့် ယနေ့မြင်တွေ့နေရ တဲ့ အဆောက် အအုံတော့ မဟုတ်သေးပါဘူး။ 


 
ကမ္ဘာ့ ပထမဆုံး ဒါလင်တန်-စတော့တန် မီးရထားလမ်း ထက် ၅၂ နှစ် နောက်ကျပြီးပေါ်ထွက် လာတဲ့ မြန်မာ့ ပထမဆုံး ရထားလမ်းပေါ် က အချက်အချာ ကျတဲ့ ကြည့်မြင်တိုင် (Kemmendine) ဘူတာ ရဲ့သမိုင်း ဟာလည်း လှပ ခဲ့ပါတယ်။

မြန်မာ့သမိုင်း မှာ ပထမဆုံးဖောက်လုပ် တဲ့ ရထားလမ်းဖြစ်တဲ့ ရန်ကုန်-ပြည် ရထားလမ်းကို ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထား လုပ်ငန်းက ပိုင်ဆိုင် ခဲ့ပြီး ဗြိတိန်နိုင်ငံ လုပ် ရေနွေးငွေ့စက်ခေါင်းနဲ့ ခုတ်မောင်းပြေးဆွဲ ခဲ့ရာမှာ ကြည့်မြင်တိုင် ဘူတာ ဟာလည်း အထင် ကရ အဖြစ် ပါဝင်ခဲ့တာပါ။ 

ယနေ့မြင်တွေ့နေရ တဲ့ ဘူတာ အဆောက်အအုံ ကို ၁၉၂၈  ခုနှစ်  တည်ဆောက် ခဲ့တယ်လို့ သိရှိရတာမို့ သက် တမ်းအားဖြင့် နှစ်ပေါင်း ၈၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

''နာဂစ် မုန်တိုင်းကြောင့် မူလ အုတ်ကြွပ် မိုးတွေ ပျက်စီး သွားတဲ့ နေရာ မှာ သွပ်မိုး အစားထိုး ခဲ့ရတယ်။ ဘူတာ အဆောက်အအုံ အကြောင်း သမိုင်းမှတ်တမ်း မှတ်ရာ တွေ့ဖို့လည်း မလွယ်တော့ဘူး။ မုန် တိုင်းကြောင့် ပြိုကျ သွားတဲ့ အုတ်ကြွပ်တွေမှာ ပါတဲ့ ခုနစ် ကိုမြင်တော့မှ သတိ ထားမိခဲ့တယ်။ 

 MOI Webportal Myanmar's photo.

အခုအချိန် မှာ ကြည့်မြင်တိုင် ဘူတာ က ရှေးဟောင်း အဆောက်အအုံ စာရင်းထဲမှာ ပါဝင်ပါတယ်။
အထူး တလည် ထိန်းသိမ်း စောင့်ရှောက်မှုမျိုး မရှိပေမယ့် ပုံမှန် သန့်ရှင်းရေး နဲ့ ဆေးသုတ် တာတို့ လုပ် ပါတယ်။

အဆောက်အအုံက ခိုင်ခံ့တဲ့ အပြင် စနစ်တကျတည် ဆောက် ခဲ့တဲ့ ကိုလိုနီခေတ် လက်ရာ အဆောက် အအုံဖြစ်ပါတယ်။ မကြာခင် မှာ ကြည့်မြင်တိုင် ဘူတာကို အဆင့်မြှင့် တင်တာ စတင်တော့ မယ်လို့ သိရပါ တယ်။ ဘူတာ ရပ်ဝန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဈေးဝယ် စင်တာတွေ၊ အဆောက်အအုံတွေ နဲ့ရေ တွင်းရေကန်တွေ၊ ကုန်သိုလှောင် ရုံတွေ တည်ဆောက် ဖို့ တင်ဒါတွေခေါ်ယူနေပါတယ်။ 

ဖွံ့ဖြိုးမှု ဧရိယာ အတွက် ရှစ်ဧကကျော် ကို လျာထား ပါတယ်။ အပိုင်း သုံးပိုင်းခွဲပြီး လုပ်ဆောင် သွားဖို့ရှိ ပါ တယ်''လို့ ကြည့်မြင်တိုင် ဘူတာ ရုံပိုင်ကြီး ဦးစိန်ဝင်း က ပြောပါ တယ်။

