Saturday, October 8, 2016

သီတင်းကျွတ် တန်ဆောင်တိုင် ဆီမီးတွေကမြိုင်

 အမရပူရမြို့နယ်ရှိ မုံတောကျေးရွာနှင့်တောင်ငယ်ကျော်ကျောင်းတွင် ပြီးခဲ့သည့်သီတင်းကျွတ်ကာလ မီးထွန်းကြသည့်မြင်ကွင်းများ                                                                       ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ကောင်းကင်တစ်ခွင် မော့ကြည့်လိုက်မည် ဆိုလျှင် ပြာလဲ့စွာ  တောက်ပနေသည့် ကြည်ကြည် လင်လင်မိုးသားနှင့် ဟိုတစ်ကွက် သည်တစ်ကွက် အပြိုင်ခရီးဆက်နေသည့် တိမ်တိုက်ဖြူဖြူ  များသာ တွေ့ရမည်ဖြစ် သည်။ ယခင်ရက်ပိုင်းက မည်းမှောင်ကာ တစ်ဂျုန်း ဂျုန်း အသံပေး ပြိုဆင်းတော့မလို  ငိုပွဲဆင်ခဲ့သည့်  ကောင်း ကင်ကြီးသည် ယခုမှာတော့ဖြင့် သူမဟုတ်ခဲ့သလို ပြုံးရောင်သန်းလျက်။

ထိုကောင်းကင်အောက် တစ်နေရာတွင် လယ်စောင့်တဲလေး တစ်လုံးကလည်း ငြိမ်သက်စွာ တည်ရှိနေပါ သည်။ ထို တဲလေး၏ ပတ်ပတ်လည်တွင်တော့ စိမ်းစိမ်းစိုစို လယ်ကွင်းများ၊ တဲလေးထဲတွင်တော့ မိသားစုတစ်စုက တောင်ပုံ ယာပုံဖြစ်နေသည့် ချဉ်ပေါင်ရွက်တွေ၊ ကန်စွန်းရွက်တွေကို တစ်စည်းချင်း စီ စည်းနှောင်နေကြသည်။ မကြာမီ ထို ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်တွေ မန္တလေး ကုန်စိမ်းဈေးကို သွားပို့ရမည်ဖြစ်သည်။
ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် စည်းနေကြသည့် မိသားစု က ဦးမောင်အေးနှင့် ဒေါ်ဂျမ်းစိန် တို့ မိသားစုဖြစ် သည်။ သူတို့နှင့် အတူ သားနှင့် သမီး ပါဝင်ကူကြသည်။ နေတာကတော့ ထိုလယ်တဲ အနီး စစ်ကိုင်းမြို့နယ် အောင်သာ အုပ်စု ရွာသစ်ကျေးရွာမှာနေကြခြင်း ဖြစ်သည်။ 
