Wednesday, September 4, 2013

မှတ်သား စရာကောင်းသော သည်းခံပုံ...



ငါးရာ့ ငါးဆယ် သရဘင်္ဂ ဇာတ်မှာ မင်းသုံးပါး နဲ့ သိကြားမင်း တို့ ဘုရား အလောင်း သရဘင်္ဂ ရသေ့ဆီ ရောက် လာပြီး သိကြားမင်း က မေးခွန်းပြဿနာ မေးပါတယ်။

“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံ တစ်ခါမျှ မစိုးရိမ်ရသလဲ၊ ဘယ်တရား ကို ပယ် ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ ၊လောက မှာဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”

ဒီတော့ သရဘင်္ဂ ရသေ့ က-


“လောကမှာ ဒေါသ ကို ပယ်သတ်လိုက်ရင် တစ်ရံ တစ်ခါမျှ မစိုးရိမ် ရတော့ဘူး ၊ကျေးဇူးကန်း မှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။ ကိုယ့်ထက် သာတဲ့သူ ၊ကိုယ်နဲ့ တန်းတူသူ ၊ကိုယ့်အောက် နိမ့် တဲ့သူတို့ရဲ့ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်း ကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”


“ကိုယ့်ထက် မြတ်သူရဲ့ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့စကားကို သည်းခံတာ ကျတော့ တစ်ကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက် သာအောင် ကြံစည် အား ထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်း ခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့စကားကိုသည်း ခံနိုင်မှအမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်”

သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပိုအဆင်ပြေပါတယ်။ အထူး သဖြင့် ခန္တီ ပါရမီ ရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။

ခန္တီ ပါရမီရဲ့ သဘောက ဒေါသ မထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခု နဲ့ ကြုံလိုက်ရတဲ့ အခါ ပထမ ဆုံး ၀င်လာမယ့်သူက ဒေါသပါ ။ ဒီတော့ကိုယ်က ဓါတ်ခံ အားနည်းလို့ ဒေါသစိတ် ၀င် လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ 

ဝင်လာတဲ့ ဒေါသ ကို မသိလိုက် နိုင်ရင် ဒေါသ ကို အခြေခံပြီး “သူက ငါ့ကို ဒီလို လုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။

တစ်ကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက် အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။

တစ်ကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်းမဖြည့် ကျ င့်နိုင်သေး   ရင် တောင်  ဖြစ်ပေါ်လာတဲ့ ဒေါသ ကိုတော့ ထိန်းနိုင်ရပါမယ် ။


 ဒေါသ ဖြစ်လာတဲ့ အခါ ဒေါသ ရဲ့ဆိုးကျိုးလေး တွေကို ဆင်ခြင်နေ လိုက်မယ် ဆိုရင်လည်း ဒေါသ က လျော့ သွားတာ များပါတယ်။



အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ…

No comments:

Post a Comment