ဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့ ကို ကမ္ဘာ့ ကလေးများနေ့ ဟု သတ်မှတ် ထားသော်လည်း
လမ်းစဉ် ပါတီခေတ်နှင့် စစ်အစိုးရ လက်ထက် တစ်လျှောက် အသိအမှတ်ပြု
ကျင်းပခြင်း မျိုးမှာ မရှိသလောက်ဖြစ် ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို ကမ္ဘာ့ ကလေးများနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့ခြင်းမှာ ပါလီမန်ခေတ် ၁၉၅၆ ခုနှစ် ကပင် စတင်ခဲ့ ပါသည်။
ယခင် ကမ္ဘာ့ ကလေးများနေ့
နောင် အနာဂတ် တွင် တိုင်းပြည် တာဝန် ထမ်းဆောင်ကြရ မည့် ကလေး သူငယ်များ အား အလေးထား ဂုဏ်ပြုသော အားဖြင့် ကမ္ဘာ့ ကလေးများနေ့ ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အသီးသီး ၌ မိမိတို့ အစီအစဉ်ဖြင့် သတ်မှတ် ကျင်းပခဲ့ကြ သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အနေဖြင့် နှစ်စဉ်အောက်တိုဘာလ ၏ ပထမ တနင်္လာနေ့ ကို ကမ္ဘာ့ ကလေးများနေ့ အဖြစ် သတ်မှတ် ထားသော်လည်း တိုင်းပြည် အလိုက် သင့်တော် မည့်နေ့ ၌ ကျင်း ပ ကြ ရန် ခွင့်ပြုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ သို့
၁၉၅၆ ခုနှစ် အတွက် ကမ္ဘာ့ ကလေးများနေ့ ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၌ကျင်းပ ရန် ယင်းနှစ်ဖေဖော် ၀ါရီ လဆန်းပိုင်း ကပင် ဆော်သြ ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ သို့ ပြောင်းလဲ ကျင်းပရန် ကလေး သူငယ် အကျိုးဆောင် အဖွဲ့ချုပ်နှင့် ပြည်ထောင်စု လူမှုဝန်ထမ်း ကောင်စီ တို့က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
(၁-၂-၁၉၅၆) ရက်စွဲပါ ဟံသာဝတီ သတင်းစာ တွင် ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ သို့ ပြောင်းလဲ လိုက်ကြောင်း ပြည်သူလူထု အား အသိပေးကြေညာ ခဲ့သည်။
မေတ္တာရပ်ခံချက်
ကမ္ဘာ့ ကလေးများနေ့ တွင် ၁၆ နှစ်အောက် ကလေးသူငယ် ကျားမ မရွေး၊ ဘာသာ မရွေး တို့အား အခမ်း အနား ကျင်းပပေးခြင်းဖြင့် ၎င်းတို့ ၏ အခွင့်အရေး ကို အသိ အမှတ်ပြုရန် တိုက်တွန်းကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ မိခင်နှင့် ကလေးများ အဖွဲ့ချုပ် ၏ အဖွဲ့ဝင် များ အနေဖြင့်လည်း ကူညီဆောင် ရွက်ကြ ပါရန် မေတ္တာရပ်ခံစာ တစ်စောင် ကို အဖွဲ့ချုပ် အတွင်းရေးမှူး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။
ပထမဆုံး အခမ်းအနား
ပထမဆုံး ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား ကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ၁၃ ဖေဖော်ဝါရီ ၁၉၅၆ နံနက် ၇ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၌ ကျင်းပခဲ့သည်။
ယင်း အခမ်းအနား ကို ကလေးသူငယ် များ အကျိုးဆောင် အဖွဲ့ မှ ကြီးမှူးကျင်းပ ခဲ့ခြင်း ဖြစ်ပါသည်။ ယင်း အခမ်းအနား သို့ ရန်ကုန်မြို့ပေါ်ရှိ ကလေး သူငယ်များနှင့် တိုင်းနှင့်ပြည်နယ် အသီးသီး မှ လူမျိုး အလိုက် ၀တ်စုံ ၀တ်ဆင် ထားသော သံရုံး များမှ ကလေး သူငယ် များ လာရောက်ခဲ့ကြသည်။
တက်ရောက်ကြ သူများ
