Wednesday, December 3, 2014
လွမ်းညို့သွေးတဲ့ ဆောင်းလေပြေ
မနက် မိုးလင်းလို့ မျက်စိ ဖွင့်လိုက်ပြီ ဆိုတာနဲ့  မျက်စိရှေ့  မှာ မောင့်ကို အပြေးအလွှား လိုက်ရှာ တတ်တာ အကျင့်ဖြစ်နေခဲ့ ပါပြီ။ မောင်အေးချမ်း စွာ အိပ်စက်နေတယ် ဆိုတာ ကို မြင်ရတော့ မှ ကျွန်မ အိပ်ယာထဲ ကနေ အသံ မထွက်အောင် ဖယ်ခွာ ခဲ့ပြီး လုပ်ရိုး လုပ်စဉ် ကိစ္စတွေ နဲ့ နေ့ သစ်တွေ ကို နှုတ်ဆက်ရ စမြဲပေါ့။
တစ်ခါ က ကျွန်မ ညဘက် စာရေးနေ လို့ အိပ်ယာ ၀င်တာ သိပ်နောက်ကျ သွားခဲ့ပြီး မနက်ကို ပုံမှန် အချိန် မနိုးပဲ အိပ်ပျော် သွားမိတယ်။ ကျွန်မ မျက်နှာပေါ် နေရောင်ခြည်နုနု က လာရောက် တိုးဝင်တော့ မှ ချက်ချင်း ဆိုသလို ရှေ့  မှာ မောင့် ကို အရင်ဆုံး ကြည့်မိတယ်။
အိမ်နောက်ဖေး ကို အမြန် ပဲပြေးဆင်း သွားပြီး ဂန္ဒမာ ပန်းခင်းတွေ ထဲ၊ စတော်ဘယ်ရီ ခင်းတွေထဲ၊ မက်မွန် ပင်တွေကြားထဲ မှာ မောင့်ကို အပြေး လိုက်ရှာ မိတယ်။ ရေမွှေးပန်းတွေ ကို ပန်းကိုက် တဲ့ ကပ်ကြေးလေး နဲ့ အသာ အယာ လိုက်ညှပ်နေပြီး လက်ထဲမှာ လည်း ပန်းတွေ တပွေ့  တပိုက် နဲ့ မောင့် ကို တွေ့ လိုက် ရတော့ မှ ကျွန်မ သက်ပြင်း ချနိုင်ခဲ့တာ ပါ။
ပန်းတွေ ကျွန်မ ကို ကမ်းပေးပြီး ပြုံးပြနေ တဲ့ မောင့် အပြုံး ယဲ့ယဲ့လေး ခိုဝင်နေ တဲ့ အဲဒီ ပါးခွက် ကလေးကို တစိမ့်စိမ့် စိုက်ကြည့်နေ မိပြီး ကျွန်မမောင့် ကို သိပ်ချစ်တယ် ဆိုတာ ကို ကိုယ့်ကိုယ် ကိုယ် မယုံ ကြည်နိုင်လောက်အောင် ဖြစ်ခဲ့ မိပြန်ပေါ့။
တစ်ချိန်က မေမြတ်မွန် ဆိုတဲ့ မိန်းမ ဟာ မာနတွေ အလုပ်တွေ ကို ခေါင်းထဲ မှာ ငွေတွက် စက်လို တချိန် လုံး တွက်ချင်နေပြီး ဦးနှောက် က အလုပ် လုပ် လွန်း လို့ နုလုံးသား ကို နေရာ ဘယ်တော့မှ ပေးမှာ မဟုတ် ဘူးနော် လို့ ယုံကြည်ချက် အပြည့်နဲ့ ကြုံးဝါး ခဲ့ဖူးတာပါ။
