Tuesday, November 12, 2013

ခါးသီးစွာ မှားယွင်းသွားသော…(ဖြစ်ရပ်မှန်ကို အခြေခံသည်)



ပုံကို Google မှ ယူသုံးသည်

မိုးလည်းမရွာ၊ နေလည်း ကျစ်ကျစ်တောက် မပူသော နေ့တစ်နေ့။ သိန်းဇော်နှင့်မေဇွန်တို့စုံတွဲ ဆေးခန်းတစ်ခုက ပြန်လာကြပြီး ကန်တော်ကြီးထဲ သွားထိုင်မြဲနေရာသို့ သွား ထိုင်နေကြ၏။ လွယ်အိတ်ကို နီးစပ်ရာ သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်ထားကြသည်။ သို့သော် ထိုနေ့သည် ခါတိုင်းနှင့် ခံစားချက်တွေ မတူတော့။ အဖြူနဲ့အမည်းပမာ လုံးလုံးလျားလျား ကွာခြားလို့နေသည်။ ခါတိုင်းလို ပျော်ပျော်ရွှင်ရွှင်၊ ကြည်ကြည်လင်လင် မရှိလေတော့။ အရာအားလုံးကို မေ့ထား ပစ်ချင်လောက်အောင် ခံစားရသည်။ အေးမြတဲ့ကန်ရေ၊ ရင်သပ် ရှုမောဖွယ်ကောင်းလှတဲ့ ရှခင်းလေးက သူတို့ရဲ့စိတ်ကို ဖမ်းစားနိုင်စွမ်း မရှိတော့။ 


သူတို့နှစ်ဦး မိကောင်းဖခင် သားသမီးပီပီ တစ်ယောက်ကို တစ်ယောက်က ကိုယ်ကျင့်တရားတွေ၊ စရိုက်တွေ၊ ပုံစံဟန်ပန်အမူအရာတွေ ဃဂဏန သိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမီးရည်းစားအဖြစ်နဲ့ ပြီးခဲ့တဲ့လကပဲ သုံးနှစ်တိုင်ခဲ့ပြီ။ သည်နှစ်ဆိုရင် နှစ်ယောက်စလုံးက ကျောင်းလည်းပြီး ကြလေပြီ။ မကြာခင် မင်္ဂလာဆောင် ကြတော့မည်။ နှစ်ကိုယ့်တစ်စိတ်ဘ၀ကို တည်ဆောက်ကြတော့မည်။ သို့သော် မင်္ဂလာမဆောင်ဖြစ်အောင် ထုထည်ကြီးမားတဲ့အရာတစ်ခုက တားဆီးထားလေသည်။ ထိုအရာသည် ဘယ်လောက်ထိအောင် ကြီးမား တဲ့ အရာဖြစ်နေပါလိမ့်?

ဆေးခန်းက ရလိုက်သော ဆိုးဝါးလွန်းတဲ့ ရလာဘ်တစ်ခုက ရွှင်လန်းတက်ကြွနေသော သူတို့ရဲ့ စိတ်ကို ရိုက်ချိုးပစ်လိုက်ပြီး အနက်ရောင် ဆိုးပေးလိုက်သည်။ မင်္ဂလာဆောင်တော့မှာမို့ သူတို့နှစ်ယောက်စလုံးက ကိုယ်ကျင့်တရားတွေ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ သူများဆီ က အေ-ကူးစက်ခံရခြင်း ရှိမရှိ သွားရောက်စမ်းသပ်ခြင်း ဖြစ်သည်။ မေဇွန်ရဲ့ အဖြေရလာဘ်က Negative ဖြစ်ပေမယ့် သိန်းဇော်ရဲ့ ရလာဘ် ကတော့ Positive ဖြစ်လို့နေသည်။ ဘယ်သူ့ဆီက ဘယ်လိုကူးစက်ပြီး ဘယ်တုန်းက ကူးစက်ခံခဲ့ ရသလဲ ဆိုတာကို ဘယ်လိုမှ အဖြေရှာလို့ မရ။ ထိုင်နေကြတာ တစ်နာရီတောင် ကြာပေရော့မည်။ စကားလည်း များများမပြောဖြစ်ကြ။ ငိုင်တိငိုင်တိုင် ထိုင်နေကြသည်။

