Tuesday, June 28, 2016

သရဲ ခေါ်ခြင်း

 
 
ကျွန်တော်တို့ ငယ်ငယ်တုန်းက သရဲ ခေါ်တယ် ဆိုတာ ခေတ်စားပါတယ်..။ ဒါပေမယ့် အဲ့ဒီလို သရဲ ခေါ်ဖို့ ဆိုတာ လူတိုင်း မလုပ်တတ်ပါဘူး။ သရဲ ခေါ်ပုံခေါ်နည်း၊ မေးပုံမေးနည်း၊ အထာကောက် နည်း၊ ပြန် လွှတ် နည်း ဒါတွေ မျိုးစုံရှိပါတယ်..။ 
 
ကျွန်တော် မှတ်မိ သလောက်ကတော့ ဂါဏာ တစ်ခုလည်း ရွတ်ရတယ် ထင်ပါတယ်..။ ကျွန်တော့်အသက် (၁၃) နှစ် အရွယ်လောက်မှာပဲ ရပ်ကွက်ထဲမှာ ပထမဦးဆုံး သရဲခေါ်တာကို စတင်ကြုံဖူးပါတော့တယ်…။
 
ကျွန်တော်တို့ ရပ်ကွက်ထဲကို မုံရွာ က မိသားစု တစ်စုပြောင်းလာ ပါတယ်..။ အေးအေးဆေးဆေးနေ တတ်ပြီး သဘောကောင်း တဲ့ မိသားစုပါ..။ သူတို့ မိသားစုထဲမှာ ကျွန်တော့် အရွယ် ကောင်လေး တစ်ယောက်ပါပြီး မကြာခင် မှာပဲ ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်..။ 
 
သူတို့ မိသားစုမှာ ထူးခြားမှု တစ်ခုက သူတို့ဟာ ညတိုင်း (၉း၀၀) နာရီလောက်ရောက်ပြီဆို ဖက် တစ်ခုထဲကို ထမင်းတွေ၊ ဟင်းတွေ ထည့်ပြီး လမ်းဆုံ လမ်းလေးခွ မှာ ချပြီး ဖရောင်းတိုင်တွေ အမွှေးတိုင်တွေ နဲ့ ပူဇော်ပါတယ်..။ ကျွန်တော် အစက ထင်တာက သူတို့ နတ်တွေကို ပူဇော်တယ် ထင်နေတာပါ…။
 
 နောက်ပိုင်းမှ သူငယ်ချင်းက အဲ့ဒီလို လုပ်တာဟာ နာနာဘာဝတွေ ကို အစားအစာကျွေးတာဖြစ်ကြောင်းနဲ့ နာနာဘာဝ အများစုဟာ လမ်းဆုံလမ်းလေးခွ မှာ နေကြတာများကြောင်း ပြောပြပါတယ်..။ သူက အဲ့ဒီ နာနာဘာဝတွေခေါ်ပြီး သိချင်တာတွေ မေးလို့ရတဲ့ အကြောင်းပြောပြတော့ ကျွန်တော် တော်တော်ကို အံ့သြ သွား ခဲ့ရပါတယ်..။ ကျွန်တော် က မယုံဘူး ဆိုတော့ သူက လက်တွေ့ပြမယ်လို့ပြောပါတယ်..။ ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေကိုပြောပြတော့ သူတို့လည်း စိတ်ဝင်စားကြတာနဲ့ တစ်ရက်မှာ အဲ့ဒီ ကိစ္စ ကို ကြည့်ကြဖို့ အတွက် တိုင်ပင်လိုက်ကြပါတယ်..။

          ကျွန်တော်တို့ ည (၁၁း၄၀) မိနစ်လောက်မှာ ကျွန်တော်ရယ် အခြား ကျွန်တော့်သူငယ်ချင်း ၃ ယောက် ရယ် ကျွန်တော့်အိမ်ကနေပဲ လူစုပြီး ထွက်လာကြပါတယ်..။ အိမ်က လူကြီးတွေ ခရီးထွက်နေ တာကြောင့်လည်း ကံကောင်းခဲ့ပါတယ်..။ ဒီလို နဲ့ မုံရွာကသူငယ်ချင်း အိမ်မှာ သူ့ကိုဝင်ခေါ်ပါတယ်..။ သူလည်း ကျွန်တော့်ကို စောင့်နေပုံပါပဲ..။ ချက်ချင်းပဲ အိမ်ထဲကနေ ထွက်လာပါတယ်..။ 
 
သူတစ်ယောက်တည်း မဟုတ်ပါဘူး..၊ သူ့ဦးလေးလည်း ပါလာပါတယ်…။ သူက ဒီကိစ္စကို သိပ် မကျွမ်းသေး တာကြောင့် အမှား အယွင်း တစ်ခုခု မရှိရအောင် ဦးလေး ဖြစ်သူကို အကူအညီတောင်း ထားကြောင်း ပြောပြ ပါတယ်..။ ဦးလေးဖြစ်သူရဲ့ လက်ထဲ မှာတော့ အမဲသား တစ်ဆွဲရယ်..၊ ခြေထောက်လေးချောင်း ပါ ခုံရှည် တစ်လုံး ကိုင်ထားတာကို တွေ့ရပါတယ်..။ ကျွန်တော်တို့ သရဲခေါ်ဖို့ အတွက် လမ်းဆုံ ကို ဆက်လက် ထွက်ခွာခဲ့ကြပါတော့တယ်..။
 
          လမ်းဆုံ ကိုရောက်တော့ ည (၁၂း၁၀) မိနစ် ရှိပါပြီ။ ထုံးစံ အတိုင်း လမ်းဆုံမှာ သူတို့ပူဇော်ထားတဲ့ ဖက်ထဲ က ထမင်း၊ ဟင်းရယ်..၊ မီးငြိမ်းပြီး ကုန်ဆုံးနေပြီဖြစ်တဲ့ ဖရောင်းတိုင်နဲ့ အမွှေးတိုင် အကြွင်း အကျန် တွေ ကိုတွေ့ရပါတယ်..။ ဦးလေးက လမ်းဆုံ အလယ် တည့်တည်မှာ သူ့ဖိနပ်ကို ချွတ်လိုက် ပါတယ်..။ ပြီးတော့ ဖိနပ် တစ်ဖက်ကို မှောက်လိုက်ပါတယ်..။ ဖိနပ်နှစ်ဖက်ပေါ်မှာ ထိုင်ခုံ ရှည်က မျက်နှာချင်းဆိုင် ခြေထောက် နှစ်ချောင်း ကိုတင်ပါတယ်..။ ကျန်တဲ့ ထိုင်ခုံခြေထောက် နှစ်ချောင်းကိုတော့ လွှတ်ထားပါတယ်..။
 
          ပြီးတော့ အမဲသားဆွဲ ကို ခုံပေါ် တင်ပါတယ်..။ ကျွန်တော့် သူငယ်ချင်းနဲ့ ဦးလေးဖြစ်သူ ခုံပေါ်မှာ သူတို့ လက်တွေ တင်ပြီး မျက်နှာချင်းဆိုင် အနေအထားနဲ့ ဆောင့်ကြောင့်ထိုင် လိုက်ပါတယ်..။ ပြီးတော့ သူတို့ရဲ့ လက်တွေ ကို လက်မချင်း၊ လက်သန်းချင်း ထိဆက်ပြီး စက်ဝိုင်း ပုံသဏ္ဍာန်မျိုး လုပ်လိုက်ပါတယ်..။ ပြီးတော့ ရှေ့မှာ ပိတ်ပြီး ရပ်ကြည့်နေတဲ့ ကျွန်တော်တို့ကို ဖယ်ခိုင်းပါတယ်..။ သရဲ စခေါ်ပါတော့မယ်..။
 
 ကျွန်တော့်တစ် သက် တစ်ခါမှ မမြင်ဖူးတဲ့ အထူး အဆန်းဆုံး ကိစ္စကြီးကို လက်တွေ့မြင်ရတော့ မှာ ဖြစ်တဲ့ အတွက် စိတ်လှုပ်ရှား မိသလို ကြောက်လည်း ကြောက်နေမိပါတယ်..။
 
အရင်ဆုံး ပါဠိ စကားတွေ ပါတဲ့ ဂါဏာ ကို ဦးလေးကြီးက အရင်ရွှတ်ပါတယ်..။ ၂ မိနစ်လောက်ကြာ ပါတယ်..။ ပြီးတော့ " ဒီ လမ်းဆုံ လမ်းလေးခွ ရဲ့ အရှေ့အရပ် မှာ ရှိကြတဲ့..၊ နာနာဘာဝများ ..၊ ဒီခုံလေး မှာ ၀င်ရောက်ပြီး ကျွန်တော်တို့နဲ့ ဆော့ ကစားနိုင်ပါတယ်..၊ ဆော့ကစား ပြီးရင်တော့ ခုံပေါ်က အမဲသား ကို ကျွေးမှာဖြစ်ပါတယ်..။ ကျွန်တော်တို့နဲ့ ဆော့ကစားမယ် ဆိုရင် ခုံကို လှုပ်ပြပါ " လို့ပြောပြီး သူတို့လက်တွေကို ခုံနဲ့ ၆ လက်မ လောက်ကွာအောင် မြှောက်လိုက်ပါတယ်..။
 
 ပြီးတော့ စက်ဝန်းပုံ သဏ္ဍာန် ချိတ်ဆက် ထားတဲ့ သူတို့ လက်တွေကို တစ်ဝက်လောက် ဟ ပေးလိုက်ပါတယ်..။ ၁၀ စက္ကန့်လောက်ပဲ ကြာပါတယ်..။ လက်တွေ နဲ့ ခြောက်လက်မ လောက် ကွာ ထားတဲ့ အဲ့ဒီ ခုံက ထူးဆန်းစွာပဲ လှုပ်လာပါတယ်..။ ခုံ လှုပ်လာပြီ ဆိုတာနဲ့ သူတို့ နှစ်ယောက်က ခုနက ဟ ထားတဲ့ လက်တွေကို ပြန်ချိတ် လိုက်ပြီး စက်ဝိုင်းပုံ သဏ္ဍာန် အနေအထားကို ပြန်ယူ လိုက်ပါတယ်..။ အခုဆိုရင် ကျွန်တော်တို့ ခုံထဲမှာ နာနာဘာဝတစ်ကောင် ၀င်ရောက်နေပြီပဲ ဖြစ်ပါတယ်..။
 
          ကျန်တဲ့သူတွေ စကားပြောလို့ မရပါဘူး..၊ ခုနက ပါဠိလို ဂါထာရွတ်ထားတဲ့သူပဲ စကားပြောပြီး မေးမြန်း လို့ရပါတယ်..။ မေးမြန်းတဲ့နေရာမှလည်း ခုံထဲမှာ ၀င်နေတဲ့ နာနာဘာဝ က စကားပြော လို့ မရတဲ့ အတွက် ခုံ နဲ့ အချက်ပြပြီး အမေးအဖြေ ပြုလုပ်ရပါတယ်..။ မေးတဲ့သူ ကိုယ်တိုင် ကလည်း အဖြေ ပါတဲ့ မေးခွန်းမျိုး မေးပေးရပါတယ်..၊ (ဥပမာ …. သရဲက မိန်းမ ဆိုရင် ခုံကို တစ်ချက် လှုပ်ပြပါ..၊ ယောက်ျား ဆိုရင် နှစ်ချက် လှုပ်ပြပါ…) ဆိုပြီး မေးရပါတယ်..။ 
 
ဒါဆို သရဲက မိန်းမ ဆိုရင် ခုံကို တစ်ချက်၊ ယောက်ျား ဆိုရင် ခုံကို နှစ်ချက် လှုပ်ပြီး အလည်မှာ ခုံကို အလည် မှာ ပြန်ရပ်နေစေပါတယ်..။ ၀င်နေတာ ကလေး သရဲ ဆိုရင်တော့ ခုံကို လှုပ်ပြမှာ မဟုတ်ပဲ မေးတဲ့ သူက ပြန်လည်ပြီး ကလေး ဆိုရင် ဘယ်နှစ်ချက် လှုပ်ပြပါ ဆိုပြီး မေးလို့ရပါတယ်..။ အရေ အတွက် မေးခွန်း ကိုတော့ ရိုးရိုးပဲ မေးလို့ရပါတယ်..။ ဥပမာ အသက် ဘယ်နှစ်နှစ်မှာ ဆုံးတာလဲ..၊ တစ်ချက် ကို တစ်နှစ်နှုန်းနဲ့ ဖြေပေးပါလို့ မေးရင် သူ ခုံလှုပ်ပြတဲ့ အချက်တွေကို မှတ်ထားလိုက်ရုံပါပဲ..။
 
          ခုံလှုပ်ပြတယ် ဆိုတဲ့နေရာမှာ ကျွန်တော်ပြောခဲ့သလိုပဲ လက်တွေက ခုံနဲ့ ခြောက်လက်မ လောက် အကွာ လေထဲမှာ ထားထား တာပါ..။ ခုံ ရဲ့ မျက်နှာချင်းဆိုင် ခြေထောက်နှစ်ဖက်ကို ဖိနပ်တွေ ခုထားတဲ့ အတွက် ကျန်တဲ့ ခြေထောက်နှစ်ဖက် က လွတ်နေပါတယ်..။ အခု အမေးအဖြေ လုပ်နေတဲ့ ခုံလှုပ်ပြတယ် ဆိုတာက အဲ့ဒီ ခုံက လွတ်နေတဲ့ ခြေထောက်နှစ်ချောင်းကနေ ဟိုဖက် ဒီဖက် လှုပ်ပြတာ ကိုဆိုလိုတာပါ..။ တစ်ဖက်ကို တစ်ချက်နှုန်း နဲ့ ရေတွက်ရပါတယ်..။ သူ့အဖြေပြီးရင်တော့ ခုံဟာ ထူးဆန်းစွာပဲ လေထဲမှာ ညီညာစွာ ရပ်တန့် နေပါတယ်..။ 
 
          ကဲ… ကျွန်တော်တို့ သရဲခေါ်တဲ့ အကြောင်း ပြန်ဆက်လိုက်ရအောင်ဗျာ…။ ခုနက ပြောပြတဲ့ အတိုင်း ၀င်လာတဲ့ သရဲ ကို ကျွန်တော်တို့ မေးလိုက်တာ.. သူက ၁၀ တန်းကျောင်းသူ၊ အသက် (၁၅) နှစ် ရှိပြီ ဖြစ်ကြောင်း၊ ဒီနေမှာပဲ ကား နဲ့ တိုက်မိပြီး မကျွတ် မလွတ်ဖြစ်နေကြောင်း၊ ကျွန်တော်တို့နဲ့ တစ်ရပ်ကွက် အကျော်၊ ရပ်ကွက် (၁၁) ထဲက ( ..)  လမ်းထဲက၊ အိမ်အမှတ် (.. ) မှာ နေထိုင်ကြောင်း၊ ကျွန်တော်တို့ နဲ့ အမေးအဖြေ လုပ်ရတာ ပျော်ကြောင်း သိရပါတယ်..။
 
          ဒီလိုနဲ့ မေးပြီး ၁၅ မိနစ်လောက်ကြာတော့ ဦးလေးက ဂါထာ တစ်ခု ကို ရွတ်ပါတယ်..။ ပြီးတော့ "ငါတို့နဲ့ လာဆော့ကစားတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။ အခု သွားလိုရာ သွားနိုင်ပါပြီ..။ အမဲသား ကို လမ်းဆုံ ရဲ့ ညာဖက်ထောင့်မှာ ထားခဲ့ ပါမယ်…"ဆိုပြီး လက်ကို ပြန်ဟပေး လိုက်ပါတယ်..။ ခုံက အလည် မှာ ရပ်နေရာ ကနေ ချက်ချင်းပဲ သူ့ နဂိုအနေအထား အတိုင်း ပြန်ရောက်သွား ပါတယ်..။ သူရဲ မလေး ထွက်သွားပါ ပြီ…။
 
          ဦးလေးက အမဲသား ကို လမ်းရဲ့ ညာဖက်ထောင့် မှာ ထား ခဲ့ပြီး အိမ်ကို ပြန်လာတဲ့ လမ်းမှာ သူ့အတွေ့ အကြုံတွေ ကို ပြောပြပါတယ်..။  ဒီလိုမေးတဲ့နေရာမှာ မေးချိန် ကို (၁၅) မိနစ်သာ အများဆုံး ထားပြီး မေးရကြောင်း၊ ပြန် မလွှတ်ပဲ အချိန် အကြာကြီး ဆွဲထားရင် စိတ်ဆိုးပြီး မိမိတို့ထဲက လိပ်ပြာငယ် တဲ့ လူ တစ်ယောက်ယောက်ကို ၀င်ပူးကြောင်း၊ အရေးအကြီးဆုံး အချက်က စသလို နောက် သလိုနဲ့ ဒီည ငါတို့ ထဲက ဘယ်သူနဲ့ လိုက်မှာလဲ..၊ ဘယ်သူ့ကို ခင်လဲ စတာတွေကို မမေးရပါဘူး..၊ ဒီမေးခွန်းမျိုးဟာ နာနာဘာဝတွေ ကို အိမ်ထဲ လိုက်နိုင်ဖို့ ခွင့်ပြုချက်ပေး သလို ဖြစ်တတ်ပါတယ်..။ 
 
သူတို့မုံရွာ မှာ အဲ့ဒီလို သွားစ မိလို့ သရဲ ဟာ ကောင်လေး တစ်ယောက် ရဲ့ ဘေးကနေ လုံးဝကို မခွဲတော့ ပဲ..၊ ကောင်လေး ခမျာ အိပ်လည်း သူ့ပုံမြင်ရ..၊ စားလည်း သူ့ပုံမြင်ရနဲ့ နောက်ဆုံး ရူးသွား ခဲ့ပြီး သေဆုံးသွား ခဲ့တယ်လို့ ပြောပါတယ်..။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အတွက်တော့ လုံးဝ မမေ့နိုင် စရာကောင်းတဲ့ ည တစ်ည ဖြစ်ခဲ့ပါတယ်..။
 
          ဒီလိုနဲ့ နောက်တစ်နေ့ နံနက် ကျွန်တော်တို့ သူငယ်ချင်း (၄) ယောက် နိုးတာနဲ့ ချက်ချင်း သွားကြည့် ခဲ့တာ ကျွန်တော်တို့ ထားခဲ့တဲ့ အမဲသား ရှိ/မရှိ ဆိုတာကိုပါ..။ မရှိတော့ပါဘူး..။ ဒါကတော့ သရဲပဲ စားသွားတာလား..၊ လမ်းဘေးကခွေး ပဲ ဆွဲတာလား ဆိုတာကိုတော့ စဉ်းစားစရာပါပဲ..။ 
 
          နောက်တစ်ခုက မနေ့ညက သိခဲ့တဲ့ လိပ်စာ အတိုင်း ရပ်ကွက် (၁၁)၊ ( ..)  လမ်းထဲ ကို သူငယ်ချင်း (၄) ယောက် သွားခဲ့ကြပါတယ်..။ အဲ့ဒီ နံပါတ်နဲ့ အိမ်က အဆိုပါ လမ်းထဲမှာ တစ်ကယ် ရှိပါတယ်..။ ကျွန်တော် တို့ ညက သိခဲ့တဲ့ အိမ်နံပတ် ကို လှမ်းမြင်လိုက် ရတော့ ကြက်သီး မွေးညှင်းတွေ ဖျင်းကနဲ ထသွားခဲ့ရပါတယ်..။
 
          နောက်တစ်နေ့မှာ အဲ့ဒီအိမ်က သူတွေနဲ့သိတဲ့ အခြား သူငယ်ချင်း တစ်ယောက်ရဲ့ အကူအညီနဲ့ အဲ့ဒီ အိမ်ရောက် သွားခဲ့ပါတယ်..။ တခြား အကြောင်း ကိစ္စတစ်ခု နဲ့ ရောက်သွားခဲ့တာပါ..။ အိမ်ထဲ မှာ ကျောင်းဝတ်စုံ နဲ့ ဆုယူနေတဲ့ ကောင်မလေး တစ်ယောက်ပုံကို ချိတ်ဆွဲ ထားပါတယ်..။ ကျွန်တော် တော်တော်လေး ကို လန့်နေပါပြီ..။ နောက်ဆုံး သိချင်စိတ်ကို လုံးဝ မအောင့်အီး နိုင်တာနဲ့ပဲ ကျွန်တော် အရှက်မဲ့စွာ "အန်တီ..၊ ဒီဓါတ်ပုံထဲက ဘယ်သူလဲ မသိဘူးနော်..၊ ကျွန်တော့် သူငယ်ချင်း နဲ့ အရမ်းဆင်လို့ပါ…" ဆိုပြီး မေးလိုက်ပါတယ်..။
 
"အဲ့ဒါ အန်တီ့ သမီးလေ..၊ သား သူငယ်ချင်းတော့ မဖြစ်နိုင်ပါဘူး..၊ လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က ကားတိုက်ပြီး ဆုံးသွားတာလေ…"
 
"ဗျာ…၊ ဟုတ်လား..၊ ဘယ်နေရာမှာ တိုက်တာလဲ အန်တီ…"
 
"ရပ်ကွက် (၁၀)၊ အ.ထ.က (၅) ဘေးနားက လမ်းဆုံ မှာ…ကျောင်းသွားရင်း တိုက်မိတာ..."
 
သေချာပါတယ်...။ မနေ့က ကျွန်တော်တို့ မေးခဲ့တာ အဲ့ဒီ လမ်းဆုံမှာပါပဲ..။ ကျွန်တော့် ပုံစံက အိနြေ္ဒ မဆည်နိုင်ပဲ ဂယောင်ချောက်ချားတွေ ဖြစ်နေမှာ သေချာပါတယ်..။ ဒါဆို သူ့ အသက်က အခုချိန်ဆို (၃၅) နှစ်လောက်တောင် ရှိနေမှာပေါ့….၊ ကျွန်တော် ဒီကိစ္စကို လုံးဝ မဖြစ်နိုင်ဘူးပဲ တွက် ထားတာပါ..။ ယုံလည်း မယုံချင်ပါဘူး..၊ မနေ့က ကျွန်တော်တို့နဲ့ အမေးအဖြေ လုပ်ခဲ့တာ လှည့်ကွက် တစ်ခုလို့သာ ကျွန်တော် ထင်ထားတာပါ..။ 
 
ကျွန်တော် ခေါင်းနပန်းတွေ တော်တော်လေးကြီးသွားပါတယ်..။ ကျွန်တော် သူ့ ဓါတ်ပုံကို ထပ် ကြည့်မိ လိုက် တယ်..။ သူက ဓါတ်ပုံထဲ ကနေ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ပုံစံပါပဲ..။ ကျွန်တော် အလော တစ်ကြီး နှုတ်ဆက်ပြီး အိမ်ကို အပြေးတစ်ပိုင်း ပြန်ခဲ့ရပါတော့တယ်..။
 
 
အောင်ထွန်းဦး @ aunghtunoo.blogspot.com
 

No comments:

Post a Comment