ကျွန်မ ကို သိပ်ချစ် တဲ့ အန်တီလေးမေ က သမီး ကိုယ် မလိုချင် တဲ့ အရာတွေ က ကိုယ့်ဆီ ကို ဆိုက် ဆိုက်မြိုက်မြိုက် ကြီးရောက်လာ တတ်တယ်နော်။ အဲဒီ အခါ သမီးရင်ဆိုင် ခံနိုင်ရည် ရှိဖို့ တစ်ဖက်တည်း အစွန်း မှာပဲ ရပ်တတ် တဲ့ အကျင့် ကိုပြင်ရမယ် လို့ သတိပေးခဲ့ တုန်းက ကျွန်မ က ခပ်ဟဟ ရယ်ပြီး အန်တီလေးမေရယ် ရောက် လာတော့လည်း ခေါင်းရော လက်ပါ ခါပြလိုက်ရုံပေါ့ လို့ ပေါ့ပေါ့ ပါးပါး ပဲ ပြန်ပြောဖြစ် ခဲ့တာ။
ကျွန်မဆီရောက်လာ တဲ့ ကျွန်မ အထင် မကြီး တတ်သော မနှစ်ခြိုက်တတ်သော အရာတွေ ထဲမှာ စိတ်ပျက် အားငယ် မှုတွေ၊ ချစ်ခင် တွယ်တာ လွန်းမှုတွေ၊ အလျော့ပေးမှုတွေ အရှူံးပေးမှုတွေ ဟာ အဲဒီ အပြုံး လဲ့လဲ့လေးတွေ နဲ့ အတူ ကျွန်မ ငြင်း မရအောင် မောင်ချစ်ပြခဲ့ တာပေါ့လေ။
မောင်က အချစ် ဆိုတဲ့ ဟိုး အစွန်းတစ်ဖက် ကို ဆုပ်ကိုင် ထားပြီး ကျွန်မ က ဘ၀ ဆိုတဲ့ ကျွန်မ ရဲ့ အတ္တတွေ ရှိတဲ့ အစွန်းလေး မှာ ခေါင်းမာနိုင် သလောက် မာပြီး ကျွန်မ တို့ ဝေးသွား ခဲ့ဖူးတာပါ။
ငါတို့ ဘာလို့ ကွဲသွား ကြတာလဲ လို့ မေးစရာ မလိုအောင် ကို ကျွန်မ တို့ ရဲ့ ခွဲခွာခြင်း ဟာ အဖြေထွက်ခဲ့ ပါ တယ်။ ဒါပေမယ့် အချိန်တွေ နေ့ စွဲတွေ ရာသီတွေ ဘယ်လောက်ပြောင်းသွားပြောင်းသွား မောင်က အဲဒီ အစွန်း တစ်ဖက် ကနေ တည်ငြိမ်နေ တဲ့ သူ့ အချစ်တွေ ကို သစ္စာ တရား ဆိုတာကြီး နဲ့ ကျွန်မ ကို တစ်ချိန် လုံး စိန်ခေါ်နေခဲ့ တာပေါ့။
ဒါပေမယ့် ကျွန်မ အမုန်းဆုံးဖြစ်တဲ့ မောင့်ရဲ့ အားငယ်တဲ့ စိတ်က လည်း ဘယ်တော့ မှ မပြောင်းလဲ ပဲ အမျိုး မျိုးသော နည်းပေး လမ်းပြမှုတွေ နဲ့ မောင့် ကို အသဲကွဲ သူကြီး အချစ် အတွက် ရူးသွပ် သူကြီးဖြစ်စေ ခဲ့တယ်။
ကျွန်မ ရဲ့ အတ္တတွေ ကို နတ်ဆိုး တစ်ပါးပါး က အချစ် ဆိုတဲ့ အသွင် နဲ့ မောင့် ကို ခုတုံး လုပ်ပြီး ကျွန်မ ကို စိတ်ခေါ် ခဲ့သလားလေ။ မောင် က ကျွန်မ ရဲ့ အတ္တ နဲ့ ကျွန်မ ရဲ့ အချစ် အပေါ် စိန်ခေါ် တိုက်ခိုက် ခဲ့မှုမှာ ဓါးစာခံ သက်သက် ရယ်ပါ။
