Thursday, January 15, 2015
အနာဂတ် မဲ့သော အနာဂတ် များ
              ရန်ကုန်မြို့ ၏ ဒီဇင်ဘာ လ နံနက်ခင်း လေးနာရီ ခွဲ အချိန်တွင် တိုက် အနောက်ဖက် လမ်းကြား တစ်ခု ၌(၁၃) နှစ်ခန့် အရွယ် လူငယ် သုံးဦး သည် စွန့်ပစ် ပစ္စည်း များကို မွှေနှောက် ရှာဖွေနေကြသည်။
သူတို့တွင် ညစ်ပတ်သော စွန့်ပစ် ပစ္စည်း များကို ကိုင်တွယ် ရန် လက်အိပ် မပါ။ မှုန်ဝါးဝါး နံနက် စောစော အချိန် မို့ လက်နှိပ်မီး တစ်လက် ပါသည်။ ခြေထောက်တွင် သားရေ လည်ရှည် ဖိနပ် ကိုယ်စီ စီးထားကြသည်။ ပီနန် အိတ်ကြီးကြီး သုံးလုံးပါသည်။
 သူတို့သည် ပတ်ဝန်းကျင် မှ ကြားနေ ရသော တရားသံကို လည်း သတိ မထားမိ။ သူတို့ အရွယ် ကလေးများ စာမေးပွဲ ဖြေချိန် စာကျက်သံ ကိုလည်း အလေး မမူ။ ခရစ္စမတ် တွင် ပျော်ရွှင် ၀မ်းသာ ဖွယ်ရာ လက်ဆောင် ပစ္စည်း တစ်ခု ကို တစ်ဦး တစ်ယောက် ဆီမှ ရရန်လည်း မမျှော်လင့်နိုင်ပေ။
လူ အများ စွန့်ပစ် ထားသော ပစ္စည်းများ ထဲမှ လိုချင်သော အရာ များ၊ ပြန်ရောင်း ၍ ရသော၊ ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများ ကို စိစစ် ရွေးချယ်နေသည်။ “အမှိုက်ထဲကရွှေ” ဆိုသော စကားသည် ယင်း ကလေး များ အတွက်တော့ အလွန် မှန်ကန်နေသည်။ စွန့်ပစ် အမှိုက်ပုံ မှ ရသော ပုလင်း များ၊ ရေ သန့်ဘူး များ နှင့် တခြား အတို အစများ အပြင်  ထမင်းကျန်၊ ဟင်းကျန် များသည် သူတို့အတွက် ၀င်ငွေများ ဖြစ်နေ သည်။
 ရေသန့် ဘူး နှင့် ပုလင်း များကို ဆိုင် များတွင် နေ့စဉ် ရောင်းချပြီး ထမင်း ကျန် ဟင်းကျန် များကို ၀က်မွေး သူ များ၊ ကြက်မွေး သူများ ထံပေး၊ သူတို့ပေးသော ငွေစလေး များကို ယူ၍ နေ့စဉ် ဖြတ်သန်း နေကြသော ကလေး များ သည် အမှိုက်ပုံ ထဲတွင် ကလေး ကစား စရာ အရုပ် အဟောင်း အကျိုးအပဲ့ ကလေးများ တွေ့ လျှင် လည်း ကစား ရန် အမြတ်တနိုး သိမ်းဆည်း ထား တတ်ကြသေးသည်။
              အမှိုက်ပုံ သည် သူတို့ ဘ၀၊ သူတို့ မျှော့်လင့် စရာ၊ အမှိုက်ပုံ သည်သာ လက်ရှိ သူတို့ ၏ ဘ၀ ရပ် တည်ရာ ဖြစ်နေသည်။ နံနက် စောစော အချိန် သည် သူတို့ လုပ်ငန်းခွင် ၀င်ရန် အချိန်ကောင်း ဖြစ်သည်။
  ““မနက် မနိုး ရင် အမေက နှိုးတယ်။ နောက်ပြီး သွားကောက် ခိုင်းတယ်”” ဟု စွန့်ပစ် ပစ္စည်း ကောက်နေသော အသက် (၁၃) နှစ် အရွယ် အငယ်ကောင် ဟု ခေါ်သော ကလေးက ပြောသည်။
အဆိုပါ ကလေး သည် သူ့၏ အသက်ကို လည်း မသိ သကဲ့သို့ ကျောင်း မနေချင် ဘူးလား လို့ မေးသော အခါ တွင်လည်း အမေ က မတက်နဲ့ လို့ ပြောတယ် ဟု ဆိုသည်။ သို့သော် ရေသန့် ဘူး တစ်ဘူးငွေ ဘယ်လောက် ရမည်၊ ပုလင်း တစ်လုံး ဘယ်လောက် ရမည်၊ ဘယ်နေရာ များတွင် ဘယ်အချိန် ၌ ရေသန့် ဘူးများ၊ ပုလင်း များ များများ စားစား ရှိနိုင်သည် ကိုတော့ ဘ၀ပေး အခြေ အနေအရ ကောင်းကောင်း သိနေသည်။
