Saturday, September 7, 2013

အနှိပ်ခန်း မရောက်ကြစေ ဖို့ မိန်းကလေး များ အတုယူကြ ပါစို့...




 သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက် ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်း သည် အမျိုးသမီး တို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည် ။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့် အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ် ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါး ကို ရေးသားလိုက်ပါသည်။

အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက် ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ 

တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ် သို့ ရောက် လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာ လည်း မကောင်း ဘာဖြစ် လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ 

သတင်းကြားတာ ကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေး ပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ် မကောင်း ဖြစ် မိသည်။  

အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုး ထိုး ရေ တွက် လို့တောင် မရနိုင်ပါဘူး။



တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။  နှစ်ဦးလုံး အလုပ် အကိုင် မရှိ၊  ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေ ရင်း၊  ယောက္ခမ ကျွေး တာ ကို စားရင်း၊ ယောက္ခမ အလုပ်အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ ကို စခဲ့ကြ သည်။ 

 မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့်အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ 

ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်း ဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ  စီးပွား ရေး ကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ””ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြော လိုက်သည်။

 ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ် ကတော့ ဆေးကုမ္ပ ဏီ ဆေးဆိုင် မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လ ကို နှစ်သိန်းကျော် ပေး မည်ပြောသည်။

ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေ သည်။  ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့  မြေးမလေး အိမ်ရောက် လာ၍ ကျွန်မ အံ့သြမိသည်။


 ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာ လား””ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာ ခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ် မှတ်””““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ””““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွား ကို ပြောပြ ပါဦး”

”ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက်ထဲက သားလေးလား၊ သမီးလေး လား မသိရသေးတဲ့ ကလေး က ကယ်လိုက်တာပဲ ဖွားဖွားရေ””မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိ သည်။ ဗိုက်ထဲက ကလေးက ကယ်လိုက်သည်တဲ့။ အဖြစ်က ဒီလိုသမီး တို့ကို ခေါ်သွား တဲ့ အန်တီနောက်ကို  သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန္တလေး က တစ်ဆင့် လိုင်းကား စီးရပါသည်။

““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ””ကားသမား၏ အသံကို ကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့်မိသည်။ ““ကဲ သမီးချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီ လက်ဆွဲ ခေါ် သည့် နောက် ကို  လိုက်လာမိသည်။  မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ် လို့ ကျွန်မသိ လိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲ ကို ခေါ် သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။

တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။  ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီး ကို လှမ်းကြည့်မိသည်။ 


အန်တီကြီးကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း””ဆိုပြီး ဆိုင်းဘုတ် တင် ထား တာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။

““အန်တီ သမီးကို ပြောတော့ ဆေးဆိုင် မှာ ဆေးရောင်းဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာ လဲ””

“အော် ချစ်သဲရယ်  စမ်းလုပ်ကြည့်ပါ ဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်””““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲ မှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို  သစ္စာ မဖောက်နိုင်လို့  ယဉ်ကျေး သိမ်မွေ့ စွာ  မွေးဖွား လာတဲ့ မိဘတွေ ရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ””


 ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင်  ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ်သက်တဲ့ အတွက်  ဒီအလုပ် ကိုတော့ မလုပ် ပါရစေနဲ့””““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလော ဆယ် ပြန်ပို့ ဖို့ က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီး ရဲ့ တောင်းပန် မှုကြောင့် လောလော ဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။
 

ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက် တဲ့ မိန်းကလေးတွေ ကို သင်တန်းပေးသည်။ နည်းအမျိုးမျိုး၊ ပုံစံ အမျိုးမျိုးပေါ့။

 ဧည့်သည် လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့ ၊ ချစ်သဲ တို့  မိန်းကလေးတွေ အကြောင်းကို  တွေးရင်း စိတ် မကောင်း ဖြစ် မိ တယ်။ 


ကိုယ့်မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြ တဲ့ လူပွဲစား လို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက်လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက် ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့  လုပ်ကိုင် စားသောက် နေရ ပါလား လို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 

'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း  ကုဋေတစ်သန်း ''  ''ခြောက်ပြစ်ကင်း သဲလဲ စင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ''ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါးသလောက် ဖြစ်နေပြီ လားလို့ စိုးရိမ်မိသည်။ ချစ်သဲကတော့ အန်တီကြီး ကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေ မငံ ဆက်ဆံပြသည်။  

ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအောင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေးမောင်းတဲ့ ကားသမား အများ စု ဖြစ်ကြသည်။  လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီ မှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက်  တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီး လျှင် ၆ဝဝ ထဲ မှ ထမင်းဖိုး ထပ်ဖြတ်သည်။

 Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည်များများ ရှာခိုင်းသည်။ များများရလေ သူတို့ သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့  ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့ တာကို ရမှအဆင်ပြေ နိုင်သည်။  


ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန် မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ 

ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည် လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။  ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင် ဘူး လို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။

ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်း ချင်တော့ ချစ်သဲမှာ ကိုယ်ဝန်ရှိသည်ဟု အတိအကျ သိခဲ့ရသည်။  ချစ်သဲ အရမ်း ဝမ်းသာ မိတယ်။  ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ 


''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင် ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ် လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ''  ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင် နဲ့ ကျောင်းသားကတ် သာ ပြန်ပေးပါ။''

 ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲ ကို နည်းမျိုးစုံ နဲ့ ခြိမ်းခြောက်နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက် သည်။  ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။

ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန် ကို ပြန်ရောက် ခဲ့လေ သည်။ 


အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကာ  အားပါး တရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ  မိခင်ကောင်း တစ်ယောက် ပီသတဲ့  စိတ်နဲ့ အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့ တဲ့ မြေးမ လေး ချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူ မိတယ်။

 မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်း တင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။

အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ် ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွား ကြ တဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များ စွာ ဖြစ်မိသည်။ 


အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်း ကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်'' တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက် မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ 


လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် များ ရောက် ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့  မမြင် ရသေး တဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာ တဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန် ကို  တစ်ယောက် တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။


 မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊  မဟုတ်မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေး အပေါ် မှာ  ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီး တို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်း ပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။

 မြန်မာ အမျိုးသမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင်ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိစိတ်တွေ ရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင် ပါစေလို့ ဆုတောင်း လိုက်ပါ တယ်။  



From: လှလေးစိန်(ရွှေလုံမြေ)

www.mmdailystar.com  မှ မျှဝေဖေါ်ပြသည်...

1 comment:

  1. ကျသွားတဲ့ မျက်ရည်တစ်စက်ကို
    သုတ်ပါရစေဗျာ

    ReplyDelete