မောင် နဲ့ ကျွန်မ ဝေးသွား ကြပေမယ့် မောင်က အမြဲတမ်း ကျွန်မ ရဲ့ အရိပ်ဖြစ်နေ ခဲ့တယ်။ ကျွန်မ အံ့သြ တုန် လှုပ် သွားရအောင်ကို မောင် က ကျွန်မ ရဲ့ အသက်ရှူ သံတိုင်း ကျွန်မ ရဲ့ ခြေလှမ်းတိုင်း ကို ဘာသာပြန် ရင်း အမြဲ တမ်း အဝေးကြီး နဲ့ နီးနီးလေး ကို ရှိနေပေးခဲ့ တာပါ။
ကျွန်မ အခက်အခဲ ရှိတဲ့ အခါတိုင်း ရောက်လာ ခဲ့တဲ့ အရိပ်တွေ က မောင့်အရိပ်တွေ ဆိုတာ ကို ကျွန်မ သိသိ ကြီး နဲ့ မသိကျိုးကျွန်ပြုခဲ့ပေမယ့် မောင့် ကို အသုံး ချပြီး ကျွန်မ ကို ကျဆုံးစေချင် တဲ့ အဲဒီ နတ်ဆိုး ရဲ့ လှည့်စားမှု ကိုတော့ ကျွန်မ ဒူးထောက် ခဲ့ရပြီလေ။
၎ နှစ်လောက်ဝေးကွာ ခဲ့ပြီး မျက်နှာ ချင်းဆိုင် တစ်ကြိမ်ပြန်ဆုံတွေ့ တဲ့ အခါ မှာတော့ မောင့် အပြုံးဟာ စစချင်း ကျွန်မ နှလုံးသား ထဲ ထိုးဖောက် သွားဖူး တဲ့ အတိုင်း နူးညံ့နွေးထွေးစွာ။ " တစ်ရက် ကလေးမှ မဝေးခဲ့ ပါဘူး....မေ။ မနေ့ က အတိုင်းပါပဲ။ မေ့ ကို ချစ်တယ်...မောင်ဟာ မေ့ ကို ချစ်မြတ်နိုး ဖို့ မွေးဖွားလာခဲ့ သူပါ "
အပြုံးတွေ ဟာ အားပြတ် ချိနဲ့ နေတဲ့ မောင့် ကိုယ်ခန္ဒာပေါ် မှာ တောက်တောက် ပပကြီး လင်းပွင့် လို့ ။ ကျွန်မ အမြဲ စိတ်ကူးယဉ် ခဲ့တဲ့ အတိုင်း ဒီတောင်ပေါ်မြို့  ကလေးမှာ။ လမ်းကွေ့ ကွေ့ ကောက်ကောက်လေးတွေ နဲ့ တောင်ကုန်းမြင့်လေး ရဲ့ အစွန်း မှာ ကျွန်မ နဲ့ မောင် တို့  ရဲ့ အိမ် ကလေး။
မောင့် စိတ်တိုင်းကျ အရိုးရှင်းဆုံး ကျွန်မ ဖန်တီးထားခဲ့ ပါတယ်။ မောင့် ကို ကျွန်မ အတိတ်တွေ ထဲကနေ ဆွဲ ထုတ် ခဲ့ပြီး မောင့် အတွက် နေ့ သစ်တွေ ကို အကောင်းဆုံး ဖန်တီးပေး ဖို့ ဆုံးဖြတ် ထားပြီးခဲ့ပြီပဲလေ။ ရှိသမျှ အလုပ်တွေ ကို အကုန်ုပြစ် ထားခဲ့ပြီး ချစ်လှစွာသော မေမေ့ ကိုတောင် လုံးဝ ကျောခိုင်း ခဲ့ရတာ ကို မေမေ နားလည်ပေးနိုင် ဖို့ မ၀ံ့ မရဲ ဆုတောင်းမိပြန်သေးတယ်။
