ကျွန်မ ပြောချင်တာက ကျွန်မတို့ရွာက ကျွန်မ သူငယ်ချင်းတစ်ယောက်အကြောင်းပါ.. သရဲအကြောင်းသက်သက် မဟုတ်ပေမယ့် ထူးခြားဆန်းပြားလွန်းလို့ ပြောပြရတာပါ.. ကျွန်မသူငယ်ချင်းကို တစ်ရွာလုံးက ထူးခြားဆန်းပြားတဲ့ ကလေးတစ်ယောက်လို့ သတ်မှတ်ထားကြပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့ သူ့က ဘာပညာရပ်မဆို ကြည့်ရုံပဲဖြစ်ဖြစ် ခဏတာသင်ကြားပေးရုံပဲဖြစ်ဖြစ် အလွယ်တကူ တတ်မြောက်နိုင်လို့ပါပဲ..အဲဒါတင်မကသေးပါဘူး.. သူ့မှာမသင်ပဲနဲ့ မွေးရာပါ သဘောနဲ့ တတ်မြောက်နေတဲ့ ပညာတွေလည်း ရှိနေပါတယ်..
အဲဒီအကြောင်းကို သူ ငယ်စဉ် ကလေးဘ၀ကတည်းက အမှတ်မထင်သိမြင်လိုက်ရလို့ပါ.. ကျွန်မသူငယ်ချင်း နာမည်က စန္ဒာ လို့ခေါ်ပါတယ်.. စန္ဒာဆိုတဲ့ လမင်းလေးလိုပါပဲ.. အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေးနဲ့ တကယ့် ကိုချစ်စရာကောင်မလေး တစ်ယောက်ပါ..သူအသက် ၁၃နှစ်လောက်.. တစ်ရက်မှာ သူ့အဖေပိုင် တဲ့ရာဘာခြံကြီးထဲမှာ သူရယ်. ကျွန်မရယ်.. တခြားကလေး သုံးယောက်ရယ်.. ကလေးပီပီ ခြံထဲလှည့် ပတ်ပြီး ဆော့ကစားကြရင်း အမှတ်မထင် ခြံနောက်က တောစပ်ကိုရောက်ရှိသွားပါတော့တယ်..
ကလေးဆိုတော့ ကစားဖို့ပဲ အာရုံမက်ရင်း တောထဲကို ဘယ်လိုရောက်သွားမိကြမှန်းမသိကြပါ ဘူး.. ကြောက်ရကောင်းမှန်းလည်း မသိကြပါဘူး.. ဒီလိုနဲ့ အသီးလေးတွေခူးပြီး ဆော့ရင်း ကစား ရင်း တော်တော်လေး အချိန်လင့်မှ အိမ်ပြန်ဖို့သတိရပါတော့တယ်.. လက်ထဲက စားလို့ရတဲ့အသီးလေးတွေ သူတစ်ဖဲ့ ကိုယ်တစ်ဖဲ့စားရင်း လာရာလမ်းအတိုင်း အိမ်ပြန်ခဲ့ကြပါတော့တယ်..
တဖြေးဖြေး လျှောက်လာကြရင်းနဲ့ အသွားတုန်းက ကျွန်မတို့ဖြတ်လျှောက်ခဲ့ကြတဲ့ စမ်းချောင်းကလေး နား ရောက်ရှိလာပါတော့တယ်.. အချိန်ကတော့ ညနေ နေနဲနဲစောင်းနေပါပြီ.. အဲဒီအချိန်မှာ ကျွန်မတို့ မြင် လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် ကျွန်မတို့အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ပါတော့တယ်.. စမ်းချောင်းဘေးမှာ တွေ့လိုက်ရတာက ဆင်ရုပ် မြင်းရုပ် ဇီးကွက် သိန်းငှက် မြွေ အစရှိတဲ့ အရုပ်မျိုး ဆယ်ရုပ်ကျော်ကျော်လောက် လှုပ်ရှားနေတာတွေ့လိုက်ရပါတယ်...
