ကျွန်တော် ကျင်လည်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းလောကထဲက ထူးထူး ဆန်းဆန်း ကိုယ်တွေ့ ဖြစ်ရပ်မှန် တစ်ခုကို ပြောပြမယ်။ ကျွန်တော်တို့ ဆေးရုံလောက ထဲက ယုံကြည်မှု တစ်ခု လို့ပဲပြောရမလား။ တစ်ခြားဒေသ၊ တစ်ခြား တိုင်းပြည်တွေရဲ့ ဆေးရုံတွေမှာ အခုပြောမယ့် ကိစ္စလို အဖြစ်အပျက်ကို လက်ခံမှု ရှိမရှိတော့ မသိဘူး။
ကျွန်တော် တာဝန်ကျခဲ့တဲ့ ပြည်သူ့ဆေးရုံလေးမှာ ကတော့ ကျွန်တော် ကိုယ်တိုင် အခု အချိန်ထိ ပဟေဠိ ဖြစ်နေရဆဲ ကိစ္စတစ်ခုပါပဲ။
အစိုးရဆေးရုံ ဆိုတာမျိုးက အရေးပေါ်လူနာတွေက စလို့ သေကောင်ပေါင်းလဲ ရောဂါသည် အဆုံး ခုနစ် ရက် သားသမီး အကုန်လုံး ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ရောက်လာရင် အတတ်နိုင်ဆုံးကြိုးစား ကုသပေး ရတဲ့နေရာ ဆိုတာ လူတိုင်း သိမှာပါ။
ရောက်လာသမျှ ဝေနေယျ တိုင်းကို " ဥုံ ဖွ ၊ ပျောက်စေသတည်း " ရယ်လို့ ရောဂါ မှန်သမျှကို ကုပေးနိုင်တာမျိုး မဟုတ်ပဲ တစ်ခါ တစ် လေမှာ ဖိတ်စင် သွားတဲ့ လူနာတွေလည်း ရှိတာပါပဲ။ ဆေးရုံရောက်လာပြီးမှ အသက်မကယ်နိုင်လိုက်တာမျိုးဖြစ်သွားတဲ့အခါမျိုးမှာ ပြင်မရတဲ့စက်ကို ပိုင်ရှင်လက်ထဲပြန်ထည့်သလိုမျိုး " ရော့... အင့်၊ ခင်ဗျားတို့ ဟာကြီးက ပြင်လို့ မရဘူး ။ ပြန်ယူသွားတော့ " ဆိုတဲ့ ပုံစံမျိုးနဲ့ ပြီးပြီးရော လုပ်လို့ မရဘူးဗျ။
ကွယ်လွန်သူရဲ့ အမည်၊ ကျား/မ၊ အသက် အရွယ်၊ ကွယ်လွန်ရခြင်း အကြောင်း၊ ကွယ်လွန်ချိန် အစ ရှိတဲ့ မှတ် တမ်းမှတ်ရာတွေ ရေးစရာ ရှိတာတွေရေး၊ မှတ်စရာရှိ မှတ်ပြီးမှ လူနာရှင်( တစ်နည်း အားဖြင့်တော့ မသာရှင် ပေါ့လေ) လက်ထဲကို ပြန်အပ်ရတယ်။
ပိုင်ရှင်မဲ့ အလောင်းတွေ ကျတော့လည်း တစ်မျိုး တစ်ဖုံ စီမံရပြန်ပါတယ်။ အဲ့ဒီလို မှတ်တမ်းရေးသွင်းတာကို ဆေးလောက မှာတော့ certify လုပ်တယ်လို့ ခေါ်သဗျ။ တစ်နည်း အားဖြင့်တော့ သေဆုံးကြောင်း အတည် ပြုပေးတယ်ပေါ့။
certify လုပ်ပြီးသား dead body ရဲ့ခြေမ မှာ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက် အကျဉ်းချုပ် ကို ကွင်း (ring) လေးနဲ့ ချိတ်ထား တတ်တယ်။ ကွင်းလေးကိုကြည့်ပြီးတော့ ဘယ်သူဘယ်ဝါ ဆိုတာခွဲလို့ ရတော့ အလောင်းမှားတာ တို့ ဘာတို့ မဖြစ်တော့ဘူးဗျာ။