ဒါပေမယ့် ကျွန်မ ရဲ့ ဆုံးဖြတ်ချက် အတွက် ကျွန်မနည်းနည်း မှ နောင်တ ရမနေခဲ့ပါ။ မောင့် ကို ပြုစုနေရ တာ မောင်ပျော်ရွှင်နေတာ ကို ကြည့်ရင်း ပျော်ရွှင်နေရ တဲ့ ကျွန်မ ဟာ ချစ်ခြင်း ကို စိန်ခေါ် တိုက်ခိုက်မှုကြီး အတွက် သစ္စာတရား ရဲ့ ခွန်အား မှာ ကျေကျေ နပ်နပ်ကြီး ကို အရှူံးပေးမိနေပြီလေ။
မောင် နဲ့ ကျွန်မ အတူတူ ပျိုးထား တဲ့ ပန်းခင်းတွေ ဟာ ခုတော့ အရောင်ကို စုံလို့ ကျွန်မ ကိုပဲ အားပေးနေ ကြ သယောင်။ မနက် ဆို မောင် မနိုးခင် ကျွန်မ စောလျင် စွာ ထပြီး ရေနွေးတည်၊ မနက် စာပြင်၊ ဘုရားဝေယျာ ၀စ္စတွေ လုပ်ပြီး မောင် အဆင်သင့် ရေချိုး ဘုရား ၀တ်ပြုနိုင်အောင် စီမံပေးနေရတာ ကိုပဲ ကျွန်မ မှာ ပျော်ရွှင်ကြည်နူးလို့ ။
နေရောင်လေး ထွက်လာပြီ ဆို အိမ်ရှေ့  က ကျွန်းသား ထိုင်ခုံ အ၀ိုင်းကြီး မှာ မောင်နဲ့ အတူ နေစာ လှုံ ရင်း မောင် က ဒီနေ့ ထွက် ဂျာနယ် တစ်စောင်စောင် ကို ဖတ်ပြတတ် သလို ကျွန်မ ကလည်း မောင့်ကို ကျွန်မရေးဖြစ် တဲ့ စာတွေ ကဗျာတွေ အကြောင်း ပြေပြ တတ်တာပေါ့။
အဲဒီ အခါ မောင် က "မေ က တကယ် စိတ်ကူး ယဉ်တယ်နော်။ တကယ့် မေနဲ့ မေ့ စာတွေ ထဲက မေဟာ တခြား စီရယ်။ မေ သာ မေ့ စာတွေထဲ ကလို နူးညံ့နေရင် မောင် ဒီ့ထက် ကို ပိုပြီး ချစ်မိ ဦးမှာပဲ လို့ "စနောက်ပြီး ပြောတတ်တယ်။
မောင် မသိခဲ့ တာက တကယ်တန်း ကျွန်မ က မာကျောချင်ယောင်ဆောင်ထား မိတဲ့ သာမာန် ဖယောင်းပွင့် ရယ်ပါ။ ဘ၀ ရဲ့ ပုံသွင်း ထုဆစ် ထားမှု၊ မေမေ့ ရဲ့ သွန်သင် ဆုံးမမှုတွေ နဲ့ မာကျော ပုံပေါက်နေပေမယ့် ကျွန်မ ရဲ့ နှလုံးသား ကတော့ တစ်ဖက်သား ကို သိပ် သနားတတ်၊ ကြင်နာ တတ်တဲ့ ၀ိဥာဉ်လေး က ခိုအောင်းနေ ခဲ့တာပါ။
ဒါကိုမောင်က ပဲ ဇွဲကြီးကြီး နဲ့ ရှာဖွေပြီး အဲဒီ ၀ိဥာဉ်လေး ကို မီးညှိ ခဲ့တာ မဟုတ်လား။ မောင့် ကျန်းမာရေး ဟာ သိသိ သာသာကြီး ကောင်း မလာခဲ့ပေမယ့် မောင်ပျော်ရွှင်နေ ဖို့ ကျွန်မ အစွမ်းကုန်ကြိုးစား ပါ့မယ် လို့ ဆရာဝန်ကြီး ကို ကတိတွေပေးနေ တဲ့ ကျွန်မ ကို ဆရာကြီး က အရောင် ကင်းမဲ့ တဲ့ မျက်ဝန်းတွေ နဲ့ စိုက်ကြည့်ရင်း ကျွန်မကျောကုန်း ကို လက်ကလေး နဲ့ ပုတ်ပြီး ငါ့ သမီး အကောင်းဆုံး လုပ်နိုင်မှာပါလို့  ဖွဖွလေး အားပေးရှာတယ်။