စစ မြင်မြင်ချင်းတုန်းကတော့ ကျွန်မတို့ ကကြက်ပေါက်လေးတွေ ထင်နေခဲ့ကြတာပါ.. ဒါပေမယ့် အနားကပ် ကြည့်လိုက်တော့ မြေကြီးပေါ်ပေါက် နေတဲ့နွယ်ပင်လေး တစ်ပင်ချင်းကနေ အရုပ်ပုံသဏ္ဍာန်လေးတွေဖြစ်နေ မှန်း တွေ့လိုက်ရတယ်.. အရုပ်လေးတစ်ရုပ်စီ ကနွယ်ပင်လေးတစ်ပင်စီပါ.. ကျွန်မတို့ မြင်ရတာတော့ အရုပ်လေးတွေဟာ ခုန်ပေါက်နေကြပါတယ်.. ဒါပေမယ့် သူတို့ရဲ့ မူရင်းနွယ်ပင်ကြီးကနေတော့ကင်းလွှတ် မသွားကြပါဘူး.. (နောက်မှ လူကြီးတွေပြောပြတာကတော့ သံသေတဇ အရုပ်လေးတွေခေါ်တယ် လို့ပြောပါတယ်... )
အရုပ်လေးတွေဟာ အပင်ကနေ သိဒ္ဒိ တစ်မျိုးကြောင့် အလွန်လက်ရာမြောက်စွာ ထုထားသလိုမျိုးဖြစ်နေပါ တယ်.. အင်မတန်ထူးဆန်းပါတယ်.. ကျွန်မတို့က ကလေးတွေဆိုတော့ ဘာမှန်းမသိပေမယ့် စန္ဒာကတော့ အဲဒီအရုပ်ကလေးတွေက အလွနှ်ရှားပါးပြီး အသုံးဝင်ကြောင်း ၊ အသုံးချတတ်ရင် ကိုယ့်အတွက် အလုပ်မျိုးစုံ လုပ်ပေးတတ်ကြောင်း ပြောပြပါတော့ ကျွန်မတို့လည်းအင်မတန် စိတ်ဝင်စားသွားမိကြပါတယ်.. (အဲ့ဒီလို အသိတွေ လူကြီးတွေတောင်မသိကြပဲနဲ့ ဘယ်လိုသိနေလဲဆိုတာ အဲ့ဒီအချိန်က မတွေးခဲ့မိကြပါဘူး.. ) အဲ့ဒါနဲ့ ကျွန်မတို့အုပ်စုထဲက ကလေးတစ်ယောက်က သူယူမယ်ဆိုပြီး အရုပ်လေးတစ်ရုပ်ကို အပင်အရင်းကနေ ဓားနဲ့ ခုတ်ချလိုက်ပါတယ်...
အဲဒီမှာပဲအရုပ်ကိုမထိပဲ သူ့လက်ကိုသူ ဓားနဲ့ခုတ်မိသွားပါတော့တယ်... ခုတ်တာက ညာလက်နဲ့ခုတ်လိုက် တာပါ.. ဒါပေမယ့် ဘယ်လက်လက်ဖျံကို ဓားချက် ထိထိမိမိကြီးကို ထိသွားပါတော့တယ်.. ဒဏ်ရာက အလွန်ကြီးပါတယ်.. အဲ့ဒါနဲ့ ကလေးသုံးယောက်လည်း ကြောက်အားလန့်အားနဲ့ ငိုယိုပြီး ပြေးသွားကြတယ်.. ကျွန်မကတော့ သိချင်တာနဲ့ သူနဲ့ကျန်ခဲ့ပါတယ်... အဲ့ဒီမှာစန္ဒာက ပြောပါတယ်... "နင်ကြောက်လား.." တဲ့... ကျွန်မကလည်း"လုံးဝမကြောက်ဘူး.....ဘာကိုကြောက်ရမှာလဲ" လို့ပြောပြီး အဲ့ဒီအရုပ်နား မှာရပ်နေလိုက် တယ်..။
အဲ့ဒီမှာသူက" အဲ့ဒါ ဒီအတိုင်းယူလို့မရဘူး" ဆိုပြီး ကျွန်မတို့ခူးလာတဲ့ အသီးတွေထဲက စားလို့ရတဲ့အသီး တချို့ကို ဖက်ရွက်ပေါ်တင်ပြီး တောပိုင်တောင်ပိုင်များကို ပသပါတယ်.. သုံးဆောင်တော်မူကြပါ လို့ပြောပြီး ဂါထာတစ်ခုရွတ်ပါတယ်.. ဘာဂါထာမှန်းမသိပေမယ့် ကျွန်မတို့ကြားနေကျ ဘုရားစာမဟုတ်တာတော့ သေ ချာပါတယ်..