မိုး အကုန် သီတင်းကျွတ် အခါကာလရောက်လာပြီမို့ သီးနှံတွေ ထွန်ယက် စိုက်ပျိုးပြီးချိန်ဖြစ်ပြီး ဦးမောင်အေးတို့ တစ်တွေ ထိုသီးနှံများ ရှင်သန်အောင်မြင်ဖြစ်ထွန်းဖို့သာ ဂရုစိုက်နေရသည့်အချိန်ဖြစ်သည်။ ထို သီးနှံတွေ စိုက်ပျိုးထားချိန် ခဏ ချဉ်ပေါင်လေး၊ ကန်စွန်းလေးကြဲကာ အပိုဝင်ငွေ ရှာတတ်ကြသည်။ အပို ၀င်ငွေ ကလည်း မရှာလို့မရ။ မကြာမီ သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်တွေက မြိုင်မြိုင် ဆိုင်ဆိုင် ရောက်လာတော့မည်မို့လား။
အခြားဒေသတွေလိုပဲ ဦးမောင်အေးတို့ ရွာတွင်လည်း သီ တင်းကျွတ်လ ရောက်ပြီဆိုလျှင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွှဲဖို့ ပြင်ဆင်ကြပါသည်။ မြတ်စွာဘုရားရှင်သည်  တာဝတိံသာနတ်ပြည်တွင် ၀ါတွင်းသုံးလ ပတ်လုံး မယ်တော် မိနတ်သားနှင့် နတ်ဗြဟ္မာ များအား အဘိဓမ္မာ တရားတော်ဟောကြားခဲ့ပြီးနောက် သီတင်းကျွတ် လပြည့်နေ့ ၌ လူ့ ပြည်သို့ ကြွရောက်တော်မူချိန် လူ့ပြည်မှ ဆီမီးများဖြင့် ပူဇော်ကြ ခြင်း ဖြစ်သည်။ 
ထို့ကြောင့် တော ရောမြို့ပါ မကျန် ကျောင်းကန် ဘုရားတွေ၊ အိမ်တွေ ၀င်းတွေ၊ လမ်းတွေမှာ ရောင်စုံ မီးများဖြင့် ပူဇော်ကာ မြတ်စွာဘုရားရှင် ကို ကြိုဆို ဖူးမြော်ကြသည်။ ရာသီဥတု ကလည်း ကြည်ကြည်လင်လင် ဆီမီးရောင်စုံ ကလည်း တစ်လက်လက် တောက်ပလွန်းလှသည်မို့ သီတင်းကျွတ် လပြည့်ည အခါ သည်လွန်စွာ စိတ်ကြည်နူးဖို့ ကောင်းလှပါသည်။
ဦးမောင်အေးတို့ ရွာက လူ တွေက အခြားဒေသတွေလိုပဲ လ ဆန်း ၁၄ ရက်နေ့ညမှ စတင်ကာ မြတ်စွာဘုရား ကို ဆီမီး ပူဇော်ကြ ပါသည်။ ကိုယ့်အိမ်နား ကျောင်းကန်ဘုရားတွေမှာ ဆီမီး ထွန်းကြ သလို မနီးမဝေးရှိ ကောင်းမှုတော် ဘုရားကြီးဆီကိုလည်း သွားကာ သီတင်းကျွတ်ပွဲ ဆင်နွှဲတတ်ကြ သည်။
 ကောင်းမှုတော် ဘုရားရင် ပြင်တော်ကျယ် ပတ်ပတ်လည်မှာ ဆီမီးတွေ ပူဇော်ကြသည်။ သီတင်းကျွတ်  လပြည့်နေ့ နေ့ခင်း မှာတော့ ရွာက လူတွေ စုဖွဲ့ကာ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် မန္တ လေးတို့၊ ပြင်ဦးလွင်တို့ တက်ကာ လည်ကြသည်။ အဝေးရောက် သားတွေ၊ သမီးတွေ ကလည်း သီ တင်းကျွတ် လပြည့်နေ့ရောက် လျှင်တော့ မိဘတွေဆီ လာ ရောက်ကန်တော့ကြသည်။