မောင့် ရဲ့ ရှင်သန်ခြင်း က ကျွန်မဖြစ်စေရမယ်။ မောင်ဟာ ကျွန်မ ကို ချစ်တဲ့ စိတ်နဲ့ ပဲ ဒီလောကကြီး ထဲ ရှင် သန်ပျော်ရွှင်နေရ မယ်။ ကျွန်မ တို့ နေ့ ရက် များစွာ ကို ဖြတ်သန်းကြမယ်။ မောင်ဖြစ်စေချင် တဲ့ ရိုးရှင်း တဲ့ ဘ၀လေး ကို အတူ တကွ ခုန်မင် ကြမယ်လေ မောင်။
ကျွန်မ တို့ စက်ဘီးလေး နဲ့ တခါ တရံ တောင်အောက် ဆင်းပြီး ပန်းတွေ ခူးကြမယ်။ မောင့်ကို ကျွန်မ က တော လည်တတ်အောင် သင်ပေး ဦးမယ်။ တခါ တလေ မြို့ ထဲ က သူငယ်ချင်းတွေ ဆီ ညစာသွားစား ရင်း မောင် တို့ ဘောလုံးပွဲ အတူတူကြည့်တာ ကို ကျွန်မ က ဗီဒီယို ကင်မရာ တစ်လုံး နဲ့မှတ်တမ်း တင်နေ ဦးမယ်။
မောင်နေကောင်း တဲ့ အခါ လိုင်းကားလေး စီးပြီး တောင်ကြီး တက်လည် ဦးမယ်။ ဈေးနေ့  ဆို မောင် က ဈေးခြင်းတောင်းကြီး ဆွဲပြီး ဈေးထဲ မှာ ကျွန်မ ၀ယ်သမျှ ကို နောက်ကနေ အဲဒါ က ဘာခေါ်လဲမေ လို့ ကလေး တစ်ယောက် လို တတွတ် တွတ်မေးတတ် တာ ကို ကျွန်မက ရှင်းပြနေဦးမယ်။
တို့ ဟူးနွေး မကြိုက်တတ် တဲ့ မောင် က မေကြိုက် လို့ လိုက်စား တာပါ လို့ ပြောတော့ အားရ ပါးရ ရယ်ပြီး အသားတွေ အများကြီး ပိုထည့်ပေး တဲ့ မနန်းချယ် တို့ ဆိုင် မှာ သွားစားကြဦးမယ်။
ညနေခင်း ကို အေးအေးမြမြ နဲ့ မြို့ တောင်ပိုင်း က ဂေါက်ကွင်း နားထိ လမ်းလျှောက်ကြ ရင်း ကော်ဖီ ဆိုင်လေး ၀င် ထိုင်ကြ ဦးမယ်။ မောင့် အတွက် ဂစ်တာလေး တီးပြီး သီချင်းတွေ ကို လရောင်အောက် မှာ ဆိုပြနေဦး မယ်။
မောင့်အတွက် လို့ နာမည် ထိုးထားတဲ့ ဗလာစာအုပ် အညိုလေး ထဲမှာ ကဗျာလေးတွေ ရေးပေးပြီး မောင့်ကို အရွတ်ခိုင်း ဦးမယ် ကျွန်မ တို့ အတွက် အချိန်တွေ မလောက် ငှနေဘူး မောင်ရယ်။ မောင်ပျော်ရွှင်နေ ရမယ်။ ကျွန်မ အတွက် ရှင်သန်နေရမယ် လို့ ကျွန်မနေ့ တိုင်း ဆုတောင်းနေမိ တယ်။ တိတ်တိတ်လေး ပါ မောင်ရယ်။