အခမ်း အနား သို့ လူမှု ၀န်ထမ်းဝန်ကြီး ဦးဘစော၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ ကလေးလူငယ် အကျိုးဆောင် အဖွဲ့ဥက္ကဋ္ဌ လူမျိုးစု လွှတ်တော်နာယ က စ၀်ရွှေသိုက်၊ မြို့တော်ဝန်ဦးစိန်ဖေ၊ ၀န်ကြီး မန်းဘဆိုင် ၊ မြူနီစီပယ် မင်းကြီး ဦးထွန်းအုံ၊ ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်နှင့် လူမှုဝန်ထမ်း ဌာန အကြီး အကဲများ၊ ကလေးသူငယ် အဖွဲ့ အကြီးအကဲ များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အခမ်း အနား စတင်ခြင်း
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား တွင် အခမ်းအနားမှူး အဖြစ် လူမှုဝန်ထမ်းကော်မတီ အတွင်းရေးမှူး ဦးဘခင် က ဆောင်ရွက်ခဲ့သည်။ နံနက် ၇ နာရီခွဲ အချိန်တွင် နာယက စ၀်ရွှေသိုက် ရောက်ရှိ လာသောအခါ ရဲတပ်ဖွဲ့ က ဘင်ခရာ တီးဝိုင်းဖြင့် စတင်တီးမှုတ် ဖျော်ဖြေပါသည်။
ထို့နောက် ကင်းထောက်လုလင်နှင့် ကင်းထောက် အမျိုးသမီးလေး များ ပါဝင်သော ကိုယ်ရံတော် တပ်ကို စစ်ဆေး ပါသည်။ ပြီးစီးသော အခါ အခမ်းအနား ကို နိုင်ငံတော် သီချင်းဖြင့် ဖွင့်လှစ်လိုက်သည်။ ယင်းနောက် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ အား နှစ်မိနစ်ငြိမ် ကာ အလေးပြုကြသည်။
နိုင်ငံတော် သမ္မတ ၏ သ၀ဏ်လွှာ
နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ၏ သ၀ဏ်လွှာကို ကလေးသူငယ် များ အကျိုးဆောင် အဖွဲ့၏ အလုပ် အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ၀န်ကြီးမန်းဘဆိုင် က ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ် ၏ သ၀ဏ်လွှာ ကို မြန်မာပြည် ကိုယ်စားလှယ် ဒေါ်ခင်ကြည်က ဖတ်ကြားခဲ့သည်။
သဘာပတိ မိန့်ခွန်း
သဘာပတိ စ၀်ရွှေသိုက် က မိန့်ခွန်းပြောကြားရာ တွင် ယနေ့ ဤနေရာ တွင် ကမ္ဘာ့ ကလေးများနေ့ ကို ကျင်း ပပေးနိုင် သဖြင့် နိုင်ငံတော် အတွက် များစွာ ၀မ်းမြောက်ပါကြောင်း၊ ယနေ့ လူကြီးများ ကြိုးပမ်းအား ထုတ်နေသည့် လုပ်ငန်းရပ် ကို တစ်ဆင့်ပြောင်းကာ ထမ်းဆောင်စေမည့် ကလေးသူငယ် များအား ချစ်မြတ်နိုး မှု ၊ ယုယပြုစုမှု တို့၌လည်း လူမျိုး အသီးသီး၊ ဘာသာ အယူဝါဒ အသီးသီး တို့သည် တူညီသောစေတနာ ထားကြရမည်ဖြစ်ကြောင်း၊
မိဘ က သားသမီး၊ ဆရာက တပည့် များကို ချစ်မြတ်နိုးကြကြောင်း၊ ပြည်ထောင်စု တာဝန်နှင့် ကမ္ဘာ့တာဝန် တစ်ရပ်အဖြစ် ကလေးများ အား လူမျိုး ဘာသာ မခွဲခြား ဘဲ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
မြို့တော်ဝန် ဦးစိန်ဖေ ၏ အမှာစကား
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား သို့ လူမျိုးစု လွှတ်တော်နာယ က စ၀်ရွှေသိုက် အပြင် ရန်ကုန်မြို့တော်ဝန် ဦးစိန်ဖေ လည်း တက်ရောက် အမှာစကား ပြောကြားခဲ့သည် မှာ ထူးခြားလှပါသည်။
အခွင့် အရေး ကြေညာ စာတမ်း
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား တွင် ကမ္ဘာ့ ကုလသမဂ္ဂ မှ ထုတ်ပြန်သော ကလေးများ ၏ အခွင့် အရေး ကြေညာ စာတမ်း ကိုလည်း ဖတ်ကြားခဲ့ပါသည်။ ယင်းကြေညာ စာတမ်း ဖတ်ကြားခဲ့ သူမှာ ရန်ကုန်မြို့ မြူနီစီပယ် ဉာဏဗလကျောင်း မှ စတုတ္ထတန်းကျောင်းသား မောင်ဗေဒါဖြစ်သည်။
ဆုတံဆိပ် ချီးမြှင့်ရေး အစီအစဉ်
ယင်းနောက် အခမ်းအနားမှူး ဦးဘခင် က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် တံဆိပ်ပေးအပ် ရန် အစီ အစဉ် ကို ကြေညာပါသည်။ လာမည့် ၁၉၅၇ ခုနှစ်တွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ် များ အား ပညာကြိုးစားမှု ၊ အကျင့်စာရိတ္တကောင်းမွန်မှု ၊ ပရဟိတ လုပ်ငန်း စိတ်ဓာတ် ရှိမှု အစရှိသော အချက်အလက် များအပေါ် အခြေခံ၍ ပညာရေး ၀န်ကြီးဌာန ၏ အကူအညီဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖြစ်ပါသည်။