မြန်မာ့ မီးရထား ရဲ့ ဘူတာရုံတွေ မှာ အလိုအလျောက် ဒီဂျစ်တယ် အချက်ပြ စနစ်ပြောင်းလဲ သွားမယ့် အပြင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးတွေ၊ သံလမ်းတွေ မှာ ကျောက်တွေဖြည့်တင်း တာ၊ သံလမ်းဆက် မခိုင် တာတွေနဲ့ လူအင်အား အသုံးပြု လုံခြုံရေး တံခါးတွေ၊ အချက်ပြ စနစ်တွေ၊ လမ်းကြောင်း ပြစနစ်တွေ အားလုံး ကို အဆင့်မြှင့် တင်ရာ မှာ ကြည့်မြင်တိုင် ဘူတာ ရှေ့ဆုံးက ပါဝင်တယ်လို့ မြန်မာ့ မီးရထား အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်)မှ ဦးထွန်း အောင်သင်း က ပြောပါတယ်။

ကြည့်မြင်တိုင် ဘူတာ ဟာ အထင် ကရ ဘူတာ တစ်ခုဖြစ်ပြီး နေ့စဉ် လူဦး ရေ ပျမ်းမျှ ၂ဝဝဝ ကျော် အသုံးပြု စီးနင်းနေတဲ့ ဘူတာတစ်ခုဖြစ်ပါတယ်။ အများစု ဟာ ရွှေ့ပြောင်း လုပ်သား တွေ၊ ကြည့်မြင်တိုင် တစ်ဖက် ကမ်း က လုပ်သားတွေ နဲ့ ရန်ကုန်မြို့တွင်း နဲ့ မြို့ပြင် ကို ဆက်သွယ် ရာနေရာ တစ်ခု ဖြစ်တဲ့ အပြင် ရထား ကနေ ကား ခရီး စဉ်ပြောင်းစီး ဖို့ နေရာကောင်းတစ်ခု လည်းဖြစ်တာကြောင့် ဘူတာ ကိုအသုံး ပြုတဲ့ ခရီး သွားတွေ များပြားပါတယ်။

''ကြည့်မြင်တိုင်ဘူတာ ၇ပ်ဝန်း ထဲမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ဖို့ ရှိတယ်။ စီမံကိန်း အနေ အထားနဲ့ နှိုင်း ယှဉ် ရင် ဘူတာနေရာ က တော်တော် သေးငယ် သွားမယ်။ ဒီမှာရှေးဟောင်း အဆောက် အအုံတွေရှိတယ်။ အလံချိုး ရုံ တွေမှာ ဆိုရင် လှေကားတောင် မှ လက်ဖြစ် လုပ်ထားရတယ်။

ရထား အချက်ပြ စနစ်နဲ့ လမ်းချိန်းတဲ့ စနစ်တွေ က ဘူတာ တည် ကတည်း က ပစ္စည်းတွေဖြစ်တာမို့ ထိန်း သိမ်းစောင့်ရှောက်သင့် ပါတယ်။

ကျွန်တော်တို့ တင်ပြ ထားတာလည်း နှစ်နဲ့ ချီပြီးကြာ ပါပြီ။ ဂျိုက်ကာချေးငွေ နဲ့ လုပ်ပေးမယ် လို့တော့သိရပါ တယ်။ ရထားပိုင်မြေတွေ မှာ အဆောက် အအုံကြီး တွေဆောက်ပြီး ဖွံ့ဖြိုးအောင် လုပ်သလို ရထား ဝန် ထမ်းတွေ ရဲ့ လုပ်ငန်းတွေ၊ ဘူတာရုံကြီး ရဲ့ အဆင့်အတန်း နဲ့ ဂုဏ် သိက္ခာတွေ ကိုလည်း မြှင့်တင်ပေး ရမှာဖြစ် ပါတယ်။ 