စွန့်ပစ် ပစ္စည်း ကောက်ယူနေသော ကလေး များ၏ မိသားစု များသည် အများ အားဖြင့် ကျူးကျော် ရပ်ကွက် များ၊ မြို့ အစွန် ရပ်ကွက် များတွင် နေထိုင်လေ့ ရှိပြီး အတည်တကျ  အလုပ်အကိုင် မရှိကြပေ။ ထို့အပြင် ကျန်းမာရေး မကောင်းသော မိဘများနှင့် ကျပန်း လုပ်ကိုင် နေကြသည့် အခြေခံ အလုပ်သမားသာ များပြား သည်ကိုလည်း တွေ့မြင်ရသည်။
              သူတို့သည် ပြည့်စုံ ကြွယ်ဝသော ၄င်းတို့ အရွယ် ကလေးများ ကဲ့သို့ ကြီးလာရင် ဆရာဝန်ကြီး ဖြစ် ချင်သည်၊ စစ်ဗိုလ်ကြီး ဖြစ်ချင်သည်၊ နိုင်ငံကျော် ဘောလုံး သမားကြီး ဖြစ်ချင်သည်၊ ပြည်သူ့ အကျိုးပြု လုပ်ငန်း များ လုပ်ဆောင် နေသော ခေါင်းဆောင် ကြီးများ ဖြစ်ချင်သည် ဟူသော စိတ်ကူး မျှော်လင့်ချက်မျိုး မရှိ။ သူတို့ အသိ တွင် နေ့စဉ် စွန့်ပစ် ပစ္စည်းများ ရှာဖွေနိုင်မှသာ သူတို့ မိသားစု တစ်နေ့တာ စားဝတ်နေရေး ပြေလည် မည် ဟူ၍သာ။
စားဝတ်နေရေး  ပြဿ        နာကြောင့် ကမ္ဘာမီးလောင် သားကောင် ချနင်း ရခြင်းမျိုးလား၊ သို့တည်း မဟုတ် နိုင်ငံ ၏ စနစ်ဆိုး ခေတ်ဆိုး တစ်ခု ကို ဘ၀နှင့် ရင်းပြီး ဖြတ်သန်း ရခြင်း ပေလော ဝေခွဲရ ခက်လှ သည်။ သေချာ သည်မှာ မိဘတိုင်း သည် သားသမီးတိုင်း ကို ဆင်စီး မြင်းရံဖြစ် စေချင်ကြမည်သာ ဖြစ်သည်။
 နိုင်ငံ၏ လက်ရှိ အခြေအနေ အရ အခြေခံ ပြည်သူ တို့၏ ဘ၀ ကို အမှိုက်ပုံပေါ်မှ ကလေးများ က တစ်စိတ် တစ်ပိုင်း ထင်ဟပ် ပြနေသလို ရှိသည်။
မစားရ ၀ခမန်း၊ နားနှင့် မဆန့်သော စကားလုံး များဖြင့် တည်ဆောက် ထားသည့် ရွှေရောင် လွှမ်းသော ဆောင်း အိပ်မက် စီမံကိန်း များ က ၄င်း ကလေးများ အတွက် ဘီယာဘူးခွံ တစ်ခုလောက်ပင် လက်တွေ့ မဆန်၊ အထောက်အကူ မဖြစ်နိုင်ပေ။
  ““ဒီဟာ က ခိုင်းတယ် လို့လည်း မဟုတ်ပါဘူး။ သူတို့ ရတာ သူတို့ ယူတာ လည်း ရှိတယ်။ တစ်ခါ တစ် ခါတော့ များများ ရရင် ပေးပါတယ်။ ကိုယ့် သားသမီး ကိုတော့ ဘယ်ခိုင်း ချင်ပါ့မလဲ”” ဟု စွန့်ပစ် အမှိုက်ကောက် သူကလေး တစ်ဦး ၏ မိခင် ဒေါ်တင်လှ (အမည်လွှဲ) က ပြောသည်။
               မိဘများ အနေဖြင့် မိမိ၏ ရင်သွေး များကို ပညာတတ်ကြီး ဖြစ်စေချင်သော်လည်း  အဆိုပါ ကလေးများ ၏ ၀င်ငွေမှာ တစ်နေ့ သုံးထောင် နီးပါး ရှိရာ စီးပွားရေး ကျပ်တည်းသော အခြေအနေတွင် လက် မခံ၍ မဖြစ်သည့် အနေ အထား ဖြစ်နေသည်။ 