ဒီနေ့ မနက် မိုးလင်းတော့ ကျွန်မရှေ့  မှာ မောင် ရှိမနေပြန်ဘူး။ မောင်ရေ..........မောင် အဝေးကြီး မသွား နဲ့ လို့ ပြောထား တယ်လေ။ ကျွန်မ စိုးရိမ် တကြီး လိုက်ရှာ ရပြန်ပြီ။ အိုး..........အိမ်ရှေ့ က ခရေ ပင်ကြီး ဖွေးနေအောင် ပွင့်နေ ပါ့လား။ ဒီဒေသ မှာ ခရေ မဖြစ်ဘူး မေ ရဲ့ လို့ ပြောခဲ့ တဲ့ မောင်က ခရေတွေ ကို ထိုင်ကောက်နေရာ က ကျွန်မကို လှည့်ကြည့်ပြီး ပြုံးပြတယ်။ "မေရေ..... ခရေတွေ ပွင့်နေပြီ ။
ကိုယ် က မေ့ ကို ချစ်ဖို့ မွေးဖွား လာသလို မေ့ ကို ချစ်မြတ်နိုးရင်း ပဲ အသက်ရှင် သွားပါ့မယ်။ တကယ် လို့ ကိုယ်သေဆုံး သွားရင် လည်း ဒီ ခရေပွင့်လေးတွေ လိုပဲ ညိုးခြောက် သွားသည့်တိုင် ရနံ့ မပြယ်တတ် သလိုပေါ့ မေ။
မေ့ကို ချစ်မြတ်နိုးမှု ကတော့ ဘယ်တော့ မှ သေဆုံး သွားမှာ မဟုတ်ဘူး ဆိုတာ ယုံပါနော်။" မောင့် လက်ထဲ က ခရေပွင့်တွေ ကို လှမ်းယူ ရင်း မောင့် ရင်ခွင်ထဲ ကျွန်မ တိုးဝင်သွားမိ တယ်။ အေးမြလှ တဲ့ တောင်ပေါ်ဆောင်း နံနက်ခင်း မှာ မျက်ရည် တို့ ဖြင့် ပူနွေးနေတဲ့ ကျွန်မ ရဲ့ ပါးပြင်ပေါ် ခရေပွင့် တို့ လာရောက် ထိကပ်လေ တာလား။ မောင့် ကို ချစ် တယ်။
" မေမြတ်မွန် ပြန်လိုက် ခဲ့တော့။ ဒီမှာ အလုပ်တွေ က ပြစ်ထားတာကြာနေပြီ။ နင် ဒီလိုကြီးနေသွား လို့ မ၇ ဘူးလေ။ နင် ဘာလို့ ခေါင်းမာနေရ တာလဲ။ နင် သွားမယ် ဆိုတုန်းက ငါတို့ ကိုယ်တို င်ပဲ လိုက်ပို့  ခဲ့တာပဲ။ နင့် ကို ဆန့် ကျင်နေတာ မဟုတ်ဘူး မေမြတ်မွန်။
နင့်ကို တလျှောက်လုံး ငါတို့ နားလည်ပေးခဲ့ အားပေး ခဲ့တာ နင် အသိဆုံး ပါ။ ခုဟာ က သဘာဝ မကျတော့ ဘူး သူငယ်ချင်း။ နင်တို့ နှစ်ယောက် အတူတူ ဆို တစ်သက်လုံး နင် ဒီမှာနေမယ် ဆိုလည်း ငါတို့ ဘာမှ မပြော ဘူး။ နင် ဒီလိုဖြစ်နေတာကို သူ လည်း စိတ်ချမ်း သာမယ် ထင်လား။
