တစ်ကြော့ပြန် ဖုန်ကြားရှင် ၏ ထိုးစစ် များကြောင့် မြန်မာပြည် အရှေ့မြောက်ဖျားဒေသ တွင် စစ်မီး စစ်လျှံ များ ပြန်လည် တောက်လောင် လာခဲ့သည် ကို အားလုံး သိကြပြီးဖြစ်ပါလိမ့်မည်။
လွန်ခဲ့သော လပိုင်း အနည်းငယ် က အစိုးရ တပ်အား ပြန်လည် ခုခံရန်ပြန်လာမည် ဟု Global Times တရုတ် သတင်းစာ တွင်ဖော်ပြခဲ့ပြီးနောက် တွင် ယခုလို နယ်စပ်ရှိ အစိုးရ တပ်စခန်းများ၊ ရဲစခန်းများနှင့် အစိုးရ ၀န်ထမ်း များအား အင်အားသုံး ၍ ၀င်ရောက် တိုက်ခိုက် လာခဲ့ ခြင်းဖြစ်ပေသည်။
၂၀၀၉ ခုနှစ်နှောင်းပိုင်း ကာလ များတွင် လောက်ကိုင်ဒေသ ၌
မူးယစ်ဆေးဝါး စက်ရုံများနှင့် လက်နက် စက်ရုံ များ တည် ထောင်ခဲ့ပြီး
မူးယစ်ဆေးဝါး များ ဖြန့်ဖြူးရောင်းချ ခဲ့၇ုံသာမက နယ်မြေခံ ရဲတပ်ဖွဲ့ များနှင့်
မိသားစု ၀င် များအား ရက်ရက် စက်စက် သတ်ဖြတ် ခဲ့ခြင်းများကြောင့်
အစိုးရ တပ်များ က တိုက်ထုတ် ခဲ့ရာမှ ထွက်ပြေး တိမ်းရှောင်ခဲ့သော ဖုန်ကြားရှင်
အနေဖြင့် ယခုအခါတွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြီဖြစ်ပေသည်။
ဖုန်ကြားရှင် သည် ယခင် ကတည်းက ဘိန်းစိုက် ကာ မူးယစ်ဆေးဝါး များရောင်းဝယ်ဖောက်ကားမှု များဖြင့် နာမည် ကျော်ဇော ခဲ့ပြီး ဘိန်းဘုရင် အမည်ဖြင့် အမေရိကန်နှင့် ထိုင်းနိုင်ငံ တို့ မှ ဆုကြေးငွေဖြင့် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသူ တစ်ဦးလည်းဖြစ်ပေသည်။
သူ၏ လုပ်ရပ် များကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ ရာတွင် တစ်ချို့က မိုင်းလား နယ်မြေ သို့ ထွက်ပြေးခဲ့ သည် ဟု ပြောဆိုကြပြီး၊ တစ်ချို့ကလည်း တရုတ်ပြည်မ အတွင်းသို့ ထွက်ပြေး ခဲ့သည်ဟု ပြောဆိုကြသည်။

သို့သော်
ဖုန်ကြားရှင် ၏ သားမက်ဖြစ်သူ မှာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ NDDA
(မိုင်း လား) ခေါင်းဆောင် ဦးစိုင်းလင်း ဖြစ်သည် ကိုတော့
သတိပြုရမည်ဖြစ်ပေသည်။
ဖုန်ကြားရှင် ၏ စီးပွားရေး လုပ်ငန်းအများစု သည် တရုတ်နိုင်ငံ ထဲတွင်တည်ရှိပေသည်။ မူးယစ်ဆေးဝါးမှ ရရှိသော အမြတ် အစွန်းငွေများ အား တရုတ်နိုင်ငံ ရှိ ဘဏ် အများအပြားတွင် အကောင့် များဖြင့် အပ်နှံ ထား၇ုံ သာမက ကိုယ်ပိုင် ဘဏ် များ ပင်ရှိသည်ဟု လည်း ကြားသိရသည်။
ထို့အတူ ရှန်ဟိုင်းမြို့ တွင်လည်း ဖုန်ကြားရှင် ပိုင်ဆိုင်သော ဟိုတယ် တစ်လုံး ရှိသည် ကိုလည်း သိရှိရသည်။
၂၀၀၉ ခုနှစ် တွင် ဖုန်ကြားရှင် တိမ်း ရှောင်ခဲ့စဉ် က တရုတ် အစိုးရ အနေဖြင့် ဖုန်ကြားရှင် ပိုင်ဆိုင် သော တရုတ်နိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းများနှင့် ဘဏ်အကောင့် များ အတွင်းရှိ ငွေများအား ထုတ်ယူခွင့်ကို ယာယီ ပိတ်ပင် ထားခဲ့ ရာမှ ယခု အခါတွင် ပြန်လည် ဖွင့်လှစ်ပေး ခဲ့ပြီဟုလည်း သိရှိရပါသည်။