              ထိုကဲ့သို့ စွန့်ပစ် အမှိုက်ကောက်သော ကလေးများ သည် အနည်းဆုံး နှစ်ယောက်၊ သုံးယောက်ခန့် စုကာ ကောက်လေ့ ရှိပြီး၊ နံနက်စောစော ထကောက်လေ့ ရှိကာ တစ်ခါ တစ်ရံ တွင် ရပ်ကွက် အတွင်းရှိ   ပိတ် ထားသော ဆိုင်များ ရှိ ပစ္စည်း များကို လည်း ခိုးယူတတ်ကြကြောင်း ဆင်ခြေဖုံး ရပ်ကွက်များ တွင် နေ ထိုင် သူ တချို့က ဆိုသည်။
               တစ်ခါ တစ်ရံ တွင် ကလေး ငယ်များ အမှိုက်ကောက်နေခြင်း ကို အော်ဟစ် ငေါက်ငမ်းခြင်း၊ ထွက် သွားရန် စေခိုင်းခြင်း၊ ရဲတိုင် မည်၊ ဥက္ကဋ္ဌတိုင် မည်ဟူသော ခြိမ်းခြောက်ခြင်း များလည်း ရှိနေသည်ဟု စွန့်ပစ် ပစ္စည်း ကောက်ယူနေသော ကလေးများက ဆိုသည်။
              ““စီးပွားရေး ကျပ်တည်းတော့ ကာရိုက်တာတွေ ပျက်စီးလာတယ်။ မိဘတွေကလည်း ကိုယ့်သား သမီးကို ခိုင်းစား ဖို့ပဲ တွေးလာတယ်။ ဒီဟာတွေ က နိုင်ငံတော် အစိုးရ အနေနဲ့ စောင့်ကြည့် စိစစ် စရာတွေ ဖြစ် လာပြီ”” ဟု ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသော ရန်ကုန် နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
               ရန်ကုန်မြို့ တွင် စွန့်ပစ် ပစ္စည်းများ ကောက်ယူ ရောင်းချနေသော ကလေးများ ကို ကောက်တို ဟု ခေါ်ပြီး ၎င်းတို့ သည် လူလစ် ပါက ပစ္စည်းများ ခိုးယူခြင်း၊ ကော်ရှူခြင်း စသည် တို့ ကိုပါ လုပ်ဆောင်လေ့ ရှိကြောင်း နေ့စဉ် ကောက်တို ဖမ်းဆီးမှု ကို လုပ်ဆောင် ခဲ့ရကြောင်း ရန်ကုန် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းရန်နိုင် က ဆိုသည်။
               ““ဖမ်းမိရင် မိဘတွေ ဆီ ပြန်အပ်တယ်။ မျိုးရိုး မဟုတ်ဘဲ နောက်ဆက်တွဲ ရာဇ၀တ်မှုတွေ ပါ ဖြစ် လာ ရင် မကောင်းဘူး။ သူတို့ က ရာဇ၀တ်မှုတွေ နဲ့ ဆက်နွယ် တာတွေလည်း ရှိတယ်”” ဟု ဒုရဲမှူးမင်းရန်နိုင် က ဆိုသည်။
               ယင်း ကလေးငယ် များတွင် ထိုသို့သော အကျင့် စရိုက်ဆိုး များ ရှိနေပါက ၄င်း တို့၏ အနာဂတ် လူ့ အဖွဲ့အစည်း အတွက် ရင်လေး စရာ တစ်ခု ဖြစ်လာနိုင်သည်။ တစ်နည်း အားဖြင့် ၄င်းတို့သည် တိုင်းပြည်၏ စနစ် ဆိုးကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ကျပ်တည်းမှု ၏ တစ်စိတ် တစ်ပိုင်းသော သားကောင် များ ဖြစ် သည်။
               အဆိုပါ ကလေးငယ် များ သည် အမှိုက်ပုံ များတွင် နံနက်စောစော ဝေလီ ဝေလင်း အချိန်တွင် မမြင် မကန်းဖြင့် မွှေနှောက် ကာ ပစ္စည်း များကို ရှာဖွေနေသည် မှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် လည်း အလွန် အန္တရာယ် များသည်။ 