ဆုတံဆိပ် မှာ ရွှေတံဆိပ် ဆုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အဖြစ် ပေးအပ်မည်ဖြစ် သည်။
စာပေပြိုင်ပွဲ ဆု
အစီအစဉ် များကို ဆက်လက် ကျင်းပ ရာတွင် ပြန်ကြားရေး ဌာန ကလေးရိပ်သာ ၌ ကျင်းပခဲ့သော စာပေပြိုင်ပွဲ မှ ဆု ရရှိသော ကလေးများကို ဆုချီးမြှင့်ပါသည်။ စာပေပြိုင်ပွဲ တွင် ကလေး သူငယ်များ အား စာစီ စာကုံးရေးသား သီကုံးစေခဲ့ပြီး ပြိုင်ပွဲဝင် စာများ ထဲမှ အကောင်းဆုံး စာစီစာကုံး များ ကို ဆုအဖြစ် သတ်မှတ်ချီးမြှင့်ပါသည်။ စာပေပြိုင်ပွဲ ဆုရ ရှိသူ ကလေးများ ကို မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့ပါသည်။
ပျော်ပွဲ ရွှင်ပွဲများ
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား တွင် ပျော်ပွဲ ရွှင်ပွဲ များကို လည်း ထည့်သွင်း ကျင်းပခဲ့ကြသည်။ စိန်ပေါကျောင်း (ယခု ဗိုလ်တထောင် အထက-၆) ဘင်ခရာ အဖွဲ့ က ဘင်ခရာဖြင့် တီးမှုတ်ဖျော်ဖြေသည်။ ထို့နောက်နိုင်ငံပေါင်းစုံ အမျိုးသားဝတ်စုံ ဆင်မြန်းထားကြသည့် ကလေးသူငယ်များက ကပြဖျော်ဖြေကြသည်။ ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် မျက်လှည့်ပွဲ၊ အငြိမ့်၊ တီးဝိုင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ကမ္ဘာ့ ကလေးများနေ့
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား ကို လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း ကာလ တွင် မြန်မာနိုင်ငံ၌ စတင် ကျင်းပ ခဲ့ရာ ၌ နိုင်ငံ အများစု က ကမ္ဘာ့ ကုလ သမဂ္ဂမှ ထုတ်ပြန်သည့် အတိုင်း နှစ်စဉ်အောက်တိုဘာလ ပထမ တနင်္လာနေ့ တွင် ကျင်းပကြသည်။
မြန်မာနိုင်ငံ တွင် ၁၉၅၅ ခုနှစ် ကျင်းပစဉ် ကလည်း ထိုသို့ပင် ကျင်းပခဲ့သည်။ သို့သော် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး အနေဖြင့် နိုင်ငံ အလိုက် သင့်တော်ရာနေ့ တွင် ကျင်းပကြရန် ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံ က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို ကမ္ဘာ့ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တိမ်မြုပ်ပျောက်ကွယ် ခဲ့ခြင်း
ကမ္ဘာ့ ကလေးများနေ့ အခမ်းအနား ကို ပါလီမန်ခေတ် တစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၌ နှစ်စဉ် ကျင်းပခဲ့သော် လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီးနောက် တစ်စတစ်စ မှေးမှိန်သွားခဲ့ရ သည်။
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အား လေးစား ဂုဏ်ပြုသော အားဖြင့် လည်းကောင်း ၊ အနာဂတ် ၏ မျိုးဆက်သစ် လူငယ် ကလေးများအား အသိ အမှတ်ပြုသော အားဖြင့် လည်းကောင်း ကမ္ဘာ့ ကလေးများနေ့ အခမ်းအနားများ အား ပါလီမန်ခေတ် ကကဲ့သို့ စည်ကားစွာ ပြန်လည် ကျင်းပသင့်ကြပြီ ဖြစ် ပါသည်။
ရည်ညွှန်း...................
၁။ဟံသာဝတီသတင်းစာ(၁၄-၂-၁၉၅၆)
(ဗိုလ်ချုပ် ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် က ကမ္ဘာ့ကလေးများနေ့ အခမ်းအနား တွင် ဆု ရရှိသူ ကလေးများ အား ဆုချီးမြှင့်နေစဉ်)
(Written by: တင်နိုင်တိုး)
#emg_opinions

No comments:
Post a Comment