မြန်မာနိုင်ငံက သယံဇာတရင်းမြစ်များ ပေါကြွယ်ဝသော နိုင်ငံအဖြစ် ဂုဏ်ယူလေ့ရှိသော နိုင်ငံဖြစ်သည်။ သယံဇာတ ပေါများသည် ဆိုသော်လည်း၊ တိုင်းပြည်က မချမ်းသာ၊ လူများစုက ဆင်းရဲသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံ တစ်ဝန်းက သစ်တောတွေ ခုတ်ထစ် ရောင်းချပြီး ဘယ်သူတွေ ချမ်းသာနေခဲ့ပြီလဲ။
တွင်းထွက်ရတနာတွေ၊ ဓာတ်သတ္ထုတွေ၊ သဘာဝ ဓာတ်ငွေတွေ ထုတ်ယူရောင်းချပြီး ဘယ်သူတွေချမ်းသာခဲ့ သည်လဲ။ မြင်မြင်သမျှ မြေတွေ၊ လယ်တွေ၊ ယာတွေ၊ ဥယျာဉ်တွေ၊ မြို့မြေကွက်တွေ ခွဲစိတ်ရောင်းချပြီး ဘယ်သူတွေ ချမ်းသာနေသည်လဲ။
မြန်မာ ပြည်သူလူထု သေသေချာချာ တိတိကျကျ မသိကြသော်လည်း ရိုးတိုး ရိတ်တိတ်တော့ ရိပ်မိနေကြမည် ဟု ထင်သည်။ မြန်မာနိုင်ငံက ပြည်သူလူထု ဆင်းရဲမွဲတေမှုမှာ ထိပ်တန်း။ နိုင်ငံ မဖွံ့ဖြိုး မတိုးတက်မှုမှာ ပြိုင်ဘက်မရှိ သလောက် ဖြစ်သော်လည်း ဒီလိုနိုင်ငံထဲမှာပဲ၊ မယုံနိုင် လောက်အောင် ချမ်းသာကြီးပွားနေသူများ၊ အခွင့်ထူးခံ စည်းစိမ်ကြီးနေသူများကလည်း အမှန်တကယ် ရှိနေတာ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက်၊ သို့မဟုတ် တိုင်းပြည်ဝင်ငွေ အတွက် အစိုးရ အဆက်ဆက် နှစ်ပေါင်း များ စွာ အများဆုံး ပြုလုပ်ခဲ့သော နည်းလမ်းမှာ နိုင်ငံတွင်းရှိ အရင်းအမြစ်များကို ရောင်းချသည့် နည်းလမ်း ဖြစ်ပါသည်။
သစ်တောများ၊ ကျောက်မျက်ရတနာများ၊ ဓာတ်သတ္တုနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့များရှိသမျှ ဘိုးဘွား အမွေအနှစ်များ ကို ရောင်းချစားသောက်သည့် နည်းကိုသာ အစိုးရအဆက်ဆက်အား ပြုလုပ်ကိုင် ခဲ့ကြတာ ဖြစ်သည်။နိုင်ငံဖွံ့ ဖြိုးတိုး တက် ဖို့ တိုင်းပြည်ဝင်ငွေ တိုးဖို့ဆိုပြီး တူးဖော်၊ ခုတ်ထွင်၊ ထုတ်လုပ် ရောင်းချခဲ့သော်လည်း တိုင်းပြည် ဘဏ္ဍာတိုက်ထဲ ကို ရောက်သွားသည့် ငွေက အနည်းစုသာ ဖြစ်သည်က ထင်ရှားနေသည်။
ဒါဆိုလျှင် နိုင်ငံတွင်းက သယံဇာတများ၊ သဘာဝ ရင်းမြစ်များ၊ ဘိုးဘွား အမွေအနှစ် များကို ရောင်းချရ သည့် ငွေများ ဘယ်ကိုရောက်သွားသည်လဲ။လုပ်ပိုင်ခွင့်ရယူထားသူ အာဏာပိုင်များနှင့် စီးပွားရေး သမားများ လက်ထဲကို ဖြစ်ပါ လိမ့်မည်။ ဒါဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောနေသည့် လာဘ်ပေးလာဘ်ယူ ပြဿနာကြီး၏ ရင်းမြစ်ဖြစ်ပါလိမ့်မည်။