ဂါထာရွတ်ပြီးတော့ အရုပ်တွေကို လက်ညိုးထိုးပြီး ဒီတောတွေဟာ သူ့အဖေပိုင်တဲ့တော နယ်မြေထဲမှာ ပါလို့ သူလိုချင်တဲ့အရုပ်တွေကို သူယူမယ်.. ရအောင် လုပ်ပေး လို့ ပိုင်ပိုင်နိုင်နိုင်ကြီး ပြော ချလိုက်ပါတော့တယ်.. အဲဒီလိုလည်း ပူဇော်ပသ ဂါထာရွတ်ပြီးပြောလိုက်တော့ လှုပ်နေတဲ့အကောင်လေးတွေဟာ ငြိမ်ကျသွားပြီး ပတ်ဝန်းကျင်လဲ တိတ်ဆိတ်သွားတယ်......
အားလုံးတိတ်ဆိတ်သွားတဲ့အချိန်ကျမှ သူက " နင်လိုချင်တဲ့အရုပ်ကို နွယ်အရင်းပိုင်းက ကပ်ပြီး မြန်မြန်ဖြတ်... " လို့ပြောလို့ သူပြောတဲ့အတိုင်း လက်ထဲကဓားနဲ့ မြင်းရုပ်လေးရှိတဲ့ နွယ်ပင်လေးရဲ့ အရင်းကို ခုတ်ချလိုက်တယ်... နောက် ဇီးကွက်ရုပ်ခုတ်တယ်.... ပြီးတော့ မိန်းမရုပ် ခုတ်မယ်အလုပ်မှာ "မိန်းမအရုပ်ကို မခုတ်နဲ့.. အိမ်ရောက်လို့ သူလိုချင်တာလုပ်ပေးနေရရင် ပြီးမှမဟုတ်တော့ဘူး.." တဲ့.. မင်းသားအရုပ်လဲ ဒီလိုပဲ မခုတ်နဲ့ လို့တားပြီး .... " ငါတို့ကငယ်ငယ်ချောချောလေးတွေ အဲဒီမင်းသားအရုပ် က လာကြိုက်နေဘယ်လိုလုပ်မလဲ.. " တဲ့... သူက အဲဒီလိုပြောတာနဲ့ ကျွန်မလည်း ဇီးကွက်ရုပ်နဲ့ မြင်းရုပ်လေး ကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်....။
အိမ်ရောက်တော့ အရုပ်တွေကို ဘုရားစင်အနားထားပြီး အိမ်စောင့်နတ် ဘိုးဘိုးဆီ အပ်ထားလိုက်တယ်.. ဒါကလည်း သူပြောတာပါ.. ဒီအရုပ်နဲ့ သက်ဆိုင်တဲ့သူတွေ လိုက်လာတောင်းမှာစိုးလို့တဲ့........ ကျွန်မတို့ အဲဒီလိုပစ္စည်းတွေ ယူလာပြီး သိမ်းထား ဖွက်ထားတာ အိမ်ကလူကြီးတွေ မသိကြဘူး.. အဲဒီည စန္ဒာလည်း ကျွန်မနဲ့တူတူအိပ်တယ်.. ဒီလိုနဲ့ ညဘက်အိပ်တော့ ကျွန်မနားထဲအသံတစ်သံကြားရပြီး..
" ဟိတ်.. ထ..ထ.. အခု မှန်ထဲကိုယ့်ကိုကိုယ် ထကြည့်ပါဦး.. " ဆိုတဲ့အသံကြားလိုက်ရတယ်.. အဲဒါနဲ့ ကျွန်မလည်း လူးလဲပြီး မှန်ထအကြည့် ကျွန်မ အခန်းထဲမဟုတ်တော့ဘဲ ဘယ်နေရာမှန်းမသိတဲ့ ရွှေရောင် အခန်းတစ်ခု ထဲရောက်နေသလိုပဲ.. အဲဒီအခန်းထဲမှာ မှန်တစ်ချပ်ပဲ ရှိတယ်... မှန်ထဲမှာ မြင်နေရတဲ့ပုံက ကိုယ့်ကို ကိုယ်တောင် မမှတ်မိနိုင်လောက်အောင် ချောမောလှပနေတာကို တွေ့လိုက်ရပါတယ်..
