Friday, September 20, 2013

လောင်းကစား ဒိုင်ချုပ်များ ကို အရေး မယူ ပါက တာဝန်ရှိသူ အဆင့်ဆင့် ကို အရေးယူမည်


လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များ ကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင် ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထု အနေနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်း ပူးပေါင်းကြ ရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ် တက်ပြီးစက လောင်းကစားမှုများ လျော့နည်း ကျဆင်း ခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စက်တင်ဘာလ ၁၈ ရက်နေ့ ပြုလုပ်သော သတ္တမ ပုံမှန်အစည်း အဝေး တွင် ဦးမိုးကျော်နိုင်က “ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ ညွှန်ကြား ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း”  မေးခွန်းမေးမြန်း ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားမှုများကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ 
သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရာခံပေါင်း ၆၉၇ ဦး၊ သိမ်ဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။
 
 
 The Voice Weekly
From..Facebook

No comments:

Post a Comment