Friday, March 11, 2016

ပညာ မရှိရင် ဒီ အတိုင်းဖြစ်မှာ ချည်းပဲ { ဆရာ ဦးအောင်သင်း }

 Gaw Na's photo.


ကောင်းပြီ။ ခုနက လွတ်လပ်ရေး က ပညာ မတတ်တဲ့ လူငယ်တွေ လက်ထဲရောက်ခဲ့တယ်။ လူငယ်တွေက ပညာ မတတ်ခဲ့ဘူး လို့ပြောခဲ့တယ်။ ကောင်းပြီ။ လူကြီးတွေ ကရော ဘယ်လောက် ပညာတတ်တုန်း တွက်ကြဦးစို့။ 

အခုပြောမှာ က ဝန်ကြီးတွေ ကို ပြောမှာနော်။ အဲဒီ အထဲမှာ မှ တော်တော် တော်တဲ့ လူတွေလည်း ရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော် တို့တိုင်းပြည်မှာ လွတ်လပ်ရေး ရအောင် လုပ်တတ်တယ်၊ တိုက်တတ် တယ်၊ တော်လှန် တတ်တယ်၊ မအုပ်ချုပ် တတ်ဘူး။ 

တိုင်းပြည် ရဲ့အုပ်ချုပ်ရေး တည်ဆောက်မှု ကို မလုပ်တတ်ဘူး။ ဒါ တော်တော်ကြေကွဲ စရာကောင်းတယ်။ ဝန်ကြီး သခင်ချစ်မောင် ဆိုတာကြားဖူး ပါလိမ့်မယ်။ အဲဒီ ဝန်ကြီး သခင်ချစ်မောင် ဆိုတာပြုတ်ပြီး လို့ နှစ်ပေါင်းတော်တော်ကြာတော့ ကျွန်တော်က အဲဒီ အချိန် တက္ကသိုလ် မှာ ဆရာဖြစ်နေပြီ။ 

အဲဒီမှာ တွေ့တော့ ခင်မင် သွားကြတယ်၊ သူနဲ့ကျွန်တော် နဲ့။ တော်တော်လေး ရင်းရ င်းနှီးနှီးပါ။ သူက ဝန်ကြီး မဟုတ်တော့ပါဘူး။ ဝန်ကြီးတွေပြုတ်သွားပြီ ဆိုရင် ကျွန်တော် နဲ့ရင်းနှီးလေ့ ရှိတယ်။ မပြုတ်သေး ခင်တော့ ကျွန်တော် အနားတောင် မကပ်နိုင်ဘူး။ 

သူက တစ်နေ့မှာ ဘာပြောလဲ ဆိုတော့၊ သူက စကားပြောရင် ညောင်နာညောင်နာလေး နဲ့ဗျ၊ အသံ က။ ဦးအောင်သင်းရေ တဲ့၊ ကျွန်တော်တို့က အဲဒီတုန်း က ဝန်ကြီးသာဖြစ်တာ ဘာမှ လုပ်တတ်တဲ့ကောင်တွေ မဟုတ်ဘူး။ 

 နိုင်ငံရေးသာ လုပ်တတ်တာ၊ ဝန်ကြီး တက်လုပ်ခိုင်းတော့ ဝန်ကြီး ဝန်ကြီး ဆိုလို့သာ ကြီးလိုက်ရ တာ၊ ကောင်းကောင်း ကလည်းနားလည်တာ မဟုတ်ဘူး။ အဲဒါ နဲ့ အဲဒီတုန်း က တိုင်းပြည်က ပိုက်ဆံ ကလည်း သိပ်ပေါတယ်ဗျာ တဲ့။

 FE က သိပ်ပေါခဲ့တာ နော်၊ ကိုးရီးယား စစ်ပွဲတွေ ဘာတွေဖြစ်တော့ ဆန်ဈေး သိပ်ကောင်း တော့ ဗမာပြည် ရဲ့ စီးပွားရေး က သိပ်ချမ်းသာ ခဲ့ဖူး တယ် နော်။ ဒီ FE လို့ခေါ်တဲ့ နိုင်ငံခြား သုံးငွေတွေ၊ တစ်ကယ့် ကို ချမ်း သာ ခဲ့တာ။ 

