Monday, September 23, 2013

သား . . အားနာလိုက်တာ . .အဖေ





(၁)

၁၉၈၄
သာမန် မထူးခြားတဲ့ နေ့တစ်နေ့

နှင်းတွေ အေးခဲစွာ ပျံ့ကျဲ
ကျနော်ဟာ ဒီဇင်ဘာ ရင်ခွင်နဲ့အတူ
လူ့လောကထဲ . . . ရောက်ရှိခဲ့
ဒီလိုနဲ့ . .
မျက်စိသူငယ်နားသူငယ်ကောင်လေးရဲ့အစပါကွယ်

အဆင်မပြေမှုနဲ့ အိပ်မက်ဆိုးတွေကို အချိုးချ
နေသား မကျလိုက်တာ . .အဖေ
ချွေးသံရွဲရွဲ့ နဲ့ အိပ်မက်တိုင်းမှာ မိသားစုအတွက်
ရက်ဆက်မပြတ် ကြိုးစားမှုတွေထက်
ဘာတွေကများ တန်ဖိုးရှိဦးမလဲ

( ၂ )

သား . .သွား . .ဝေးဝေးမှာ သွားဆော့စမ်း
ဂရုဏာတရားနဲ့ အဖေ့ ခြိမ်းခြောက်မှုအောက်
ကျနော်ကျပျောက်ခဲ့သော . . . အသိတရားမှာ
အရာရာ . . မိုးနဲ့မြေ
တရားနဲ့ မဖြေနိုင်သေး
မမေ့နိုင်တဲ့အတိတ်ခါးခါးထဲ
ကျနော်ခွေယိုင်လုဆဲ . .
အဖေ့ကမ်းလက် . ..
ရက်ဆက်မပြတ်သတိရတယ်အဖေ




ငါ့သားကြီးအတွက် . . ဘိုအုန်းသီးစက်ဘီးတဲ့
အဖေက တည်ငြိမ်တယ်
အဖေက ရင့်ကျက်တယ်
အဖေက သားဆိုးကိုခွင့်လွှတ်တယ်
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ်ခွှင့်လွှတ်သင့်လား
ဖြေပါ အဖေ




(၃)

ဟေ့ . .ငါ့သား ၄ ဘာသာနဲ့ ဂုဏ်ထူးကွ
ဂုဏ်ယူဝင့်ကြွား
အေ့ဖကို သား . .အားနာလိုက္တာ အေဖ
သားပြောသမျှကို နာခံ
သားလိုသမျှကို ဖြည့်ဆည်း
အခုတော့ . .
သံသရာမှာ ခရီးရှည်ကြီးထွက်သွားခဲ့ပေါ့ . . .

ညှိုးနွမ်းမှုနဲ့အဖေ့မျက်နှာမှာ စကြ၀ဌာလောက် အားမာန်တွေရှိတယ်
ငြိမ်းအေးမှုနဲ့အဖေ့သွင်ပြင်မှာ ပင်လယ်ကြီးလောက် မေတ္တာတရားတွေရှိတယ်
ရင့်ကျက်မှုနဲ့ အဖေ့စကားသံတွေမှာ ကောင်းကင်ကြီးလောက် ကျယ်ပြန့််နက်ရှိုင်းတယ်
ဘာတွေနဲ့ ဖြည်ဆည်ရဦးမလဲ အဖေ . . .

(၄)

အဖေလိုသမျှ သား . .ဖြည့်ဆည်းပေးနိုင်ခဲ့ရဲ့လား
အဖေ မှန်သမျှသား . . လိုက်မှန်နိုင်ခဲ့ရဲ့လား
အဖေ့လို တရားနဲ့ ဓမ္မ ချိန်ခွင်အောက်
သား. . လျှောက်လှမ်းနိုင်ရဲ့လား
အခုတော့အဖေ . .
နေရိပ်ထဲက နေပူရောက်သွားသလိုမျိုး
လေပြည်ထဲက မုန်တိုင်းတိုက်သွားသလိုမျိုး
အရုပ်ကြိုးပျက်
သား ညတွေ . .နက်သထက် နက်လာပြီပေါ့ အဖေ

အဖေက သွေးအေးတယ်
သားကို ချစ်လိုက်တာလို့ ယုယမှုမရှိဘူး
ကျနော်က လည်းသွေးအေးတယ်
အဖေ့ကို ချစ်လိုက်တာလို့ ထွေးပွေ့ မှုမရှိဘူး
အဖေနဲ့သားကြား ဘယ်လိုစကားတွေကများ
ချစ်ခြင်းမေတ္တာကို ဖော်ကြူးနိုင်မတဲ့လဲ
အလိုပါဘူးအဖေ . .
သံသရာအဆက်ဆက် ကျနော်တို့ပြန်တွေ့ကြဦးမှာပေါ့

