ကျွန်မ တို့ ပတ်ဝန်းကျင် ၌ မြင်တွေ့နေရသော တစ်ချို့ အဖြစ်အပျက် တို့သည်
မိမိဖြစ်စေချင် သည့် အတိုင်း ဖြစ်တည် ဖို့ရာ လွန်စွာ ခက်ခဲ တတ်ပါသည် ။
မည်မျှ ပင် စေတနာရှေ့ က ကျောနေပါစေ မိမိစေတနာ အား နားဝင် လက်ခံသူဖြစ်မှသာ
အဆင်ပြေနိုင်မည်။
ဖြစ်စေချင်သော်လည်း ဖြစ်မလာနိုင်သည့် အကြောင်းအရာ တစ်ခု အား
အချိန်နှင့် အမျှ ပူပန်သော ကရောက်နေ ပါလျှင် မိမိ ထားသောစေတနာ သည် ဝေဒနာ
အသွင် သို့ ကူးပြောင်းသွားတတ်ပေ သည် ။
လွန်ခဲ့သော လေး၊ ငါးလ ခန့်က ပြင်းစွာသော
စိုးရိမ် ပူပန်ခြင်း တစ်ခုအား စာရေးသူ ရင်ဆိုင် ခဲ့လေသည် ။ စာရေးသူနှင့်
ခင်မင် ရင်းနှီးသော မိတ်ဆွေ တစ်ဦးသည် အိမ်ထောင် ရှိပါလျှက် ဖောက်ပြန်နေသော
အမျိုး သမီး တစ်ဦးနှင့် ချစ်ကြိုက်နေ ခဲ့ကြသည် ။
စာရေးသူနှင့်
ခင်မင် ရင်းနှီးသော မိတ်ဆွေ မှာ ထို အမျိုးသမီးနှင့် မပတ်သက်ခင် အချိန်ထိ
နာမည်ကောင်းဖြင့် စိတ်ကောင်းရှိသူ တစ်ဦးပင် ။ စိတ်ရင်းကောင်းသည် ။
သူတစ်ပါးအား လွန်စွာ ကူညီဖော်ရွေ တတ်သူ တစ်ဦးပင်။ ထို အရည်ချင်း များကြောင့်
သူသည် အင်မတန်မှ လူချစ် လူခင် ပေါများ သူတစ်ဦးဖြစ်ခဲ့ ပါသည် ။
ထို အဖြူရောင် လူသား အား အရောင် ဆိုးပေးတတ်သူ
အိမ်ထောင်ရှိ အမျိုးသမီးနှင့် ချစ်ကြိုက်ကြပြီး သကာလ လူအများ ၏ အထင်သေးခြင်း ၊
ကွယ်ရာ ၌ နှာခေါင်းရှုံ့ခြင်း အစရှိသည် တို့ကို ရင်ဆိုင် ခဲ့ရ ပါတော့ သည် ။
သူ့၌
နဂို မူလရှိနေခဲ့သော ကောင်းမြတ် သည့် အကြောင်းအရာ အားလုံးသည်လည်း သူထံမှ
ပျောက်ကွယ် ကုန်ပါတော့၏ ။ ထို အဖြစ်အပျက် အကြောင်းအရာ တို့အား စလယ်ဆုံး
သေချာ သိမြင်ကြားသိ နေရသော စာရေးသူ မှာ ထို အမျိုးသမီးနှင့် ဆုံလေ တိုင်း
လွန်စွာ စိတ်ပျက် လက်ပျက်ဖြစ်ခဲ့ရသည် ။
ထို အမျိုးသမီးနှင့်
ဆုံတွေ့ချိ န်တိုင်း *ဖြစ်မှဖြစ်ရလေ*ဟူသော ဂရုဏာဒေါသ ဖြစ်ရလေ့ ရှိလေသည် ။
၎င်း ခံစားချက် များ ဖြစ်ပေါ်နေမှု့ သည် အချိန်ကာလ တစ်ခုတိုင်အောင်
ရှည်ကြာ လာခဲ့ပါသည် ။
တစ်နေ့ ထို အမျိုးသမီးနှင့် ဆုံချိန်၌ စာရေးသူ ရင်ထဲ
ဒေါသ ခပ်ပါးပါးလေး တစ်ခု ဖြတ်ပြေး သွားမိပြန်သည် ။ တစ်ချိန်တည်း မှာပင်
တိုက်တိုက် ဆိုင်ဆိုင် စာရေးသူ ဖတ်ခဲ့ဘူးသော သုခ ၏
ရာမာခရစ်ရှနာ ပုံပြင် များမှ ထုတ်နှုတ်ဖော်ပြ ထားချက်လေး ကိုလည်း ပြန်လည် ၍
အမှတ်ရလိုက်မိ၏ ။