လပြည့်ကျော် တစ်ရက်ည မှာတော့ ဦးမောင်အေးတို့ တစ်တွေ ကိုယ်တင်မက ကိုယ်နှင့် အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စား သောက်နေသည့် နွားတွေကိုပါ ကုသိုလ်ရအောင် စီမံကြသည်။ လူကြီး သူမတွေက နွားလေးတွေ ကို မီးပေးလိုက်ဦးဟု ဆိုလျှင် အိမ် ခြံဝင်းထဲရှိ နွားတွေ ချည်တိုင်နား သွားကာ ဖယောင်းတိုင်လေးတွေ ထွန်းပေးကြသည်။ ထိုသို့သွား ထွန်းပေးရင်း နွားလေးရေ မီးပေး ခဲ့တယ်နော်။ မီးပူဇော်လိုက်ဦး စ သဖြင့်လည်း ပြောဆိုတတ်ကြ သည်။ နွားတင် မကသေးပါ။ တစ် အိမ်လုံးကို အကျိုးပြုနေသည့် စပါးကျီ၊ အိမ်၊ မီးဖို၊ မြေတလင်း ၊နွားစာကျင်း စသည့်နေရာများတွင်ပါ မြတ်စွာဘုရားကို မီးပူဇော်ဖို့ မီးပေးကြသည်။
ဦးမောင်အေးတို့ ကတော့ အစဉ်အလာမပျက် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ဆင်နွှဲကြသည်။ သို့သော် ယခုခေတ်လူငယ် တစ်ချို့ တစ်လေ ကတော့ မီးထွန်းတာ အ ပေါ် သိပ် အာရုံမရတတ်။ လည်ဖို့ နှင့် ဗြောက်ဖောက်ဖို့ သာ စိတ်ဝင် စားတတ်ကြသည်။ ဒါသည်လည်း လူငယ်အကုန်လုံးတော့ မဟုတ်။ ဘုရားကျောင်းကန်တွေ သွားကာ အဖွဲ့လိုက် ဆီမီး ပူဇော်ကြသူတွေ လည်း ရှိသည်။ ကိုယ့် အာရုံနှင့် ကိုယ်ပျော်သလို သီတင်းကျွတ်ည ကို ဖြတ်သန်းတတ်ကြသည်။
သီတင်းကျွတ်ပွဲပြီးသွားလို့ ဦးမောင်အေးတို့ ရွာကလူတွေ အေးအေးဆေးဆေးဖြစ်သွားပြီလို့ မထင်ပါနှင့်။ သီတင်းကျွတ် အပြီး တစ်လ အကြာမှ ရောက်လာမည့် တန်ဆောင်တိုင် ကောင်းမှုတော် ဘုရားပွဲအတွက်လည်း ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
တစ် လတောင် လိုသေးသည့် ကောင်းမှုတော်ပွဲ အတွက် ဘာတွေကြိုပြင် ကြပါသနည်း။ အခြားမဟုတ်၊ ကောင်းမှုတော်ပွဲခင်းမှာ လှည်းနေ ရာ ဦးကြခြင်း ဖြစ်သည်။
ကောင်းမှုတော် ဘုရားပွဲကြီး က တန်ဆောင်မုန်း လဆန်း ၁၃ ရက် ၀န်းကျင်ဆို စတင် ကျင်းပ တတ်သည်။ အငြိမ့်ပွဲ ၊ ဇာတ်ပွဲတွေဖြင့် ဈေးတန်းကြီး တစ်မျှော် တစ်ခေါ် ရက်ရှည် ကျင်းပတတ်သည့် ပွဲတော်ကြီး ဖြစ်သည်။ ထိုအခါမျိုး ဆို ကောင်းမှုတော်နှင့် မနီးမဝေး က ဦးမောင်အေးတို့ ရွာတွေ ပွဲ တော်ကြီးဆီ သွားဖို့ ပြင်ဆင်ကြ သည်။ ပွဲတော် မရောက်မီ တစ်လလောက် အလို သီတင်းကျွတ် အခါကတည်းက ပွဲမှာလည်း နေရာသွားဦးကြသည်။ ကောင်းမှု တော်ဘုရားပွဲသွားမှသာ တောင် သူတက်သည့် စီးပွားမြတ်သည် ဟု ယုံကြည်မှုတွေ ရှိကြသည်။ ထို့ ကြောင့် ဘုရားပွဲတော်ဆီ သွားဖို့ သီတင်းကျွတ် ကတည်းက အား စိုက်ကြသည်။
ပွဲတော်ရက်ရောက်ပြီဆို အိမ်က ၀ါကလေး နှမ်းကလေး ထုတ်ရောင်းကြသည်။ ပွဲတော်မှာ လှူဖို့ တန်းဖို့ သုံး ကြဖို့ဖြစ်သည်။ ဟိုယခင်ကတော့ မနက်လင်းပြီ ဆို သည်နှင့် လှည်းတန်းကြီး တစ်မျှော်တစ်ခေါ်ဖြင့် အရှေ့ဘက်ကောင်း မှုတော် ဘုရားဆီ ချီတက်ကြသည်။ အိမ်စောင့် တစ်ယောက်တစ်လေ လောက်သာထားပြီး ပွဲတော်ကြီး ဆီ ရွာလုံးကျွတ်ရွှေ့ပြောင်းကြ သည်။ 
တစ်နာရီကျော်ကျော် မောင်းပြီးလျှင်တော့ ကောင်းမှု တော်ဘုရားဆီရောက်သည်။ ဘုရားဝင်း အနောက် ဘက် ကိုယ်ဦးထားသည့်နေရာတွေမှာ နေရာ ယူကြသည်။ ယခုခေတ် ကာလမှာ တော့ လှည်းတွေဖြင့် မသွားကြ တော့။ လှည်းနှင့် ဆို ခရီးဖင့်တာ တစ်ကြောင်း၊ ဘုရားပွဲမှာ လှည်း ထားဖို့၊ နွားကျွေးဖို့ ကသီလင်တ နိုင်တာ တစ်ကြောင်းတို့ကြောင့် လှည်းေ တွနွားတွေ အစား ဆိုင် ကယ်ကားတွေ၊ ထွေလာဂျီတွေ ဖြင့်သာ သွားကြတော့သည်။
ညဘက်ရောက်လျှင်တော့ ကောင်းမှုတော်စေတီကြီး အထက်မှာ တန်ဆောင်တိုင် လပြည့်ဝန်း က အပြည့်အ၀ထွန်းလေပြီ။ လ ရောင်အောက် ကောင်းမှုတော် ဘုရားရင်ပြင်တော်ပေါ်မှာ လူငယ် ကာလသား သမီးတွေ က အပြည့်။ တန်ဆောင်တိုင် ဆီမီးပူဇော်ရင်း တစ်ရွာက အပျိုချော တစ်ရွာက ငေးကြသည်။ တစ်ဖက်ရွာကာလ သား တစ်ဖက်ရွာ ကာလသမီးက မျက်စပစ်ချင်ပစ်ကြသည်။ 
ရင် ပြင်တော်ပေါ် ထိုင်လို့ ငြီးလာလျှင် ဘုရား အနောက်ဘက်မုခ်က ပွဲဈေးတန်းကြီးဆီ လည်ကြ ပတ်ကြသည်။ လူကြီး သူမတွေကတော့ လှည်းဝိုင်းမှာနေရာယူရင်း ဒီညကမည့် အငြိမ့်လေးကြည့်ဖို့ ပြင်ဆင်ကြသည်။ ထိုသို့ သုံးလေးရက် လောက် ဖြတ်သန်းပြီးချိန် ပွဲတော် အပြီး ဆိုင်ခန်းတွေ ဖျက်ပြီဆိုခါမှ ဦးမောင်အေးတို့ရွာသူ၊ ရွာသား တွေကလည်း ကိုယ့်အိမ် ကိုယ့်ယာ ဆီပြန်ဖို့ ပြင်ဆင်ကြသည်။ ပွဲ တော် ရက်ရှည် စိတ်လွတ်ကိုယ် လွတ် အနားယူခဲ့ကြရပြီမို့ အား သစ် ခွန်သစ်တွေလည်း ရသွားကြ လေသည်။
သီတင်းကျွတ် တန်ဆောင် တိုင်ပွဲတော်တွေ အပြီးမှာတော့ တန်ဆောင်မုန်း နတ်တော်သီးနှံ သိမ်းချိန်ရောက် လာတော့မည် ဖြစ်သည်။ သည်နှစ် နှမ်းကလေး ကောင်းကောင်း ထွက်နိုင်ပါရဲ့ ခရမ်းချဉ်လေး အချိန်ဘယ် လောက်တော့ ရနိုင်ပါရဲ့စသဖြင့် သီတင်းကျွတ်ချိန် ကတည်းက ကြိုတွေးကာ စိတ်ကူးယဉ်၍ ကောင်း သည့် အချိန်လည်း ဖြစ်သည်။ 
သို့ သော် တောင်သူ လုပ်ငန်းဆိုတာ က ကြိုမှန်း၍ ရသည်မဟုတ်။ ရာသီဥတုတွေက ဖောက်ဖောက် လာတတ်သည် မဟုတ်လား။ မိုး လိုသည့် သီးနှံ အဖို့လည်း လက် ကျန် မိုးကလေးမျှော်ကြရသည်။ မိုးမလိုတော့သည့် သီးနှံအဖို့ လည်း မုန်တိုင်း မိုးလေး ဘာလေး ကြောက်ရပြန်သည်။ ‘‘တောင်သူ အလုပ် ဆိုတာကလည်း ရမ်းလုပ် ရတာမဟုတ်လား’’ဟု ပြောရင်း ဦးမောင်အေး တစ်ယောက် သက် ပြင်းတစ်ခု ခပ်ဖြည်းဖြည်းချလိုက် ပါလေတော့သည်။

http://www.7daydaily.com/story/77456


No comments:

Post a Comment