(၅ )

ငါ့သားကြီးလာရင်ဘာဖြစ်ရမယ်ဆိုတာထက်
ငါ့သားကြီးလာရင် လူပီသရမယ်ဆိုတာပဲအဖေသင်ပေးခဲ့
လောဘ ဒေါသမောဟကိုပယ်
သားအတွက်ဆို ပီတိကိုစားသုံး
အခုတော့ အဖေ လူလုံးမှ လှခဲ့ရဲ့လား
သား . .
အားနာလိုက်တာ အဖေ

အဖေက သစ္စာဒီပက ယောဂီ
ဝိပဿနာကိုပွားများ
တရားကိုမြင်ရင် ခန္ဓာကိုစွန့်ရသတဲ့
မြင့်သထက်မြင့်တဲ့ဘုံဘ၀ကိုရောက်ဖို့များ
အဖေ ဒီခရီးကိုသွားခဲ့သလား
သား . . . မှားနေခဲ့တာလား အဖေ

(၆ )

ကျနော့်ဆီမှာ ၂ ပေမီးချောင်းလေးရှိတယ်
၎ ပေ မီးချောင်းလေးပြောင်းတပ်တော့အဖေကပြောတယ်
အခန်းက လင်းလွန်းတယ်ကွာတဲ့ . .

ကျနော့်ဆီမှာ ရိုးရိုးစက်ဘီးလေး တစ်စီးရှိတယ်
ဂီယာနဲ့ဘီးလေး ပြောင်းလိုက်တဲ့ အခါအဖေကပြောတယ်
ငါက ရိုးရှင်းတာပဲကြိုက်တာကွာ . .တဲ့

ကျနော့်ကြမ်းခင်းပြောင်သလင်းမှာ
ကော်ဇောလေး ထပ်ခင်းမိတဲ့အခါ အဖေကပြောတယ်
ငါက အေးမြတဲ့ သင်ဖြူး ဖျာလေးပဲကြိုက်သတဲ့

ကျနော့်ဆီမှာ ချစ်ခြင်းတရားတွေရှိတယ်
အဖေ့ကို ထုတ်ဖော်မပြ
အဖေက . . .သူမြင်နိုင်ပါတယ်တဲ့

လောကကြီးကလည်း မတရားလိုက်တာအဖေ

(၇)

သေသူကို ရှင်သူတို့ မျက်ရည်ခ တဲ့ပွဲ
သွားသူကို ကျန်သူတို့ နှုတ်ဆက်တဲ့ပွဲ
ထားသူကို နေခဲ့သူတို့ လက်ပြသူတို့ပွဲ
ပကတိ ဆိတ်ငြိမ်မှုနဲ့ကျနော့်ရင်ထဲ
အဖေနဲ့အတူ တစ်ခရီးတည်းသွားချင်လိုက်တာ . .

တရားရှာ ကိုယ်မှာ သိသတဲ့
အမှားရှာရင် အမှန်မှာတွေ့သတဲ့
အဖေချပြသွားတဲ့ မြေပုံလမ်းညွှန်မှာ
သား . . အယောင်ယောင်အမှားမှား
ဆူးနဲ့ခလုတ်ကို နင်းချ
ဒီဘ၀ဟာ ဒါဏ်ရာတွေ ပရပွနဲ့
အဆင်သင့်မဖြစ်သေးခင် နိဂုံးချုပ်ရ
အို . .ခါးလိုက်တာ . . အဖေ

(၆)

သွားပါတော့လို့မနှင်ရက်
ထားပါတော့လို့မပြောရက်
ဒီရက်နဲ့ဒီမနက်တိုင်းမှာ
နေ့တာကလည်းရှည်တယ်
ပြဿဒါးဟာ နတ်ဆိုးဆန်တယ်
နာရီတိုင်းဟာ သုဿန်ဆန်တယ်
မီးခိုးခေါင်းတိုင်ဖြူဖြူမှာ
သင်္ခါရတရား ဟာ လှပစွာပဲ
ကျနော့်ကို ငြိမ်သက်ဆွံ့အသွားစေတယ်

တစ်နေ့တော့ပြန်ဆုံကြရမှာပေါ့အဖေ
သံသရာဆိုတာရှည်ပါတယ်
လူ့လောကီ ဘုံဘ၀မှာ
ကျနော်တို့ကြုံရသမျှဟာ
အခွံချည်းသက်သက်
အငှား ခန္ဓာ တွေနဲ့
အငှား အယောင်အဆောင်တွေဟာ
တစ်နေ့တော့ ထားခဲ့ရမှာ ပ . .
ကျနော် နားလည်ပါတယ်အဖေ . .

(၇)

သေခြင်းဆိုတာ အဆုံးသတ်မဟုတ်
အစ တစ်ခုရဲ့ နိဂုံး ပိုင်းသာဖြစ်တယ်
သေခြင်းဆိုတာ အမှောင် ထု မဟုတ်
အလင်းတစ်ခုရဲ့ အာရုဏ် ဦးသာဖြစ်တယ်
သေခြင်းဆိုတာ ငိုကြွေးခြင်းမဟုတ်
ပြီးဆုံးခြင်းအတွက် ငြိမ်သက် တိတ်ဆိတ်ခြင်းသာဖြစ်တယ်

အဖေသေသွားတော့ ဘာများပါသွားသလဲ
ကျနော်သေသွားလည်း ဘာများ ပါလာမလဲ
ရှင်စဉ်ဘ၀က ပြုခဲ့သမျှ
အကောင်းအဆိုး ကုသိုလ်အကုသိုလ်သာ
အရိပ်မကွာ ထပ်ချပ်လိုက်
အသိဥာဏ်ကို အမိုက်မှောင်တော့ မဖုံးပါဘူး အဖေ

(၈)

အဲဒီနေ့လည်ခင်းဟာ ကောင်းကင်ဖြူဖြူမှာ တိမ်ဖုံးသွားတဲ့အခိုက်
ကျနော့်ကမ္ဘာမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲမိုးတွေရွာတယ်
မငိုပါဘူးအ ဖေ . . ကျနော် မငိုပါဘူး
ရင့်ကျက်တည်ငြိမ်မှုကို လိုချင်တဲ့အဖေ့အတွက်
ကျနော်မငိုပါဘူးအဖေ
ဆင်ခြင်သုံးသပ် လို့ အမှန်တရားကိုလက်ခံဖို့အတွက်
ကျနော်မငိုပါဘူးအဖေ

ဘ၀ဆိုတာ တိုတိုလေးနဲ့ကပြရတဲ့ဇာတ်
ကျနော်တို့အားလုံး မကြာခင် တစ်ခန်းရပ်ကြရမယ်
သား တွေသမီးတွေ မြေးတွေ အားလုံးထားခဲ့
တစ်ယောက်တည်းခရီးဆက်ကြမယ်
သုဿန်တစပြင်မှာ အငှားခန္ဓာတွေထားခဲ့
ပြာပုံဘ၀နဲ့ အဆုံးသတ်ကြရမယ်
ဒါဟာ . . ဘ၀ ပါပဲကွယ်

(၉)

သွားနှင့်တော့အဖေ
နောင်ဘ၀ဆိုတာရှိခဲ့ရင်သာ အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော် လိမ္မာပါ့မယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော့်အတွက် ဂုဏ်ယူရပါစေမယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော် မြေ၀ယ်မကျ နားထောင်ပါ့မယ်အဖေ

နာရီတွေက အချိန်မှန်ပါပဲ
မနက်နေ့ညလည်း အချိန်မှန်ပါပဲ
နွေမိုးဆောင်းကလည်း အချိန်မှန်ပါပဲ
လူတွေကလည်း သေဆုံးနေကြဆဲ
လူတွေကလည်း မွေးဖွားနေကြဆဲ
လူတွေကလည်း ရှင်သန်နေကြဆဲ
စောလည်းမစော နောက်လည်းမကျ
ဒီခရီးက သွားတော့သွားရမှာပါပဲ

လစ်ဟာသွားတဲ့ကွက်လပ်တစ်ခုအတွက်
အဖေ နှစ်သက်တဲ့ . . တရား ဓမ္မ တွေနဲ့
သား ဆက်လက်ရှင်သန်နေဦးမှာပါအဖေ . . ။

သက်တန့်ချို



အဖေ့အတွက် နောက်ဆုံးခရီးလိုက်ပါပို့ဆောင်တုန်းက ကျွန်တော့်စိတ်ထဲမှာ ရွတ်ဖြစ်ခဲ့တဲ့ ရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ ။
(အဖေ ဆုံးရှုံးသွားတဲ့ သားသမီးများ အားလုံးကိုယ်စား ရေးဖွဲ့ခဲ့ပါတယ် )
From...Facebook

No comments:

Post a Comment