အခုပြောမယ့် ကိစ္စကလည်း အဲ့ဒီ ကွင်းလေးနဲ့ ပတ်သက်တယ်ဗျ။ လူသေ အလောင်း ဆေးရုံမှာ ရှိနေချိန် အတောအတွင်း သေဆုံးသူရဲ့ခြေမမှာ ချိတ်ထားတဲ့ ကွင်းလေးဟာ အကြောင်းတစ်ခုခု နဲ့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့ရင် ကွယ်လွန်သူရဲ့ ဝိညာဉ် က ဆေးရုံမှာ ကျန်ခဲ့တယ် ဆိုတဲ့ အစွဲအလမ်း ယုံကြည်မှုလေး တစ်ခုကို ကျွန်တော် တာဝန်ကျ ခဲ့တဲ့ ပြည်သူ့ဆေးရုံ လေးက ဝန်ထမ်းတော်တော် များများ လက်ခံထားကြတယ်။ ဒီ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ပဟေဠိဖြစ်ခဲ့ရတာကတော့ (၂၀၁၃) ခုနှစ်၊ မိုးတွေ သည်းကြီး မည်းကြီး ရွာနေ တဲ့ စက်တင်ဘာလ ထဲမှာပါ။
သဲသဲမဲမဲ ရွာသွန်းနေတဲ့ မိုးသည်းည မှာ ရန်ကုန်တိုင်း နယ်နိမိတ် အတွင်းက ကျွန်တော် တာဝန်ကျရာ ပြည်သူ့ဆေးရုံလေး မှာတော့ ခါတိုင်း ညတွေလို တိတ်တိတ်ဆိတ်ဆိတ် နဲ့ပါပဲ။ ကျွန်တော် က အဲ့ဒီဆေးရုံလေးရဲ့ သားဖွားမီးယပ် လူနာ ဌာနမှာ အလုပ်သင် ဆရာဝန်တာဝန်ယူထားရတဲ့ အချိန်ပေါ့။
သားဖွား မီးယပ် လူနာဌာန ရဲ့ အလုပ် ဆိုတာကလည်း နေ့စေ့ လစေ့နဲ့ ကလေး မီးဖွားဖို့ရောက်လာတဲ့မွေးလူနာ မိခင်လောင်းတွေကို မွေးဖွားပေးရတဲ့ တာဝန် တစ်ခု တည်းတော့ မဟုတ်ဘူးလေ။ တစ်ခါ တစ်လေကျပြန်တော့လည်း အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ဝန် ပျက်ကျသွားတဲ့ အမျိုးသမီးတွေရောက်လာတဲ့အခါတွေလည်း ရှိတတ်သလို တစ်ခါ တစ်ရံကျပြန်တော့လည်း မလိုချင်ပဲ ရလာတဲ့ ကိုယ်ဝန် အတွက် ကိုယ့် အသက်အန္တရာယ် ကိုတောင် ဂရုမပြုပဲ စွန့်စား တတ်ကြတဲ့ အမျိုးသမီး လူနာတွေ မကြာ မကြာရောက်လာတတ်တဲ့နေရာ တစ်ခုပေါ့။
အချိန်က ည (၁၀) နာရီ ပတ်ဝန်းကျင်လောက် ရှိလိမ့်မယ် ထင်တယ်။ ဆေးရုံ အလုပ်သမား တစ်ယောက်က လူနာတင်လှည်း (Trolley) ပေါ်မှာ လူနာ တစ်ယောက်ကို တင်လာရင်း ကနေ ပါးစပ်ကလည်း "ဆရာရေ... ... ... Shock Shock Shock" ဆိုပြီးတော့ အော်လာတဲ့ အသံကို အခု ဒီစာကို ရိုက်နေရင်း ကနေ နားထဲမှာ ပြန်ကြားယောင်နေပါသေးတယ်။
လူနာရှိရာဆီကို ကပျာကသီပြေးသွားပြီး စမ်းသပ်ကြည့်လိုက်တော့ Pressure 40 mmHg palpable ဖြစ်နေပြီ။ (အပေါ်သွေးက ၄၀ ပဲ ရှိတော့ပြီး အောက်သွေး ကိုတော့ စမ်းလို့ မရတော့ဘူး။) လူနာကို စမ်းသပ်နေရင်းကနေ လူနာရှင်တွေကို လူနာရဲ့ ဖြစ်ကြောင်း ကုန်စင်ကို မေးကြည့်လိုက်တော့ အဲ့ဒီလူနာ အမျိုးသမီးက လေးနှစ် သမီးတစ်ယောက် အပါအ၀င် ကလေးငါးယောက် အမေတဲ့လေ။