သူ က နင့် ကို ပျော်ရွှင်စေချင်မှာ ပါ။ နင် အရင် လို ထက်ထက်မြတ်မြတ် သွက်သွက် လက်လက် နဲ့ လှုပ် ရှားပျော် ရွှင်နေတာ ကိုပဲ သူမြင်စေချင် မှာ ပါဟာ။ ဒီမှာပဲနေနေ မှ မဟုတ်ပါဘူး။ နင် က ဘယ်နေရာ မှာ ဘယ်လိုနေနေ ဘာ လုပ်လုပ် သူ က နင့် အနား အမြဲရှိနေမယ့် သူပါ မေရယ်။
နင် ဒီလို ပဲ ပေကပ်နေမယ် ဆို သူလည်း ဘယ်လွတ်မြောက်နိုင် မလဲ။ နင်လည်း ဘယ်လို လွတ်မြောက်နိုင် မှာ လဲဟာ။ တကယ် က နင် အတ္တကြီးနေပြန် တာပဲ မေ။ နင် သူ့ ကို လွတ်လပ်ခွင့်ပေးလိုက် သင့်ပြီ။ သူ ငြိမ်းချမ်း ပါစေတာ့ဟာ။
ဒီလို လုပ်တာ ဘယ်သူ့  တွက်မှ မကောင်းဘူးနော် မေမြတ်မွန်။ နင် က သိပ်ခေါင်းမာ လွန်းတယ်။ တခုခုဆို အမြဲ တဖက်စောင်းနင်း ပဲ။ တစ်နှစ်တောင် ကြာသွားပြီပဲ ဟာ။ ငါတို့ က နင် စိတ်ပြေ ပါစေတော့ဆိုပြီး လွှတ် ထားတာ။ တစ်သက် လုံးတော့ ခွင့်မပြုနိုင်ဘူး သူငယ်ချင်း အချစ် အတွက် နင် အကောင်း ဆုံးပေးဆပ် ခဲ့ပြီးပြီ ပဲ။
နောက်ဆုံး အချိန်ထိ နင်ပေးဆပ် ခဲ့တာကို သူလည်းကျေနပ် မှာပါဟယ်။ တစ်ယောက်တည်း အဲလိုနေတာ ကို ငါတို့  လည်း စိတ် မချမ်းသာနိုင်ဘူး။ ကိုလင်း လည်း ဖြစ်စေချင် မှာ မဟုတ်ဘူးမေ။ ပြန်လိုက်ခဲ့ပါ ဟာနော်။ "
"ငါကြောက်တယ်လေ ။ ဒီနေရာကနေ ထွက်သွား လိုက်တာနဲ့ မောင် နဲ့ ထပ်ဝေး သွားရဦးမှာ။ ငါမောင့် ကို နောက်ထပ် ဘယ်တော့ မှ ထပ် မခွဲသွားဘူး လို့ ကတိပေး ထားတယ်" အေးမြနေ တဲ့ လေပြေ က ထင်းရှူး ရနံ့ တို့ နဲ့ အတူ မျက်နှာပြင် ကို ဖြတ်တိုက် သွားခဲ့တယ်။
ခရေပွင့် တချို့  အပင် ထက် ကနေ ကြွေကျ လာကြတယ်။ မောင့် ရဲ့ အပြုံးတွေ ကို ကျွန်မ နွေးခနဲ ခံစား လိုက်မိ ပါတယ်။ မောင် ကျွန်မ ကို ထွေးပွေ့ ထားတယ်လေ။
အဲဒီလေပြေလေညှင်းတွေ နဲ့ ။ အေးမြမှုတွေ ဟာ နွေးထွေး လို့ ...........ဆောင်းနံနက်ခင်း ဟာ တိတ် တဆိတ် ကြီး စကားတွေ ပြောနေလေရဲ့ ။။
အမွန်မွန်း
ဒီဇင်ဘာ.. ၄. ၂၀၁၂
From... http://www.lubo601.com/2012/12/blog-post_8290.html
Labels:
ဝတ္ထုတို ကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment