အတိတ်ဘဝ က ပေးတဲ့ ရုပ်၊ အတိတ် ဘဝ က ပေးတဲ့ ကံ၊
ပင်ကို မူလ ဝါသနာနဲ့ ပေါင်းစပ် လိုက်မိတော့ လူရွှင်တော်ပေါ့။ တချို့က
ပြောကြ ပါတယ်။ ငယ်ငယ်လေး ထဲက ကလေးတွေ ရဲ့ အပြုအမူ၊ နေထိုင်မှုက ကစားမှုပေါ် မှာ
မူတည်တယ် လို့လည်း ဆိုကြပါတယ်။
ပြီးတော့ ရှိသေးတယ်။ ကျောင်းဆရာ က မွေးရင်
ကျောင်း ဆရာ ဖြစ်မယ်၊ စစ်သား က မွေးရင် စစ်သား ဖြစ် မယ် စတဲ့ မျိုး ရိုး
လိုက်တယ် လို့လည်း ဆိုရိုး စကားတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ မိဘ က ကျောင်းအုပ် ဖြစ်တိုင်း၊
ကျောင်းဆရာ မဖြစ် သလို၊ သူခိုး က မွေးတိုင်း လည်း သူခိုး မဖြစ် လာပါဘူး။
ဟုတ်တယ်လေ တလောလေး က ဂျာနယ် တစ်စောင် မှာ ဗိုလ်ကြီး အဆင့်၊ ဗိုလ်မှူး
အဆင့်တွေ နဲ့ ရွှေဆိုင် ဝင်ပြီး ဓားပြ တိုက်၊ ဘဏ်တွေ ဝင်စီး နဲ့ အလုပ် နဲ့
လုပ်ဆောင်ချက်တွေက တခြားဆီပါပဲ။
ဒီလို ပါပဲ ကျွန်တော် ဆိုရင် လည်း မူလ ပထမ က
ပန်းချီ ဆရာ ဖြစ်ချင် တာ။ ပန်းချီ ဝါသနာ ပါလွန်း လို့လည်း မူလတန်း အ.မ.က(၁ဝ)
ချင်းချောင်းခြံ မှာ ကျောင်း တက်တော့ ဖတ်စာအုပ် မျက်နှာဖုံးတွေ၊ သူများ
စာအုပ်တွေ မှာ ပုံတွေ ဆွဲ လို့ ဆရာ ဦးသန်းထွေး ရဲ့ ကြိမ်လုံး၊ ပေတံ၊
ဘောဖျက်တွေ နဲ့ မကြာခဏ မိတ်ဆက်ခဲ့ရဖူးပါတယ်။
အဲဒီ ကနေ အ.ထ.က(၂)
ကြည့်မြင်တိုင် အထက်တန်းကျောင်း ရောက်ပြန်တော့ လည်း ထို့နည်းတူ ပါ ပဲ အဲဒီ ကနေ
ဘယ်လို ပြောင်းလွဲ သွားတယ် မသိပါဘူး။
အရင် အခေါ် လူပြက်၊ နောက် လူ ရွှင်တော်၊
အဲ…ပြီးတော့ ဟာသ သရုပ်ဆောင်၊ ဇာတ်ပို့ ဇာတ်ရံ လို့ ခေါ်ဝေါ် သတ်မှတ်ခြင်း
ခံခဲ့ ရပါ တယ်။
မအောင်မြင်ခင်၊ လူတွေ မသိခင် မှာ သူများ တကာရဲ့ ကျေးကျွန်
ခိုင်းဖတ် ၊ ခြေကြို ခြေကြား ထဲမှာ ငတ်တစ် လှည့်၊ မစား ရ တစ်လှည့် နဲ့
ဒုက္ခ မျိုးစုံ ရခဲ့ ပါတယ်။ အငြိမ့်စင်ပေါ် က ကန်ချခြင်း ခံခဲ့ ရတာမျိုး တို့၊
ခွန်းတောက် တစ်ပုဒ် ရဖို့ ကိုယ်ရတဲ့ အနုပညာကြေး ထဲက လက်ဖက်ရည် ဝယ်တိုက်၊
နင်းနှိပ်ပေး ရတာမျိုးတို့ အဲ…ပြီးတော့ ရှိသေး။
အရင်က
ကျွန်တော့် အဖေ ဘက်ကပေါ့ အဖေ့ တူ တစ်ယောက်နေတဲ့ ဂွတ္တ လစ် ဈေးနား၊
ဂျိုးဖြူ ပိုက် လိုင်းကြီး တွေလည်း ရှိတယ်။ သူတို့ အိမ်ကို ကျွန်တော်
ရောက်သွားတယ်။ တစ်အောင့် တနား နေပြီးတော့ ထမင်း လည်း မကျွေးပါ ဘူး။
”အစ်ကို ကျွန်တော့် ကို ပိုက်ဆံ တစ်ကျပ်လောက်ချေးပါ။ ပြန်စရာ လမ်းစရိတ် မရှိလို့ပါ”
သူက ဆေးပေါ့ လိပ်ကြီး ဖွာ ကာ မသိ ကျိုးကျွန်
ယောင်ဆောင်နေ ပါတယ်။ သူနဲ့ မလှမ်း မကမ်း မှာတော့ သူ့ အမျိုးသမီး က
ဈေးရောင်း ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
”လုပ်ပါ အစ်ကို ကျွန်တော် ဗိုက်လည်း ဆာနေ လို့ပါ။ ဆက်ဆက် ပြန်ပေးပါမယ်”
”မင်းအစ်မကို သွားပြောလေ”
”ဟာ… အစ်ကို က သူ့ ယောက်ျားလေ..အိမ်ထောင် ဦးစီး လေ”
”ငါတောင် သူဆီ က လက်ဝါး ဖြန့်တောင်းသုံးနေရတာကွ”
အဲဒီ အချိန် တုန်းက ရှစ်လေးလုံး ကြီး
ပြီးခါစ၊ ကျွန်တော် နေထိုင် ရာ ဟုမ်းလမ်း (ဘူတာ ဟုမ်းလမ်း) မဟုတ်ပါ။
ဒေါ်ရွှေလိပ်ပြာ ရပ်ကွက် ဆိုရင် လူတိုင်း ပိုသိ ပါတယ်။
အဲ…ခုန က ဟုမ်းလမ်း မှာ
ရှိတဲ့ အိမ် ၁ဝလုံး ကို အမြင်ကတ် ပုဒ်မ နဲ့ ဖျက်ခိုင်းပြီး
လှိုင်သာယာမြို့သစ်၊ လယ်ကွင်း ထဲကို အပို့ခံ ရလို့ မိသားစုက လှိုင်သာယာ၊
ကျွန်တော်က အမျိုးတွေ ရှိတဲ့ အဖေ့ ရဲ့ညီ အငယ်ဆုံး အိမ်မှာ ကပ်နေရတဲ့ ဘဝ။
ဘာဖြစ်လို့လဲ ဆိုတော့ အနု ပညာ နဲ့ ပတ်သက် လို့ အလုပ် ရရှိ ဖို့ ဆိုတာက
ရန်ကုန် မှာပဲ ဖြစ်နိုင်ချေ ရှိတာ ကိုး။ ဒီတော့ လှိုင်သာယာ က နေပြီး သင်္ဘော
တစ်တန်၊ ဇက် တစ်တန်၊ ကား တစ်တန်နဲ့ နေ့စဉ် မလာနိုင် ဘူးလေ။
ဒီတော့ ဦးလေး
ဖြစ်သူ ကိုပဲ ခယပြော ဆိုပြီး ကျော တစ်နေရာ တစ်ခင်းလေး ရဖို့ ကပ်နေရတာပေါ့။
အဲ… အဲဒီတော့ ကျွန်တော့် အစ်ကို တစ်ဝမ်းကွဲ ဆီက အကူ အညီ မရတော့ ဂွတ္တလစ် ကနေပြီး
ဟုမ်းလမ်းကို ကုန်းကြောင်း လျှောက်ပြန် ခဲ့ရပါတယ်။
သည်ကြားထဲ မိုးက ရွာတော့
စီးလာတဲ့ သားရေ ဖိနပ်လေး ပြတ် သွားလို့ မိုးရေထဲမှာ မျက်ရည်တွေ နဲ့ ရောပြီး
ပြန် ခဲ့ရပါ တယ်။
ဟုမ်းလမ်း ကနေပြီး ကြည့်မြင်တိုင်
ညဈေးဘက် ကို ခြေဦး လှည့်ကာ ညဈေးတန်း က အထည်ဟောင်းတွေ ဝယ်တဲ့
သူငယ်ချင်း တစ်ယောက် ရဲ့ အမေဒေါ်ချစ် ထံ ရောက်သွားပါတယ်။
”ခုနစ် ကျပ်တော့ မလုပ် ပါနဲ့ဗျာ …နည်းနည်း တိုးပေးပါ။ ရောင်း နေကျဥစ္စာ”
”ဟဲ့ မတိုးပေးနိုင် ပါဘူး။ ငါမှာ ဆပ်ပြာ ဖိုး၊ မီးသွေးဖိုးတွေ ရှိသေးတယ်”
”ဗျာ…အင်္ကျီရောင်းတာ နဲ့ မီးသွေး နဲ့ ဘာဆိုင် လို့လဲ”
”သေနာကောင်..နင့် အင်္ကျီ ကို လျှော်ဖွပ်ပြီး
မီးပူတိုက် ရဦးမယ်လေ။ ဒီ အတိုင်း ပြန်ရောင်း လို့မှ မရတာ။ ကဲ မရောင်း ရင်လည်း
ဆိုင်ရှေ့ က ဖယ်..လမ်းပိတ် တယ်..စောစော စီးစီး”
”ကဲ..ရောင်းမယ် ဗျာ။ ရော့”
ကမန်း ကတန်း ဝတ်ထား တဲ့ လယ် ကတုံးလေး
ချွတ်ပေး လိုက်တယ်။ စွပ်ကြယ် လက်ပြတ်လေး တစ်ထည် ကျန် တော်ပြီပေါ့။
အထည်ဟောင်း ဝယ်တဲ့ ဒေါ်ချစ် က အင်္ကျီ ကို အပြန်ပြန် အလှန်လှန် စိတ်တိုင်း ကျ
ကြည့် ပြီးတော့ မှ သူ့ရဲ့ချွေးခံ အင်္ကျီ ဘော်လီထဲ က ပိုက်ဆံ ထုတ်ပေး ရင်းနဲ့
”နင့် အင်္ကျီ ကလည်းဟယ် နံလိုက် တဲ့ချွေးစော်”
”နံမှာပေါ့..ဂွတ္တလစ် ကနေပြီး ကုန်းကြောင်းပြန်ခဲ့ ရတာကိုး”
”ဒါနဲ့ နင့်မိန်းမ နဲ့ ကလေးတွေ ရော နေကောင်းကြ ရဲ့လား”
”ကောင်း၊ မကောင်းတော့ အဆက် အသွယ် မရသေး ပါဘူးဗျာ။ လှိုင်သာယာ က လူကြုံရှိမှ မေးလို့ရတာ”
”ဟယ်.. ဒါဆိုလည်း မိသားစု ဆီပြန်ပေါ့ ဟဲ့”
”ပြန်လို့ မဖြစ် လို့ပေါ့ ဒေါ်ချစ်ရယ်။
ရန်ကုန် မှာ ရှာဖွေ လို့ ရတာလေး တွေကို သူတို့ဆီ ပြန်ပြန် ပို့ပေးနေ ရတာ။
လှိုင်သာယာ က ဆို လမ်းစရိတ် က အဆင့်ဆင့် ရယ်။ ကဲ သွားပြီဗျာ”
ဗိုက်လည်းဆာနေပြီ။
ဒေါ်ချစ် က ကျွန်တော့် ကို အဓိပ္ပာယ်
တစ်မျိုးနဲ့ ကြည့်နေလေ ရဲ့။ တစ်လ ကျော်ကျော်လောက် ကျတော့ တစ်ရက် မှာ ဗီဒီယို
ဇာတ်ကားလေး တစ်ကား မှာ Day နေ့စား ပါဝင်ခွင့် ရခဲ့ပါတယ်။
ရတဲ့ အနု ပညာငွေကြေးလေး မဖြစ်စလောက်ထဲ က ခေါ်ယူ ဆက်သွယ်ပေး တဲ့ ရှုတင်
မန်နေဂျာ ဆိုတဲ့ လူကြီးကို လက်ဖက်ရည် ဖိုး ပေးလိုက်ရတော့ ဘတ်ဂျက် နည်းနည်း
ထိခိုက်သွားတယ်။
မှီခို ကပ်နေတဲ့ ဟုမ်းလမ်း အိမ် ကို ပြန်ဖို့ ကလည်း မှောင်စ
ပျိုးနေပြီ။ ဒီကြား ထဲ မိုးကလည်း အုံ့လာပြီ ဆိုတော့ ..
”အဒေါ် ကျွန်တော့် ကို တစ်ည လောက် အိပ်ခွင့်ပြုပါ”
အဖေရဲ့ အစ်မ ခုန က ဂွတ္တလစ် က
အစ်ကိုဝမ်းကွဲ ရဲ့အမေ ဆီ ခွင့် တောင်း လိုက်တော့ ယောဂီဝတ် စုံနဲ့ အဒေါ်ဖြစ်သူ က
ကွမ်းတံတွေး ကို ပြစ် ကနဲထွေးလိုက်ပြီး
”ထမင်း ဟင်းတွေတော့ ရှိတယ်။ စားချင် စားသွားလေ။ အိပ် လို့တော့ မရဘူး”
”အဒေါ် ကျွန်တော် ထမင်း မစား ပါဘူး။ တစ်ညလေး ပဲ အိပ်ခွင့်ပြုပါ”
”ဟဲ့ နင် လူလို နား မလည်ဘူး လား။ ငါပြော တာ ရှင်းရှင်းလေး။ အိမ်မှာ ဧည့်သည် ရှိနေတယ်။ ညအိပ် ညနေ ခွင့်ပြု လို့ မရဘူး။ ဗေဒင်ဟော ထားတယ်”
လှမ်းကြည့် လိုက်တော့ မမှောင့် တစ်မှောင်
အခန်းထဲ မှာ သူ့သမီးနဲ့ အသက်ခပ်ကြီးကြီး လူကြီး တစ်ယောက် ပွတ်သပ်
ကြည် စယ်နေလေရဲ့။ အခုတော့ အဲဒီ လူကြီးနဲ့ပဲ အိမ်ထောင် ကျသွားပြီလို့
ကြားရ ပါတယ်။
”သြော်..အဒေါ်ရယ် ကိုယ့်တူ လေး အရင်းခေါက်ခေါက်တော့ အိပ် ခွင့် မပြုနိုင်ဘူးတဲ့လား။ သူစိမ်း ကျ တော့…”
မိုးရေ ထဲမှာ ဆို့နင့်စွာ တွေးရင်း နဲ့
ကုန်းကြောင်း ဆက်လျှောက် လိုက်ပါတယ်။ အရေးထဲ ဖိနပ် က ထပ်ပြတ်ပြန် ပါပြီ။
လောကကြီး ကပဲ အသုံး မကျတာလား။ ကျွန်တော် ကပဲ အသုံး မကျနေတာလား။ ဝေခွဲ မရတော့ပါ
ဘူး။
မိုးရေထဲ လမ်းလျှောက်နေရင်း နဲ့ လှိုင်သာယာ မှာ ရှိနေတဲ့
အိမ် မဆောက်နိုင်သေး လို့ ယာယီ တဲစုတ်လေး ထဲက ဇနီးသည် နဲ့ ကလေးနှစ်ယောက် ရဲ့
မျက်နှာ ကို ပြေးမြင်ဖြစ်အောင် ပြေးမြင်ယောင် လိုက်ပါသေး တယ်။
စစ် အစိုးရ ဒဏ်၊
ဆွေမျိုးတွေ ရဲ့ ဒဏ်တွေ ကို အလူး အလဲ ခံလိုက် ရပါတယ်။ ငယ်ငယ် ရွယ်ရွယ် နဲ့
အချစ်ကို ဦးစားပေး အိမ်ထောင်ပြု ခဲ့တဲ့ ကျွန်တော် တို့ နှစ်ယောက်ကြောင့်
ကြားထဲ က မြေစာပင်လေး နှစ်ပင် ဒုက္ခရောက် ရရှာပြီပေါ့။
အင်း…ဟုမ်းလမ်း
ရောက်ရင် လည်း တံခါးပိတ် ထားမှာ ကြိမ်းသေတယ်။ ဘာပဲဖြစ်ဖြစ် လှေကား
အောက် ထစ် မှာပဲ ငုတ်တုတ် ငိုက် လိုက်တော့မယ်။ မကြာခဏ ထို ပုံစံမျိုးနဲ့
ငိုက်ခဲ့ ရတာ နှစ်နဲ့ ချီတော့မယ် ဥစ္စာ အဆန်း လုပ်လို့ ‘ပေ’ ဖြစ်တုန်းတော့
ခံရမှာပေါ့။ ခုဟာ က ပေ ဘဝ ထက် ဆိုးတယ်။
ခြေဖဝါးအောက် က ဖိနပ်၊ ဖိနပ်တောင် မှ
ဖိနပ် ရဲ့အောက် က သားရေ၊ တူတွေ၊ တူမ တွေတောင် လမ်းတွေ့ ရင် ရှောင် သွားကြတယ်။
ပိုက်ဆံချေး မှာ စိုးလို့လား။ တစ်ခုခု ဝယ်ကျွေးခိုင်း မှာ စိုးလို့ လားတော့
မသိဘူး။
ဒီထက် မက တဲ့ ဘဝရဲ့ အခက် အခဲတွေ များစွာ ရှိနေပါသေးတယ်။ ဟော အခုတော့
ပရိသတ် သိတဲ့၊ ပရိသတ် ချစ်တဲ့၊ ဆွေမျိုးတွေ ပြန်လည် အသိ အမှတ်ပြု ခံရတဲ့
လူရွှင်တော် တစ်ယောက် ဖြစ်ခဲ့ ရပါပြီ။ ပရိသတ်တွေ သိ ရပြန်တော့လည်း
”အစ်ကို နိုင်ငံတော် စစ်ကား ရိုက်ဖို့ အစည်း အရုံးက စာပို့ထား တယ်”
”သြော်..ဟုတ်လား”
ရိုက်ပေးလိုက် ရတဲ့ပေါ်လစီ၊ ရှာ ပေးလိုက် တဲ့ ရန်ပုံငွေ။
”ဟာ ကျော်ထူးကြီး၊ လိုင်း ဘတ်(စ်) ကားပေါ်မှာဟေ့”
”ဟေ့ နှာခေါင်း…မြို့ပတ် ရထား စီးပြီး ဘယ်သွား မှာလည်း”
”မနေ က ဘီယာဆိုင် မှာ တွေ့ တယ်နော်”
”ကေတီဗီ တို့၊ မာဆတ် တို့ မသွား ဘူးလား ကိုကျော်ထူး”
ဘယ်နေရာ သွားသွား၊ ဘာလုပ်လုပ်၊ လူတွေ က အကုန် သိတယ်။ လူတွေ မသိခင် တုန်းကလည်း သိအောင် ကြိုးစား လိုက်ရတာ။
”အဖေ ကျောင်းက လူရွှင်တော် သား ပဲတဲ့၊ ကထိန် အလှူငွေ ပိုထည့် ပေးပါတဲ့”
ဟော..ကားရိုက်တွေ ကျဲနေ တာ သူတို့ မသိ။ သူတို့ သိတာ ပရိသတ် သိတဲ့ လူရွှင်တော်။
”ဈေးသွား ရတာ မကောင်း ပါဘူးတော်”
ရှင့် မိန်းမမှန်း သိနေတော့ ဟိုဟာ ဈေးဆစ်
မရ၊ ဒီဟာဈေးဆစ် မရနဲ့ တော်တော်လေး စိတ်ညစ် ဖို့ ကောင်းတယ်။
ကိုယ့်ဘာသာ ကိုယ်
ကန်စွန်းရွက်လေး ဝယ် တာတောင် လူရွှင်တော် ကတော်ကြီး ကန်စွန်းရွက်တွေ ချည်းပဲ
မစား နဲ့လေ တဲ့။
အဲဒါ က လူရွှင်တော် မိန်းမ ထူး သခင် ရဲ့ ရင်တွင်းဖြစ် စကား။
ကိုကျော်ထူးရေ.. မင်းသား
ဈေး ရယ်..ပြီးတော့ မင်းသမီး က နှစ်ယောက် ဖြစ်နေလို့၊ အဲဒါ ရှုတင်
မန်နေဂျာတွေ ရဲ့ လက်သုံး စကား၊ ဈေးလျှော့ပေးဖို့။
”အစ်ကို တို့ ဗီဒီယို ကားတွေ ကျတော့
အားပေးလိုက် ရတာဗျာ။ကျွန်တော့် တက္ကစီ ခလေးတော့ ဈေး မဆစ် ပါနဲ့။ အရှေ့တောင်
အာရှ ထဲမှာ အနီးကပ် ဆုံးဖြစ်တဲ့ ‘ယပလက်’ လို့ ခေါ်နေကြ တဲ့ ထိုင်း၊ ယိုးဒယား မှာ
ရှိတဲ့ ဟာသ လူရွှင်တော်တွေ ကိုယ်ပိုင် ခြံကြီးတွေ၊ ကိုယ်ပိုင် ရဟတ်ယာဉ်တွေ၊
တံခါးခြောက်ပေါက် ရှိတဲ့ ကားတွေ၊ ကိုယ်ပိုင် ဆိုင်ကြီးတွေ၊ ဘော်ဒီဂတ်တွေ နဲ့
ယူထား လိုက်တဲ့ မဟေသီတွေ ကလည်း အလန်စား၊ အပျံစား၊ လန် ထွက်နေတာပဲ။
လူ
ရွှင်တော်ချင်း အတူတူ၊ ဇာတ်ပို့ ဇာတ်ရံခြင်း အတူတူ ဘာတွေများ
ကွာခြားနေ ပါသလဲ။ ရေမြေကြောင့် လား၊ နိုင်ငံကြောင့်လား၊
စီးပွားရေးကြောင့် လား၊ အစိုးရကြောင့် လား ဘာကြောင့် မှန်းတော့ မသိဘူး။
လောလောဆယ် အနည်း ငယ် မဟုတ်တောင် အကြီး အကျယ်ကြီး သိလိုက် ရတာက မြန်မာပြည် မှာ
လူရွှင်တော် ဖြစ်ရ တဲ့ ဒုက္ခတွေ ရင်ထဲ မှာ ပန်းတွေ ပွင့်နေ တာ မဟုတ်ပါဘူး။
ဒူးရင်းသီးတွေ မှည့်နေတာ။
ကျွန်တော်ရှေမှာ ရေးခဲ့ သလိုပါပဲ သခင်ဖြစ်လိုက်၊
ကျွန်ဖြစ် လိုက် နဲ့ ကြေးစည် တီး နေသလို ပါပဲဗျာ အဟုတ်၊ အမယ် ဒါပေသည့်
တစ်ခါတစ်ရံ အိပ်မက် ထဲမှာတော့ တရုတ်ဖြစ်လိုက်၊ ကုလားဖြစ်လိုက် နဲ့
အက်ရှင် ကားတွေ ရိုက်ပြီး ပြက်လုံးတွေ ထုတ်နေမိသေးတယ်။ အဲဒါနဲ့ပဲ…အဲဒါပဲ
ပေါ့ဗျာ…နော်။
ကျော်ထူး
(အထွေထွေသရုပ်ဆောင်)
From... http://www.searchmyanmar.com/link/frame/cid/44921
No comments:
Post a Comment