စွန့်ပစ် ထားသော အညစ် အကြေး များသည် အသက်ရှူ  လမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကူးစက်ရောဂါ၊ အဆုတ်ရောဂါ များ ဖြစ်ပွားနိုင် သည့် အပြင် ခန္ဓာကိုယ် အစိတ် အပိုင်း များကို တစ်စုံ တစ်ရာ ချွန်ထက်သော ပစ္စည်း များဖြင့် ထိခိုက် မိပါက အညစ် အကြေး များကြောင့် ရောဂါပိုး ၀င်ရန် အလွန် လွယ်ကူသော အနေ အထားမျိုး ဖြစ်နေကြောင်းလည်း ဆရာဝန် အသိုင်း အ၀ိုင်းက သုံးသပ်သည်။
                ““အသက်ရှူ  လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်တတ်တယ်။ စိတ်ပိုင်း ဆိုင်ရာတွေပါ ထိခိုက် မယ်။ အဆုတ်ရောဂါ၊ ဓာတ်မတည့် လို့ အရေပြား ရောဂါ၊ ကူးစက် ရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်”” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦး က ဆိုသည်။
               မြန်မာနိုင်ငံ တွင် နှစ်စဉ် ကလေး ဆယ်သိန်း ခန့် မွေးဖွားနေကြောင်း၊ မူလတန်း အရွယ် ကလေး သည် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် တွင် (၂ ဒသမ ၇) သန်း ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ချက်များ အရ သိရသည်။
 မြန်မာနိုင်ငံ တွင် နှစ်စဉ် မူလတန်း ကျောင်းသားများ မှ အလယ်တန်း ကျောင်းသား ဖြစ်လာသူမှာ တစ်ဝက် ခန့် သာ ရှိပြီး၊ အထက်တန်း သို့ တက်နိုင်သူ နှစ်စဉ် ရှစ်သိန်း နီးပါးသာ ရှိနေရာ၊ စာသင်ခန်း ပြင်ပ သို့ ရောက် ရှိသွားသော ကလေးများသည် လုပ်ငန်းခွင် သို့ ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက်မှု ရှိနေနိုင်သည်။ 
အချို့သည် ကလေး လုပ်သားများ အဖြစ် လည်းကောင်း၊ တချို့သည် မိဘ ကို ကူညီသော ပုံစံဖြင့် လည်းကောင်း ၊ ပုံစံမျိုးစုံဖြင့် ၀င်ရောက် နေနိုင်ကြသည်။
ထိုသို့ ၀င်ရောက်သော ပုံစံ ထဲတွင် စည်ပင် သန့်ရှင်းရေး ၀န်ထမ်း များက ၎င်း ၏ သားသမီး ကျောင်းနေ အရွယ် ကလေးများကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်လာပြီး အမှိုက်ပုံ ထဲရှိ ရောင်း၍ရသော ပစ္စည်းများ ကို ကောက် ယူ၍ ရောင်းချခိုင်းခြင်း များလည်း ပါဝင်သည်။
               ““ပြန်ရောင်းလို့ ရတဲ့ အမှိုက်တွေပဲ ကောက်ကြတာလေ။  သူ့ စားဝတ်နေရေး တစ်ဖက် တစ်လမ်း က အဆင်ပြေတာပေါ့။ ကျွန်တော်တို့ လည်း ဒီဟာ ကို မပိတ်ပင်ဘူး ဆိုတာက စားဝတ်နေရေး အတွက် လုပ်တာ ဆိုတော့ မကောင်းဘူးလေ””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး မှ ဦးတိုးအောင် က လက်ရှိ အခြေအနေကို ပြောသည်။