လင်ဖြစ်သူက အရက်သမား ဆိုတော့ ကလေးတွေကို သူတစ်ယောက်တည်း ရုန်းကန်ရှာဖွေကျွေးမွေးနေရတာတဲ့ဗျာ။ ခြောက်ယောက်မြောက်ဖြစ်လာမယ့် ကိုယ်ဝန်ကို မလိုချင်တော့တာကြောင့်မို့ မွေးလမ်းကြောင်းအတွင်းပိုင်းထဲ ကို ပစ္စည်းတစ်ခု သွင်းပြီး ဖျက်ချဖို့ ကြိုးစားရာကနေ သွေးထွက်လွန်၊ သွေးဆိပ်တက်ပြီး ဆေးရုံ ကိုရောက်လာတာ။
ဆေးရုံမှာ ထွန်းထားတဲ့ မီးရောင် ခပ်မှိန်မှိန်ကြားထဲမှာ လူနာ အကြောထဲကို နှလုံးခုန်ဆေး(Dopamine) နဲ့ NS (သွေးပေါင်တက်စေသော Drip) သွင်းပေးဖို့ အတွက် သွေးကြောကို ရှာရတော့တာပါပဲ။ လူနာက သွေးပေါင်လုံးဝ ကျနေပြီး သွေးကြောတွေ အကုန်လုံး ပြားကပ်နေလို့ သွေးကြောကို ခက်ခက်ခဲခဲ ရှာရင်းက သွေးကြောတစ်ခု ပွင့်သွားချိန်မှာ စောစောကပြောခဲ့တဲ့ နှလုံးခုန်ဆေးနဲ့ သွေးပေါင်တက်စေတဲ့ drip ကို ရော ပြီး သွင်းရပါတော့တယ်။
လူနာ အမျိုးသမီးကို ဆေးသွင်း ကုသပေးနေရင်းနဲ့ ကျွန်တော်တို့ အသေအချာ ကြပ်မတ်စောင့်ကြည့်နေတုန်း မှာပဲ လူနာက Gasping (အသက်ငင်နေ) ဝင်နေပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ စေတနာထား၊ ကြိုးစားပမ်းစား ကုသပေးခဲ့ပေမယ့် လူနာကသွေးဆိပ်တက်ပြီး သွေးပေါင် ပြန်တက်မလာတော့ပါဘူး။ ခပ်ပြင်းပြင်း တိုက်ခတ်လိုက်တဲ့ လေပြင်း တစ်ချက်၊ လျှပ်စီး တစ်ချက် အလက်မှာတော့ လူနာက သူ့ကလေးငါးယောက် နဲ့ ကျွန်တော်တို့ဆေးရုံလေး ကို ဥပေက္ခာပြုသွားပါတော့တယ်။
အသက်မရှိတော့တဲ့ လူနာရဲ့ ရုပ်အလောင်းကို တစ်လှည့်၊ သူ့ကိုဆေးရုံ လိုက်ပို့ရင်းနဲ့ အတူ ပါလာတဲ့သူ့ကလေးတွေရဲ့ မျက်နှာလေးတွေကို တစ်လှည့်စီ ကြည့်နေမိရာကနေ ကျွန်တော် မျက်ရည်တောင် ၀ဲလာခဲ့ တယ်ဗျာ။ ဒါပေမယ့် ကိုယ်လုပ်ပေးရမယ့် တာဝန်တစ်ခုကို အကောင်းဆုံး လုပ်ပေးခဲ့တာပဲလေလို့ စိတ်အားတင်းရင်းနဲ့ ဆက်လုပ်စရာ ရှိနေတာကို ဆက်လုပ်ရတော့တာပဲ။
သေသွားတဲ့ လူနာရဲ့ ရုပ် အလောင်းကို certify လုပ်ပြီးတော့ trolley နဲ့ ပြန်ထုတ်တဲ့ အချိန်မှာ ရုပ် အလောင်း ရဲ့ ခြေမမှာ ချိတ်ထားတဲ့ "Ring" သူ့ဘာသာသူ ပြေလျော့ပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါလေရောဗျို့။ အဲ့ဒီလို ring ပြုတ်ကျသွားတဲ့ မြင်ကွင်းနဲ့ အတူ"အောင်မလေး.... ဘုရားသခင်!!! နင်မနေခဲ့နဲ့ လိုက်သွားပါ။ " ဆိုတဲ့ အသံတွေကို ကျွန်တော်အပါအ၀င် ကျွန်တော်နဲ့ အတူရှိနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ ကြားလိုက် ကြရတယ်။