ကိုယ်ပုံကိုမှန်ထဲ ကြည့်ပြီး အရမ်းအံသြနေတယ်... ဆံပင်တွေကလည်း အရှည်ကြီးပဲ ... အဲဒီအချိန် မှာ စောစောကလို အသံ တစ်သံထပ်ကြားရတယ်... " မင်းအရမ်းလှတာပဲ. ဒါ မင်းရဲ့ ကိုယ်ပိုင်ရုပ်ရည်လေ.... ဒီမှာကြည့်စမ်း.... ဒါ မင်းရဲ့ ပစ္စည်းတွေ... " ဆိုပြီး အခန်းထဲ ရွှေငွေကျောက်သံပတ္တမြားတွေပြတယ် ... အခန်းကြီးတစ်ခုလုံ;အပြည့်ပဲ.... " ဒီမှာထပ်ကြည့်တဲ့.... ကြည့်လိုက်တော့ စတိုးဆိုင်လိုလို စတိုခန်းကြီးထဲမှာ ပစ္စည်းတွေ သယ်မနေတဲ့ ကောင်လေး သေးသေးလေး.. သူလဲ ချောချောလေးပဲ... ဒါ မင်း လူပြည်မှာယူရမဲ့ ယောကျာင်္းလေ.. " တဲ့.... " အဲဒီကောင်လေးက ဆင်းရဲတယ်...
ဒီဘက်လှည့်ကြည့်လိုက်ပါအုံး... " ဆိုတော့ ထောင်ထောင်မောင်းမောင်း နန်းဝတ်နန်းစားပုံနဲ့ လူကြီး တစ်ယောက်... သူ့နောက်မှာတော့ ပြိုးပြိုးပြက်ပြက် လက်ဝတ်လက်စားပုံကြီးနဲ့... သူလဲ ချောတယ်... ဒါလည်း သမီးရဲ့ဖူးစားရှင်ပဲတဲ့... သူနဲ့လက်ထပ်ရင် ၀တ်မယ့် ၀တ်စုံတောင်ချုပ်ထားပြီးပြီ.. ဆိုပြီး ရွှေတွေနဲ့ ချုပ်ထားတဲ့ ရွှေရောင်ဖဲသား သတို့သမီးဝတ်စုံကြီးပြတယ်...လှလိုက်တာရှင်.. တစ်သက်နဲ့တစ်ကိုယ် အဲလောက်ကောင်းတဲ့ အ၀တ်အစားမျိုး မင်္ဂလာဝတ်စုံလိုမျိုး မတွေ့ဖူးသေးဘူး.. " ငါတို့သဘောတူတဲ့ လူနဲ့လက်ထပ်ရင် ချမ်းချမ်းသာသာနဲ့နေရမယ် .." ..တဲ့ ...
ကျွန်မလဲ စဉ်စားပြီးတော့ ... လူပြည်က ဆင်းရဲတဲ့ကောင်လေးကိုယူပြီး လူပြည်မှာပဲနေမယ် ပြောတော့  ၀ိုင်းပြီးတစ်ယောက်တစ်မျိုး နားချကြတယ်... တို့နဲ့ပဲနေပါ အမြဲတမ်းပျော်အောင်ထားပါမယ်ပြောပေမယ့် ကျွန်မကလက်မခံတော့ ကြောက်မတ်ဖွယ်ရာအသံဆိုးကြီးတွေနဲ့ အော်ကြတယ်... ငါတို့ချစ်လို့ခေါ်တာ နင်ကငါတို့ကို မချစ်ဘူး ဆိုပြီး ၀ုန်းဒိုင်းကျဲ ကြတော့တာပဲ......... ကျွန်မလဲ မျက်စိမှိတ်ထားလိုက် တယ်...ဘုရားစာရွတ်ပြီး အသံတွေ ငြိမ်တော့မှ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်မတို့အိမ်က အိပ်ယာပေါ် ပြန်ရောက်နေတယ်...
သြော်ငါ အိမ်မက် မက်နေပါလား တွေးနေတုန်း အမေက ဘေးနားရောက်လာပြီး " ဒါအိမ်မက်မဟုတ်ဘူး သမီး တစ်ကယ်... "လို့ပြောတယ်.... " ဟင်.. ဒါဆို အမေက သမီးအိမ်မက်ကိုသိနေတယ်.. ဟုတ်လား.. " လို့ ပြန်မေးတော့ " သိတာပေါ့ သမီးရယ်... တစ်ညလုံး သမီးတို့သူငယ်ချင်း၂ယောက် ကယောင်ကတမ်းနဲ့ အရမ်းယောင်တာပဲ..နောင်ပြီး နှိုးလိုလည်း မရဘူး.. သမီး မနေ့က တောထဲမှာ ဘာတွေမဟုတ်တာ လုပ်လားလဲ ... " တဲ့... ဒါနဲ့ တောထဲ အရုပ်လေးတွေ ယူလာတဲ့ အကြောင်းပြောပြတော့ အမေက အဲဒီ အရုပ်ပြ လို့ပြောတော့ အမေ့ကိုပြလိုက်တယ်... " သမီး ဒါ ငရဲပန်းလိုခေါ်တယ်... ပြန်သွားထား.. အခန့်မသင့်ရင် လူအသက်ကိုတောင် နှုတ်ယူတတ်တယ်... " တဲ့...
စကားပြောတဲ့အချိန် အမေ့မျက်နှာကြီးက တည်တည်ကြီးနဲ့မျက်လုံးကြီးတွေလည်းနီနေတယ်.. အဲဒါနဲ့ ကျွန်မလည်း ကြောက်ပြီး " ဟုတ်ကဲ့.. မနက်ကျရင် ပြန်ထားလိုက်ပါ့မယ် အမေ.." လို့ပြန်ပြောလိုက်ရတယ်.. မနက်ကျတော့ ကျွန်မမက်တဲ့အိမ်မက်အကြောင်း စန္ဒာကို ပြောပြမိတော့ သူလည်း အဲဒီအိမ်မက်အတိုင်း မက်တယ်လို့ ပြန်ဖြေတယ်... အဲဒါနဲ့ လူကြီးတွေ မကြိုက်ဘူး.. ငါလည်း အရုပ်တွေကို မကြိုက်တော့ဘူးလို့ စန္ဒာကိုပြောမိတော့ စန္ဒာက ပြန်ထားချင်ရင်လည်း ပြန်ထားကြတာပေါ့လို့ပြောပြီး အရုပ်တွေရလာ တဲ့နွယ် ပင်ကြီးအောင်ကို ကျွန်မတို့နှစ်ယောက်လာခဲ့လိုက်တယ်.. လက်ထဲမှာ အရုပ်ကလေးတွေနဲ့ စန္ဒာယူခိုင်းလို့ ယူလာတဲ့ ကွမ်းယာတစ်ယာနဲ့ ရေခွက်တစ်ခွက်ပါလာတယ်...
အဲဒီအပင်ကြီးအောက် ရောက်တော့ မနေ့က မယူဖြစ်ခဲ့တဲ့ အရုပ်ကလေးတွေလည်းမရှိတော့ဘူး.. အဲဒါနဲ့ စန္ဒာကလည်း ဂါထာတစ်ခုရွတ်ပြီး " ရော့ ..နင်တို့ပစ္စည်း .. ဒါက နင်တို့ဟာယူမိတဲ့အတွက် လျှော်ကြေးပေး တာ .. ကွမ်းတစ်ရာ ရေတစ်မှူတ် ဆိုပြီး ကွမ်းယာနဲ့ရေခွက်ကို ခွက်နဲ့သေချာတင်ပေးပြီး အိမ်ကို ပြန် လစ်လာခဲ့တယ်... အိမ်ရောက်တော့ အမေဆီပြေးပြီး " အမေ... ဟိုအရုပ်လေးတွေ သမီးတို့ပြန်ထားခဲ့ပြီးပြီ..
" ပြောတော့... အမေက ရယ်ပြီး " ဘာထားခဲ့တာလဲတဲ့... ဒီကလေးတွေ အရမ်းဆော့တယ် ... သွားရေချိုး ..." ဆိုပြီး ပြောတယ်... အမေဘာမှ မသိတဲ့ ပုံနဲ့ ပြန်ဖြေတယ်.. အမေ.ငရဲပန်းလေပြောတော့... ဘာတွေလဲ သမီးရယ် ...ငရဲပန်း ငရဲပြည်မှာရှိမှာပေါ့..တဲ့ ဒါနဲ့ သူငယ်ချင်း၂ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး... ငါတို့ ..မသေကောင်း မပျောက်ကောင်းပါလား ဆိုပြီး ပြောဖြစ်မိကြသေးတယ်..
နောက်မှ အဖြစ်အပျက်ကို စန္ဒာကိုမေးကြည့်တော့ " နင့်ကို လာသတိပေးတာ ... နင့်အမေ မဟုတ်ဘူး.. အိမ်စောင့်ဘိုးဘိုးကြီး.." လို့ပြန်ပြောပါတယ်... နောက်ထပ်ထူးဆန်းတာတွေ အများကြီးပါပဲ.. ဒီနေ့တော့ ဒီလောက်ပါပဲနော်.. အားလုံးကိုကျေးဇူးတင်ပါတယ်.. ဒီဇာတ်လမ်းလေးပြောပြသော မသန္တာကို အထူးကျေးဇူးတင်ပါတယ်..
... ကျွန်တော် အခုပြောပြတဲ့ ဇာတ်လမ်း ကတော့ မန်ဘာ မသန္တာပေးပို့ထားတာပါ..
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
From...Facebook
No comments:
Post a Comment