လက်ရှိ ကြည့်မြင်တိုင် ဘူတာ ကို ရှေးဟောင်း အဆောက် အအုံ အဖြစ် ထိန်းသိမ်း သွားသင့် သလို အလံချိုးရုံ နဲ့ အခြားရှေးကတည်းက ရှိခဲ့တဲ့ ရထားလုပ်ငန်း နဲ့ ဆိုင်တဲ့ အဆောက် အအုံတွေ ကို ရှေးမူ မပျက် ပညာ ရှင်တွေ နဲ့ ပြုပြင် ထိန်းသိမ်းသွားသင့် ပါတယ်''လို့ ကြည့်မြင်တိုင် ဘူတာ ဝန်ထမ်း တစ်ဦးက သူ့ခံစားချက် ကို ပြော ပါတယ်။

''ကြည့်မြင်တိုင် ဘူတာ မှာ ကုန်လှောင်ရုံတွေဆောက်လုပ် ဖို့ တင်ဒါ ခေါ်ယူနေပါတယ်။ ဘူတာရုံဝင်း ကားလမ်း မဘေး မှာ ဆောက်လုပ် မှာဖြစ်ပြီး တင်ဒါတွေကို စတင်ရောင်းချပေးနေပါပြီ။ ရန်ကုန် ဘူတာကြီး မှာ ရှိတဲ့ ကုန်လှောင်ရုံတွေ အားလုံးကို ကြည့်မြင်တိုင် ဘူတာ ကိုရွှေ့မှာဖြစ်လို့ ကြည့် မြင်တိုင် ဘူတာက ပိုပြီး စည်ကားလာဖို့ ရှိတယ်''လို့ မီးရထား တိုင်း(၆) က တာဝန်ရှိသူ က ဆိုပါတယ်။

ဒါ့အပြင် ကြည့်မြင်တိုင် ဘူတာ စင်္ကြံတံတားဖြစ် တဲ့ သံတံတားကြီး ဟာ လည်း ကာလကြာ ဇရာထောင်း လာတာနဲ့ အမျှ ကြံ့ခိုင်မှု အားနည်းနေ ပါပြီ။ နေ့စဉ် နဲ့ အမျှဖြတ်သန်း သွားကြသူများ ကို ချီမ ခဲ့ရတာကြောင့် သစ်သားခင်း တွေဟာ မညီညာနိုင်တော့ပါဘူး။ အန္တရာယ် ကင်းကင်း ဖြတ်သန်း အသုံး ပြုနိုင်ရုံ အဆင့်ထက် မကဘဲ ရှေးမူ မပျက် လှပ တင့်တယ်အောင် ပြုပြင်သင့် နေပြီလို့ ရထားစီး ခရီးသည် တစ်ဦး က ဆိုပါတယ်။

ယိုင်နဲ့နေတဲ့ ရထား အချက်ပြ အလံချိုး အဆောက်အအုံတွေ နဲ့ ဆက် သွယ်ရေး စနစ်တွေ က ပြောင်းလဲမှု ကိုစောင့်ဆိုင်းနေသလို ကြည့်မြင်တိုင် ဘူတာ နယ်နိမိတ် ဟာလည်း မကြာမီမှာ အဆင့်မြင့်ရှော့ ပင်းမောတွေ ၊ ကား ပါကင်တွေ နဲ့ လူနေ တိုက်ခန်းတွေကြောင့် ကျဉ်းမြောင်း လာတော့မှာကို ပူပင်ကြ သူတွေ အများ အပြား ရှိပါတယ်။

''မြန်မာ့ ရထား သမိုင်းမှာ ရန်ကုန်-ပြည် လမ်းပိုင်းနဲ့ အတူ ကြည့်မြင်တိုင် ဘူတာရဲ့သမိုင်းက တွဲပြီး ပါဝင်နေ တယ်။ မြန်မာ့ မီးရထား ဟာ အဆင့်မြင့် ခဲ့တဲ့ အတိတ်ကာလ ရှိခဲ့ရာ မှာ ကြည့်မြင်တိုင် ဘူတာ ကလည်း ကျ ရာ တာဝန် ကျေပွန်ခဲ့ပါတယ်။ အခုချိန် မှာတော့ ဘူတာရုံ ဟာ အိုနေပါပြီ။ ဖွံ့ဖြိုး တိုးတက် လာဖို့ဆောင် ရွက်နေတာ ကို ကျေးဇူးလည်း တင် ဂုဏ်လည်းယူပါ တယ်။ 