"ဒါ ဘယ်သူအော်လိုက်တာလဲ" လို့ ကျွန်တော်တို့ သုံးယောက်ရဲ့ ပြိုင်တူမေးလိုက်တဲ့မေးခွန်းကို အနားမှာ ရှိနေတဲ့ သူနာပြု ဆရာမတွေ၊ လူနာတွေ၊ လူနာစောင့်တွေက အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ ပါးစပ် အဟောင်းသားနဲ့ ငေးကြည့်ရုံကြည့်နေကြပြီး ဘာတုံ့ပြန်မှုမှ မပေးကြဘူး။
မိနစ်ဝက်လောက် ကြာတော့မှ အသက် (၄၀) အရွယ် သူနာပြု ဆရာမကြီးက ကျွန်တော်တို့အနား ကိုကပ်လာပြီးတော့"ဆရာတို့ ဘာတွေ့ပြီး ဘာကြားလိုက်တာလဲ" လို့ လာမေးတယ်။ "မိန်းမတွေစုပြီးအော်တဲ့ အသံတွေလိုမျိုး ကိုကြားလိုက်တယ် ဆရာမ" လို့ ပြန်ဖြေလိုက်တဲ့ ကျွန်တော့်စကား အဆုံးမှာ "ဆရာတို့ ကို ကျွန်မ တစ်ခုပြောပြဦးမယ်" ဆိုပြီး... စကားစလိုက်ရင်းကနေ ဆေးရုံမှာ လူနာ တစ်ယာက်ယောက် ဆုံးသွားပြီး အဲ့ဒီ လူနာရဲ့ အလောင်းကနေ ring ပြုတ်ကျကျန်ခဲ့ရင် အဲ့ဒီလူနာ တော်တော်နဲ့ မကျွတ်မလွတ်နိုင်ဖြစ်နေတတ်တယ် ဆိုတဲ့ အယူရှိသတဲ့။ အဲ့ဒီ ring ပိုင်ရှင်က လူနာဆောင် (ward) ထဲမှာ အသံနဲ့ဖြစ်ဖြစ်၊ အနံ့အသက်ပေးပြီးတော့ဖြစ်ဖြစ် ခြောက်လှန့်တတ်တယ် ဆိုတဲ့အကြောင်းလည်း ပါသေးတယ်။
ဆရာမရဲ့ စကားအဆုံးမှာတော့ ကျွန်တော်တို့သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန်ကြည့်လိုက်မိကြပြီး အားလုံးကြောင်တောင်တောင် ဖြစ်ကုန်တော့တာပါပဲ။ ညည့် အတော်နက်လာသလို လူနာတွေလည်း အားလုံး အေးအေးဆေးဆေးဖြစ်သွားချိန်မှာ မွေးခန်းထဲမှာ တာဝန်ကျနေတဲ့ သူငယ်ချင်းတွေဆီကို အိပ်ချင်ပြေ စကားစမြည်သွားပြောဖို့အတွက် ကျွန်တော်နဲ့ တစ်ခြားသူငယ်ချင်းနှစ်ယောက်အတူတူ ထွက်လာခဲ့လိုက်တယ်။
အသံဗလံ တိတ်ဆိတ်ပြီး ခြောက်ကပ်ကပ် ရှိနေတဲ့မွေးခန်းထဲမှာတော့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်က ကောင်းကောင်းကြီး အိပ်ပျော်နေကြတာဗျို့။ အိပ်ပျော်နေတဲ့ သူတို့နှစ်ယောက်ကို ဆုံးမချင်တာနဲ့ တီဗွီကို အသံကုန် ဖွင့်လိုက်တော့မှ အဲ့ဒီနှစ်ယောက်လည်း လန့်နိုးလာတယ်။ ကျွန်တော်တို့နှောင့်ယှက်လို့ အိပ်မရတော့တဲ့ အတူတူ ဆိုပြီး သူငယ်ချင်းနှစ်ယောက်လည်း အိပ်ယာ ကနေ ထလာကြပြီး ကျွန်တော်နဲ့ အတူ မုန့်စား၊ စကားပြော၊ တီဗွီကြည့်နေကြတုန်းမှာပဲ.... "အောင်မလေး နာလိုက်တာ ဆရာရယ်" ဆိုပြီးအော်လိုက်တဲ့ မိန်းမသံ တစ်ခုကို ကျွန်တော်တို့ ငါးယောက်လုံး ပီပီသသ ပြတ်ပြတ်သားသား ကြားလိုက်ကြရပါတယ်။
ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာတော့ ထုံးစံအတိုင်းမွေးလူနာ ရောက်လာတယ် ထင်ပြီးတော့ သူမွေးပေးမယ်၊ ငါမွေးပေးမယ် ဆိုပြီး လူနာလုနေကြရင်းက အကုန်လုံး မွေးခန်း အပြင်ဘက်ဆီကို ထွက်လာကြပါတယ်။ ကျွန်တော်တို့ အပြင်ရောက်လာတော့ မွေးလူနာလည်း ရှိမနေသလို၊ လူနာ လာပို့သူတွေလည်း မရှိ ဆေးရုံ တစ်ခုလုံးက လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းကလို ပကတိ တိတ်ဆိတ်လို့။
အခြေအနေကို နားမလည်နိုင်ဖြစ်သွားတဲ့ ကျွန်တော်တို့ ငါးယောက်လည်း တစ်ယောက်ကို တစ်ယောက်စူးစမ်းသလို အကြည့်နဲ့ အပြန်အလှန် ကြည့်ရင်း အဲ့ဒီနေရာကနေ မွေးခန်းထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ခဏနေပြန်တော့စောစောတုန်းက ကြားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ညည်းတွားသံကို ထပ်ကြားကြရပြန်ပါတယ်။ သေချာတာ တစ်ခု ကတော့ မွေးလူနာရောက်လာတယ် ထင်ပြီး အပြင်ထွက်ကြည့်လိုက်တိုင်း အပြင်မှာလူတစ်ဦး တစ်ယောက်ကိုမှ မတွေ့ရခြင်းပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့ အားလုံး ဘာစကားမှ မပြောဖြစ်ပဲ မိုးလင်းချိန်ကို စောင့်နေလိုက်ကြပါတယ်။ မနက် မိုးလင်းခါနီး (၀၅း၁၃) နာရီလောက်မှပဲ အဲ့ဒီ ညည်းသံကြီး တိတ်သွားပါတော့တယ်။
မီးဖွားခါနီးလို့ ဗိုက်နာချိန်မှာ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ ညည်းတွားတဲ့ အသံက အရမ်းကို သနားစရာကောင်းပြီး အတုမရှိတဲ့ မေတ္တာရှင် မိခင်တွေရဲ့ ပြယုဂ် တစ်ခုဆိုလည်း မမှားပါဘူးလေ။ အဲ့ဒီ ညည်းတွားသံကို ကျွန်တော်တို့ တစ်ညလုံးနီးပါး နာခံခဲ့ကြရပါတယ်။ အသံကြားလို့ ထွက်ကြည့်လိုက်ရင် ပျောက်သွားလိုက်၊ အခန်းထဲပြန်ဝင်နားရင် ပြန်ကြားရလိုက်နဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် တစ်မှေးတောင်မှ မငိုက် ရဲခဲ့တဲ့ ညတစ်ညပါပဲ။ ကြုံဖူးခဲ့သမျှကတော့ ဒီလောက်ပါပဲ။
ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ဖတ်လိုက်ရတဲ့ စာဖတ်သူ မိတ်ဆွေတွေကိုလည်း ကျွန်တော်တို့ရဲ့အဖြစ်အပျက် အပေါ်မှာ Criticize လုပ်ပေးဖို့ကို ရိုသေလေးစားစွာ နဲ့ ဖိတ်ခေါ်ပါတယ်။ အချိန်ပေးပြီး ဖတ်ေ ပးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:မောင်မိုးတိမ်
No comments:
Post a Comment