                ထိုကဲ့သို့ ကလေး သူငယ် များ စွန့်ပစ် ပစ္စည်းကောက်ယူ ရောင်းချနေသော ကိစ္စသည် မြန်မာနိုင်ငံ အနေဖြင့် ဖြေရှင်း၍ မရသော အနေ အထားဖြစ်နေပြီး ၀မ်းနည်းစရာ ကောင်းကြောင်းလည်း ဦးတိုးအောင် က ဆိုသည်။
              ““ဒီလို ကလေးတွေ ကိစ္စ က လူမှု ၀န်ထမ်း တစ်ခုတည်း နဲ့ လည်း ဖြေရှင်းလို့ မရဘူး။ ပညာရေး ၀န်ကြီးဌာန တစ်ခုတည်းနဲ့ လည်း လုပ်လို့ မရဘူး။ မိဘတွေ ရဲ့ အသိ ပညာတွေနဲ့ လည်း ဆိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေးနဲ့ လည်း သွားဆိုင်ပြန်တယ်။ အဖေ၊ အမေတွေ အလုပ်မရှိတဲ့ ပြဿ        နာလည်း ရှိတယ်။ 
လူမှုဘ၀ လို့ ပြောလိုက် တာနဲ့ တစ်စ တစ်စ ဆွဲရင်း နဲ့ အစတွေ အများကြီး ထွက်လာတယ်””ဟု လူမှု ၀န် ထမ်းနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန  လူမှု ကာကွယ် စောင့်ရှောက်ရေး ဌာနမှ   ဒေါက်တာ စန်းစန်းအေး က ပြောသည်။
                 အသက် ခြောက်နှစ် အထက် ဆင်းရဲနွမ်းပါးသော ကလေး သူငယ်များကို လူမှု ၀န်ထမ်းနှင့် ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သန်လျင် လူငယ် သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ် သင် တန်းကျောင်း၊ ထောက်ကြန့် လူငယ် သင်တန်းကျောင်း ဟူ၍ ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်လျက် ရှိသော် လည်း ရန်ကုန်မြို့ရှိ အမှိုက်ပုံများ၊ တိုက်နောက်ဖေး လမ်းကြားများတွင် ကလေး သူငယ်များသည် စွန့်ပစ် ပစ္စည်းများ ကောက်ယူ ရောင်းချနေရဆဲ ဖြစ်သည်။
                ရန်ကုန်မြို့တော် အတွင်း လှည့်လည် သွားလာနေသော လေလွင့် ကလေး များကို ထိန်းသိမ်းလျက် ရှိနေပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလ အထိ  ကလေးငယ် အယောက် တစ်ထောင်ကျော် ထိန်း သိမ်း ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ သိရသည်။
              သို့သော်လည်း ယင်း ကဲ့သို့ ဖမ်းဆီး ထိန်းသိမ်း ရုံဖြင့် အဆိုပါ ကလေးငယ် များ၏ ဘ၀ အခြေအနေ မှာ ပြောင်းလဲ သွားမည် မဟုတ်ဘဲ ၄င်း ကလေး များ၏ ဘ၀ ရပ်တည်ရေး အတွက်လည်း ဆောင်ရွက် ပေး သင့်သည်။
               အမှိုက်ပုံပေါ်မှ ကလေး များ၏  အနာဂတ် ကို အစိုးရ၊ လူမှု အဖွဲ့အစည်းများနှင့် မိဘ များက အလေး ထားကာ တည့်မတ်ကြရမည် ဖြစ်သည်။
ထိုသို့ မဟုတ် ပါက ကလေးများ ၏ အနာဂတ် သည် အမှိုက်ပုံ များ ကို မွှေနှောက် ရင်း ကြီးပြင်း ရမည်သာ…။
 တေဇာဘုန်းမြင့်
From... Messenger
 http://www.searchmyanmar.com/link/frame/cid/46056
No comments:
Post a Comment