ယခုအခါမှာတော့၊ တိုင်းပြည်တွင်းရှိ သယံဇာတများ၊ သဘာဝရင်းမြစ်များ၊ ဘိုးဘွား အမွေအနှစ် များက ပြုတ်ပြုတ်ပြုန်း မကုန်သေးသော်လည်း အတော်တော့ နည်းပါး သွားခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေး၏ ကုန် ထုတ်လုပ်မှု ကဏ္ဍကလည်း ဘာတစ်ခုမှ ပီပီသသ အောင်အောင်မြင်မြင် လုပ်နိုင်ခြင်းမရှိ။
ယခင်ပါလီမန် ဒီမိုကရေစီခေတ်က အောင်မြင်အောင် လုပ်နိုင်ခဲ့သော စက်မှု ကုန်ထုတ် လုပ်ငန်းများသည်လည်း ပပျောက်သွားခဲ့ပြီ။ တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပြီးနောက် ပြည်သူပိုင် သိမ်းယူသည့် လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခြင်းဖြင့် မြန်မာ့စက်မှုလက်မှု ကုန်ထုတ်လုပ်ရေး လုပ်ငန်း များလည်း လက်စတုံးခဲ့ပြီဖြစ်သည်။ ပြည်သူပိုင်ဟု သုံးစွဲ ခေါ်ဝေါ်နေကြရသော်လည်း အမှန်မှာ အစိုးရပိုင်ဟု ခေါ်ရမည် ထင်သည်။
စစ်အာဏာသိမ်း အစိုးရက သူ့ဘာသာပေါ်လစီဆွဲ၊ သူ့သဘောနှင့် သူသိမ်း၊ သူ့စိတ်ကူးနှင့်သူ လုပ်ငန်းချဲ့ထွင်၊ သူ့လူတွေနှင့်သူ နှစ်စဉ်အောင်မြင်မှု စာရင်းများပြရင်း တရစပ် အရှုံးပေါ်ခဲ့တာဖြစ်သည်။ နောက်ဆုံးမှာ အုပ်ချုပ် သူနှင့် အခွင့်ထူးခံ ဆွေမျိုးတစ်စုကလွဲ၍ တစ်တိုင်းပြည်လုံး ဆင်းရဲမွဲတေပြီး မြန်မာနိုင်ငံလည်း ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံ အဖြစ် ချန်ပီယံဘွဲ့ရတော့မှ မရှူနိုင် မကယ်နိုင် ဖြစ်ရတော့သည်။
သည်တော့မှပင်၊ သည်လောက် ညံ့ဖျင်းပြီး စည်းစိမ်ကြီး အခွင့်ထူးခံလှသော အစိုးရအဖွဲ့နှင့် ဦးဆောင်ပါတီ တို့ကို ဆက်လက် သည်းမခံနိုင်တော့သည့် ပြည်သူလူထုအပေါင်း တစ်စုတစ်စည်းတည်း လမ်းများပေါ်သို့တက်ကာ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ဆန့်ကျင် ဆန္ဒပြကြတာဖြစ်သည်။
ကျန်ခဲ့ပြီ နှစ်ဆယ့်ငါးနှစ်။
နောက်တော့ အာဏာသိမ်း တပ်မတော်အစိုးရ၊ န၀တ။ နောက်တော့ နအဖ။ နောက်တော့ ယခု အစိုးရသစ်။ သည်လို အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး အခုနေမှာ၊ ဒီမိုကရေစီ တွင်တွင်ပြောရင်း တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်မှု အတွက် အမျိုးမျိုးကြံဆနေကြသည့် အချိန်ရောက်လာသည်။ဘာတွေ တိုးတက်ပြောင်းလဲလာ ခဲ့ပြီလဲ။
အစိုးရများ အဆက်ဆက်ပြောင်းလဲ လာခဲ့သော်လည်း စီးပွားရေးမှာ သယံဇာတနှင့် ရင်းမြစ်များ၊ အမွေအနှစ် များကို ရောင်းချငွေရှာနေသည့်ကဏ္ဍက အထူးတလည် တိုးတက် ပြောင်းလဲသွားတာ မတွေ့ရ။ ထုတ်လုပ်ရရှိသော သယံဇာတများက ကုန်ကြမ်း ကုန်ကြမ်းအတိုင်း ရောင်းချ နေရသည့် နဂိုအခြေအနေ အတိုင်းသာဖြစ်ခဲ့သည်။
ဒါက ပြည်တွင်းမှာ ကုန်ကြမ်းကို ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ် နိုင်သော အတွေ့အကြုံနှင့် အတတ်ပညာ၊ နည်းပညာ တို့က အားနည်းမှုရှိနေတာက တစ်ကြောင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကို တိုးတက်အောင် မပြုပြင် မပြောင်းလဲမချင်း အကူအညီပေးမှု၊ ပါဝင်မှုမပြုဖို့ နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့အရေးယူမှု ရှိခဲ့တာကလည်း တစ်ကြောင်း တို့ကြောင့် ဖြစ်ပါမည်။ ရှိစေတော့။
အခုအခါ အစိုးရသစ် ပေါ်ပေါက်လာပြီး၊ နိုင်ငံတကာနှင့် ရွှေလမ်းငွေလမ်း ပွင့်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပြည်တွင်းမှာ ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာဖို့ အကြောင်း တစ်စွန်းတစ်စမှ မတွေ့မြင်ရသေး။
သိုးသိုး သန့်သန့်မှ မကြားမိလိုက်သေး။ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ လျှပ်စစ်မီး စသည့် အခြေခံ အဆောက်အဦများ က ပီပီသသ မရှိသေးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လာချင်ကြသည်များက သယံဇာတ အရင်းအမြစ်တွေကို လာရောက်တူးဖော်ပြီး သူတို့နိုင်ငံတွေဆီ သယ်သွားဖို့၊ ကုန်သွယ်ရေး၊ ကုန်ဖလှယ်ရေး လုပ်ငန်းများနဲ့ သူတို့၏ ကုန်ပစ္စည်းများအတွက် ဈေးကွက်ချဲ့ထွင်ဖို့ဆိုတာမျိုး
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကရောတဲ့။ ဒါလည်း ထူးခြားဆန်းသစ်မှုနှင့် တိုးတက်ပြောင်းလဲမှု မတွေ့ ရ။ ခေတ်အဆက်ဆက်က ပုံစံများပဲ မြင်ရတာများ ပါသည်။ လိုင်စင်၊ ပါမစ် စီးပွားရေးက နေရာတော်တော် များများ မှာ နေရာယူထားဆဲ ဖြစ်နေတာကိုလည်း တွေ့မြင် နေရသည်။
လုပ်ပိုင်ခွင့် လိုင်စင်ပါမစ်တို့ကို နီးစပ်ရာ၊ ဆွေမျိုးတော်ရာ၊ အကျိုးအမြတ် ခွဲဝေရရှိရာ တို့ကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပေးသည် ဆိုသည့် မကျေနပ်သံများ ကြားနေရသည်။ မပွင့်မလင်း မမြင်မသာမှုတွေကြောင့် တင်ဒါစနစ်များမှာ မရိုးသားမှုများ ရှိနေသည်၊ မမျှတမှုများ ရှိနေသည်ဆိုသော သတင်းများက နေရာတကာမှာ ကြားနေ ရသည်။
လွန်ခဲ့သည့် တစ်လနှစ်လ ခန့်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းများ လိုက်နာရမည့် တင်ဒါ စည်းကမ်းချက်များဆိုပြီး ထုတ်ပြန်လိုက်တာကို တွေ့ရပါသည်။ တင်ဒါစည်းကမ်းများ ထုတ်ပြန်ပြီးသည့် နောက်မှာလည်း မမျှတမှုတွေ ရှိနေသည်ဟု ကြားနေရသည်။
ခေတ်အဆက်ဆက်မှာ ပြည်တွင်း မြေပေါ်မြေအောက် သယံဇာတ ရင်းမြစ်များအားလုံးကို အစိုးရမင်းများက ပိုင်သည်ဟူ၍ အသေစွဲထားကြသည်။ သူတို့ ချယ်လှယ် ချင်တိုင်းချယ်လှယ်ခဲ့ကြသည်။ သူတို့၏ မိသားစုဝင်များ၊ သားသမီးမြေးမြစ်၊ သမီးယောက်ဖ၊ သားလှယ်သမီးလှယ် ခမည်းခမက်တို့ကြားမှာ ပိုင်စိုးပိုင်နင်း ခွဲဝေယူခဲ့ကြသည်။
ဒီလိုလုပ်နေသည့် စီးပွားရေးသမားများကို ခရိုနီဟုခေါ်တော့ မကျေမနပ်ဖြစ်ကြသည်။ အမျိုးတော်လို့ဖြစ်ဖြစ်၊ လာဘ်ပေး လာဘ်ယူနှင့်ဖြစ်ဖြစ် လုပ်ပိုင်ခွင့်တွေကို မတရား ရယူလေ့ ရှိတာ၊ လိုင်စင်ပါမစ် ရယူတာတွေကို နှုတ်လိုက်လျှင် ဘာမှ မရှိသူတို့က သူဌေးကြီး အဖြစ်မှသည် ပြည်သူ့ကိုယ်စားလှယ် နေရာများကိုပါ ၀င်ယူလိုတာတွေက ရှိနေသည်။
ဒီလိုနည်းနှင့် မြန်မာ့မြေပေါ်ရေပေါ်၊ မြေအောက်ရေအောက် ရင်းမြစ်များက လူတစ်စုလက်ထဲမှာ သဘောကျ စီမံခန့်ခွဲနေကြသည်။ တိုင်းပြည်၏ ချမ်းသာသမျှက အဆိုပါ လူတစ်စုလက်ထဲကိုသာ အများဆုံးရောက်ရှိ ခဲ့တာဖြစ်သည်။
တစ်နိုင်ငံလုံး ရှိရှိသမျှ ပြည်သူတို့ မပိုင်။ ပြည်သူတို့နှင့် မဆိုင်။ သူတို့သာပိုင်သည် သူတို့နှင့်သာ ဆိုင်သည်ဟု ယတိပြတ် ယုံကြည်ထားပုံရသည်။
ဒီလို လုပ်နည်းကိုင်နည်းများဖြင့် မအောင်မြင်သော မြန်မာ့ စီးပွားရေးစနစ်က ကြာရှည်လွန်းလှပြီ။ ပွင့်လင်းမြင်သာ ရှိ မှု ဆိုသည်က ဒီမိုကရေစီစနစ်မှာ အလွန်အရေးပါသော အချက်တစ်ခုဖြစ်ပါသည်။ အစိုးရ ဌာနများ အနေနှင့် ပြည်သူလူထု ကို လေးလေးစားစား သဘောထားပြီး၊ အသိပေးလုပ်ကိုင်ဖို့ လိုပါလိမ့်မည်။ စီးပွားရေး စနစ်က လက်သင့်ရာ လက်သင့် ရာ များနှင့်သာ လုပ်ကိုင်ဆောင်ရွက်နေလို့ ကတော့ တိုင်းပြည်တိုးတက်လာဖို့ မဖြစ်နိုင်။
မိတ်ဆွေများ၊ သားသမီး တူတူမ ဆွေမျိုး သားချင်းများ၊ ပေးကမ်း ပေါင်းသင်းတတ်သူများနှင့်သာ ပေါင်းလုပ်လိုသည့် စီးပွားရေးစနစ် တည်ဆောက်နေလို့ ကတော့၊ ဆင်းရဲမွဲတေမှု ပပျောက်မည့် မြန်မာ့စီးပွားရေး မဖြစ်နိုင်။ မြေပေါ်မြေအောက် ရှိရှိ သမျှ သယံဇာတတွေကို တူးဖော်ရောင်း ချစား သောက်သည့် နည်းမျှနှင့်တော့ မြန်မာ့ စီးပွားရေး တိုးတက်မြင့်မားလာဖို့ မဖြစ်နိုင်။
သယံဇာတ ခွဲဝေသုံးစွဲမှု၊ ထုတ်လုပ်မှု ရောင်းချ ကုန်သွယ်မှုတို့ကို ပြည်သူလူထုကို အသိပေးဖို့လိုပါပြီ။ ဘယ်လို နားလည်မှု၊ ဘယ်လိုအမြတ်အစွန်း ခွဲဝေမှုတွေလဲ။
ပွင့်လင်းမြင်သာမှု ဆိုတာ ကြားကောင်းရုံ အသံဟစ်နေဖို့ မဟုတ်။ လက်တွေ့ဖော်ဆောင်ကြဖို့ လိုနေပြီဟု ယူဆမိပါကြောင်း။
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၂ အယ်ဒီတာ့အာဘော်
ပြည်သူ့ခေတ်အယ်ဒီတာ
၁၉ သြဂုတ် ၂၀
From..Facebook
No comments:
Post a Comment