အကြောင်း အရာလေး ကို အချိန်မှီ သတိရလိုက်ခြင်း သည်
စာရေးသူ အတွက် ကံကောင်းခြင်း တစ်ခုပင်ဖြစ် ခဲ့သည် ။ ထို အကြောင်းအရာလေး မှာ –
*ရှေးအခါ က တရားဓမ္မ ကိုကျင့်ကြံ အားထုတ်နေသော သူတော်ကောင်း တစ်ယောက် သည်
ကျောင်း သင်္ခမ်း သွားရာ လမ်းအနီး က ပြည့်တန်ဆာမ ၏ အိမ်တစ်အိမ် ကို သတိပြုမိလေသည်။
ထိုအိမ် သို့ယောက်ျားများ အစဉ် သဖြင့် စုပေါင်း ၍သော်လည်းကောင်း၊
တစ်ယောက် ချင်းသော် လည်းကောင်း၊ဥဒဟို ၀င်ထွက် သွားလာနေသည် ကို
တွေ့ရဖန် များသော အခါ ပြည့်တန်ဆာမ ကိုခေါ်၍ ဟယ် ပြည့်တန်ဆာမ သင်သည်
ကာမနှင့် ပတ်သတ်၍ အလွန် ယုတ်မာသော အပြစ်ကြီး များကို ကျူးလွန်နေ သူဖြစ်သည်။
နေ့စဉ် ညစဉ် သင်ပြုနေသော အကုသိုလ်ကြောင့် နောင် ဘ၀တွင်
သင် ဒုက္ခ အကြီးအကျယ်ရောက် လတ္တံ့ဟု ဆို ဆုံးမလေသည်။ ပြည့်တန်ဆာမ ကလည်း
သူတော်ကောင်း ၏ပြစ်တင် ဆုံးမသော စကား ကိုကြားသော အခါ စိတ်နှလုံး ထိခိုက်သွားလေ၏။
သို့ရာတွင်
ပြည့်တန်ဆာမ ၏ အလုပ်မှာ သူ၏ အသက်မွေး ၀မ်းကျောင်း အတွက်
တစ်ခုတည်းသော လုပ် တတ် သည့် အလုပ်ဖြစ်လေသည်။ သူမ မှာ အပြစ် မကင်းသော အခြားသော
အလုပ်ကို လွယ်ကူစွာ မလုပ်နိုင်။ မကိုင် တတ်ဖြစ်နေရကား မိမိ အိမ်သို့
အဆက်မပြတ် ၀င်ထွက်သွား လာနေသော ယောက်ျား များ ၏ အလိုသို့ လိုက်ကာ
ကိုယ်နှင့် ရင်းနှီး ၍ စီးပွား ရှာမြဲရှာနေရလေ၏။
ဟဲ့ ပြည့်တန်ဆာမ
နင့် ကို ငါဆုံးမသည်ကို မနာခံလေရော့သလား၊ နင့် အဖို့
ငရဲမှ လွတ်လမ်း မရှိတော့ပြီ ဟု ခေါ် ၍ပြောပြန် ရာ တပည့်တော်မ
အရှင်ဘုရား ၏ ဆုံးမသည် များ ကို နာခံလိုပါသည် ဘုရား။ ဒါပေမဲ့ ထမင်း တစ်လုပ် အတွက်
အခြားသော ပရိယေသန ကို လုပ်ကိုင်နိုင်စွမ်း မရှိ၍ ဇွတ်လုပ်နေခြင်းဖြစ်ပါသည်။
ဘုရားရှင် အားနေ့စဉ် ရှိခိုး ၍ ဆုတောင်းနေလျက် ပါ ဘုရား ဟုပြန်လျှောက်၏။ နင်
လုပ်ချင်ရာ လုပ်ပြီး ဘုရား ရှိခိုးနေ လို့ ဘုရား က အပြစ်လွှတ်မည် တဲ့လား။
သူတော်ကောင်း သည် သူ့ ဆုံးမ စကား အကျိုး မရှိ သည် ကို
မြင်သော အခါ ဤမိန်းမ ထံသို့ ယောက်ျား ဘယ်နှစ်ယောက် လာသနည်း ဟု စဉ်းစားတွေးခေါ် ၍
ပြည့်တန်ဆာ မ အိမ်သို့ လူ တစ်ယောက်လာ တိုင်း
ကျောက်ခဲ တစ်လုံးစီ အမှတ်ပြုကာ ဧည့်သည် အ၀င် အထွက် ကို ရေတွက် မှတ်သား ထားလေသည်။
ဤသို့ဖြင့် နေ့ရက် မကြာမီကျောက်ခဲ ပုံကြီးဖြစ်လာတော့ သတည်း။ တစ်နေ့သ၌