အိမ်ပြန်ဖို့ အချိန်တန်ပြီမို့ ချိတ်ထားတဲ့လွယ်အိတ်ကို ယူပြီး အိမ်ပြန်ဖို့ ဟန်ပြင်လိုက်ကြသည်။ ဂိတ်ပေါက်သို့ တစ်လှမ်းချင်း လှမ်းခဲ့ကြသည်။ ဂိတ်ဝတွင် ၀င်သူက ၀င်၊ ထွက်သူက ထွက်နေကြ၏။ သူတို့တွေ ဟိုကြည့် သည်ငေးရင်းနဲ့ ၀င်လာတဲ့သူတွေကို ငေးမိလျက်သား ဖြစ်သွားသည်။ ၀င်လာတဲ့ သူများထဲမှာ ဆံပင်ခပ် ရှည်ရှည်၊ သနပ်ခါးပါးကွက်လေးနဲ့ မိန်းခလေးတစ်ဦးကို သတိထားမိသည်။ နယ်ဘက်ကတက်လာတဲ့ ၀င်းသီရိဖြစ်၏။ သူမက မေဇွန်နဲ့အတူ ၈-တန်းကနေ ၁၀-တန်းအထိ ကျောင်းအတူ တက်လာခဲ့ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဆက်မတက်ဖြစ်ဘဲ ၁၀-တန်းအောင်ပြီးသည်နှင့် နယ်ဘက် သို့ ပြန်သွားခဲ့သူ ဖြစ်သည်။ အခုရက်ပိုင်း ရွာမှာ အလုပ်နည်းနည်းပါးနေ သည်အချိန်မို့ ရွာက မိဘတွေကို ရန်ကုန်ကို ခေါ်လာပြီး ဘုရားဖူးလိုက်ပို့ပေးခြင်း ဖြစ်သည်။ ရွှေတိဂုံဘုရားဖူးပြီးလို့ ကန်တော်ကြီးထဲ ၀င်လည်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဆုံဆည်းဖြစ်ကြသည်။

“၀င်းသီရိ”

အသံလာရာကို လှမ်းကြည့်တော့ မေဇွန်ဖြစ်နေသည်။ အံ့သြစွာဖြင့် ဟက်ဟက်ပက်ပက် ပြုံးကာ...

“ဟဲ့ မေဇွန် နေကောင်းတယ်နော်။ မတွေ့တာတောင်ကြာပြီ။ ငါ့ သူငယ်ချင်းကတော့ အရင်အတိုင်းပဲလား။ ၀လို့လှလို့ ဟိ”

“လှတာတော့ ဟုတ်ပါပြီ။ ၀တာကြီးက…။ လာလာ ဟိုးနားမှာ ခဏထိုင်ပြီး စကားလေး ဘာလေး ပြောကြ ရအောင်”

ငါးယောက်သား သစ်ပင်တစ်ပင်အောက်သို့ သွားလိုက်ကြသည်။ ၀င်းသီရိရဲ့ မိဘတွေကတော့ သူတို့ သူငယ်ချင်းတွေ အေးဆေး စကားပြောကြပါစေဆိုပြီး ဟိုငေးသည်ငေးရင်းနဲ့ တခြားအကြောင်းတွေ၊ ကန်တော်ကြီး သာယာလှပတဲ့ အကြောင်းတွ ပြောနေကြသည်။ သိန်းဇော်က စကားတစ်ခွန်းမှ မပြောဘဲ ဘေးနားမှာ ထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်လျက်။ မေဇွန်က ၀င်းသီရိကို မျက်နှာမူကာ…

“ရန်ကုန်ကို ဘယ်တုန်းက ရောက်လာတာလဲ”

“မနေ့မနက်ကမှ ရောက်တာ”

“ဘယ်မှာတည်းတာလဲ”

“အဒေါ့်အိမ်မှာပဲ တည်းတယ်”

“နင်ကလည်း ရန်ကုန်ရောက်တဲ့အကြောင်းကို ငါ့ဆီ ဖုံးလေးဘာလေးတောင် မဆက်ဘူး”

“ဖုံးမဆက်ဖြစ်တာ သည်လိုလေ။ ငါ နင့်အတွက် သနပ်ခါးတုံးတောင် လက်ဆောင်ပါလာသေး တယ်။ ပြန် ခါနီး မှ နင့်ဆီကို အလည်လာရင်း၊ လက်ဆောင်လာပေးရင်းနဲ့ နင် အံ့သြသွားအောင် လုပ်မယ်ဆိုပြီး တမင်ကြိုအသိမပေးဘဲ နေတာပါ ဟိ”