ဖုန်ကြားရှင် ၏ စီးပွားရေး လုပ်ငန်းများ ပြန်လည် အသက်ဝင် လာခဲ့ပြီး မကြာမီ မှာပင် တရုတ် အစိုးရ အာဘော် သတင်းစာ တွင် မြန်မာနိုင်ငံ အား ပြန်လည် တိုက်ခိုက်မည် ဟု ကြွေးကြော် လိုက်သော ဖုန်ကြားရှင် ၏ ပြောစကားများ ကို ကြည့်ရှု လျှင်ဖြင့် ဖုန်ကြားရှင်နှင့် တရုတ် အစိုးရ တို့၏ ချိတ်ဆက်မှုကို လည်း သံယဖြစ်ဖွယ် မြင်တွေ့နိုင်ပေသည်။
ဖုန်ကြားရှင် အနေဖြင့် ယခင်က ကိုးကန့်ဒေသ တွင် အုပ်ချုပ်စဉ် ကတည်းက တစ်သွေး တစ်သံ တစ်မိန့် အုပ်ချုပ် ခဲ့ခြင်းများ ကြောင့် ပြည်သူထောက်ခံမှု မရခြင်း ကလည်း ဖုန်ကြားရှင် ၏ အားနည်းချက် တစ် ခုဖြစ်နေပြန် သည်။
တစ်ခြားသော အားနည်းချက် တစ်ခုမှာ ဖုန်ကြားရှင် တွင် ဇနီးမယားပေါများခြင်း ပင်ဖြစ်ပေသည်။ ကြားသိ ရသော သတင်းများ အရ ဖုန်ကြားရှင် တွင် တရားဝင် ဇနီး ၇ ဦး ထိ ရှိပြီး လူသိရှင်ကြား ဇနီး ၁၆ ဦးထိ ပင် ရှိကာ အခြားသော တရား မ၀င်ပေါင်းသင်း သည့် အမျိုးသမီး ၅၀ ဦးခန့် ပင်ရှိကြောင်း သိရှိရသည်။
သူ၏ ယခုလို ပွေရှုပ်မှု များကလည်း ဒေသခံ လူထု၏ နှာခေါင်းရှုံ့ စရာဖြစ် ခဲ့ပြီး ကြောက်၍သာ မပြောပဲ ငြိမ်နေခဲ့ကြသည်ဟု လည်း ကြားသိရသည်။ ဖုန်ကြားရှင် တိမ်းရှောင်ခဲ့ပြီးနောက် ကိုးကန့် ခေါင်းဆောင်ဖြစ် ခဲ့သူ ဦးပယ်စောက်ချိန် အား ကိုးကန့် လူထု မှ တစ်ခဲနက်ထောက်ခံ ခဲ့ပြီး ဖုန်ကြားရှင် ယခုလို ပြန်လည် တိုက်ခိုက် လာခြင်း ကို လည်း ဒေသခံ အားလုံးက ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
အချုပ် ဆိုရလျှင် ယခင် ကတည်း က မူးယစ်ရာဇာ၊ ဘိန်းဘုရင် အမည်ဖြင့် နာမည်ကျော်ဇော ခဲ့ပြီး လူမှုရေး သိက္ခာ ကျဆင်းနေ ခဲ့သောကြောင့် ဒေသခံပြည်သူ များ၏ အားပေးထောက်ခံမှုကို မရရှိ ခဲ့သော ဖုန်ကြားရှင် အနေဖြင့် ယခုလို ငြိမ်းချမ်းရေးဖြစ်စဉ်များ ကို နှောက်ယှက် ဟန့်တား လိုသည့် ရည်ရွယ်ချက်ဖြင့် ကိုးကန့်ဒေသ အား ပြင်းထန်စွာ ထိုးစစ် ဆင်လာမှု များကြောင့် ဒေသခံပြည်သူ များ အတွက် ထိတ်လန့်မှု များဖြစ်ပေါ်ခဲ့ရပေသည်။
ထို့ကြောင့် လက်ရှိ အခြေအနေ တွင် တိုက်ပွဲ များ ဖန်တီး လာခဲ့သောဖုန်ကြားရှင်နှင့် အတူ သူ၏ ထိုးစစ် များနောက်ကွယ် တွင် ရှိနေနိုင်သော တရုတ် အစိုးရ နှင့် ဖုန်ကြားရှင် ၏ သားမက် ဦးစိုင်းလင်း ၏ မိုင်းလား တပ် များ ကိုလည်း သတိပြုစောင့်ကြည့် သင့်ကြောင်း အကြံပြု ရေးသား အပ်ပါသည်။
ထွန်းလွင်
Today Myanmar
Myanmar Online News

No comments:
Post a Comment