သူတော်ကောင်း သည် သူ မှတ်သား ထားသော ကျောက်ခဲပုံကြီး ကို ညွှန်ပြ ၍ ဟယ် မိန်းမ၊
ဤကျောက်ခဲပုံ ကို ကြည့်လော့။ သင့်ကို ငါဆုံးမသည့်နေ့က စ၍ သင် အပြစ်လုပ်ခဲ့ သမျှ
အကြိမ်ပေါင်း သည် ဤကျောက်ခဲပုံနှင့် အညီအမျှ ရှိပေပြီ။
အ ခုတစ်ကြိမ် ထပ်မံ၍ အပြစ်မပွားရန် ငါ သတိပေး၏
ဟုပြောလေ၏။ ထိုစကား ကိုကြားခြင်းကြောင့် ဒုက္ခိတ မိန်းမချော သည်
သူ၏ မကောင်းမှု အစုအပုံကြီး ကို ကြည့်၍ ထိတ်လန့်ကြောက်ရွှံ့လှစွာ
မျက်ရည် အသွယ်သွယ် ယို စီးလျက် သူပြုခဲ့ဖူးသော အခြားသော
ကောင်းမှုများ ကိုတွေးတောရင်းဖြင့် ကွယ်လွန်လေ သည်။
တိုက်ဆိုင်လှစွာ
သူတော်ကောင်းသည် လည်း ထိုနေ့ ၌ပင် ကွယ်လွန်လေ သည်။
ထိုသူနှစ်ဦး ကွယ်လွန် ကြသော အခါ ပြည့်တန်ဆာမ သည် နတ်ပြည် သုဂတိ သို့လားရောက် ရ၍
သူတော်ကောင်းကြီးသည် သူတစ်ပါး အား ကဲ့ရဲ့ပြောဆို တတ်သော
အပြစ်ကြောင့် ငရဲပြည်သို့ လားရောက်ရလေ၏။
အထက်ပါ ယာမာ ခရစ်ရှနား ပုံပြင်ကို က
သူတစ်ပါး အပြစ်ကိုကြည့်ရှု ၍ ကဲ့ရဲ့လိုသော စိတ်ထား ကို ဖော်ပြ ထားခြင်းဖြစ်သည်။
ဤ သဘောတရား မျိုးကို ရှောင်ကြဉ်ရန် ဗုဒ္ဓသည် ရဟန်းများ အား
ဤသို့ ဆုံးမ သြ၀ါဒပေးလေ့ ရှိသည်။ ချစ်သားတို့၊ သူတစ်ပါး အပြစ်ကို ရှု့လေ့ ရှိသော
အမြဲ အားဖြင့် သူတစ်ပါး ၏ အပြစ်ကို ကဲ့ရဲ့လေ့ရှိ ထသော အကြင် ပုဂ္ဂိုလ်အား
အာသဝေါတရား တို့သည် တိုးပွား ကုန်၏။
ထို ပုဂ္ဂိုလ်သည် အာသဝေါတရား တို့၏
ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန် မှ အဝေးကြီးဝေး၏။ ထိုမှ တစ်ပါး ဓမ္မပဒ ၌ လည်း
သူတစ်ပါး တို့၏ မလျော်သော အပြစ်အနာဆာ ကို မကြည့်ရှုရာ၊ သူတစ်ပါး တို့ကောင်းမှု
မကောင်းမှု ကို မကြည့် ရှုရာ၊ မိမိ၏ကောင်းမှု မကောင်းမှု
ပြုမပြု သာလျှင်ကြည့်ရှုရာ၏ ဟု ဟောတော်မူခဲ့သည်။ * ( သုခ ၏
ရာမာခရစ်ရှနာပုံပြင်များ မှထုတ်နှုတ်ဖော်ပြထားချက် ကို ကူးယူဖော်ပြ ပါသည် ။ )
ထို အကြောင်းအရာလေး ကို စာရေးသူပြန်မှတ်မိ လိုက်ချိန်မှာ လက်ရှိဖြစ်ပျက်
တွေးတောနေသော အဖြစ် ပျက်များနှင့် များစွာ တိုက်ဆိုင် လွန်းနေခြင်းကြောင့်
လွန်စွာ ထိတ်လန့် သွားမိပါသည် ။ သတိဝင် လာခဲ့သည် ဆိုလျှင် ပိုမှန် ပါလိမ့်မည် ။
စေတနာထား ၍ ပြောပြခဲ့သည် ။ သို့သော် လိုက်နာ နားထောင်ခြင်း မရှိခဲ့ပေ ။
ဘယ်လို ပြောပြောနား မထောင် သူ အတွက် ငါ အဘယ်ကြောင့် ငါ့ကိုယ် ငါ