မေဇွန်ရဲ့မျက်နှာ ၀င်းခနဲ တောက်ပလာပြီး ပြုံးစိစိဖြစ်ကာ…

“အံမယ် နင်က စိတ်ကူးတွေ ကောင်းလှချည်လား။ စကားမစပ် ဒီည တို့အိမ်မှာ လိုက်တည်းပါလား။ ငါ နင်နဲ့ အရေးကြီး တိုင်ပင်စရာရှိလို့၊ နော်”

ဝင်းသီရိ သုံးစက္ကန့်ခန့် ငြိမ်သက်သွားပြီး…

“ငါတစ်ယောက်တည်း မဟုတ်ဘူးလေ။ ငါ့မိဘတွေနဲ့ ဖြစ်ပါ့မလား မေဇွန်ရယ်”

“ဟာ ဖြစ်ပါတယ်။ ဖြစ်တယ်”

လက်ညှိုးလေးနဲ့ ကိုယ့်မေးကိုယ် ညင်သာစွာ တို့ထိလျက်…

“ဒီလိုလုပ်ပါလား။ ငါ့မိဘတွေကို အဒေါ်တို့အိမ်မှာပဲ ပြန်ပို့လိုက်မယ်။ ငါတစ်ယောက်တည်းပဲ ဒီည နင့်ဆီမှာ လာအိပ်ပေးမယ်လေ”

“နင်ကြိုက်သလို စီစဉ်ဟာ ရပါတယ်။ အဆင်ပြေပါတယ်”

အချစ်ရဆုံးသူငယ်ချင်းဆိုတော့လည်း မငြင်းသာပဲ လက်ခံရလိုက်ရသည်။ ထိုည မေဇွန်က ၀င်းသီရိကို အကြောင်းစုံ ပြောပြသည်။ ၀င်းသီရိ လည်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ နယ်မြို့လေးက ဆေးခန်းက အတွေ့အကြုံ ကို ပြန်ရှယ်သည်။ နယ်မြို့ရှိ ဆေးခန်းတစ်ခုမှာ ဆရာဝန်ပေါက်စလေးက တိုက်ဖွိုက်ရောဂါနှင့် ငှက်ဖျားရောဂါလွဲခဲ့ဖူးသည်။ မေဇွန်တို့ကိစ္စကိုလည်း နောက်တစ်နေရာမှာ စမ်းသပ်ဖို့ အကြံပေး သည်။ မေဇွန်တို့လည်း ၀င်းသီရိပေးတဲ့အကြံအတိုင်း နောက်ဆေးခန်းတစ်ခုမှာ သွားရောက်စမ်း သပ်ကြသည်။ အဖြေက Negative ထွက်လာတော့ အားရ၀မ်းသာပြီး နှစ်ယောက်စလုံး ခုန်ပေါက်ရမတတ် အပျော်ကြီး ပျော်မိသည်။ လောကမှာ သူတို့လောက်ပျော်ဖူးတဲ့သူ ရှိတောင်ရှိပါ့မလားလို့ ထင်မိသည်။ အကြံပေးသည့် ၀င်းသီရိကိုလည်း အလွန့်အလွန် ကျေးဇူးတင်မိကြသည်။ Positive လို့ အဖြေထွက်တဲ့ ဆရာဝန်ဆီကို ပြန်သွားပြီး အကြောင်းအကျိုး ပြောပြတော့ ဆရာဝန်က ပျော့ပျောင်းညင် သာသော လေ သံဖြင့်…

“အေး ကျနော်လည်း စိတ်မကောင်းဘူး။ နာမည်လွဲသွားတာဗျာ။ အဲဒီနေ့က သိန်းဇော်ဆိုတဲ့နာမည် က နှစ်ယောက်ဖြစ်နေတယ်။ Positive ဖြစ်နေတာက ဟိုတစ်ယောက်။ လွဲတဲ့အကြောင်းကို သိလဲသိရော ချက်ချင်း အကြောင်းကြားဖို့က လိပ်စာလည်းမရှိ၊ ဖုံးနံပါတ်လည်း မရှိဘဲ ဖြစ်နေလို့၊ အဲဒီအတွက် ကျနော် လည်း စိတ်မကောင်းပါဘူး တောင်းလည်းတောင်းပန်ပါတယ်”
From...တောက်ပကြယ်စင်

No comments:

Post a Comment