တစ်ဖက် ကလည်း ဖွံ့ဖြိုး တိုးတက်မှုတွေနဲ့ အပြိုင် ဘူတာရုံဟောင်း ကြီး လှလှပပ ဆက်လက် တည်ရှိဖို့ လည်း ဆောင်ရွက်ပေးပါ လို့ ပြောချင်ပါ တယ်။

ကြည့်မြင်တိုင် ဘူတာရုံ နဲ့ ပုံစံတူ ကိုလိုနီခေတ်လက်ရာ ဘူတာရုံ ဟောင်းတွေ ကို အင်္ဂလန် မှာ ဒီနေ့ အထိ မြင်တွေ့နိုင်ပါတယ်။ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် ဖို့သာ လိုအပ် တာပါ''လို့ ကိုလိုနီခေတ် က ကြည့်မြင် တိုင် ဘူတာ ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ အသက် ၉၄ နှစ် အရွယ် ဦးမိုက်ကယ် က ဆိုပါတယ်။

ရထား ခုတ်မောင်းလာတဲ့ အခါ အလံချိုးရုံ လုပ်သား ကိုဆန်းဝင်း က တာဝန်ကျ ရုံပိုင် ရဲ့အချက်ပြမှု ကို ကြည့် ရင်း အရောင်မှိန်နေ တဲ့ ပွိုင့် အနီ ရောင် ကို ဆွဲတင်ပေးလိုက်ပါတယ်။

''နေသိပ်ပူနေရင် သံလမ်းတွေက ကျယ်တယ်ဗျ။ အချိန်အဆ ကို သတိ ထားရတယ်။ တစ်ခါတလေ ကျရင် ပွိုင့်ဆွဲလို့ ခက်တတ်တယ်။ အဲဒီအခါ ကျရင် ကိုယ်တိုင် ဆင်းပြီး ပွိုင့် ကို ကလစ်နဲ့ ကျပ် ရတာပေါ့ဗျာ။ မီးရထား မိသားစု ပတ်ဝန်းကျင် မှာ ကြီးပြင်း လာရတာ ဆိုတော့ သံလမ်းတွေပေါ် မှာပျော်တယ်။

အဆောက်အအုံ သစ်ကြီးတွေပေါ်လာပြီး ခေတ်မီ ဒီဂျစ် တယ်စနစ် နဲ့ လုပ်ကြ ကိုင်ြ ရမယ် ဆိုတော့ ကောင်း တာပေါ့။ ဒါပေမယ့် ဒီမြင်ကွင်းတွေ၊ အတွေ့အကြုံတွေ ကိုတော့ လွမ်းနေရ မှာပေါ့။ ကြည့်မြင် တိုင် ဘူတာ ကြီး မှာ အလိုအလျောက် စနစ်တွေနဲ့ ရထားလမ်းတွေ ကို အပြည့် အဝ ထိန်းချုပ်နိုင်တဲ့ တစ်နေ့မှာ ကျွန်တော် တို့လို အချက်ပြ ကြေးနန်း စနစ် ကျွမ်းကျင်သူ အလံချိုး ရုံဝန်ထမ်းတွေ ဘာတာဝန် ယူရမလဲ ဆိုတာ တော့ မသိသေး ဘူးပေါ့ဗျာ'' လို့ ပြောပါတယ်။

ဖွံ့ဖြိုး တိုးတက်မှုတွေ ဟာ ပြောင်းလဲ လာတဲ့ မြန်မာ့ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံရေး နယ်ပယ် အသီးသီး မှာ ပေါ်ထွက် လာနေပါပြီ။ ဖွံ့ဖြိုး တိုးတက်မှု နဲ့ အတူ ရှေးဟောင်း အမွေ အနှစ်တွေ၊ နိုင်ငံသားတွေရဲ့ အတွေး အခေါ်နဲ့ လူမှု ဘဝ ပုံစံတွေ သက်မွေး ဝမ်းကျောင်းမှု ပုံစံတွေပြောင်းလဲ၊ ဆုံးရှုံး လာတတ်တာ ကို မျှခြေ တစ်ခု ရှာဖွေရင်း ရှေ့ဆက် လှမ်းကြရမှာပဲ လို့ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် က သူ့အမြင် ကို ပြောခဲ့ပါတယ်။


သတင်ဆောင်းပါး-ခင်ရတနာ
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

 From...   MOI Webportal Myanmar

No comments:

Post a Comment