အကုသိုလ် အဖြစ်ခံနေပါသနည်း ဆိုတဲ့ အတွေးနှင့် အတူ ကိုယ့်ကိုယ် ကို
အကြိမ်ကြိမ် ဆုံးမ ဆင်ခြင်လိုက်မိပါသည် ။
တစ်ခါတစ်ရံ စာရေးသူ တို့ လူသားတွေ သတိ မမူ တတ်ကြတာလေးတွေပေါ့ ။ ကိုယ် ကတော့
ကောင်းစေ ချင်သည့် စေတနာစိတ် မှ ဖြစ်တည် လာသော ဂရုဏာဒေါသ ဟု ထင်မှတ် မိသော်လည်း ၊
ဂရုဏာဒေါသ မှ အကုသိုလ် တရားဆီ သို့ ကူးပြောင်းသွားခြင်း အား သတိမထားမိပဲ
ဖြစ်ခဲ့ရပါသည် ။
သူမ ကိုမြင်သည့် အခါတိုင်း ဒီလို မကောင်းသည့် လုပ်ရပ် များအား
ဘာကြောင့် လုပ်ဆောင်နေရ သနည်း ဆိုသော ဂရုဏာဒေါသ များ ဖြစ်မိ ရာမှ ကာယ ၊၀စီ၊ မနော
ကံ အကုသိုလ် ဆီ သို့ ကူးပြောင်း သွားခဲ့ရသည် ။ ကောင်းတဲ့ စိတ်နဲ့
မကောင်းတဲ့ စိတ် နှစ်ခုသည် မထင်မှတ်ပဲ လွန်ဆွဲ ပွဲဖြစ်သွားခဲ့ရသည် ။
မိမိစေတနာ ကို နားမလည် သူအား အမုန်း ခံ၍လည်းပြောခဲ့ပြီးပေပြီ ။ စေတနာ ကို
နားမလည်သူ တစ်ယောက် အတွက် မိမိပါရောနှော ၍ အကုသိုလ် အဖြစ်ခံမည့် အစား အေးဆေးစွာ
ဥပက္ခာပြု လိုက်ခြင်း သည် အကောင်းဆုံးဖြစ်ပေသည် ။
လူတစ်ယောက် သည်
အမှား လုပ်ဆောင်ချက် များဖြင့် ရပ်တည်နေပြီ ဆိုလျှင် ဦးစွာ ပထမ စေတနာရှေ့ ထား၍
သူ့အမှားအား ပြောဆိုပြပါ ။
မိမိပြောဆိုပြသည် ကို နားမထောင် လျှင် ဒုတိယ အကြိမ် ထပ်မံ၍ နားဝင်အောင် ပြောကြည့် ပါ ။ ဒုတိယ အကြိမ် ၌ လည်း နားမထောင်ခဲ့ဘူး ဆိုလျှင် နောက်တစ်ကြိမ် ထပ်ပြော ဖို့ မကြိုးစား သင့်တော့ပေ ။သူ့ အမှား အား သင်ခန်းစာ ယူ၍ သူလို အမှားမျိုး ကိုယ် မမှားရလေအောင် ကောင်းမွန်စွာ နေထိုင်ဖို့ ကြိုးစား ရမည် ။
မည်သည့် အကြောင်းရာ ကိစ္စ ကို မဆို ကောင်းမွန်သည့် စိတ်စေတနာဖြင့် ပြောပြသည် ဆိုသော်လည်း မိမိ စိတ်အား ဉာဏ် ပညာဖြင့် အသုံးချ ၍ မိမိ လုပ်နေသော အလုပ်တိုင်း ၌ အကုသိုလ် မဖြစ်သွားအောင် ကြိုးစား ရပေတော့မည် ဟု စာရေးသူ ဆုံးဖြတ်ချက် ချလိုက်ပါတော့သည် ။
ထိုနေ့မှ စ၍ စာရေးသူ ၏ မိတ်ဆွေ နှင့် သူ အမျိုးသမီး အား လုံးဝ စိတ်ဝင်စားခြင်း မရှိတော့ပေ ။ တစ်ကြိမ် တစ်ခါမှ သိရှိ ခဲ့ခြင်း မရှိသူ တစ်ဦး အဖြစ် သတ်မှတ် ကာ အကုသိုလ် ကင်းအောင် နေထိုင် လိုက် ပါတော့ ၏ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
From...Myanmar Latest News
http://www.searchmyanmar.com/link/frame/cid/44793
No comments:
Post a Comment