ခင်ဗျား ကိုယ်ပိုင်ကား၊ ဘယ် အချိန် ဘယ် ပစ္စည်း မှာချင် သလဲ၊ နိုင်ငံခြား ကို အချိ မရွေး ဗမာငွေ နဲ့ မှာလို့ ရတယ်။ ဘယ်တော့ မှ ကန့်ကွက်နေလေ့ မရှိဘူး။ မှာချင်တာမှာ။ ဘာပစ္စည်း မဆိုမှာ၊ အဲ့လောက်ချမ်း သာ ခဲ့တာ။ 

ချမ်းသာ ခဲ့တော့ World Bank ပေါ့၊ ကမ္ဘာ့ဘဏ်မှာ ထားတာ။ အဲဒါနဲ့ဗျာ တဲ့၊ တစ်နေ့တော့ ကျုပ်တို့ ဝန်ကြီးတွေ နိုင်ငံခြားလည်း မရောက်ဖူးဘူး၊ သွားကြရအောင် ဆိုပြီး ကျုပ်တို့ဝန်ကြီး အဖွဲ့စုပြီးသွားကြတာ။ 


ဆွစ်ဇလန် ရောက်တော့ ကမ္ဘာ့ဘဏ် ဥက္ကဌကြီး က ကျွန်တော်တို့ကို ထမင်း ဖိတ်ကျွေးတယ် တဲ့။ ထမင်း စားပွဲ မှာ သူက ဘာပြောလဲ ဆိုတော့ ကျုပ်တို့ ဗမာပြည်မြေပုံ ကိုကြည့်ပြီးပြောတာပေါ့။ မင်းတို့တိုင်းပြည်ကို ငါကြည့်လိုက်တော့ မြေပုံထဲမှာသေးသေးလေးရယ် တဲ့၊ ဒီမှာ ပိုက်ဆံတွေ အပ်ထားတာကလည်း မနည်းဘူး၊ အများကြီးပဲ။ 

ဝန်ကြီး - ဟုတ်တယ်၊ အများကြီးပဲ။ အဲဒီတော့ သူကပြောတယ်၊ ဟေး .. ပိုက်ဆံ ဆိုတာ အဲဒီလို လုပ်ဖို့ မဟုတ်ဘူး ၊ သုံးရမှာ၊ အဲဒါ ကိုယူပြီးတော့ မင်းတို့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် စီမံကိန်းကြီးတွေ ဘာတွေ ဆွဲပါလား လို့။ ကိုအောင်သင်းရေ အဲဒီတော့မှ ကျုပ်တို့ က ပိုက်ဆံ ဆိုတာ သုံးရမှာ ပါလား ဆိုတာ သိတာဗျ တဲ့။ 

တစ်ကယ်ပြောတာနော်၊ သူ ကိုယ်တိုင်ပြောတာ။ ကျွန်တော် လိမ်ပြောတာ မဟုတ်ဘူး၊ ဒါဝတ္ထု မဟုတ်ဘူး၊ တစ်ကယ့် အဖြစ်အပျက်။ အဲဒီတော့ မှ ပြည်တော်သာ စီမံကိန်းကြီးပေါ်တာ တဲ့။ 

အဲဒီ ပြည်တော်သာ စီမံကိန်းကြီး ဟာ အောင်မြင်လို့ ရှိရင် သိပ်ကောင်းတဲ့ စီမံကိန်း။ ဒါပေမဲ့ ကျွန်တော်တို့ က သဘောထား လည်းသေး သေးတယ်၊ ပညာကလည်း မတတ် ဆိုတော့ ဖဆပလ ကြီး နှစ်ခြမ်း ကွဲ သွားရော၊ အဲဒီမှာတင် စီမံကိန်းကြီး ပျက်သွားတာပဲ၊ အနိစ္စသဘော နဲ့ ကိစ္စချောတော့တာ၊ တိုင်းပြည်လည်း မတက်လိုက်ရဘူး၊ တက်တော့ မလို လုပ်ရင်း ဆန့်ငင် ဆန့်ငင်နဲ့ကျန်နေခဲ့တာ၊ ဒါပဲ။ 

သူက ဆက်ပြောတယ်။ တစ်နေ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂူရီယန် ဗမာပြည်ကို လာတယ်။ ကျုပ်တို့က ဘင်ဂူရီယန် ကို ဟယ်လီကော့ပတာ နဲ့ ပုဂံ ဘုရားတွေ ဘာတွေ လှည့်ပြီးပြတယ်။ ဧည့်သည် လာရင် ပုဂံ ပဲခေါ်ခေါ်ပြနေရတာ။ ဘာ့ကြောင့်ဆို ကိုယ့်ခေတ်က အသုံး မကျတော့ အသုံးကျတဲ့ခေတ်ပဲ လှမ်းလှမ်းပြောနေ ရတာ။ ဒို့ဘိုးဘွား အမွေစစ်မို့ချစ်မြတ်နိုးပေ ဆိုတာ အဲဒါ။ 

တို့ဘိုးဘွား အမွေပဲ ချစ်လို့ရတယ်၊ ကိုယ့်လက်ထက်က ဘာမှ မလုပ်နိုင်ဘူး၊ အဲလိုဖြစ်နေတာ။ ပြီတော့ စိမ်းညို့နေတဲ့ ပုပ္ပားတောင်ကြီးကိုပြတာ၊ ရှုခင်း ကိုပြတာပေါ့ဗျာ၊ အောက်မှာ စမ်းရေတွေ ဘာတွေ ၊ ချောင်းရေတွေက စီးနေတာပေါ့ဗျာ။ 

ဘင်ဂူရီယန် က ဟယ်လီကော့ပတာပေါ်ကနေ ငုံ့ကြည့်ပြီး ဟာ .. မင်းတို့ ဒီမှာရေတွေ စီးနေပါလား။ ဟုတ်တယ်၊ စီးနေတယ်။ အဲဒီရေတွေ ဘယ်ရောက် သွားတုန်း ဆိုတော့ စီးသွား တာပဲ .. ဆိုတော့ ဘင်ဂူရီယန် က ရင်ဘတ် တီးပြီး အံ့အောတာ။ 

ဟာ .. တို့ပြည်မှာ အဲ့လောက်ရေရှိရင်တစ်မျိုးဖြစ်သွားမယ် လို့ပြောတယ် တဲ့။ သူတို့က သဲကန္တာရ တိုင်းပြည်လေ ။ တစ်ခါတည်း အောက်မှာပလပ် စတစ်ခံ၊ ပြီးတော့မှ အဲဒီ အပေါ်မှာ မြေစား ထိုးပြီး စိုက်နေရ တဲ့တိုင်းပြည်၊ 

ကိုင်း ..ကြည့်စမ်း၊ ဒိပြင် နည်းနဲ့စိုက်မရတဲ့ အခါ ရတဲ့ နည်းနဲ့လုပ်မယ် ဆိုပြီး သစ်ခွပန်းတွေ ဘာတွေ မျိုးစပ် လိုက်တဲ့ အခါ ဘာဖြစ်သွားတုန်း၊ ကမ္ဘာမှာ နိုင်ငံခြား ကို သစ်ခွပန်း ပို့ပြီးတော့ ပန်းပို့ပြီးတော့ ဝင်ငွေ အများ ဆုံး တိုင်းပြည်ဖြစ်သွားတယ်၊ အဲဒီဝင်ငွေကကို မနည်းဘူးဗျ။ 

သူတို့ဆီမှာ။ ဘာ့ကြောင့်ဆို ပညာက ရှိတာကိုး၊ ကျုပ်တို့ဒီမယ် ဘာမှ မရှိတဲ့နောက် ဘာမှပြော မနေ နဲ့တော့ ။ ကျွန်တော် စိတ်ထဲ မကောင်းလွန်းလို့ ပြောတာပါ။ သင်္ကန်းကျွန်းဟောပြောပွဲ မှာ ကျုပ်က တစ်ခါပြောတယ်။ ခင်ဗျားတို့သင်္ကန်းကျွန်း မှာ ရေခဲ တစ်ပေါင် ဘယ်လောက်လဲ။ ငါးမူး၊ သုံးမတ် အဲ့လောက်တော့ ရှိမှာပေါ့ဗျာ၊ ထားပါတော့။ 

ခင်ဗျားတို့က ရေခဲ ကို ပေါင် နဲ့ပြောရင် ကျုပ် က တန် နဲ့စကားပြောမယ်။ ရေခဲ တစ်တန် ကို တစ်မတ်၊ သွားယူချည်၊ အခု စာရေးပေးလိုက်မယ်။ ဟောဒီ မှာ အခု စာပါသူအားရေခဲ ၁၀ တန်ပေးလိုက်ပါ၊ ကျ သင့်ငွေ နှစ်ကျပ်ခွဲ ရရှိပြီး .. အောင်သင်း။ မရရင် ပါးပိတ်ရိုက်။ ဘယ်သွား ယူရမလဲ ဆိုတော့ မြောက်ဝင်ရိုး စွန်း လို့။ 

အဲဒီတော့ ဒီဟာ ကို ဘယ်သူ ယူမလဲ၊ အရူးမှ မဟုတ်ဘဲနဲ့။ မြောက်ဝန်ရိုးစွန်း ကရေခဲ သည် ကျွန်တော်တို့ အတွက် ဘာမှ တန်ဖိုး မရှိသလို ဖင်ခုထိုင် ထားတဲ့ ရေနံ ကလည်း မတူးတတ်ရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။ ကျွန်တော်တို့ က သယံဇာတ၊ သယံဇာတ ချည်းအော်မနေနဲ့။ မလုပ်တတ်ရင် ဘာမှ အဓိပ္ပါယ်မရှိဘူး၊ 

ကျွန်တော်ပြောချင်တာက။ မလုပ်တတ်လို့ ရှိရင် အဲ့ဒါ အော် အော်နေတာကို က ကျွန်တော့်စိတ်ထဲ စိတ် မကောင်းဘူး။ ဟိုကောင်တွေ က သူတို့ ဆီမှာ ဘာမှ မရှိတဲ့ ထဲကနေ သစ်ခွပန်း ထပွင့်တယ်။ သဲကန္တာရ ကို ပန်းပွင့်အောင် လုပ်ပစ်တယ် ကဲ။ 

အဲဒါ နဲ့ ပြောလိုက်ရဦးမယ်။ ဒါနဲ့ပဲဗျာ တဲ့ သခင်ချစ်မောင် က၊ ကျုပ်တို့က အစ္စရေး က ဆွိုင်း ပါရဂူတွေပေါ့ ဗျာ၊ ဟို .. မြေစမ်းတဲ့ ပါရဂူတွေပေါ့၊ သူတို့နှစ်ယောက်ကို ငှားတာ၊ ဘာ့ကြောင်လဲ ဆို ဗထူး မှာ တပ်မြို့ကြီး ဖွင့်လိုက်တယ်။ စိုပြေ သာယာအောင် အပင်တွေ စိုက်မယ်။ ဘယ်လို အပင်မျိုးတွေ စိုက်ရမယ် ဆိုတာ အဲ့ဒီ မှာ စမ်းဖို့ expert နှစ်ယောက်ကို ငှားလိုက်တယ်။ 

တစ်ယောက် ဒေါ်လာ ဘယ်လောက်နဲ့ ဆိုလား၊ တော်တော်ပေးရတယ်၊ နှစ်နှစ် စာချုပ်နဲ့။ ဟိုကောင်တွေ အဲ့ဒီမှာ သွားနေတယ်။ ခြောက်လလောက်လည်း ရှိရော ဟိုကောင်တွေ က သူတို့ပြန်တော့မယ် တဲ့။ ဟာ မင်းတို့ စာချုပ် မစေ့သေးဘူး။ ဒီမှာ စာချုပ်က ဒီလို ချုပ်ထားတာ၊ မပြန်ရသေးဘူး။ 

ဟိုကောင်တွေက မဟုတ်ဘူး၊ တို့ ၆လနေပြီးပြီ၊ မင်းတို့လည်း ပိုက်ဆံကုန်တယ်၊ တို့လည်း အလကားပဲ။ ဘာပြုလို့လဲ ။ ဒီမယ် စိုက်သမျှ အပင် အကုန် ထပေါက်နေတာ၊ ငါတို့က ဘာစမ်းပေးရဦးမှာ တုန်း တဲ့။ 

အဲဒီတော့ ကျုပ်တို့ က ကိုယ့်မြေ ကိုယ်တောင် သူများ စမ်းပေးမှ သိတဲ့ကောင်တွေ ဗျ တဲ့။ သူပြောသွားတာ။ ကြည့်စမ်း၊ သဲကန္တာရ ပန်းထ ပွင့်တယ်၊ ဘာစိုက်စိုက်ပေါက် တဲ့ ကျုပ်တို့ ဒီမှာ မလုပ်နိုင်သေးဘူး။ ရှိပြီးသား သစ်ပင်တောင် မျိုးတုန်းသွားသေးတယ်၊ ဘယ်လောက်တော်လဲ ဆိုတော့။ ရှိပြီးသားသစ်ပင် ဟိုး .. အညာ ချင်းတွင်းဒေသ ကနေ ခုတ်ခုတ်ရောင်း လိုက်တာ တစ်ခါတည်း မိုးကိုခေါင်လိုက် လာတာ။ 

သစ်တွေ ဈေးကောင်းတယ် ဈေးကောင်းတယ် ဆိုပြီးချတာ။ ကျုပ်ပြောတာ ခုခေတ်ပြောတာ မဟုတ်ဘူး။ ဟိုး အရင်ရှေးခေတ်ပြောတာ။ အထက် ဗမာပြည် ကျွန်ဖြစ်တဲ့ အထဲမှာ အဲဒါ တစ်စိတ် တစ်ပိုင်း ပါတယ်လို့ဆို တယ်နော။ ကိုမြသန်း တောင် ဟိုတလောတုန်းက အဲဒါလေး အကြောင်းရေးလိုက်သေးတယ်။ 

ဘာလို့ကျွန်ဖြစ်သလဲ ဆိုတော့ အထက် ဗမာပြည် မှာ အစာရေစာ က သိပ်ရှား သွားပြီ။ ဒါကြောင့်မို့လို့ ကျည်းကန်ရှင်ကြီး ရဲ့မေတ္တာစာတွေ ထဲမှာ၊ တွက်ကြည့်စမ်းပါ လူငယ်တွေ၊ ပြန်ဖတ်ကြည့်စမ်းပါ။ အထက် အညာမှာ တဲ့။ ကြွင်းဥလည်း တုံး၊ သမုန်းလည်း ကုန်၊ ခံကြုံလည်ုးဖြူ၊ ခံဥလည်း ရှင်း၊ သို့ဖြစ်ခြင်းကြောင့် တဲ့။

 အောက်မှာ သူရင်းငှား သွားလုပ်ရတဲ့ ကောင်ကပြန်ရေးတာ။ ကိုင်း .. ဆန် မရှိဘူး၊ ပြောင်း ရှိထား ပါ ဦးတော့။ ပြောင်း ဆိုတဲ့ ဟာတောင် ကြမ်းလှပြီ။ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ၊ ပြောင်း ဆိုတာ အစာကြမ်း  ထဲ မှာပါတယ်။ အရေး မကြီးဘူး၊ စားတယ်။ ပြောင်း ကြမ်းတဲ့ ဥစ္စာ ခင်ဗျားတို့ကြားဖူးပါ လိမ့်မယ်။ 

ဘာတဲ့ .. အဝင်ဆိုး အထွက်ဆိုး ဆိုတာ၊ ရိုးတံငယ် တို၊ ပင်ပျိုကနွဲ့နှောင်း၊ စားလိုက်ရင် အာခေါင်ပဲ့၊ ဖင်ချဲ့ တဲ့ပြောင်း ဆိုတာ၊ ခင်ဗျားတို့ကြားဖူး မှာပါ။ အဲဒီပြောင်း တောင် စားစရာမရှိဘူး၊ အဲဒါကြောင့် ကြွင်းဥ ကို တူးစား ရတယ်။ နောက်ဆုံး ကျ ကြွင်းဥလည်း တုံး၊ သမုန်းလည်း ကုန် တဲ့။ 

သမုန်း ဥကြီးတွေ၊ ခံကြုံ လည်းဖြူ၊ ခံဥ လည်းရှင်း၊ သို့ဖြစ်ခြင်းကြောင့်၊ အဲလောက်ထိအောင်ကို ငတ်ခဲ့ တာ။ အောက်ပြည်ချည်း သွားနေရတာ။ အထက် ဗမာပြည် ဒုက္ခရောက်တဲ့ အထဲ အဲဒါတွေ ပါတယ်။ 

ထား လိုက်ပါတော့။ ကျွန်တော်ပြောချင်တာ က ကိုယ့်မြေ ကိုယ့်သယံဇာတ ကိုကောင်းကောင်း မသုံးတတ် ရင် အဲ့ဒီလိုဖြစ်တတ်တယ်။ ရှိပြီးသား ဥစ္စာတောင် ပျက်အောင် လုပ်တတ်တယ်။ ဒါ ဘာလို့လဲဆိုတော့ ပညာ မရှိလို့၊ ပညာမရှိရင် ဒီအတိုင်းဖြစ်မှာချည်းပဲ။
 



ဆရာဦးအောင်သင်း

No comments:

Post a Comment